“သစ္စာတရား ဝန်ကြီး ဌာန” သည် ပေ ၇၀၀ ကျော်မြင့်မားပြီး အီဂျစ်ပိရမစ်တစင်း ကန္တာရထဲမှာ ငေါင်းစင်းထွက်နေသလို ရန်ကုန်မြေ၏ မိုးယံပြာနှမ်းနှမ်းတွင် ၎င်းမျှော်စင်၏ ဖြူဆွတ်ကြွမား ပုံရိပ်သည် လပ်လပ်စင်း တောက်နေပါသည်။ မျှော်စင်ထိပ်တွင် ဖောင်းကြွထိုးထားသော စာတန်းတို့မှာ ကိုကျောက်ညို ခုရပ်နေသော နေရာကနေဆို မြင်သာရုံကလေး။ ပါတီ၏ ဆောင်ပုဒ်သုံးခု။
တိုင်းရင်းသားအားလုံးငြိမ်းချမ်းရေးကို စစ်ဘီလူးစောင့်သည်။ War is Peace
လွတ်မြောက်ငံ့လင့်လူသားတိုင်း မျိုးဆက်ကျွန်အဖြစ် သဘာဝအလျောက်ခံယူသည်။ Freedom is slavery
တိုင်းပြည်ခွန်အားသည် နိုင်ငံတော်လမ်းပြအသိ ဖြစ်ပြီး ကျန်မကောင်းအသိအားလုံးကို ငါတို့ ပစ်ပယ်သည်။ Ignorance is strength
မှတ်ချက်။ ။ “ပါတီ” ၏ ဆောင်ပုဒ်တွင် သုံးစွဲထားသော ဝေါဟာရနှင့် ရေးဟန်တို့သည် အသစ်ထွက်ပေါ်လာသော
“ဘာသာစောင့်စကားသစ် အဘိဓာန်” မှ ဗမာဘာသာစကားကို ပြန်လှန်စိစစ်သုံးသပ်ပြီး ညွှန်ကြားသည့် ဘာသာစောင့် ဝေါဟာရအသစ်များနှင့် ဘာသာစောင့် သဒ္ဒါစည်းမျဉ်းအသစ်များကို လိုက်နာသုံးစွဲပြီး ရေးသားထားခြင်း ဖြစ်သည်။
၁၉ ရာစု ကာလတွင် လှိုင်မြစ်ကမ်းစပ်တွင် ဂုဏ်ယူဝင့်ကြွားစဖွယ် တည်ဆောက်နိုင်ခဲ့သည့် ကျောက်တုံးညိုတို့ဖြင့်ပြီးသော “ဝိတိုရိယ ရဲတိုက်” ဗိသုကာလက်ရာ - စထရင်း ဟိုတယ်မှ နေ၍ ဗြိတိသျှမင်းသား အက်ဝပ်ဒ် နှင့် ကမ္ဘာ့ဂန္ထဝင် အင်္ဂလိပ်စာရေးဆရာ ဂျော့အော်ဝဲလ်တို့သည် ရန်ကုန်၏ လှပလန်းဆတ်သော နေရီရီ ရှုခင်းကို ငေးမောနေပါလိမ့်မည်။ မင်းသားကြီး အက်ဝပ်ဒ် အတွက် လှိုင်မြစ်၏ ဆည်းဆာနေခြည်သည် နေမဝင်အင်ပါယာ၏ ရန်ခုန်ဖွယ် တော်ဝင်ကဗျာတပုဒ် ဖြစ်ကောင်း ဖြစ်ခဲ့ပါလိမ့်မည်။ အရက်မူးယစ်နေသော ဗြိတိသျှ-ဘားမား ပုလိပ်ကြီး အော်ဝဲလ် ကတော့ အင်္ဂလိပ်သခင်သူ့ကို ဘုရားထူး ရိုကျိုးနေသော ဗမာ ကျွန်တော်မျိုးများကိုကြည့်ပြီး သူ၏ 1984 ဝတ္ထုဇာတ်ကောင် “ကိုကျောက်ညို” (Winston Smith) အား စထရင်းဟိုတယ်က ကျောက်တုံးညိုကြီးများကို စကော့ဝီစကီ တပက်နှင့် ဂုဏ်ပြုလိုက်ရင်း စတင် ဖန်ဆင်းနေပါလိမ့်မယ်။
၂၀၈၄ က ကိုကျောက်ညိုသည်လည်း တခါတွင် စထရင်းဟိုတယ်ထိပ်မှနေ၍ ရန်ကုန်၏ ရူခင်းကို ကြည့်ခဲ့ဖူးသည်။ ဗိုလ်တထောင် စေတီသည် အခန်း ၃၀၀ ကျော်ပါသော သစ္စာတရား ဝန်ကြီးဌာန (“မှန်ငယ်”ဌာန)၏ ဖြူဖြူလှုပ် မျှော်စင်ခြေရင်းတွင် မယှဉ်သာအောင် သုန်မှုန်ပုဝပ်လို့ နေသည်။ ရန်ကုန် တမြို့လုံးတွင် အလားတူ အရပ်ရှည်ကြီးမားသည့် အဆောက်အဦ မျှော်စင်မြင့်ကြီးတွေဟူ၍ “မှန်ငယ်” အပါအဝင် လေးလုံးသာရှိပါသည်။ ၎င်းတို့သည် ဝန်ကြီးဌာန အဆောက်အဦလေးခုဖြစ်ပြီး အစိုးရ ယန္တရားတခုလုံးသည် ၎င်း ဝန်ကြီးဌာန လေးခုတို့ဖြင့်သာ ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်သည်။
(၁) သစ္စာတရား ဝန်ကြီးဌာန (Ministry of Truth) က သတင်းထုတ်ပြန်ရေး ၊ ဖျော်ဖြေတင်ဆက်ရေး၊ ပညာရေး နှင့် ယဉ်ကျေးမှု အနုပညာ ရေးရာတို့ကို တာဝန်ယူထားသည်။
(၂) သာမဂ္ဂိယက္ခ (ဝါ) ငြိမ်းချမ်းရေးစစ်ဘီလူး (Ministry of Peace) ဝန်ကြီးဌာနကတော့ စစ်မက်ရေးရာတို့ကို ကွပ်ကဲဆင်နွဲရန် နှင့် ရန်သူသူလျှိုတို့ကို ရှာဖွေဖော်ထုတ်ရန် တာဝန်ယူသည်။
(၃) မုဒိတာ ရပ်ဝန်း ဝန်ကြီးဌာန (Ministry of Love) ကတော့ “တရား” စိုးမိုးရေး နှင့် ပြစ်ဒဏ်ချမှတ်ရေး ကို တာဝန်ယူသည်။ ယခင် “မျိုးစောင့်ဝန်ကြီးဌာန” ကို နောက်ဆုံးပြောင်းလဲခဲ့သော နာမည် ဖြစ်သည်။
(၄) လာဘ်လာဘ ဝန်ကြီးဌာန (Ministry of Plenty) ကတော့ ထုတ်ကုန်သွင်းကုန် ကဏ္ဍ နှင့် စီးပွားရေး စီမံခန့်ခွဲမှု အားလုံးကို တာဝန်ယူသည်။
စကားသစ် အဘိဓာန်သည် အစိုးရဝန်ကြီးဌာန လေးခုကို နာမည် အပြည့်အစုံထက် အတိုခေါက် နာမည်တွေကို ခေါ်ဖို့ တိုက်တွန်းအားပေးသည်။ စကားသစ် မှ တရားဝင် ခေါ်ဝေါ်ဖွင့်ဆိုထားသော ဝန်ကြီးဌာန အတိုကောက် နာမည်တို့မှာ
(၁) မှန်ငယ် (Minitruth) = အမှန်တရားငယ် ဝန်ကြီးဌာန
(၂) ငြိမ်းသေး (Minipax) = အသေးစား ငြိမ်းချမ်းရေး ဝန်ကြီးဌာန
(၃) ချစ်ပါး (Miniluv) = ချစ်ကရုဏာခေါင်းပါး ရက်စက်ရေး ဝန်ကြီးဌာန နှင့်
(၄) ပြတ်လာဘ် (Miniplenty) = ခေါင်းပါးငတ်ပြတ် လာဘ်လာဘ ပေါများကြွယ်ဝရေး ဝန်ကြီးဌာနဟူ၍အသီးသီး ဖြစ်သည်။
ယခင် မျိုးစောင့် ဝန်ကြီးဌာန၊ ယခု နာမည်ကတော့ မုဒိတာရပ်ဝန်း ဝန်ကြီးဌာန ၊ အတိုကောက် ခေါ်မည်အားဖြင့် “ချစ်ပါး” ဝန်ကြီးဌာနသည် အလွန် ကြောက်စရာကောင်းသော ဝန်ကြီးဌာန ဖြစ်သည်။ ဝန်ကြီးဌာန တခုလုံး ပြူတင်းပေါက် တပေါက်မှ မတပ်ဆင်ထား။ ကိုကျောက်ညိုသည် ဝန်ကြီးဌာန အတွင်းသို့ တခါမှ မရောက်ဘူးခဲ့။ ၎င်း၏ တမိုင်ပတ်လည်ကိုတောင် မသီဘူးခဲ့။ တရားဝင် အလုပ်ကိစ္စ မရှိဘဲနဲ့ သည်ဝန်ကြီးဌာန အနားကို ချဉ်းကပ်ခြင်းသည် ပျော်ရွှင်စရာ လုပ်ရပ်မျိုးတော့ မဟုတ်။ ဌာနဝင်းသည် ဝင်္ကပါလို ရူပ်ထွေးစွာ စီရင်ထားတဲ့ လျှပ်စီးလွှတ်ဆူးသံကြိုးတွေ၊ သံမဏိတံခါးတွေ၊ လျှို့ဝှက် စက်သေနတ်အိမ်တွေ နှင့် ကာကွယ်ထားသည်။ ဌာန၏ အပြင်ဝင်းဖက်ပေါက်ကို ပေါက်သော လမ်းတွေမှာပင် သားရဲတစ္ဆေမျက်နှာနဲ့ အနက်ရောင် ယူနီဖောင်းဝတ် အစောင့်ရဲတွေဟာ လက်ကိုင်ဆစ်နံပါတ်တုတ်တွေကို ကိုင်ထားပြီး လူတွေကို မျက်လုံးဒေါက်တောက် လိုက်ကြည့်နေတတ်သည်။
အစိုးရဝန်ကြီးဌာန လေးခုကို နာမည် အပြည့်အစုံထက် အတိုခေါက်တွေနဲ့သာ သုံးစွဲခေါ်ဝေါ်ဖို့ စကားသစ်အဘိဓာန်က တိုက်တွန်းထားရခြင်းမှာလည်း အကြောင်းရှိသည်။ တကယ်တော့ ဝန်ကြီးဌာန၏ နာမည်များ၊ အထူးသဖြင့် နာမည်အတိုခေါက်များသည် ပြည်သူ တဦးတယောက်၏ ယုတ္တိဖြင့် သိမှတ်စဉ်းစား ဆင်ခြင်ဉာဏ်ကို ခါလာဖြစ်သွားအောင် ဦးနှောက်ခဝါချ (Brainwash) ပစ်သည့် သော့ချက် နည်းဗျူဟာတမျိုး ဖြစ်သော “လုံးဝ ဆန့်ကျင်ဘက်လက္ခဏာ နှစ်ရပ်ကို တတန်းတစားတည်းသော အနက်အဓိပ္ပာယ်အဖြစ် ပြောဆိုသုံးစွဲခြင်း- ဆန့်ကျင်ဒွိဟ စကားပြော” (Doubletalk) ကို ဖော်ဆောင်ထားခြင်း ဖြစ်ပါသည်။
ဥပမာအားဖြင့် မုဒိတာရပ်ဝန်း ဝန်ကြီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်သော ရည်ရွယ်ချက် သည် “တရား”မှ ဖောက်ပြန်သူတို့ကို နေ့တဓူဝ အပြစ်ပေးနှိပ်စက်ရန် ဖြစ်ပြီး ထိုသို့ နှိပ်စက်ညှဉ်းပန်းမှုတို့ကို လုပ်ဆောင်နေသောကြောင့် ၎င်းဌာနကို မုဒိတာရပ်ဝန်းဟု ဆန့်ကျင်ဒွိဟ စကားပြော (doubletalk) ဖြင့် ခေါ်ဝေါ်ခိုင်းသည်။ အချုပ်အားဖြင့် ရှေ့နောက်မညီ ပြောဆို လုပ်ဆောင်နေခြင်း (ဝါ) ဗြောင်လိမ်နေခြင်း ကို မှန်ကန်သော တရားဝင် လုပ်ဆောင်ချက်များ ဟု ဗမာပြည်သူလူထုက နောက်ဆုံး မှတ်ယူလာစေရန် အဓိက ရည်ရွယ်ထားပါသည်။
စကားသစ်အဘိဓာန်သည် ဒါကို ရည်ရွယ်ချက် တိတိပပထားရှိပြီး မှန်ငယ်၊ ငြိမ်းသေး၊ ချစ်ပါး၊ ပြတ်လာဘ် ဟု ဘယ်လိုမှ အဆီအငေါ်မတည့်သော အဓိပ္ပာယ်တို့နှင့် ဝန်ကြီးဌာနတို့ကို ခေါ်ဆိုရန် သတ်မှတ်ညွှန်ကြားခြင်းအားဖြင့် သမုဒယ သမုဒ္ဒရာဗမာပြည်သူတို့၏ ယုတ္တိဖြင့် စဉ်းစားတွေးခေါ်နိုင်စွမ်းကို ဖြိုခွဲပစ်ဖို့ ပါတီက ကြိုးစားထားလေသည်။
(ဆက်လက်တင်ဆက်ပါအုံးမယ်)
ညိုထွန်း
No comments:
Post a Comment