၈ အောက်တိုဘာ ၂၀၁၃ ၊ နေ့သစ်
မြို့တော်ခန်းမရှေ့ မိကျောင်းကန်ပြည်သူတွေရဲ့ မြေနေရာပြန်လည်ရရှိရေး ဆန္ဒပြသပိတ်စခန်းဖွင့်ခဲ့တဲ့အတွက် ဦးဆောင်သူ ဦးစိန်သန်း အပါအဝင် ၅ ဦးကို တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသိန်းလှိုင်က ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားကြောင်း အောက်တိုဘာလ ၈ ရက်နေ့က အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
သပိတ်စခန်းဖွင့်ရာမှာ ဦးဆောင်သူတွေကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားကြောင်း ခေါ်ယူပြောဆိုရာတွင် မိကျောင်းကန်ပြည်သူများနဲ့ တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးတို့ အဆင်မပြေမှုဖြစ်သွားကြောင်းကို သိရှိရပြီး ခေါ်ယူတွေ့ဆုံသူတွေထဲမှာပါသွားတဲ့ မနေနွယ်သန်း က
အခုလိုပြောပြပါတယ် ...
“ပြီးခဲ့တဲ့ညက ကျမ ရယ် ဦးစိန်သန်း၊ ဦးခင်မောင်လတ် ၃ ဦးအား တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသိန်းလှိုင်မှ အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်ပါတယ်။ မိကျောင်းကန်သပိတ်စခန်းနှင့် ပတ်သက်ပြီး ဦးစိန်သန်းအပါဝင် ၅ ဦးကို သပိတ်စခန်းဖွင်တဲ့အတွက် ပုဒ်မ (၁၈) နဲ့ အမှုဖွင့်ထားကိုပြောတယ်။ လာရောက်တွေ့ဆုံကြတဲ့ ပြည်သူတချို့က အသံဖမ်းတယ်ဆိုပြီး ဦးစိန်သန်း တဦးနဲ့သာပြောမယ်။ ကျန်တဲ့ မိကျောင်းကန်ပြည်သူတွေကို အခုချက်ချင်း ထွတ်သွား၊ အမိန့်ပေးနှင်ထုတ်ခဲ့လို့ ဆက်လက်ဆွေးနွေးမှုမလုပ်ဘဲ အားလုံး ထပြန်လာခဲ့ကြတယ်။
အာဏာရှင်ပုံစံ မိုက်မိုက်ရိုင်းရိုင်း လူထုကိုဆက်ဆံတဲ့ တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသိန်းလှိုင်က ယခင်အာဏာရှင်ပုံစံနဲ့ လူထုတွေကို ထွက်သွားစမ်း၊ ၀င်လာစမ်း၊ ဖုန်းတွေ အခုချက်ချင်းပိတ်စမ်း ဆိုတဲ့ ပုံစံမျိုးနဲ့ မိကျောင်းကန်ပြည်သူတွေကို လာမတွေ့ဖို့နဲ့၊ နောက်တခါ မိကျောင်းကန်ပြည်သူများနှင့် တွေ့ဆုံချင်သေးတယ်ဆိုရင် အာဏာရှင်ပုံစံနဲ့ လာမဆက်ဆံဖို့ ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသိန်းလှိုင် ကို သတိပေးချင်ပါတယ်”
မူလမြေပိုင်ရှင်းတွေဖြစ်တဲ့ သင်္ဃန်းကျွန်း မိချောင်းကန်ရပ်ကွက် ပြည်သူတွေရဲ့ မြို့တော်ခန်းမရှေ့ ဆန္ဒပြသပိတ်စခန်းဖွင့်ခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာ ၅ ရက်နေ့အထိ ၄ ရက်ဆက်တိုက် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ပြီး၊ ၄ ရက်မြောက်တဲ့နေ့ နေ့လည်မှာ လာရောက်ညှိနှိုင်းတာတွေလုပ်ခဲ့တာကြောင့် ဖြစ်နေတဲ့မြေယာပြသာနာကို လွှတ်တော်မှာ အထူးအစီအစဉ်တရပ်အနေနဲ့ တင်ပြဆွေးနွေးပေးပါ့မယ်ဆိုတဲ့ ဂတိနဲ့ ဖမ်းဆီးမှုတွေရှိပါက သူတို့ကို အကြောင်းကြားရန် လွတ်တော်အမတ် ဦးခိုင်မောင်ရီနဲ့ ဦးအောင်သိန်းလင်းတို့က ကတိတွေပေးခဲ့လို့ သပိတ်စခန်းကို ရုပ်သိမ်းပေးလိုက်ကြပါတယ်။
၁၉၉၁ ခုနှစ်က မြေနေရာတွေကို စစ်တပ်ပိုင်မြေအဖြစ် သိမ်းယူသွားခဲ့တာ ဖြစ်ပြီး၊ မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မှ မူလမြေပိုင်ရှင်တွေဟာ စစ်တပ်က အတင်းအဓမ္မ သိမ်းထားတဲ့ မြေကွက်တွေ ပြန်လည်ရရှိရေးကို သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ (၇) ကြိမ်မြောက် ဆန္ဒပြခဲ့ပေမယ့် တာဝန်ရှိသူဘက်က တစုံတရာ ဖြေရှင်းပေးခဲ့ခြင်းမရှိတဲ့အတွက် အခုလို သပိတ်စခန်းဖွင့်ခဲ့ရတာဖြစ်ကြောင်း တောင်းဆိုသူတွေ ပြောပြချက်အရ သိရှိရပါတယ်။
No comments:
Post a Comment