ဗြိတိသျှစာရေးဆရာကြီး ဂျော့အော်ဝဲလဲ ၏ ကမ္ဘာ့နံပါတ်တစ် နိုင်ငံဆိုး ဝတ္ထုစာအုပ် “1984” ကို “ညိုထွန်း” မှ လက်ရှိ ဗမာ့နိုင်ငံရေး အခင်းအကျင်းနှင့် ဆီလျော်အောင် ဗမာမှုပြုထားသည့် ...
နှစ် ထောင့် ရှစ် ဆယ့် လေး (၁)
အခန်း (၁) အပိုင်းတစ်
နေရောင်ကလေး တောက်ပြီး အတော်ကလေးကို ချမ်းသော နေ့တနေ့ ဖြစ်သည်။ ရန်ကုန်တမြို့လုံးက နာရီတို့သည် တဆယ့်သုံးချက် ထိုးနေသည်။ ကိုကျောက်ညိုသည် ဒလကြမ်းတိုက်နေသော လေစိမ်းကို ခံသာရန် သူ့မေးစေ့ကလေးကို ရင်ဘတ်အောက် ဆွဲဝှက်ထားလိုက်ပြီး “အမျိုးသားရေးအောင်ပွဲ နန်းတော်” ၏ မှန်စီရွှေချ ပွတ်လုံးတံခါးမကြီးများ ကြားမှ လစ်ကနဲ မြန်မြန် ထွက်လာခဲ့သည်။ လေဆင်နှာမောင်း တချက်က မျက်နှာပေါ် အသဲ့ ပက်ထည့်လိုက်သော ကျောက်သလဲမှုန်ကလေးတွေကိုတော့ သူ မရှောင်နိုင်ခဲ့။
နန်းတော်ဘေး လူသွားလမ်းပေါ် သူရောက်လာသည်။ လေစိမ်းသည် လန်းလန်းဆန့်ဆန့် ရူသင်းပျံ့ ဖွယ်ရာ မဟုတ်ဘဲ
နန်းဆောင်ကြီးထဲမှ ကော်ဇောဟောင်းတို့၏ ဆွေးသိုးသိုး အနံ့နှင့် လမ်းဘေးဈေးတန်းက ဈေးသည်တို့၏ မလတ်တလတ် ဂေါ်ဘီစိမ်းနံ့တို့ လာရောယှက်လို့ နေသည်။ ဈေးတန်း၏ တဖက်ထိပ်က ရှည်မျောမျော အဆောက်အဦတခု၏ နံရံပေါ်တွင် နံရံကပ် ရောင်စုံပိုစတာ တခုကို ကပ်လွင့်ထားသည်။ ပိုစတာတွင် အချင်းအားဖြင့် နှစ်ပေခွဲကျော် ရှည်သော လူမျက်နှာကြီး တခုကို ဖော်ပြထား၏ ။ ပိုစတာ တခုလုံး ၎င်း လူမျက်နှာကြီးဖြင့် ပြည့်နှက်လျက် ရှိရာ ဒါလောက် ကြီးတဲ့ ပိုစတာကို လူနေအိမ်ခန်းတွင်းမှာ ချိတ်ဆွဲဖို့တော့ လျောက်ပတ်လိမ့်မည် မဟုတ်ဟု ကိုကျောက်ညို တွေးမိသည်။ နူတ်ခမ်းမွှေး ရေးရေးနှင့် မျက်နှာထားပုံ ရင့်သီးသလို ရှိသော်ငြား တည်တည်ခန့်ခန့် ပုံပေါက်သော ပိုစတာထဲကလူသည် လေးဆယ့်ငါးနှစ်အရွယ် သက်လတ်ပိုင်းဟု ခန့်မှန်းရသည်။
ကိုကျောက်ညိုသည် အဆောက်အဦဘေးရှိ ဓာတ်လှေခါးရှိရာကို မသွားဘဲ ခြေကျင်တက်ရသော လှေခါးဆီ တန်းလာခဲ့သည်။ ခေတ်ကာလကောင်းဆိုသော အချိန်မျိုးတို့တွင်ပင် သည်ဓာတ်လှေခါးဟာ မှန်မှန် မမောင်းတတ်။ အထူးသဖြင့် သည်ရက်ပိုင်းတို့တွင် နေ့ခင်းဖက် မီးအားပြည့်အောင် မှန်မှန်မပေးဘဲ ဖြတ်တောက်ထားတတ်သည်။ ဒါမျိုး ဖြတ်ထားခြင်းဟာ “အမုန်း ရက်သတ္တပတ်” ကို ပြင်ဆင်ထားခြင်း ဖြစ်ပြီး ဒါဟာ စီးပွားရေးကို အားနည်းအောင် တမင်ဖန်တီးကာ လူထုစိတ်ကို ချုပ်ကိုင်မောင်းနှင်ဖို့ အစိုးရက တမင်ဆင်သော လှည့်ကွက်ဖြစ်သည်ဟု သူ ငယ်ငယ်တုန်းက ကြားဖူးသလို ရှိသည်။
လှေခါးသည် ခုနှစ်ထပ်ရှိပြီး အသက် သုံးဆယ့်ကိုးနှစ်ရှိပြီ ဖြစ်သော သူ့ခမျာမှာ ညာဖက် ခြေကျင်းဝတ်က မွေးရာပါ သွေးပြန်ကြောထုံးကလေး တခု၏ ဝေဒနာကလည်း လမ်းများများလျှောက်ပြီ ဆိုလျှင် ခုတတ်ရာ ကိုကျောက်ညိုသည် ဖြည်းဖြည်းချင်းပဲ တက်လာခဲ့သည်။ လှေခါးတထပ် လွန်မြောက်လာတိုင်း ဓာတ်လှေခါးဘက် နံရံပေါ်က “မျက်နှာကြီး” သည် သူ့ကို စိုက်ကြည့်လျက် ရှိသည်။ ၎င်း ပိုစတာ မျက်နှာကြီးတို့သည် အထူး ဂရပ်ဖစ် လုပ်ဆောင်ချက်တို့ဖြင့် ဆန်းကြယ်ပြောင်မြောက်စွာ ဖန်တီးထားပြီး တဦးတယောက် လှုပ်ရှားသွားလာလေရာ နောက်သို့ လိုက်လံပြီး စောင့်ကြပ် ကြည့်ရှုနေသည့် သဖွယ် ခံစားမိစေရန် ပြုလုပ်ထားကာ စောင့်ကြည့်နေမှန်း သိကို သိမှတ်စေရန် မျက်နှာကြီး အောက်တွင် “အမျိုးစောင့် ဘဘကြီးသည် နင့်ကို စောင့်ကြည့်နေသည်” (Big Brother is watching you) ဟူသော ပိုစတာ စာတန်းကို ထိုးထားလိုက်ပါသေးသည်။
အပေါ်ထပ်သို့ ရောက်သောအခါ နိုင်ငံတော်၏ ထုတ်လုပ်မှု စွမ်းပကား စာရင်းဇယားကို အသံနေ အသံဝါကြီးနှင့် ထုတ်လွှင့်နေသည့် ရေဒီယိုသံကို ကြားရတော့သည်။ သည်လပိုင်းတွင် ရဲဘော်တို့၏ “သမုဒယ သမုဒ္ဒရာဗမာနိုင်ငံတော်” (Oceania) သည် နန်းကြိုးဆွဲ သံကြမ်း ဘယ်နှစ်တန် ထုတ်လုပ်နိုင်ကြောင်း ကိန်းဂဏန်းတွေ ဖြစ်သည်။ အသံဝါကြီးသည် ကျယ်လောင်လှပြီး တိုက်ခန်း၏ ညာဘက်ခြမ်း နံရံနှင့် တသားတည်း အပ်ကျကပ်ထားသော ကိုယ်လုံးရပ် ကြေးမုံ၏ နောက်ဖက်မှ တရစပ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အသံလွှင့် ရေဒီယိုကို ကြေးမုံ၏ နောက်ဘက် နံရံထဲတွင် မြှုပ်ထားပုံရသည်။ ကိုကျောက်ညိုသည် နံရံတလျှောက် စမ်းကာ အသံထိန်းခလုပ်ကို လိုက်ရှာပြီး ခလုတ်ဆုံးသည်ထိ လှည့်ပစ်လိုက်သည်။ အသံဝါကြီးသည် တိမ်တော့ တိမ်ဝင်သွားပါ၏။ ဒါပေမယ့် ရေဒီယိုမှ မရပ်တမ်း ထုတ်လွှင့်နေသည့် စကားလုံး တလုံးချင်းကို ပီပီသသ ကြားနေရဆဲ။
ကိုယ်လုံးရပ်မှန်သည် တကယ်ကတော့ တီဗွီမှန်သားပြင် အကြီးစားတခုဖြစ်ပြီး ၎င်းဖန်သားပြင်မှ အလင်းတွေ တအားပြန်နေသည်။ တီဗွီ မှန်အလင်းရောင်ကို မှိန်သွားအောင် အလင်းထိန်းခလုပ်ဖြင့် လျှော့လို့တော့ ရပါ၏။ ဒါပေမယ့် လုံးဝ မှောင်ကျသွားအောင် လုပ်လို့မရသလို တီဗွီကို ပိတ်ပစ်လို့လည်း မရ။ တီဗွီတွင် ပြသနေသည်မှာ ထပ်ခါတလဲလဲ ထုတ်လွှင့်နေကျဖြစ်သည့် “ငရဲပြည်မှာ သာတဲ့ မျိုးဆက်လ” ဇာတ်လမ်းဖြစ်၏။ ကိုကျောက်ညိုငယ်စဉ်ကသည်ဇာတ်လမ်း၏နာမည်သည် “ငရဲပြည်မှာသာတဲ့လ” ဟု ဖြစ်ပြီး ပြီးခဲ့သည့် နှစ်ပိုင်းတုန်းက “ဘာသာစောင့်စကားသစ်အဘိဓာန်” (Newspeak) သည် ဒသမအကြိမ်မြောက်အသစ်တဖန် တည်းဖြတ်ပြီး ထွက်ပေါ်လာသောအခါ “လ” ၏ရှေ့တွင် “မျိုးဆက်”ကို ပေါင်းထည့်ကာ “ငရဲပြည်မှာ သာတဲ့ မျိုးဆက်လ” ဆိုပြီး ဤ တီဗွီဇာတ်လမ်းကို နာမည်ပြောင်းလဲ တင်ဆက်ခဲ့သည်။
"ဘာသာစောင့်စကားသစ်အဘိဓာန်" ၏ အသစ် ညွှန်ကြားသတ်မှတ်ချက်အရ ပုံမှန် (ရှေးဟောင်း) ဗမာ ဘာသာစကားက အများဆိုင်နာမ်တချို့၊ အထူးသဖြင့်ကြီးမားကျယ်ပြောမှုနှင့် (ငြိမ်းချမ်းသာယာမှု) ကို ဖော်ကြူးလေ့ရှိသော နာမ်တို့ကို – ဥပမာအားဖြင့် နေ၊ လ၊ ကြယ်တာရာ၊ တောတောင်၊ မြေကြီး၊ ပင်လယ်စသည်တို့ကို “မျိုးဆက်” ဟူသော စကားလုံးနှင့် ပုံသေပေါင်းစပ်၍သာ သုံးစွဲကြရတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် "မျိုးဆက် လ" ဟူသည် တကယ်ကတော့ နာမဝိသေသနတခုက အထူးပြုထားသော နာမ်အမျိုးအစားမဟုတ်ဘဲ ၎င်းကိုယ်တိုင်က အဓိပ္ပာယ် သီးသန့်ထွက်သည် နာမ် ဖြစ်သည်။ တနည်းအားဖြင့် ကိုကျောက်ညို ခုထိလည်း မဖတ်ဘူးသေးသော ဒသမအကြိမ်မြောက် "ဘာသာစောင့်စကားသစ် အဘိဓာန်" တွင် ရှေးခေတ်ဗမာ ဘာသာစကား ဝေါဟာရများဖြစ်သည့် ‘နေ’၊ ‘လ’၊ ‘ကောင်းကင်’၊ ‘ကမ္ဘာမြေကြီး၊ “ပင်လယ်” စသော ဝေါဟာရအဟောင်းများ ဆက်လက်ပါဝင်ခြင်းမရှိတော့ဘဲ ၎င်းတို့အစား “မျိုးဆက်နေ” ၊ “မျိုးဆက်လ” ၊ “မျိုးဆက်ကောင်းကင်” ၊ “မျိုးဆက်ကမ္ဘာမြေကြီး” စသော ဝေါဟာရတို့သာ တရားဝင် ဗမာဘာသာစကားအဖြစ် ပုံနှိပ်ခံပါဝင်ခွင့် ရကြလေသည်ဟု သည်လိုပဲ သူသိထားခဲ့ပါသည်။
ကိုကျောက်ညိုသည် ပြူတင်းပေါက် ရှိရာဖက်သို့ နုတ်နုတ်နုတ်နုတ်နှင့် ရွှေ့လာခဲ့သည်။ ပြူတင်း တံခါးဘောင်ပေါ်တွင် ပြူတကလေး ပေါ်နေသော ကိုကျောက်ညို၏ အပေါ်ပိုင်းတဝက်ကို လမ်းပေါ်သွားနေသော လူတို့မှ လှမ်းမြင်ရလေမည်မှာ သူ၏ ကြုံလှီသေးငယ်သော ခန္ဓာကိုယ် ယိုင်နဲ့နဲ့ကို ပွယောင်းယောင်း မိုးပြာရောင် ယူနီဖောင်းက မတန်တဆ အုပ်လွှမ်းသိမ်းပတ် ထားလေသည်။ မိုးပြာ ယူနီဖောင်းသည် “ပါတီ” ၏ “အပြင်စည်းဝိုင်း” (Outer Party) က ရဲဘော်တို့၏ ဝတ်စုံဖြစ်ပြီး ယောင်္ကျားလေးရော မိန်းကလေးပါ အားလုံး ကင်းထောက်စကောက်ဝတ်စုံ တမျိုးဖြစ်သည့် ချိုင်းကြိုးသိုင်း ဘောင်းဘီ နှင့် အင်္ကျီလက်ရှည်ကို လူတိုင်း ဝတ်ကြရသည်။
ကိုကျောက်ညို၏ ဆံပင်သည် အလွန် ကျိုးကျဲသည့်အပြင် သူသည် ဆံပင်ကို တိုနုတ်နုတ် ညှပ်ထားလိုက်ပါသေးသည်။ သူ့မျက်နှာတွင် ပင်ကိုသဘာဝ အကောင်းမြင်တတ်၊ ရယ်မောတက်ကြွ ဝေမျှပျော်ရွှင်တတ်သည့် စိတ်သဘောမှာ ပေါ်လွင်ထင်ဟပ်လျက်ရှိပြီး ဒါဟာ သူ့နှင့် တွေ့ဖူးသူ မည်သူမဆိုကို ခံစားရစေပါသည်။ ဒါပေမယ့် သည်မျက်နှာသည် ဆပ်ပြာတုံး ကြမ်းကြမ်းကြီးတွေနှင့် တိုက်ချွတ်ဆေးကြောသောကြောင့် ရှိရင်းအသက်ထက် ရင့်ထော်ကြမ်းတမ်း နေပါ၏။ သူ့ အသားတို့သည်လည်း ဘရိတ်ဒါးကြမ်းကြမ်းတို့ နှင့် အမွေးတို့ကို ရိတ်ပစ်သောကြောင့် လက်ရှိအသက်ထက် ထော်လော်ရင့်ညှော်၍ နေလေသည်။
ပြူတင်းပေါက်၏ အပြင်ဘက်လောကတွင် အိမ်တံခါးတို့ကို အလုံပိတ်ထားကြသော်လည်း ပတ်ဝန်းကျင် တစုံလုံး အေးမြချမ်းစိမ့်လျက် ရှိသည်။ လေဝေရီပွင့်သုန်က ဝဲလည်ပတ်ပြီး တိုက်လိုက်လျှင် ဖုန် နှင့် စက္ကူစုတ်များ ထောင်းကနဲ ပါလာတတ်သည်။ နေက သာလိုက်သမှ သာ၏။ ကောင်းကင်က ရက်ရက်စက်စက် ပြာ၏။ ဒါပေမယ့် လောကဝန်းကျင်က သက်ရှိသက်မဲ့ အားလုံးသည် ဖြူဆုတ်ဖြူရော် အသက်မဝင် အရောင်မဲ့လျက် ရှိသည်။ အသက်ဝင်နေတာက တခုတည်း နေရာတိုင်းမှာ မွစိကပ်ထားသည့် မျိုးစောင့် ဘဘကြီး၏ မျက်နှာကြီးပိုစတာသည် နေရာတိုင်းမှာ။ နူတ်ခမ်းမွေးရေးရေးနှင့် မျက်နှာကြီးသည် လမ်းဆုံ လမ်းဒေါင့် နေရာတိုင်းမှာ လမ်းသွားလမ်းလာ လူတိုင်းကို အပေါ်ကနေ မိုးပြီး စူးစိုက် ကြည့်နေတတ်သည်။
ကိုကျောက်ညို နှင့် မျက်နှာချင်းဆိုင် အဆောက်အဦ၏ ထိပ်မှာလည်း မျိုးစောင့် ကာလာမျက်နှာကြီး တခု၊ အောက်က မည်းညစ်ညစ် စာတန်းက “အမျိုးစောင့် ဘဘကြီးသည် နင့်ကို စောင့်ကြည့်နေသည်” တဲ့၊ တမျိုးတည်းသော ဤစာတန်းပါပဲ။ ပိုစတာရှိသည့် ဖက်ကို လှမ်းကြည့်လိုက်လျှင် စိုက်ကြည့်နေသော မျိုးစောင့်မျက်နှာကြီးသည် သူ့ စိတ်နှလုံးကို ထွင်းဖောက်သွားတော့မည့် အလား ကျောတွင် စိမ့်လာရာ ကိုကျောက်ညိုသည် မလုံမလဲ ဖြစ်လာပြီး လမ်း၏ အခြားတဖက်ကို မျက်နှာလွဲ ကြည့်ပစ်လိုက်သည်။ လမ်းပေါ်မြေညီမှာလည်း ဟိုနေရာ တကွက်၊ သည်နေရာ တကွက် “ကာလာ မျက်နှာကြီး” ပိုစတာတွေ ပြန့်ကြဲလွင့်ထူနေသည်။ လမ်းဒေါင့်တနေရာက ပိုစတာ တခုကတော့ ဒေါင့်ဖက်တနေရာတွင် စုတ်လို့နေပြီး လေအလျှပ်တွင် ကပ်ထားသော နံရံကို တဖျပ်ဖျပ် နှင့် ကွာလိုက်ရိုက်လိုက် ဖြစ်နေသည်။ ဝက်ရူးပြန်တက်သလို ပိုစတာက ကွာလိုက်ကပ်လိုက် နှင့် ပလပ်ပလပ် ဖြစ်နေသော နံရံပေါ်မှာ စာတမ်းတခု ရေးထိုးထားလေရကား အဲသည်စာတမ်းကလည်း ပေါ်လာလိုက် ပျောက်သွားလိုက်။ စာတမ်းပေါ်အလာကို ကိုကျောက်ညို လှမ်းကြည့်လိုက်သောအခါ ရေးထိုးထားသည်မှာ “ လ.သ.ပ.န” (INGSOC) ဟူသော အက္ခရာ လေးလုံး ဖြစ်သည်။
လ.သ.ပ.န ၏ အရှည်ကောက်မှာ “လုံးစည်း သာဝ ပစ္ဆိမ နိုင်ငံတော်” ။ အောက်ခြေ လူတန်းစား အများပြည်သူ နားလည်အောင် အဓိပ္ဗာယ် ဖွင့်ပေးတာက တမျိုးသားလုံး သဘောတူညီသည့် ဒဿန အတွေးအခေါ်ကြီး ဟု ဖြစ်ပြီး ကိုကျောက်ညိုတယောက် ငယ်ငယ်က စာသင်ကျောင်းတွင် စာသင်သည့် ဆရာကို “အဲဒါ ဘာအဓိပ္ပာယ်လဲ” ဟု စပ်စုမေးကြည့်ရာ ဆရာက “တယောက်မကျန် သဘောတူတာဟာ အတွေးအခေါ် ဒဿန” ဟု အဖြေပေးသည်။
ကြီးပြင်းလာသော အခါ အောက်ခြေ လူတန်းစား ဆယ်ယောက်မှာ တယောက်မျှသာ ပါဝင်ခွင့်ရသော ပါတီ၏ အပြင်စည်းထဲသို့ သူဝင်ရောက်ခွင့် ရလာသော အခါ “လုံးစည်း သာဝ ပစ္ဆိမ နိုင်ငံတော်” (INGSOC) ဒဿနကြီး၏ လျှို့ဝှက်မြင့်မားသော အယူအဆများကို အတန်ငယ် ဆည်းပူးခွင့်ရသည်။ “ပါတီလက်စွဲ ဒဿနကျမ်း (အထူးလျှို့ဝှက်)” ၏ အဖွင့်စာမျက်နှာမှ ပထမဆုံး စာကြောင်းတို့ကို ကိုကျောက်ညို ခုထိ အသည်းစိုက်အောင် မှတ်မိသေးသည်။
တန်ဖိုးဟူသမျှသည် လုံးစည်းမှုတွင်သာ တည်ရှိသည်။ [လုံးစည်း]
ဖျက်ဆီးခြင်း သာဝ သည် လူ့သမိုင်း၏ စီးဆင်းမှု ဖြစ်သည်။ အတိတ်ကို ဖျက်ဆီးနိုင်သူသည် ပစ္စုပ္ဗန်ကို ထိန်းချုပ်နိုင်သူ ဖြစ်သည်[သာဝ]
လူသားဟူသည်မှာ နိုင်ငံသား ဖြစ်သည်။ ပါတီသည် နိုင်ငံသား၏ နောက်ဆုံးသတ် ဖြစ်သည်။ ပါတီမှလွဲ၍ မည်သည့် နိုင်ငံသားမဆိုတွင် အခြား နောက်ဆုံးသတ် ဖြစ်တည်မှု ဟူ၍ မရှိ။ [ပစ္ဆိမ]
နိုင်ငံတော် ဟူသည် အာဏာ ဖြစ်သည်။ အာဏာစိုးမိုးခြင်းသည် နိုင်ငံတော်တွင် တရားဓမ္မ ထွန်းကားခြင်း ဖြစ်သည်။ [နိုင်ငံတော်]
မကြာသေးခင်အထိတော့ “ပါတီ” ၏ နာမည်သည် “မျိုးစောင့်ပါတီ” ဖြစ်သည်။ သည့်နောက်ပိုင်း ပါတီအပြင် တခြား မည်သည့်ပါတီမှလည်း ဗမာနိုင်ငံတွင် မရှိတော့ရကား “ပါတီ” ဟု နာမည်ပြောင်းသတ်မှတ်လိုက်သည်။ အစိုးရ နှင့် “ပါတီ”သည် အတူတူပဲဆိုသော သဘောသည် သမုဒ္ဒရာဗမာပြည်၏ ရိုးရာအစဉ်အလာ ဖြစ်ကြောင်း တရားဝင် အသိအမှတ်ပြုလိုက်ခြင်း ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ဟိုးအဝေး လှိုင်မြစ်ကမ်းဘက်ရှိ မိုးယံဝေဟင်တွင် ရဟတ်ယာဉ် အုပ်စုတစုသည် ယင်ကောင်စိမ်းပြာမတို့ အစာကို ရစ်ဝဲနေသည့်နှယ်အိမ်ရာ အဆောက်အဦတို့၏ အပေါ်တွင် လိပ်ခုံးသဏ္ဌာန် လမ်းကြောင်းအတိုင်း လွှားဆင်းလာလိုက် လွှားတက်သွားလိုက် ပျံသန်းနေကြသည်။ မြို့တော်ကင်းစောင့် ရဲတပ်ဖွဲ့ဖြစ်ပြီး ကင်းစောင့်သလိုလိုနှင့် လူနေအိမ်တို့၏ ပြူတင်းပေါက်ကြားကို ချောင်းပြီး အိမ်ထဲကို ဓာတ်ပုံ ခဏခဏ ရိုက်တတ်သည်။ သည် ဓာတ်ပုံရဲ (ဝါ) ကင်းစောင့် ဒရဝမ်တွေက သည်လောက် ကိစ္စမရှိပါ။ ကိစ္စရှိသည်မှာ “မျိုးစောင့်ဒဿနစောင့်” အထူး ရဲတပ်ဖွဲ့ဝင်တို့ ဖြစ်သည် (Thought Police) ။ ကိုကျောက်ညို ငယ်စဉ်က ဤ အထူးရဲတပ်ဖွဲ့ကို “မျိုးစောင့်ရဲ” ဟု ခေါ်ပြီး သူ ပါတီသို့ရောက်လာပြီး နောက်ပိုင်းမကြာမီမှာ ယခုလက်ရှိနာမည် “မျိုးစောင့် ဒဿနစောင့်ရဲ” ဟု နာမည်ပြောင်းလိုက်သည်။
တကယ်တော့ သူ့အခန်းထဲက တီဗွီမှန်သားပြင်ကိုက သူ့ကို ကြီးကြပ်စောင့်ကြည့်နေသည့် စောင့်ကြည့်မှန်သားပြင် (telescreen) ဖြစ်သည်။ ကျောက်ညိုသည် စောင့်ကြည့်မှန်သားပြင် (telescreen) ကို ကျောပေးထားသည်။ ဒါက အနည်း နဲ့ အများတော့ ပိုလုံခြုံသည်။ ဒါပေမယ့် ကျောကုန်းကိုလည်း ဘာသာပြန် ဖတ်ရူနိုင်သော အထူး နည်းပညာတွေ “ပါတီ” မှာ ရှိရင်လည်း ရှိနေနိုင်သည်။ “ပါတီ” အတွက် လောကမှာ သူတို့ မလုပ်နိုင်တာ ဘာမှ ရှိပုံမရ။
ကျောက်ညို၏ ကျောဘက်တွင် စောင့်ကြည့်မှန်သားပြင်၏ နောက်ဘက်က ရေဒီယိုသံသည် ခုထက်ထိ နန်းကြိုးဆွဲသံကြမ်း ထုတ်လုပ်မှု စာရင်းဇယား ကို ရွတ်ပြနေဆဲဖြစ်ပြီး မကြာခဏဆိုသလို နဝမမြောက် သုံးနှစ်စီမံကိန်းဟာ နိုင်ငံတော်၏ လျာထားချက်ကို ပြည့်မီကျော်လွန်ကြောင်းကို ထုတ်ဖော်ပြောကြားနေပါသည်။ စောင့်ကြည့်မှန်သားပြင်၏ မှန်ထိပ်က သတ္တုပြားသည် အဝေးကို ဆွဲရိုက်နိုင်သည့် ဗွီဒီယိုကင်မရာ မှန်ပြောင်းဖြစ်ပြီး အသံဖမ်းစက်ကိုပါ တွဲပြီး တပ်ဆင်ထားသည်။ အသံဟု ဆိုလျှင် အလွန်သတိထားပြီး တီးတိုး ရေရွတ်သည့် အသံကလွဲလို့ ဒါ့ထက် ပိုမြှင့်တဲ့ အသံမှန်သမျှကို အသံဖမ်းစက်က ဖမ်းယူနိုင်ပြီး ဗွီဒီယိုကင်မရာကသည် သုံးမိနစ်ခြားတခါ ဖြစ်စေ၊ ငါးမိနစ်ခြားတခါ ဖြစ်စေ ဟိုဘက်ဒီဘက်လှည့်ပြီး အခန်း၏ မြင်ကွင်း မှန်သမျှ မလွတ်စေရန် ပုံမှန် ရိုက်ယူလေသည်။
လက်ရှိအရပ်နှင့် တမိုင်ခွဲသာသာ ဝေးသော အရပ်တွင် ကိုကျောက်ညို အလုပ်ဆင်းသည့် “သစ္စာတရားဝန်ကြီးဌာန” ရှိသည်။ ဝန်ကြီးဌာန၏ ပတ်ဝန်းကျင် ရှုခင်းက ညိုမှိုင်းမှိုင်း ညစ်ကျယ်ကျယ် နှင့် ပုတုတုနိုင်သလောက် သစ္စာတရား ဝန်ကြီးဌာနသည် မျှော်စင်မြင့်ကြီး တခုဖြစ်ပြီး ဝန်းကျင်ပုကျွတ်ကလေးတွင် မျှော်စင်ကြီးသည် ထွားထွားမားမား ထိုးထွက်နေသည်။ မျှော်စင်အဆောက်အဦ၏ အပြင်နံရံရော အတွင်းနံရံကိုပါ ဆေးကို ဖွေးဖွေးဖြူအောင် သုတ်ထားလေသည်။ မျှော်စင်ထိပ် စုလစ်မွန်းချွန်ကို ရွှေတိဂုံစေတီကို ပုံစံတူလုပ်ကာ တည်ဆောက်ထားသော်လည်း စေတီငယ်ကလေး ကိုယ်တိုင်သည် ရွှေရောင်မဟုတ်ဘဲ အဖြူရောင်ပဲဖြစ်သည်။
သစ္စာတရား ဝန်ကြီးဌာနကို နောက်တမျိုးအားဖြင့် ၊ အထူးသဖြင့် ၎င်းဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာရည်ရွယ်ချက် တို့ကိုပါ တပါတည်း ဖွင့်ဆိုပြသည့် အနေဖြင့် “အမှန်တရားငယ် ဝန်ကြီးဌာန” (ဝါ) “မှန်ငယ်” ဟုလည်း “ဘာသာစောင့် စကားသစ်” တွင် ခေါ်သည် – ၂၀၈၄ ခေတ်ကာလ ကိုကျောက်ညိုတို့ မျိုးဆက်အထိ ပြည်သူအများစုသည် ရှေးဟောင်း ဗမာစာစကားကို သုံးစွဲနေကြဆဲ၊ ရှေးဟောင်း စာစကား၏ ဝေါဟာရသဒ္ဒါတို့ဖြင့် တွေးခေါ်စဉ်းစားနေဆဲ ဖြစ်သော်လည်း ၎င်း ရှေးစာစကား နှင့်တကွ ၎င်းတို့၏ မူရင်း အနက်သဒ္ဒါတို့သည် သုံးစွဲတွေးခေါ်ဖို့ရန် တရားမဝင်တော့ဘဲ “ဘာသာစောင့်စကားသစ်” တမျိုးတည်းကိုသာ တရားဝင် သုံးစွဲတွေးခေါ်ကြရန် “ပါတီ” ကနေပြီး ပြည်သူလူထု တရပ်လုံးကို မူဝါဒချမှတ် လမ်းညွှန်ထားသည်။
ပုအိုင့်အိုင့် မှိုင်းညိုညို မြင်ကွင်းတို့ကြားတွင် စာသူငယ်ကြား လင်းတနား ဆိုသလို ထိုးထွက်နေသည့် သစ္စာတရား ဝန်ကြီးဌာန မျှော်စင်ဖြူဖြူကြီးကို ကြည့်ပြီး ကိုကျောက်ညို၏ ရင်တွင် အမျိုးအမည် မသိသော စက်ဆုပ်ကြေကွဲမှုကို ခံစားရလေသည် – ဒါဟာ ငါမွေးခဲ့တဲ့ မဟာရန်ကုန်မှ ဟုတ်ပါလေစ။ နိုင်ငံတကာ လေယာဉ်တွေ ဆင်းသက်ခဲ့သော မြို့တော်ရန်ကုန်။ ၁၉ ရာစု၏ ပြိုကျလုလု ဗိသုကာလက်ရာတို့နှင့် အိုမင်းလှပခဲ့သော ရန်ကုန်။ နှစ် ရာဂဏန်းကျော်ပြီဖြစ်သော ခိုင်ခံ့လှသည့် ကျွန်းအိမ်မည်းမည်း ကြီးများ၊ သံချောင်းတွေ အမြှောင်းလိုက် ခံပတ်လို့ တောင့်တင်းသော အုတ်ကြွတ်နီ အိမ်များ၊ စိမ်းမြရေကန်သာတို့ ဘေးက သင်းပျံ့သော ဥယျာဉ်ခြံတို့မှာ နွယ်ကိုင်းတွေ တွဲလျားကျနေသော အုတ်တံတိုင်း ညိုညိုများ။
သူ့ ကလေးဘဝ၏ ကြားတချိန်ကာလ တွင် ရန်ကုန်၏ နေရာများစွာဟာ ဗလာဟင်းလင်း ဖြစ်သွားတဲ့ ဗုံးလောင်မြေတွေ။ ထုံး နဲ့ ဘိလပ်မြေမှုန့်တွေ ဝှေ့ပါလာတဲ့ ဖုန်သလဲတွေဟာ ရန်ကုန်၏ လေထုမှာ ဝိုက်လည်နေခဲ့ပါသည်။ ပြာပုံ အပျက်အစီးတွေကြားမှာ ချုံပုတ်ပုကလေး တချို့လေးတွဲ့စွာ လမ်းလျှောက်နေကြ ပါရဲ့။ များမကြာမီ ဗုံးကနေ လှည်းကျင်းပေးလိုက်တဲ့ မြေကွက်ကြီးတွေမှာ ကြက်မွေးမြူရေး အိမ်တွေ အလျှိအလျှိုပေါ်ပေါက်လာခဲ့ပြီး ကြက်ချီးတွေနှင့် ဟိုတကွက် သည်တကွက် ညစ်ပတ်လို့ ။
ကိုကျောက်ညိုသည် ငယ်စဉ်ကလေးဘဝက အဖြစ်အပျက်တို့ ပြန်ပေါ်လာနိုး သူ့မှတ်ဉာဏ်ကို ဖျစ်ညှစ်ကြည့်မိသည်။ သရုပ်ဆောင်မှု မရှိ ဇာတ်ရုပ်ပဲရှိတဲ့ နောက်ခံစကားပြော စင်တင်ပြဇာတ်သေ တကွက်လို၊ အရောင်ဖွဲပြာကျနေတဲ့ ပုဆိုးတထည်က ဆေးကွက်ရောင်စုံကြားလို ကိုကျောက်ညို၏ မှတ်ဉာဏ်သည် မနိုးတသိ ရွှေ့လျားသွားခဲ့ပါ၏ ။
သူ သုံးတန်းကျောင်းသားဘဝက ခိုးခိုးကြည့်သော သနပ်ခါး ပါးကွက်ကြား၊ ပါးချိုင့်ကလေးနှင့် ပြုံးတတ်သော ကျောင်းသူသည် “အရုဏ်ဦးက ကြယ်နီပြာ၊ သမုဒယ ပြည်မြန်မာပါ” ဟု မူလတန်း သင်ရိုး ဖတ်စာအုပ်ကို အသံထွက်ပြီး ဖတ်နေခဲ့သည်။
လူပျိုဖော်ဝင်စ သူသည် “နိုင်ငံလုံးဆိုင်ရာ အပျော်တမ်း ကင်းထောက်လူငယ်” ရဲတပ်ထဲကို ဝင်တော့ မျက်မှောင်ကုတ်ကုတ် ၊ အရပ် ထောင်ထောင်မောင်းမောင်း နူတ်ခမ်းထက်တွင် စပယ်တင်မှဲ့ကလေး နှင့် ရဲမေညိုချောသည် တပ်ဦးတွင် အလံကိုင်ကာ ကြွားကြွားဝင့်ဝင့် သီချင်းဆိုနေပုံ။ ။
“ရဲရဲတောက် ဒို့ကင်းထောက် လူငယ်တွေသည်
ဖအေမအေ ဘိုးဘွား၊ ကြီးဒေါ်ဦးလေး ငါတို့ ကျော်လွှားဖို့
တနိုင်ငံလုံး
စည်းလုံးမျိုးစောင့် ရောင့်ရဲတည်ငြိမ်
လန်းဆန်းငြိမ်းချမ်း သေဝပ်နိုးကြား
ရှင်သန်တိုးတက် ကြံ့ခိုင်သူ
သာမဂ္ဂိယက္ခ- ငြိမ်းချမ်းရေးစစ်ဘီလူးရဲ့ အရန်အင်အား ငါတို့ လူငယ်စစ်သည်
ဝိနယစောင့်ရှောက် သံသရာ တဖက်ကမ်းကူးဖြတ်ကြ
ရဟန်းမြင့်မြတ် ဖြစ်တဲ့ ငါတို့ အမှန်တရားလူငယ်စစ်သည်တော်…
မိုးကြိုးသွားလို ထက်တဲ့ ငါတို့ လူငယ်တွေသည်…
စိန်လိုမာတဲ့ ငါတို့အင်အားတွေသည်…
ပျက်စီးခြင်းသင်္ခါရရေလှိုင်း ကို စီးလို့ ရပ်တန့်ပစ်လိုက်မည်
ရှေ့သို့ချီ …အတိတ်ကို ဖျက်ဆီးထိန်းချုပ်နိုင်ဖို့ရန်
ကင်းထောက်လူငယ် ငါတို့သည်
အကုန်စုံစမ်း မချန်တမ်း သစ္စာရှိစွာ အထူး သတင်းပို့မည်။
“သမုဒယ သမုဒ္ဒရာမြန်မာပြည်”…
လသပန ဒဿနနဲ့
ကမ္ဘာမှာ ပြိုင်စံရှားတဲ့ “ပါတီ”…
ဗမာတိုင်းရင်းသားတအုပ်စုလုံး ဤ လောကတခွင် အမြတ်ဆုံး မျိုးသာကီ…
ရန်သူကို အောင်ရမည်၊ ငါတို့အုပ်စုထဲမှာမပါတဲ့ ရန်သူအားလုံး ပြုတ်ပြုတ်ပြုန်း ချေမှုန်းပစ်ရမည်”
သေချာတာကတော့ ရဲမေညိုချော မျက်မှောင်ကုတ် ကလေး တပ်ချီသီချင်းဆိုတာကို လူပျိုကလေး ကျောက်ညို ငေးကြည့်မိန်းမောမိသော ထိုတချိန်တွင် ဤတိုင်းပြည်သည် ခုလက်ရှိနာမည် “သမုဒယ သမုဒ္ဒရာ မြန်မာပြည်” လို့ တွင်ခဲ့ပြီးပါပြီ။
(ဆက်လက်တင်ပြပါအုံးမယ်)
ညိုထွန်း
source : နေ့သစ် www.naytthit.net
No comments:
Post a Comment