ဗိုလ်ရွှေမန်းပါးစပ်မှ ဗိုလ်သန်းရွှေ၏ “စိုးရိမ်မှု” ကို ထုတ်ပြောလာသည်။ ဗိုလ်သန်းရွှေ၏ “စိုးရိမ်မှု”ထဲတွင် “ ၂၀၀၈ အခြေခံဥပဒေ”ကိုဖျက်သိမ်းပြီး အခြေခံဥပဒေသစ်တရပ် ထပ်မံရေးဆွဲမည့်ကိစ္စ။ “စ – လယ် – ဆုံး” ပြင်မည့်ကိစ္စ။ “ပြင်သင့်တာအားလုံးပြင်မည်”ဆိုသည့်ကိစ္စ။ “အဖုံးကစ ပြင်ရမည်”ဆိုသည့်ကိစ္စများပါဝင်သည်။ ထိုကိစ္စများသည် ဗိုလ်သန်းရွှေစိုးရိမ်ရမည့် ကိစ္စများဖြစ်သည်။ စစ်အုပ်စုအဆက်ဆက်၏ အတိတ် – ပစ္စုပ္ပန် – အနာဂတ် အကျိုးစီးပွားများနှင့် တိုက်ရိုက်သက်ဆိုင်နေသည့် ကိစ္စဖြစ်သည်။
ထို့အပြင် “စိုးရိမ်မှု” ထဲတွင် လုပ်စရာရှိတာတွေကို “မင်းတို့ တုံးဆိုတိုက်၊ ကျားကိုက်ကိုက်လုပ်ကြ/လက်ဦးအောင်လုပ်ကြ” ဆိုသည့်
သဘောလည်းပါဝင်သည်။
သို့အတွက် ဗိုလ်ရွှေမန်းက “ဖွဲ့စည်းပုံအခြေခံဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်ဖို့ အဓိကထားဆောင်ရွက်နေတဲ့အခါမှာ ပြည်တွင်းကဖြစ်စေ၊ ပြည်ပဖြစ်စေ မည်သို့ပင်ဖိအားပေးမှုရှိရှိ မိမိတို့ကတော့ မိမိတို့သွားတဲ့လမ်းကြောင်းပေါ်မှာအခြေခံပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အောင်မြင်အောင်လည်း ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဆိုတဲ့စကားကို ထုတ်ပြောခြင်း ဖြစ်သည်။
ဗိုလ်ရွှေမန်း၏ ဤသို့ပြောဆိုသောစကားမှာ က သီတင်းကျွတ်သွားကန်တော့ရင်း “လူကြီး” ထံပေးခဲ့သည့် ကတိစကားလည်း ဖြစ်သည်။ သံန္နိဋ္ဌာန်လည်း ဖြစ်လိမ့်မည်။ “လူကြီး” ထံ ဗိုလ်ရွှေမန်းပေးခဲ့သောကတိစကား/သံန္နိဋ္ဌာန်သည် (ကာလုံ)၊ စစ်တပ်၊ ကြံ့ဖွံ့ အစိုးရ၊ ကြံ့ဖွံ့ပါတီတို့၏ ကိုယ်စားပေးခဲ့သည့် ကတိစကား/သံန္နိဋ္ဌာန်လည်း ဖြစ်သည်။
ဗိုလ်ရွှေမန်းပြောသည့် “ပြည်တွင်းကဖြစ်စေ၊ ပြည်ပဖြစ်စေ မည်သို့ပင်ဖိအားပေးမှုရှိရှိမိမိတို့ကတော့ မိမိတို့သွားတဲ့ လမ်းကြောင်းပေါ်မှာအခြေခံပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဆိုသည့်စကားမှာ “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” ဆောင်ရွက်နေသည့် ဒေါ်အောင်ဆန်းစုကြည့်နှင့် ဒီချုပ် အခြေခံဥပဒေပြင်ဆင်ရေးကော်မတီသို့ အဓိကသတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
အဓိကသတိပေးလိုသည့်အချက်မှာ “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” သည် ကြံ့ဖွံ့ပါတီက သုံးသပ်တင်ပြသည့်လမ်းအတိုင်း သာဖြစ်ရမည်/သွားရမည်ဟု ယတိပြတ် ကြေညာလိုက်သည့်သဘောလည်း ဖြစ်သည်။
ဗိုလ်ရွှေမန်းသည် သမ္မတ (ဗိုလ်) ဦးသိန်းစိန်ကို အကြိမ်ကြိမ် “ကျော” နိုင်သူဖြစ်သည်။ (ကာလုံ) အစည်းအဝေး မည်သည့်အချိန်တွင်ခေါ်ရမည်ဟု အမိန့်ပေးညွန်ကြားနိုင်သူ ဖြစ်သည်။ ယခုလည်း ၂၀၁၅ တွင် (ဗိုလ်) ဦးသိန်းစိန် ဝင်ရောက်အရွေးခံမည်မဟုတ်ဟူသောစကားကို ပြောနိုင်သူ ဖြစ်သည်။
တကယ်တော့ (ဗိုလ်) ဦးသိန်းစိန်မှာ “အခြေခံဥပဒေမရှိသော စစ်အုပ်စု” မှ “အခြေခံဥပဒေရှိသော စစ်အုပ်စုအဖြစ်သို့” ပြောင်း လဲရသည့် “အပြောင်းအလဲ” ဇာတ်ကွက်ထဲမှ ရုပ်သေးဇာတ်ရုပ် တခုမျှသာဖြစ်သည်။
သို့အတွက် (ဗိုလ်) ဦးသိန်းစိန်သည် ပေါ်ပေါက်နေသည့် လူမျိုးရေး/ဘာသာရေးအရေခြုံ အကြမ်းဖက် လူသတ်၊ မီးရှို့မှုများ၊ ဗုံးဖောက်ခွဲမှုများတွင် “နောက်ကွယ်မှကြိုးကိုင်နေသူများ” ရှိသည်ဟု ပြောနိုင်သော်လည်း ထိုသို့ “နောက်ကွယ်မှကြိုးကိုင်နေသူများ” ကို ဖော်ထုတ်အရေးယူနိုင်စွမ်းမရှိသော/ဖော်ထုတ်အရေးမယူဝံ့သော ရုပ်ပြသမ္မတမျှသာ ဖြစ်သည်။ စစ်အုပ်စုသစ်အတွက် မြေစမ်းခရမ်းပျိုးရသူ သမ္မတကြီး၊ အကူးအပြောင်းကာလ၌ (Searching fire) ကျည်ဆံသဖွယ် သမ္မတကြီးမျှသာ ဖြစ်သည်။
ဗိုလ်သန်းရွှေ၏ “စိုးရိမ်မှု” ထဲတွင် ယခုလတ်တလောကာလတွင် ဗိုလ်ခင်ညွန့်တပည့်သားမြေးအချို့ ဖွ၊ ဆွ၊ ထောင်နေသည့်ကိစ္စများ မပါဝင်ချေ။ ဗိုလ်သန်းရွှေသည် ထောက်လှမ်းရေးဂိုဏ်းကို (လုံးဝ) မမှုချေ။
ထောက်လှမ်းရေးဂိုဏ်းခေါင်းဆောင် ဗိုလ်ခင်ညွန့်သည် “နိုင်ငံရေးမလုပ်ပါ” ဆိုသည့် လက်မြှောက်အရှုံးပေးစကားကို အကြိမ်ကြိမ်ပြောထားပြီး ဖြစ်သည်။ ဤစကားမှာလည်း ဗိုလ်သန်းရွှေနားသို့ ဆက်သွင်းနေရသည့် ခံဝန်ချက်ပင် ဖြစ်သည်။ ထောက်လှမ်းရေးဂိုဏ်းဖြိုဖျက်ရေး အမိန့်ပေးသူမှာ ဗိုလ်သန်းရွှေဖြစ်ပြီး၊ ဗိုလ်ရွှေမန်းသည် လက်တွေ့အကောင်အထည်ဖော်သူ ဖြစ်သည်။ ဗိုလ်ရွှေမန်းသည် ထိုကတည်းက ဗိုလ်သန်းရွှေ၏အဓိကလူဖြစ်သည်။
လွှတ်တော်ဥက္ကဋ္ဌဖြစ်လာတော့လည်း ဗိုလ်ရွှေမန်းသည် ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ကို ဖြုတ်ချနိုင်သူဖြစ်သည်။ သမ္မတထက်မြင့်သည့် ရာထူးရှိလျှင်ပင်ယူမည်ဟု ပြောဝံ့သူဖြစ်သည်။ “၂၀၀၈ အခြေခံဥပဒေ” ကိုဆန့်ကျင်ပြီး ဥပဒေပယ်ဖျက်နိုင်သူ/ ဥပဒေပြုနိုင်သူလည်း ဖြစ်သည်။ ဗိုလ်သန်းရွှေ၏ “စိုးရိမ်မှု” ကို ကိုယ်စားပြု ပြောဆိုနိုင်သူလည်း ဖြစ်သည်။
ဗိုလ်သန်းရွှေ “စိုးရိမ်မှု” နေသော “မဖြစ်သင့်တာတွေ မဖြစ်ပေါ်ဖို့အတွက်” တုံးဆိုတိုက်၊ ကျားဆိုကိုက် လုပ်မည့်သူလည်း ဖြစ်သည်။ သို့အတွက် ဗိုလ်ရွှေမန်းကို ယုံသူသည်ဟုဆိုသောသူသည် ဗိုလ်သန်းရွှေကိုသွယ်ဝိုက်သောအားဖြင့် ယုံသူပင်ဖြစ်မည်။ ယခုအခါ ဗိုလ်သန်းရွှေသည် သီတင်းကျွတ်တွင် လာ၍ကန်တော့သော ဗိုလ်ရွှေမန်းမှတဆင့် သူ၏ “စိုးရိမ်မှု” ကို ထုတ်ဖော် ပြောကြားလိုက်ခြင်းဖြင့် “ကန့်လန်ကာနောက်ကွယ်မှ သူ၏ တည်ရှိမှု” ကို ထပ်မံ အတည်ပြုလိုက်လေသတည်း။
တူမောင်ညို
(၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်)
No comments:
Post a Comment