Tuesday, November 19, 2013
တုံးမောင်းခေါက်သံ
(တစ်)
ကုန်သည်လေ တိုက်ချိန်ကြမှ
ငါဒို့ဟာ လက်ဗလာနဲ့
အိမ်ကိုပြန်လာကြ
လယ်တွေကို ဒို့ မပိုင်ကြတော့ဘူးလေ။
ဒါ မြေကိုသိမ်းတာမဟုတ်၊
ဘဝတွေကို
ဖျက်သိမ်းလိုက်တာလေ။
မြေတွေကိုယူသွားတာမဟုတ်
ရွှေတွေကိုယူသွားတာ။
တောင်တွေကိုယူသွားတာမဟုတ်
အပြုံးတွေကိုယူသွားတာ။
ထန်းတောကိုယူသွားတာမဟုတ်
ယဉ်ကျေးမှုကို ယူသွားကြတာလေ။
သူတို့တံခါးတွေဖွင့်
ဒို့ တံခါးတွေကို ပိတ်လိုက်တာ။
နှစ်ပေါင်း ၅ဝ ကျော်အတွင်း
သူတို့ရဲ့ ခဏခဏ ပြောင်းလဲခြင်းတွေထဲမှာ
ပြောင်းလဲခွင့်မရသူတွေသာ များလာရဲ့
လမ်းကောင်းကောင်းပေါ်မှာ မလျှောက်ခဲ့ရပေဘူး
ကျောင်းကောင်းကောင်းမနေခဲ့ရဘူး
ဆေးရုံကောင်းကောင်းပေါ် မပြခဲ့ရဘူး
ဈေးကောင်းကောင်း မဝယ်ဖြစ်ခဲ့ဘူး။
ဒီတော့
လူ ကောင်းကောင်းမဖြစ်ခဲ့ဘူး ဆိုပါတော့။
လူတွေကြုံလှီလာတာနဲ့အမျှ
တယောက်ကိုတယောက်
အမုန်းပွားဖို့ လွယ်လာကြတာပဲရှိတယ်
ဒါကို သူတို့လိုချင်နေတာလေ။
(နှစ်)
သူတို့ တခါးမဖွင့်ခင်အချိန်အထိ
ရွာပတ်လည်မှာ တောင်တွေရှိနေသေးတယ်
တောတွေရှိနေသေးတယ်
ရေတွင်းထဲကရေကို သောက်လို့ရသေးတယ်။
ဖွင့်ထားတဲ့ တံခါးက
ယင်ကောင်တွေ တဝီးဝီး ဝင်လာကြတယ်။
(သုံး)
ပျား၊ ပိတုန်း၊ လိပ်ပြာတွေ
ရေကန်မှာ ကြာရိုးကြာစွယ်တွေနဲ့ လှနေတဲ့ရွာဟာ
မနက်မှာ နေ
ည မှာ လ
လယ်တောနဲ့တောင် ပနံရ
သွယ်လျလျ မြစ်ကြောင်း
နှစ်ပေါင်းများလှပေါ့။
ဘူဒိုဇာတွေ ဝင်လာကတည်းက
ဖုန်တထောင်းထောင်းထ
အကျည်းတန်သွားခဲ့ရပြီ။
အဖိုးတွေ လက်ထက်ကတည်းက
တောလိုက်ခဲ့တဲ့ တောင်
ခွေးလျက်ထားတဲ့ပန်းကန်လို ပြောင်တလင်းခါလို့၊
ကျွဲလူးအိုင်လို ဟောက်ပက်
(ယောက်ဖရေ)
တကယ့် ရုပ်ပျက်ဆင်းပျက်ပါပဲ။
(လေး)
ဒီတောင်ပေါ်မှာ
ပုတတ်စာ ခူးရင်း
မမင်းရယ်လေ
မျှစ်စို့ပေါက်အသွင်
မစွမ်းရင်းက ရှိခဲ့ကြ
“စပယ်နှစ်ပွင့်ကို ထရံကာမိကြတယ်’’
ချစ်သူတို့ပေါ့
တရွာလုံးကို
လျှောက်ပြုံးပြခဲ့တဲ့ နေရက်တို့ပေါ့။
မိုးရွာလို့နမ်း၊
လေတိုက်လို့နမ်း။
ချစ်လို့နမ်းနဲ့
ဘဝမှာ အနမ်းဟာ အရေးကြီးဆုံးပဲ။
ဒါကိုသိသည့်နောက်
ခြေလှမ်းတိုင်းဟာ ယုံကြည်မှုရှိလာတယ်။
လက်ပံနဲ့ ဆက်ရက် (ဇယက်)
သက်တန့်နဲ့ မိုးစက်လို တပူးတွဲတွဲ
ချစ်ပွဲကြီးနွှဲခဲ့တယ်။
တောင်ပေါ်မှာတခါ၊
တောင်အောက်မှာတခါ
လျှိုထဲမှာတခါ
မခွဲနိုင်မခွာရက်
ရက်ဆက် ကြိုထောက်
ချစ်သူနှစ်ယောက်အကြောင်း
လက်ပန်တောင်းတောင် သက်သေတည်ခဲ့ပြီ။
အို .. ကိုး မြို့ ရှင်
အရင်လိုပဲ
လာ ပါ
စား ပါ
သောက် ပါ
ပျော် ပါး ပါ
ပုဆိုးတန်းတင်ပွဲမှာ
အချစ်တခုရဲ့ မြစ်ဖျားခံရာဟာလဲ
နီညိုရောင်သန်း
ဟော့ဒီ … တွန့်ခေါက်တောင်တန်း ပါပဲ။
(ငါး)
ဒီနယ်တရိုးမှာ
ဒို့ရွာပေါ်က
မိုးကောင်းကင်ဟာ
အပြာဆုံး၊
ငါဒို့မြေပဲဟာ ဆီ အထွက်ဆုံး၊
ထန်းမြစ်ဟာ အချိုဆုံး၊
သားတွေဟာ အသန်မာဆုံး၊
သမီးတွေဟာ အချောဆုံး၊
စံနှုန်းတွေကို ဂုဏ်ယူခဲ့ကြ
လူဟာ အောင်မြင်မှုထက် တန်ဖိုးရှိမှုကို ပိုလိုလား
ဒါဟာ ဒို့ရွာရဲ့ ထုံးထားပါပဲ။
တရွာလုံးက အပျိုမတွေ
ဆင်းကူးနေကျ
လှတဲ့ မြစ်
ချစ်တဲ့ လှိုင်း၊
နွားရိုင်းမောင်းသံ
မြစ်ရိုးမှာ ကျွက်ကျွက်ညံခဲ့
မြစ်ဆိုတာ လူနဲ့ သတ္တဝါတွေကြား
သစ္စာတရားတခုပါပဲ။
ငါဒို့ရွာသားများဟာ
ကျွဲ နွား တအုပ်ကစ
ငါးသန်သေးနုပ်အဆုံး
အားလုံး အပေးယူမျှမျှ နေခဲ့ကြတယ်
တပုံကို ယူ
တပုံကို လှူခဲ့ကြရဲ့။
ခုတော့ …
အက်ဆစ်တွေက
မြစ်ပြင်ကို မီးတင်လိုက်ကြပြီ
တောင်ကြီးတွေ ပြိုသွားရင်
ထန်းပင်တွေ ရင်ကွဲ
မိုးတိမ်တွေလည်း လွင့်ပါးပျောက်
ဗျိုင်းအောက်တွေ မပျံဝဲနိုင်တော့ပေဘူး။
(ခြောက်)
ဒီမြေမှာနေ
ဒီရေကိုသောက်
ငါနဲ့ ငါယောက်ဖ
လည်ပင်းဖက်ကြီးလာကြရဲ့
မြေပဲနှုတ်အပြီး အပြန်
ကျူးကျော်သူတွေလို့ သတ်မှတ်ခံလိုက်ရတယ်
ဒို့ လယ်တွေ ပြန်မရတော့ပေဘူး။
ပါးစပ်က ထန်းရေနံ့ ထတာကလွဲလို့
ငါဒို့ဟာ ဥပဒေကိုမချိုးဖေါက်ခဲ့ကြပါဘူး
တိုင်းပြည်အပေါ်မှာ သစ္စာမဖေါက်ခဲ့ကြပါဘူး
အဖ မြင်းဖြူရှင်ကို ပူဇော်မပျက်ခဲ့ပါဘူး။
ငါ့ယောက်ဖက တအံ့တသြနဲ့
“ဒို့မြေပဲခင်းတွေအားလုံးကို နိုင်ငံတော်က ပိုင်သတဲ့ကွ’’
လို့ ဆိုလိုက်တဲ့အခါ..
ရွာတော့ အပမှီပြီဆိုတာ သိလိုက်ကြတယ်။
ကုန်သည်လေ တိုက်ချိန်ကြမှ
ငါဒို့ဟာ လက်ဗလာနဲ့
အိမ်ကိုပြန်လာကြ၊
လယ်တွေကို ဒို့ မပိုင်ကြတော့ဘူး။
ဒို့ရွာပတ်ပတ်လည်မှာ
ကျန်ခဲ့တဲ့ အရာတွေက
ခေါစာပစ်လို့မရတဲ့ ခရိုနီတွေရယ်
မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်တွေရယ်၊
ရောဂါဆိုးတွေရယ်၊
ကြွပ်ကြွပ်အိတ်တွေရယ်ပါပဲ။
(ခုနစ်)
သူငယ်ချင်းကောင်း ယောင်းမတို့ရေ …
ငိုမနေကြနဲ့
မိုးမချုပ်မီ
စောစောလာခဲ့ကြ
ကောက်ဆွတွေ ယူခဲ့ကြ
ယာတွေကိုမီးရှို့ကြမယ်
လယ်ကွင်းတွေထဲက တေးသံလွင့်ပျံ့
နာနာဘာဝမှန်သမျှ မောင်းထုတ်ကြတဲ့ပွဲမှာ
တုံးမောင်းခေါက်သံတွေ၊
ဘဝဂ်ညံနေရချိမ့်မယ်။
မိုး သီး ဇွန်
ဒီဇင်ဘာ ၄၊ ၂ဝ၁၂
Labels:
ကဗျာ,
မိုးသီးဇွန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment