Tuesday, November 19, 2013

အငြိမ်းစား စင်္ကြာဝတေးမင်းရဲ့ တိုးတိုးတိတ်တိတ်ခရီးစဉ်


အမေရိကန် သမတဟောင်းကလင်တန် မြန်မာပြည်ကိုလာသွားတဲ့သတင်းက မြန်မာ့သတင်းမီဒီယာတွေမှာ သိပ်မတွေ့ရဘူး။ တိုးတိုးတိတ်တိတ် ဖြစ်နေတယ်။ တကယ်တော့ သူဟာ သြဇာကြီးမားနေဆဲ သမတဟောင်းပါ။ ကမ္ဘာ မဟာအင်အားလွန်နိင်ငံကြီးမှာ သမတ သက်တမ်း၂ ခါ ဆက်တိုက် တာဝန်ယူခဲ့ရတဲ့သူ ဖြစ်ပါတယ်။ သူရဲ့ နိုင်ငံရေးသြဇာဟာ သိပ်ကြီးတယ်။ သူရဲ့ သြဇာဟာ ကမ္ဘာ့နိုင်ငံရေးမှာ ကြီးမားတုန်း ဖြစ်ပါတယ်။ သူ့ဇနီး ဟီလာရီကလင်တန်ဟာ အိုဘားမားပြီးရင် သမတ ဖြစ်နိုင်တဲ့အလားအလာ ရှိနေသေးပါတယ်။ ဒါက ကလင်တန်ရဲ့
အခန်းကဏ္ဍပါ။

သူ ဒီအချိန်မှာလာတာ၊ သူပြောတဲ့စကားတွေဟာ မြန်မာတွေအတွက် အရေးကြီးလာပါတယ်။ သူ့ မိန့်ခွန်းမှာ အဓိကပြောသွားတာတွေကတော့ တိုင်းပြည်ကောင်းစားရေးကိုရှေ့ရှုပါ။ ငြိမ်းချမ်းရေး မတူခြားနားမှုတွေကို လက်ခံနိုင်အောင်လုပ်ကြပါ။ ဆန်ကျင်ဖက်အင်အားစုများ အတူတကွပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းတာပဲ ဖြစ်တယ်။

လူမျိုးရေးနဲ့ ဘာသာရေးတင်းမာမှုတွေကို လျော့ချပြီး နိုင်ငံတော်ဖွံ့ဖြိုးရေးကို အတူတကွ ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုတာ ဖြစ်ပါတယ်။ အာဏာကိုခွဲဝေပါ (Power Sharing) သဘာဝအရင်းအမြစ်တွေ ခွဲဝေပါ (Resource Sharing)။ ပြည်သူတွေအတွက် ခွဲဝေသုံးစွဲကြပါလို့ တိုက်တွန်းချက်တွေက သူ့ မိန့်ခွန်ရဲ့ဗဟိုချက် ဖြစ်နေပါတယ်။ မတူကွဲပြားခြားနားမှုတွေရှိတာဟာ နိုင်ငံအတွက် ခွန်အားတွေပါဆိုတာ သူရဲ့ အကြံပြုချက်။ လူသားအားလုံး ဒီအန်အေတွေကို စစ်ဆေးလိုက်တဲ့အခါမှာ အားလုံးဟာ ဆက်စပ်မှုရှိနေတယ်ဆိုတာ သူဆွေးနွေးပြသွားတယ်။

သူက အဓိက အချက် ၆ ချက် ပြောသွားတယ်။ ဘရာဇီ၊ မက်ဆီကို၊ လက်ဘနွမ်၊ ရ၀မ်ဒါ၊ ပါလစ်စတိုင်းအစ္စရေး တွေကို ဥပမာတွေနဲ့ ပြောပြသွားတယ်။ ဒီနိုင်ငံတွေမှာ ဒီလိုလုပ်ကြတယ် ဒီလိုစဉ်းစားတယ်။ ဒီလိုဖြေရှင်းတယ်ဆိုတာကို တဆင့်လာပြောပြ သလိုပြောပြသွားတယ်။ ဒီနိုင်ငံတွေရဲ့ အပြောင်းလဲတွေမှာသူနဲ့ အမေရိကန်နိုင်ငံရဲ့ အခန်းကဏ္ဍက ကြီးမားခဲ့ပါတယ်။

သူ့မိန့်ခွန်းကိုကြည့်ရင် တိုက်တွန်းချက် ဖြစ်ပါတယ်။ တိုက်တွန်းနေရတယ်ဆိုတဲ့သဘောက လက်ရှိအခြေအနေတွေကို အမေရိကန်အစိုးရနဲ့ နိုင်ငံတကာက သိပ်အားမရသေးဘူးဆိုတာလို့ အဓိပ္ပာယ်ကောက်နိုင်ပါတယ်။

အထူးသဖြင့် လက်ရှိအစိုးရရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေအပေါ်မှာ ဒီထက်ပိုအောင်မြင်စေလိုတဲ့ဆန္ဒက အမေရိကန်တွေမှာရှိတယ်ဆိုတာကို အလေးအနက် တင်ပြသွားတာ ဖြစ်ပါတယ်။

ကလင်တန်ဟာ သမတအဖြစ်ကနေ အငြိမ်းစားယူသွားပြီးမှာ သူ့ရဲ့ဝင်ငွေဟာ ပိုများနေပါတယ်။ တနစ်ဝင်ငွေဒေါ်လာ သန်း ၄၀ ခန့်ရှိခဲ့တယ်။ သမတ အဖြစ် တာဝန်ယူစဉ်က သူဟာ ဒေါ်လာ ၂ သိန်းခန့်ပဲ ရခဲ့တယ်။ (ဒါမလောက်ဘူး နောက်သမတ ကို ပိုပေးပါလို့ သူတင်ပြသွားပေးခဲ့တယ်)

သူ ၀င်ငွေတွေတိုးလာတဲ့အကြောင်းကတော့ သူ့ဟောပြောပွဲများကြောင်း ဖြစ်ပါတယ်။ အစိုးရတွေ၊ အင်စတီကျူတွေ တက္ကသိုလ်တွေက သူ့ကိုဖိတ်ပြီး တရားဟောခိုင်းတယ်။ တခါဟောရင် ဒေါ်လာ ၅ သိန်းခန့် ဉာဏ်ပူဆော်ခပေးကြတယ်လို့ သိရတယ်။ လူတွေလဲ ထောင်နဲ့ချီပြီးလာတက်ပါတယ်။

မြန်မာပြည်မှာတော့ သူ့ဟောပြောပွဲဟာ လူနည်းလွန်းနေပါတယ်။ MPC အခန်းကလည်း သေးလွန်းပါတယ်။ နောက်ဆိုရင် ရန်ကုန်တက္ကသိုလ်မှာဖြစ်ဖြစ်။ မန္တလေးတက္ကသိုလ်မှာဖြစ်ဖြစ် မြို့တ်ာခန်းမမှာ ဖြစ်ဖြစ် အစိုးရအနေနဲ့ လုပ်ပေးသင့်တယ်။ သမတ ဟောင်းပဲ ဘာအရေးပါလို့လဲလို့ မယူဆလိုက်သင့်ပါဘူး။

သူဟာ အငြိမ်းစား စင်္ကြ၀တေးမင်း တယောက်ဖြစ်ခဲ့တယ်ဆိုတာ သိထားဖို့ပါပဲ။

မိုးသီးဇွန်

No comments: