Thursday, February 27, 2014

ကျနော်ဟာ မြေ၀ပ်ငှက်ကလေးတကောင်ပါ မေမေ (ဒီလက်မျိုး)

ကျနော်ဟာ မြေ၀ပ်ငှက်ကလေးတကောင်ပါ မေမေ။
ပိုက်သာဂိုရပ်ရဲ့ သီအိုရမ်ကို မကျွမ်းကျင်ခဲ့ပေမယ့်
လူနဲ့ လူချင်း လုသောက်တဲ့
ဖန်ခွက်ချင်းတိုက်သံမှာ
ကျနော်ဟာ မြေ၀ပ်ငှက်ကလေးပါ မေမေ။

မေမေနဲ့ ဝေးတဲ့ညတွေမှာ
ကျနော်ဟာ သူရဲကောင်းဆန်သလိုလိုနဲ့
စပါတာကပ်ရဲ့ သူရဲကောင်းမြည်သံကိုလဲ
မေ့လျော့နေသူ တယောက်ပေါ့။

မြေ၀ပ်ငှက်ကလေးဟာ
သနားစရာကောင်းလှပါတယ် မေမေ။

မြေ၀ပ်ငှက်ကလေးရဲ့
အော်မြည်သံကို ကြဲချလိုက်တော့
ကောင်းကင်က မုန်ယိုလာတယ်။
နာကျင်မှုတွေက မုန်တိုင်းဖြစ်တယ်။
မုန်တိုင်းတွေက မုန်တိုင်းဆင့်ရင်း
ကောင်းကင်ကြီးက နက်ပြာပြာ ဖြစ်လာတယ်။

အမေ့သား မြေ၀ပ်ငှက်ကလေးလဲ
ပိုးစုန်းကျူးညတွေကို ရှာမိတယ်။

ညတွေက ပိုးစုန်းကျူးမရှိဘူးလို့
ညည်းညူသံအဆုံး
အာရပ်ကမ္ဘာမှာ
ညူကလီးယားဗုံးတွေ ပေါက်မယ်ထင်အံ့။

မြေ၀ပ်ငှက်ကလေးလဲ
ကြောက်ရတာပေါ့ မေမေရယ်။

မေမေရေ အရမ်းကိုကြောက်တတ်တဲ့
မြွေမကြောက် ကင်းမကြောက်
ဘာကိုမှမကြောက်တတ်တဲ့ အမေ့ရဲ့သား
မြေ၀ပ်ငှက်ကလေးလေ။

မြေ၀ပ်ငှက်ကလေး ၀ပ်နေရှာပါတယ် မေမေ။

သိပ်သနားစရာကောင်းတာပဲ မေမေရယ်
မြေ၀ပ်ငှက်ကလေး ဘ၀ဟာလေ
တောင်လေလာတိုင်း ခေါင်းထောင်ထောင်ကြည့်ရတဲ့
မြေ၀ပ်ငှက်ကလေးဟာ
ခုတော့ သူဝပ်မယ့်မြေကျင်းကို သူတူးရင်း
ဘာမှမသိတဲ့အနာဂတ်ကို တူးနေရှာလေရဲ့။

ကျနော်ဟာ
မြေ၀ပ်ငှက်လေးတကောင်ပါ မေမေ။

ဒီလက်မျိုး ခေတ္တ (အမေရိက)

No comments: