Monday, October 28, 2013
မြဝတီမြို့ ကရင်လူထုတွေ့ဆုံပွဲ
နေ့သစ်၊ အောက်တိုဘာ ၂၇
ကရင်အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကရင်လူထုတွေ့ဆုံပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့ သောင်ရင်းခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီး ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူထုအခြေပြုအဖွဲ့အစည်းများ စုစုပေါင်းအင်အား ၃၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ ကရင်လူထုနဲ့ ကရင်ပါတီ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အပြန်အလှန်ဝေဖန်သုံးသပ်မှုတွေနဲ့ လူထုရဲ့ လယ်မြေသိမ်းခံရတဲ့ နစ်နာချက်တွေကို တင်ပြဆွေးနွေးခဲ့ကြပြီး၊ ကေအန်ယူ အနေဖြင့် ကွဲပြားနေတဲ့
ကရင်လက်နက်ကိုင် တပ်ဖွဲ့များ ပြန်လည်ပေါင်းစုနေတဲ့ အခြေအနေ၊ အစိုးရနဲ့ လက်ရှိ အပစ်ရပ်စဲရေးအခြေအနေတွေကို တက်ရောက်လာတဲ့ လူထုအား တင်ပြဆွေးနွေးသွားခဲ့ပါတယ်။
လူထုတွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ကရင်အမျိုးသားအစည်းအရုံ ကေအန်ယူမှ ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ မန်းငြိမ်းမောင် က “လူမျိုးတမျိုဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်မရှိဘဲ တခြားအရေးကိစ္စတွေကို လုပ်လို့မရသေးဘူး၊ အရင်ဆုံး ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ကို အရင်ဦးဆုံး ရအောင်လုပ်ရမယ်” လို့ ပြောကြားသွားပါတယ်။
မြဝတီသောင်ရင်းခန်းမ ကျင်းပတဲ့ ကရင်အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကရင်လူထုတွေ့ဆုံပွဲမှာတော့
- ကရင့်အမျိုးသားအလံတော်အောက်မှာ မျိုးနွယ်စုအရ ဘာသာရေးအရ စာပေး ယဉ်ကျေးမှုအရ ဓလေ့ထုံးတမ်းအရ ခွဲခြားဆက်ဆံ ဖိနှိပ်ခြင်း လုံးဝ မရှိရေး၊
- ကရင်လက်နက်ကိုင်အဖွဲ့များ စုစည်းညီညွတ်ဖို့နဲ့
- တိုင်းရင်းသားများတွက် အာခံချက်ရှိတဲ့ ဖွဲ့စည်းပုံ အခြေဥပဒေ ပေါ်ပေါက်ရေး
- ကရင်တမျိုးသားလုံး အကျိုးစီးပွားကို ကာကွယ်မယ့် ကရင့်အမျိုးသားတပ်မတော် တည်ဆောက်သွားရန်
- ကရင်တမျိုးသားလုံး အရေးကို ဦးတည်ပြီး ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ကရင်နိုင်ငံရေးပါတီများရဲ့ ညီညွတ်ရေးကို တည်ဆောက်သွားရန် စတဲ့ အချက် ၅ ချက်ကို တက်ရောက်သူအားလုံးက သဘောတူ ချမှတ်ခဲ့ကြပါတယ်။
ကရင်လူထုနဲ့တွေဆုံပွဲတွေကို ကရင်တမျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းပျော်ရွှင်ရေး၊ အနာဂတ်ဘဝ သာယာလှပရေး စတဲ့ရည်ရွယ်ချက် ၃ ချက်ကိုဦးတည်ပြီး လှိုင်းဘွဲမြို့၊ ဘားအံမြို့၊ သထုံမြို့၊ ထားဝယ်မြို့၊ မြိတ်မြို့၊ ယခု မြဝတီနဲ့ပါဆိုရင် နေရာ ၇ ခုမှာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။
ဓါတ်ပုံ .. မိုးကျော် (RFA)
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment