၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံအတွက် အုဋ်တချပ် သဲတပွင့်ဖြင့် ပါဝင်ခဲ့သော လူသိနည်းသည့် ဒီမိုကရေစီ နောက်လိုက် ရဲဘော်တို့ကို သူရဲကောင်းပြတိုက် တခုဖြစ်တဲ့ စစ်အာဏာရှင်တို့ရဲ့ အကျဉ်းစခန်းအသီးသီးမှာ တွေ့မြင် ကြုံတွေ့ခဲ့ကြရပါသည်။ ထိုအထဲတွင် ကိုမျိုးမင်း (ဝါ) ကိုမျိုး (ဝါ) သူကြီး တယောက်လဲ အပါအဝင် ဖြစ်ခဲ့ပါသည်။ အပြင်လောကမှာ လူသိနည်းတဲ့ အညတြ နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်ပေါ့။
သူနဲ့ ကျွန်တော်နဲ့က ထောင်ထဲရောက်မှ စတင်သိကျွမ်းခဲ့ကြသည့်သူများ ဖြစ်ပါတယ်။ ဒါပေမဲ့ သူက ကျွန်တော့ထက် တလနဲ့ (၁၉) ရက်သာ ငယ်တယ်ဆိုတော့ ရွယ်တူ ငယ်သူငယ်ချင်းတွေလို ခင်ကြမင်ကြတယ်။ တယောက်နဲ့ တယောက်ကို မင်းနဲ့ငါနဲ့ ပြောကြဆိုကြတော့ အချို့က အပြင်မှာကတည်းက ရင်းနှီးခဲ့ကြတယ်လို့တောင် ထင်ကြတယ်။ အမှုတွဲချင်း မတူညီကြပေမဲ့ သူလဲ ဝန်ကြီးချုပ်ဟောင်း ဦးနုနဲ့ ပတ်သက်တယ် ကိုယ်လဲ ဦးနုနဲ့ ဆက်နွှယ်နေကြသူတွေဆိုတော့ ထောင်ထဲမှာ ဒညတ နံမည်နဲ့ အတူတူရပ်တည်ခဲ့ကြတယ်။ တကယ်တော့ သူက ABSDF ကျောင်းသားတပ်မတော်နဲ့ ဆက်သွယ်တဲ့အမှုနဲ့ ထောင်ကျတယ်။ ကျွန်တော်က
ဗိုလ်မှုးကြီး ဟောင်း ဦးစိန်မြကို ဆက်သွယ်မှုနဲ့ ထောင်ကျကြတာ ဖြစ်တယ်။
အင်းစိန်ထောင် (၅) တိုက်မှာလည်း သူရယ် ကျွန်တော်ရယ် သူ့အမှုတွဲ ကိုမင်းဇင်ရယ် တခန်းထဲမှာ အတူတူနေ ဖြစ်ကြတယ်။ ဒီတော့ တယောက် အကြောင်းကို တယောက် အစ- အဆုံး အကုန်သိကြတာပေါ့။ အပြင်မှာ သူနဲ့ ရင်းနှီးတဲ့သူတွေကလဲ ကိုယ့်အသိတွေဖြစ်လို့၊ ကိုယ့်အသိတွေကလဲ သူနဲ့ရင်းနှီးပြီးသားသူတွေ ဖြစ်နေပြန်ပေါ့။ အချို့ တောထဲကလာကြတဲ့ ယူဂျီနံမည်တွေတောင် နှစ်ယောက်စလုံးနဲ့ သိနေကြတယ်ဆိုတော့ လုပ်ဖေါ်ကိုင်ဖက် ညီအကိုအရင်း တမျှချစ်ကြခင်ကြတော့တာပေါ့။
ကိုမျိုးမင်းဆိုတာက အဆိုတော် တွံတေးသိန်းတန်ကို ရုပ်ရှင်တင်ရိုက်ခဲ့တဲ့ ထုတ်လုပ်သူ ဒယ်ဒီကြီး ဦးခင်မောင်ကြီးရဲ့ အငယ်ဆုံးသား။ ငယ်ငယ်ကတည်းက အရမ်းချမ်းသာတဲ့ မိသားစုက မွေးဖွားခဲ့သူဆိုတော့ ရွှေလင်ပန်းနဲ့ အချင်းဆေးခဲ့သူ။ မြန်မာ သူဌေးသားလဲဖြစ်ပြန်ဆိုတော့ မိဘကလဲ ဘာအလုပ်မှ မခိုင်းရက်တော့ ဘာစီးပွားရေးမှလဲ မလုပ်ခဲ့ဖူးဘူး။ တသက်လုံးလဲ စားလို့်မကုန်နိုင်တဲ့ ဥစ္စာဓန ပိုင်ဆိုင်သူတွေ။ ဒါကြောင့် အချို့သော သူငယ်ချင်းတွေက စီပွားရေး တက်ကျမ်းတွေဖတ်ပြီး အပြင်းအထန် စီးပွားရှာ လုပ်ကိုင်နေကြတာတွေ တွေ့ရင်တော့ နမူနာအဖြစ် ပြောဖြစ်တယ်။ သူငယ်ချင်းတို့ရေ အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်တယ်။ မယုံရင် ငါ့သူငယ်ချင်း ကိုမျိုးမင်းကိုသာကြည့်ပေတော့။ မွေးကတည်းကနေ အသက်(၅၀)ကျော်တဲ့အထိ ဘာစီးပွားရေး မှ မလုပ်ဖူးဘူး။ ကားထည်လဲ စီးပြီးတော့ သွားလိုက်လာလိုက်နဲ့။ မာစီးဒီးစီးလိုက် ပါဂျဲရိုးစီးလိုက်နဲ့ အတိတ်ကံ ဘယ်လောက် တောင်ကောင်းလိုက်သလဲလို့။
သူကထောင်ကျတော့ လူချည်းထောင်ကျတာသာမကပဲ ကားပါအသိမ်းခံရတယ်။ ကိုယ်ပိုင်ပိုက်ဆံနဲ့ လက်နက်ဝယ်ပြီး စစ်အာဏာရှင်ကိုတိုက်မယ်ဆိုပြီး လုပ်ခဲ့သူဆိုတော့ ထောက်လှမ်းရေးမှာလဲ မသေရုံတမယ် ညှဉ်းပန်း နှိပ်စက်ခံရတာပေါ့။ ထောင်ကျတော့လဲ သူတို့ လင်မယားနှစ်ယောက်စလုံး ထောင်ကျကြတာ။ နယ်စပ်က လက်နက်တွေကို ကိုယ်ပိုင်ကားနဲ့ အတူတူသွားသယ်ကြတော့ မိန်းမလဲ ထောင်ကျရတာပဲ။ ထောင်ထဲရောက်တော့လဲ ၁၉၉၄ ခုနှစ်တုန်းက အင်းစိန်ထောင် (၃) တိုက် အခန်း (၁) မှာ နေတုန်းက ကိုမျိုးမင်းဆီက ပိုက်ဆံအတော်များများ အကုန်အကျခံပြီး ထောင်တွင်းကိုရအောင်သွင်းထားတဲ့ ရေဒီယိုတလုံး ရှာဖွေရေးတလာစီတုန်း မိသွားတယ်။ ထောင်တွင်းမှာ အများစု သတင်းငတ်နေတော့လဲ ဖြစ်ကာမှဖြစ်ရော ရသလောက် လုပ်နေကြတာပဲ။ အာဏာပိုင်များက ပြစ်ဒဏ်တိုက်၊ စစ်ခွေးတိုက်ကိုပို့တာ ခံရတယ်။ လူသားတဦးရဲ့ ဂုဏ်သိက္ခာထိခိုက် ညှိုးနွမ်းစေလောက်အောင်ကို ရိုက်နှက်၊ ဒေါက်ခြေ ကျင်းများခတ် ပြီးပိုတယ်၊ ထောင်ဝင်စာလဲ (၁) လအပိတ်ခံရတယ်။ အကျဉ်းထောင်လက်စွဲဥပဒေအရ အကျဉ်းသားအားလုံးကိုပေးတဲ့ ဆုမှတ်ရက်ကွာဖြတ်တာ ခံရလို့ သူက ကျွန်တော့ထက်စောပြီး ထောင်ကျပေမဲ့ နောက်ကျပြီးမှ ထောင်ကလွတ်တယ်။ သူနဲ့ ကျွန်တော်နဲ့ကလဲ ထောင်စကျကြတုန်းက အနှစ် (၂၀) ကျွန်းချင်း အတူတူပဲ။ ၉၀ ခုနှစ်က အင်းစိန်ထောင်မှာ အလွန်ရက်စက်စွာ နှိပ်ကွပ်ခံရတဲ့ ထောင်တွင်းတိုက်ပွဲအပါအဝင် ၉၅ ခုနှစ်မှာဖြစ်တဲ့ ထောင်တွင်းတိုက်ပွဲတွေမှာလဲ ပါပြီး အကျဉ်းဦးစီးဝန်ထမ်းကို ပိုက်ဆံပေး ထောင်အတွင်း အပြင် စာရေးဆက်သွယ်နေသူဆိုတော့ ထောင်အာဏာပိုင်တွေက မျက်မုန်းကြိုး မုန်းတီးလို့ ၁၉၉၇ ခုနှစ်မှာ သရက်ထောင်ကို ထောင်ပြောင်းခံရတယ်။
သူက ၂၀၀၀ ခုနှစ်လောက်မှာ ထောင်ကလွတ်ပြီးတော့လဲ သူနေတဲ့ ပါရမီက အိမ်နဲ့ ကျွန်တော်နေတဲ့ တောင်ဥက္ကလာ (၃) ရပ်ကွက်အိမ်က နီးတော့ သူ့အိမ် ကိုယ့်အိမ် သွားဖြစ်လာဖြစ်တယ်။ မိသားစုချင်းတွေလဲ ရင်းနှီးကြတယ်။ သဘောထား ချင်းမတိုက်ဆိုင်လို့ အရင်မိန်းမ မတူးနဲ့ကွဲပြီး နောက်မိန်းမ မစုနဲ့ယူပြီး သားတယောက် သမီးတယောက် မွေးဖွားတယ်။ ၂၀၀၆ ခုနှစ်မှာ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်၊ မင်းဇေယျာ၊ ပြုံးချိုတို့ကို ပြန်အဖမ်းခံရတော့ ဂျင်မီရယ် မြအေးတို့နဲ့ တွဲပြီး လွတ်မြောက်ရေးအတွက် Signature Campaign လုပ်ကြတော့လဲ အတူတူပဲ တွဲလုပ်ဖြစ်တယ်။ ကျွန်တော့ကိုတော့ အဖမ်း ခံရနိုင်တယ်ဆိုလို့ (သူ့အသိ လေတပ် ထောက်လှမ်းရေးထံမှ သိရလို့) ထိုင်းနယ်စပ်ကို ရှောင်ခိုင်းတာ သထုံက ကိုအောင်နိုင် (ယခင် KNU လူဟောင်း) ဆီအထိရောက်အောင် သူ့ရဲ့ မာစီးဒီးကားနဲ့ လိုက်ပို့တယ်။ သူငယ်ချင်းရေ ဒီတခါလဲ မာစီးဒီးကား ထပ်အသိမ်းခံနေရဦးမယ်လို့ သတိပေးလိုက်ရသေးတယ်။ တနှစ်တုန်းက သင်္ကြန်တွင်းမှာတော့ ဘုရားဖူးထွက်သလိုနဲ့ မဲဆောက်ကို ရောက်လာလို့ တွေ့ဖြစ်လိုက်သေးတယ်။
သူက မြန်မာ သူဌေးသားလဲ ဖြစ်ပြန်၊ အငယ်ဆုံးသားလဲ ဖြစ်ပြန်ဆိုတော့ သူနဲ့က ပေါင်းရသင်းရ အတော်ခက်တယ်။ စိတ်ရင်း အလွန်ကောင်းသလောက် ပြောဆို ဝေဖန်စရာရှိရင် ဘယ်သူကိုမဆို အားမနာတမ်း ဝေဖန်လေ့ရှိတယ်။ နိုင်ငံရေး အယူအဆ မတူဘူးဆိုရင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ဝေဖန်လေ့ရှိတော့၊ NLD အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ မကြာခဏ အငြင်းပွားနေရတယ်။ ကြားထဲက သပ်လျှိုလေ့ရှိတဲ့ စစ်ထောက်လှမ်းရေးကလဲ သူ့ကို မှတ်ချက် ပေးတယ်လေ Anti ဒေါ်စု လို့ဆိုပြီး သတင်းလွှင့်တယ်။ သူအမြဲတန်း ပြောလေ့ရှိတဲ့စကားကတော့ “သူငယ်ချင်းရေ- အာဏာရှင်စနစ်ကို မကြိုက်လို့၊ စစ်အာဏာရှင်ကို တိုက်ထုတ်ပြီး၊ နောက်ထပ် အာဏာရှင်တယောက် မွေးဖွားပေးရမှာကိုတော့ ကိုယ်မလိုလားဘူး။ ကိုယ်တို့က ဒီမိုကရေစီ စစ်စစ်ကိုပဲ လိုချင်တဲ့သူတွေလေကွာ” တဲ့။
ချစ်သူငယ်ချင်း ကိုမျိုးမင်း (ခေါ်) သူကြီး ကောင်းရာသုဂတိလားပါစေ။
သူငယ်ချင်း သာဓုခေါ်ဖို့ သူငယ်ချင်းရေ- အမျှ- အမျှ- အမျှ ပေးဝေပါတယ်။
(ကိုလွင်မြင့် ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြတယ်)
No comments:
Post a Comment