Tuesday, March 11, 2014

UNFC သို့ အိတ်ဖွင့်ပေးစာ

UNFC နှင့် NCCT ခေါင်းဆောင်များခင်ဗျား။ ဆုပ်မိတဲ့ ဓားရိုးကို လက်မလွတ်စေနဲ့ဲ့ဲ့ လို့ ဦးစွာအားပေးလိုပါတယ်။

တိုင်းရင်းသားခေါင်းဆောင်များဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံရေးအရ တန်းတူရည်တူ တိုင်ပင်ဆွေးနွေး အပေးအယူ လုပ်ကြပြီး ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓာတ်အရ အမျိုးသားများ တန်းတူရည်တူ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ဖို့ အခြေခံအုတ်မြစ်ကို ချမှတ်ပေးနိုင်ခဲ့လို့ အင်္ဂလိပ်ဆီက လွတ်လပ်ရေးကို အမိအရ ဆွတ်ခူးပေးနိုင်ခဲ့တာကြောင့်

ဒီနေ့အထိ ပြည်သူများက လေးစားဂုဏ်ပြုနေတာ အားလုံးအသိပင်ဖြစ်တယ်။

ဗိုလ်ချုပ်ကျဆုံးပြီးနောက် ဖဆပလ အဖွဲ့ချုပ်ဟာ ပင်လုံစိတ်ဓာတ်အခြေခံမူအပေါ် သွေဖီ အားနည်းသွားလို့ ၁၉၄၇ ခု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့အခါ၊ 'ဗိုလ်ချုပ်ချပေးထားတဲ့ မူအတိုင်းဆိုရင် လူအင်အား အများကြီးကုန်မယ်၊ စစ်ဒဏ်ကြောင့် ဘဏ္ဍာရေးအားနည်းနေတယ်၊ အခန်း (၁၀) မှာ ခွဲထွက်ခွင့်ပါတယ်၊ အခန်း (၁၁) မှာ ပြင်ဆင်ခွင့်ပေးထားတယ်၊ ဖွဲ့စည်းပုံအတည်မပြုရင် လွတ်လပ်ရေးမရနိုင်ဘူး' ဆိုပြီး လက်တလုံးခြား လှည့်ကွက်ဆင်ပေးလိုက်တဲ့အပေါ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေက 'ဟုတ်တာဘဲ၊ စစ်ဒဏ်ကြောင့် တိုင်းပြည်ဆင်းရဲနေတယ်၊ ခွဲထွက်ခွင့်လည်းပါတယ်၊ ပြင်ဆင်ခွင့်လည်းရှိတယ်၊ ညီအစ်ကိုချင်းမို့ ဈေးဝယ်သလို ဈေးဆစ်စရာမလိုဘူး၊ ဖွဲ့စည်းပုံ အတည်မပြုရင် လွတ်လပ်ရေးမရနိုင်ဘူး၊ ဒါဆိုရင် အားလုံးမှန်တာဘဲ' ဆိုပြီး ဖဆပလအပေါ် ယုံကြည်မှုလွန်ကဲ၊ အကောင်းမြင်ဝါဒများလွန်းလို့ ဖစွဲ့ ည်းပုံအခြေခံဥပဒေကို သဘောတူအတည်ပြုလိုက်တယ်။ ဒီလိုနဲ့ ဖားတပိုင်းငါးတပိုင်း ပြည်ထောင်စု လက်အောက်ခံဘဝ ရောက်သွားတာကိုလည်း အားလုံးသိပြီး ဖြစ်တယ်။

၁၉၅၈ ခု လက်နက်နဲ့ဒီမိုကရေစီလဲလှယ်ရေး နဲ့ ၁၉၆၃ ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်လိုက်တာလည်း ကလိမ်စေ့အကွက် သက်သက်ဖြစ်ပြီး အကြွင်းမဲ့လက်နက်ချခိုင်းတာ ဖြစ်တယ်။

နဝတ/နအဖ ဟာ ၁၉၉၀ ခုနောက်ပိုင်း အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးမယ်လို့ လှည့်စားကာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကို အတုအယောင်အမျိုးသားညီလာခံထဲ တွန်းထည့်လိုက်တယ်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၃ ဖွဲ့ တင်ပြထားတဲ့ အမျိုးသားများတန်းတူရည်တူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး အခြေခံမူစာတမ်းကို မိုက်ရိုင်းစွာကြိမ်းဝါးစော်ကားပြီး အမှိုက်ပုံးထဲ ပစ်ထုတ်လိုက်တယ်။ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းအားလုံး နည်းမျိုးစုံနဲ့ သပ်သျှိုဖြိုခွဲခံလိုက်ရတယ်။ တချို့အဖွဲ့ဆိုရင် လုံးဝဖျက်ဆီးခံရလို့ မိမိအမျိုးသားဘဝ တခုလုံး ရေစုံမျောသွားတယ်။ အဲ့ဒီလိုဖြစ်ရတာဟာ မျက်နှာပူစရာမဟုတ်ဘဲနဲ့ မျက်နှာပူအားနာတတ်လွန်းခြင်း၊ ရိုးလွန်းလို့ အ,ရာကျသွားခြင်းနဲ့ အချို့ပုဂ္ဂိုလ်များဟာ အမျိုးသားရေးထက် မိမိကိုယ်ကျိုးရှာခြင်း စတဲ့ ပျော့ညံ့မှားယွင်းတဲ့ ရပ်တည်ချက်များကြောင့်ဖြစ်ကြောင်းကို တိုင်းရင်းသားတွေ နှစ် ၆၀ ကျော် ဖြတ်သန်းလာရတဲ့ဘဝအရ ရင်နင့်ဖွယ် အလီလီ ကြုံတွေ့ခံစားနေရလို့ သင်ခန်းစာ ကောင်းကောင်းကြီး ရကြပြီဖြစ်တယ်။

နအဖ စစ်အုပ်စုဟာ ပြည်သူတရပ်လုံး ကျွန်ပြုထားတဲ့ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မအတည်ပြု လိုက်ပြီးနောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို အကြွင်းမဲ့လက်နက်ချရေးဖြစ်တဲ့ နယ်ခြားစောင့်တပ်နဲ့ ဌာနေပြည်သူ့စစ်လုပ်ဖို့ ရာဇသံ ၃ ကြိမ် ထုတ်ပြန်ခဲ့တယ်။ အဖွဲ့ငယ်လေး ၂ ဖွဲ့ - ၃ ဖွဲ့ကလွဲပြီး ကျန်တဲ့အဖွဲ့တွေ လက်မခံ အာခံနေကြလို့ လက်လျှော့လိုက်ရတယ်။ အဲ့သလို တိုင်းရင်းသားတွေ ညီညွတ်ရင် စစ်အုပ်စုက ဘာမှမတတ်နိုင်ဘူး ဆိုတာကို လက်တွေ့ပြလိုက်တာ ဖြစ်ပြီး အင်မတန်ဂုဏ်ယူထိုက်တဲ့ စံနမူနာကောင်းဖြစ်တယ်။

ဒီကနေ့ သမတ ဦးသိန်းစိန်အစိုးရက တပြည်လုံးငြိမ်းချမ်းရေး အကြောင်းပြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တဖွဲ့ချင်းလှည့်စားဖို့ ကြိုးစားပြန်တယ်။ တဖွဲ့ချင်း ပြည်နယ်အဆင့်ငြိမ်းချမ်းရေး၊ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆိုပြီး တိုင်းရင်းသားတွေ ညီညွတ်မှုမရအောင် အခွင့်အရေးအမျိုးမျိုးပြပြီး သပ်သျှိုဖြိုခွဲနေတယ်။ အဲ့ဒီကောက်ကျစ်
စဉ်းလဲတဲ့အကြံအပေါ် ဆယ်ခါသေဖူးတော့ ပျဉ်ဖိုးကောင်းကောင်းကြီးသိကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းတွေဟာ UNFC ကို ဖွဲ့စည်းလိုက်တယ်။ အဲ့သလို UNFC ထကဲ တိုင်းရင်းသားတွေကို တဖွဲ့ချင်းခေါ်တွေ့လိုက်၊ တဖွဲ့ချင်းလိုက်တွေ့လိုက် နည်းမျိုးစုံနဲ့ ဖြိုခွဲလို့မရတဲ့အဆုံးမှာ ငါတို့ဟာ တပြည်လုံးငြိမ်းချမ်းရေးရပြီဆိုပြီး အမြတ်ထုတ်ဖို့ UN-USA-EU ကိုယ်စားလှယ်ခေါင်းဆောင်တွေရှေ့မှာ လက်မှတ်ထိုးကြမယ်ဆိုတဲ့ ဉာဏ်နီ ဉာဏ်နက်နဲ့ အစီအစဉ်တရပ်ကို လုပ်လာပြန်တယ်။

UNFC ဟာ နွားကွဲရင် ကျားဆွဲမယ်ဆိုတာကို ကောင်းကောင်းကြီးသဘောပေါက်တယ်။ အဲဒါကြောင့် တိုင်းရင်းသားတို့ဘဝကို အာမခံချက်ပေးနိုင်မယ့် ပင်လုံစိတ်ဓာတ်အခြေခံမူအရ UNFC ရဲ့ ပထမအကြိမ်ကွန်ဖရင့် သဘောတူညီချက်မှာ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံ ပယ်ချလိုက်ပြီး အမျိုးသားများတန်းတူ ဖက်ဒရယ်ပြည်ထောင်စု သမတ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကိုလည်း ရေးဆွဲသွားဖို့ ချမှတ်ထားပြီး ဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ပထမအကြိမ် လိုင်ဇာကွန်ဖရင့်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဖြေရှင်းပြီးမှ တတိုင်းတပြည်လုံးငြိမ်းချမ်းရေး လက်မှတ်ရေးထိုးမယ်လို့ တညီတညွတ်တည်း သဘောတူဆုံးဖြတ် ချမှတ်လိုက်တယ်။ မြစ်ကြီးနားကျမှ အရင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ (UPMC) ရဲ့ စာတမ်း မဟုတ်တော့ဘဲ မင်းသားခေါင်းစွပ် ဘီလူးခေါင်းဖြစ်တဲ့ ကာချုပ်ကိုယ်စား ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက အကြွင်းမဲ့လက်နက်ချရေး စာချုပ်မူကြမ်းကို ထုတ်ပြလာတယ်။ အဲဒီစာတမ်းကို UNFC က ချက်ခြင်းပယ်ချလိုက်တယ်။ အဲဒါကြောင့် ဘယ်သူက ငြိမ်းချမ်းရေးအစစ်အမှန်လိုလားပြီး ဘယ်သူက ဉာဏ်နီဉာဏ်နက်ထုတ် အနိုင်ကျင့်တာလဲ ဆိုတာကို ပြည်သူ ပြည်သားတွေနဲ့ နိုင်ငံတကာက သိမြင်သွားကြတယ်။ အဲဒါကြောင့် UNFC ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဓားရိုးဘက်၊ ဓမ္မဘက်၊ တရားဘက်က ဆုပ်မိထားပြီးဖြစ်တာကို အားလုံးယုံကြည်ထားကြဖို့လိုတယ်။

အဲဒီလို လိုင်ဇာကွန်ဖရင့်သဘောတူညီချက် ရရှိတဲ့နောက်ပိုင်းမှာ UPMC ကိုယ်စားလှယ်အဖွဲ့ဟာ UNFC ဆီ ခဏခဏ သွားတွေ့တယ်။ ကရင်နှစ်သစ်ကူးပွဲကိုလည်း သွားတက်တယ်။ ကိုယ့် ကိုယ်ကို အပေါ်စီးလို့ ခံယူထားတဲ့အဖွဲ့ဟာ အဲသလို မထင်မှတ်ဘဲလုပ်လာတာ ချစ်လို့လား၊ လည်မျိုညှစ်ဖို့လား ဆိုတာ အားလုံးသိကြပြီးဖြစ်တယ်။ UNFC ဟာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ဒုတိယအကြိမ် ကွန်ဖရင့်ကို လော်ခီးလာမှာ ကျင်းပပြီး လိုင်ဇာသဘောတူညီချက်အပေါ် ထပ်ဆင့်သဘောတူချမှတ်လိုက်တယ်။ ဒီလို တိုင်းရင်းသားတွေ ပိုမိုစည်း လုံးညီညွှတ်မှု တည်ဆောက်နိုင်ခြင်းအပေါ် အထူးဂုဏ်ယူမိကြောင်း ဖော်ပြအပ်ပါတယ်။

အခုအခါ သမတ ဦးသိန်းစိန်နဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ UPMC အဖွဲ့ဟာ အကြောင်းအမျိုးမျိုးပြပြီး UNFC ကို နည်းမျိုးစုံနဲ့ ချဉ်းကပ်လာတယ်၊ ခေါ်ယူတွေ့ဆုံတယ်။ အထူးသဖြင့် တဖွဲ့ချင်းကို ခတ်စိတ်စိတ်ခေါ်တွေ့လာတဲ့အပေါ် UNFC အနေနဲ့သော်လည်းကောင်း၊ NCCT အနေနဲ့သော်လည်းကောင်း၊ တဖွဲ့ချင်းသော်လည်းကောင်း၊ ပုဂ္ဂိုလ်တဦးချင်းသော်လည်းကောင်း အထူးသတိရှိရမှာဖြစ်ကြောင်း ပွင့်လင်းစွာသတိပေးလိုက်ပါတယ်။ သမတရဲ့သဘောတူညီချက်အရဆိုပြီး ပြည်ထောင်စုအင်စတီကျုရုံး ဖွင့်ထားတယ်ဆိုတဲ့ လုပ်ရပ်တွေက ငြိမ်းချမ်းရေးကို အထောက်အကူပြုတာလား၊ ကိုယ်ကျိုးအခွင့်အရေးသမားတွေလား၊ UNFC ကို ဖြိုခွဲရေးလုပ်ငန်းဘဲ ဖြစ်မှာလားဆိုတာကိုလည်း အလေးအနက် သတိထားကြရမှာဖြစ်တယ်။

UNFC-NCCT ခေါင်းဆောင်များခင်ဗျား

ဒီနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုင်းရင်းသားခေါင်းဆောင်များဟာ ဓားရိုးဘက် ဆုပ်ကိုင်ထားမိပြီးဖြစ်လို့ လက်မလွှတ်စေဘဲ အမျိုးသားများတန်းတူရည်တူ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေးအခြေခံမူကို တိုင်းသူပြည်သားများနဲ့ နိုင်ငံတကာက သိရှိလာကြတဲ့အထိ စွဲမြဲစွာရပ်တည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းကို စိတ်ရှည်လက်ရှည်နဲ့ အောင်မြင်တဲ့အထိ စည်းလုံးညီညွှတ်စွာ ချီတက်ကြပါစိုလို့ လေးနက်တည်ကြည်စွာ တိုက်တွန်းလိုက်ပါကြောင်း။ ။

ဒီမိုကရေစီရေး နဲ့ အမျိုးသားများတန်းတူရေး တပြိုင်တည်းအောင်ပွဲခံရမည်။

ဒီမိုကရေစီရေးနှင့် အမျိုးသားများတန်းတူရေး
ပူးပေါင်းဆောင်ရွက်မှု လုပ်ဖော်ကိုင်ဖက်များ
၂၀၁၄ ခု မတ်လ ၉ ရက်

No comments: