Wednesday, May 28, 2014

ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၇) (၂)


ဗုဒ္ဓ၏ မူရင်းမိန့်မှာချက် အရ မည်သည့် ပုဂ္ဂိုလ်တဦးတယောက်မှ သံဃာ့အဖွဲ့အစည်းတည်ဆောက်ပုံ ဆိုတာ ဟိုလိုပုံစံ သည်လိုပုံစံ ဖြစ်ရမယ်ဆိုပြီး သတ်မှတ်ပိုင်ခွင့် မရှိပါ။ ဘုရား၏ နောက်ဆုံး အသေအချာ မှာကြားသတ်မှတ်ချက်အရ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် ဘုန်းကြီးကမှ ကိုယ့်ကိုကိုယ် သံဃာထုရဲ့ ကိုယ်စားလှယ်၊ ခေါင်းဆောင် ဖြစ်တယ်ဆိုပြီး အမည်ခံယူခွင့်၊ မဏ္ဍပ်တိုင်ပေါ်တက်ပိုင်ခွင့် မရှိပါ။

ဒုတိယ သင်္ဂါယနာတင်ရတဲ့ အကြောင်းရင်းဟာလည်း "တပါးချင်းသာ ရှိတဲ့၊ တဖွဲ့တည်းပဲရှိတဲ့" သံဃာကို "တရားဝင်" ကိုယ်စားပြုဖို့ ရဟန်းမောက်မာတွေက ကြိုးစားတဲ့ ကိစ္စကနေ စခဲ့တာဖြစ်ပြီး သည်လိုလုပ်တာကို လုံးဝ တရားမဝင်ကြောင်း အတိအလင်း

တားမြစ်ခဲ့သလို ရဟန်းမောက်မာတွေကို ဝန်ခံစေခဲ့ပြီး သာသနာကို ပြန်တည့်မတ်ခဲ့ရပါတယ်။

တပါးချင်း (individual) ကို ဝိနည်းတော်နဲ့ − အကန့်အသတ်မဲ့ လွတ်လပ်ကောင်းမွန်စွာ မိမိဘာသာ ကျင့်ကြံပိုင်ခွင့်−ပေးထားတဲ့ သာသနာမှာ ဘယ်လို ဖွဲ့စည်းပုံမျိုး၊ဘယ် အဖွဲ့အစည်းနဲ့ နေတာကမှ တရားဝင်တယ်ဆိုပြီး အစိုးရအာဏာ နဲ့ 'ရဟန်း' ကို 'သီးသန့် အဖွဲ့အစည်း' ဝင် တခု ဖြစ်မှရတယ်လို့ ဆိုပြီး ပြောင်းပြန် ပိုင်းဖြတ်သတ်မှတ်ပိုင်ခွင့် လုံးဝမရှိပါ။ မည်သည့် အစိုးရဥပဒေ နှင့်မှ "ရဟန်း" ဆိုတာ ငါတို့ သည်လို တရားဝင်အဖွဲ့အစည်းနဲ့ ခွင့်ပြုမှ၊ ငါတို့ နေရာချသလိုနေမှ ရတယ်ဆိုပြီး စီမံလုပ်ပိုင်ခွင့်မရှိပါ။

ဗုဒ္ဓသာသာနာ ဟာ မည်သည့် လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၏ အာဏာစက်၊ ခွင့်ပြုမိန့်၊ ကိုယ်စားပြု (၍ညွှန်ကြား၊တောင်းဆို) အောက်တွင်မှ မရှိပါ။

ဒါကြောင့် သည်လိုမျိုး သမုဒ္ဒရာကြီးကဲ့သို့ ကျယ်ပြောလွတ်မြောက်တဲ့ ဗုဒ္ဓသာသာနာမှာ ရဟန်းကို "အဖွဲ့အစည်း" နဲ့ "အစိုးရအာဏာ" နဲ့ ကန့်သတ် အသတ်မှတ်ခံရမယ်ဆိုပြီး စည်းဝေးနေတဲ့ ဂိုဏ်ပေါင်းစုံ အစည်းအဝေး ဆိုတာမျိုးရော၊ ဒါမျိုးကို တောင်းဆိုပြနေတဲ့ (ဗုဒ္ဓဘုရားရဲ့ စည်းမျဉ်းဓမ္မ ကို ချိုးဖောက်ပြီး) ဘုန်းကြီးခေါင်းဆောင် တက်လုပ်နေတဲ့ ဘုန်းကြီးတွေရဲ့ လုပ်ရပ်တွေဟာ ဗုဒ္ဒရဲ့ မူရင်း တရားဓမ္မအရ "တရားဝင်" ခြင်း လုံးဝ မရှိကြောင်း ကျွန်တော် ကြေငြာအသိပေးလိုပါတယ်”

အခုတင်ပြခဲ့သလောက် လိုရင်းအနှစ်ချုပ်မှာ ဗမာပြည်က ‘ထေရဝါဒ ဗုဒ္ဓသာသနာ’ ဆိုသည်တွင် အာဏာလက်ဝယ်ရှိသူက တဆင့်ခံ ခွင့်ပြုထားသည့် ‘သံဃအဖွဲ့အစည်း’ ကနေ၍ ပေးသနားသော တရားဝင်ခွင့်ပြုချက် ရရှိမှသာလျှင် “ရဟန်းသံဃာ” ဟု ခံယူပိုင်ခွင့်ပေးထားသော စနစ်ယုတ်ပဲ့ကြီး — ဘုရင့်အာဏာက ဘာသာသာသနာ၏ အထက်မှာ လာနေ၊ ဘာသာ သာသနာကို အစိုးရဆိုးတို့က ခေတ်အဆက်ဆက် လိုရာပုံသွင်းထားသော ကိစ္စအပြင် — သည်ဘက် မော်ဒန်ခေတ်မှာ သီတဂူ၊ ဝီရသူ စသော ခေတ်မီအမြင်ကျယ် ဘုန်းကြီးဆိုသူတို့သည် ဤ ပုံစံချဘာသာ သာသနာကြီးကို ဘဝင်တလုံးတပ်ပြီး ကြိုးကိုင်ချင် — အုပ်ချုပ်စီမံခန့်ခွဲပိုင်ခွင့် အာဏာကို ခွဲဝေရယူရန် မက်မောစွာ ကြိုးစားနေသည့် ကိစ္စ — ဒါမျိုး သာသနာကို ဝီရသူ နဲ့ သီတဂူရဲ့ ဉာဏ်စွမ်းဉာဏ်စအောက်မှာ ရှိတဲ့ သာသနာ ဖြစ်လာစေရန်ဟု ကြိုးစားနေသည့်ကိစ္စကို ဤသူတို့ကနေပြီး သာသနာကြီးကို ကာကွယ်စောင့်ရှောက်နေခြင်းဟု အထင်မြင်ခံလိုခြင်းတို့သည် ဗုဒ္ဓ၏ မူလ လမ်းညွှန်ချက်အရလည်းကောင်း ၊ မူရင်း တရားဓမ္မအရလည်းကောင်း ဆီလျော်မှန်ကန်သည့် လုပ်ရပ်တို့ မဟုတ်ကြောင်း ဆိုသည်မှာ ကျွန်တော့် တင်ပြလိုရင်း ပါတည်း။

သည်နေရာမှာ ဝီရသူလိုလူမျိုးသည် သူလုပ်တာတွေ မဟုတ်မှန်းသိသည့် စိုးရွံ့စိတ်များ မကြာခဏ ဖြစ်သည်ကို ကျွန်တော် လူကဲခတ်ကြည့်သလောက် ရိပ်မိသိရှိပါသည်။ ပြစ်မှုများစွာကို ကျုးလွန်ခဲ့ပြီး ဖြစ်သော၊ မိမိသည် ပြစ်မှုတို့ကို ကျုးလွန်ခဲ့သည်ဟု သံသယဝင် သိရှိထားသည့် ဝီရသူမှာ တစုံတခုသော အတိုင်းအတာလောက် အထိ ဝေဖန်စဉ်းစားနိုင်သော အသိဉာဏ်မျိုးရှိ ၊ တချိန်ချိန်မှာ ၎င်းသည် နောင်တအကြီးအကျယ်ရ ဝန်ခံနိုင်ပါသည်။ သီတဂူလို လူမျိုးကတော့ ဒါမျိုး ဝေဖန်နိုင်သော အသိဉာဏ်မျိုးလည်းမရှိ ၊ လူပြိန်းသက်သက်ဖြစ်သည့်အပြင် ၎င်းတွင် သားရဲတိရစ္ဆာန် အခြေခံမူလစိတ် (Primitive instincts) လွှမ်းမိုးသူ ဖြစ်ရကား ထိုသူမျိုးသည် “မှားယွင်းယုတ်မာသော အယူဝါဒ အပြုအမူ” တို့ကို “ဗုဒ္ဓတရား” ဟု အသိအမှတ်ပြု ဖြန့်ဝေဖို့ အားထုတ်ဖို့ရန် မရှက်မကြောက်သူ ပါတည်း။ သို့သော်လည်း ဗမာဗုဒ္ဓဘာသာ သူသူငါငါတို့သည် “ထောင်ထွက် မွတ်စ်ဆလင်မုန်းတီးရေး လုပ်တဲ့ ဝီရသူသာ ဆိုးတာပါ၊ ဗမာလူမျိုး ကောင်းရာကောင်းကျိုးကို ပရဟိတ အလုပ်တွေကို တစိုက်မှတ်မှတ် လုပ်တဲ့ သီတဂူကတော့ သူ့စိတ်ရင်း မဟုတ်ပါဘူး” ကိုးကွယ်ရာ လောက်လောက်လားလား မရှိခဲ့သော ဗမာပြည်တွင် သူတို့ စိတ်မှန်းကလေးနှင့် လှမ်းကြည်ညိုခဲ့ရသော “သီတဂူဆရာတော်ဘုရားကြီး” ဟူသော မိမိ၏ “အတ္တပုံရိပ်ကလေး” ပျောက်ပြယ်သွားမှာ စိုးရိမ်၊ ဤ လူယုတ်မာ တစောက်ကန်းအတွက် ဖြေတွေး တွေးပေးတတ်ပါသည်။

ဒါကိုလည်း ကျွန်တော့် အနေဖြင့် အပြစ်မတင်လိုပါ။ သို့သော် ကျွန်တော် ထောက်ပြဝေဖန်လိုသည့် အချက်မှာ ကျွန်တော်တို့တတွေဟာ စဉ်းစားသုံးသပ်စရာ အချက်အလက် မပြည့်စုံဘဲနှင့်၊ မကြာမကြာဆိုသလိုလည်း ဒါ့ထက်ဆိုးဝါးတတ်သည်မှာ အချက်အလက်များ ကျွန်တော်တို့တွင် လုံးဝ ပျောက်ဆုံးကင်းမဲ့လျက်ရှိသော အခြေအနေမျိုးဖြင့် တခုခုကို ရွေးချယ် ဆုံးဖြတ်တတ်ရပါသည်။ နောင်ခါမှာ ကျွန်တော်တို့တွင် စဉ်းစား သုံးသပ်စရာ အချက်အလက်တို့ကို ပြည့်ပြည့်စုံစုံ ရရှိလာခဲ့သော် ငါတို့သာ ယခုကဲ့သို့ အချက်အလက် ပြည့်ပြည့်စုံစုံ သိရှိနားလည်ထားခဲ့မိပါလျှင် ငါတို့ ဒါမျိုးကို ယခင်က ရွေးချယ်လိုက်မိမှာ မဟုတ် ဆိုသော သဘောကို အသူသည် တုံ့ပြန်ငြင်းခုံနိုင်ပါအံ့။

ထို့ကြောင့် ကျွန်တော့်အနေဖြင့် ဤပုဂ္ဂိုလ်တို့ကို ဝေဖန်ရာတွင် (ခုခါမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နည်းပေးလမ်းပြ အမြစ်တွယ် ခိုင်မာလာပြီဖြစ်တဲ့) ဘုရားအာဘော်နဲ့ ဆန့်ကျင်ပြီး လိမ်ညာလှည့်ဖြားတဲ့ ဘုန်းကြီးကဝေ အတတ်တွေ၊ အပြုအမူတွေဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာကို ပြလိုရင်းသာ ဖြစ်ပြီး နောင်ခါမှာ ပရိသတ်အနေဖြင့် ဝီရသူ၊ သီတဂူ ရယ်လို့မှမဟုတ်၊ မည်သို့သော ရဟန်းဟာ တရားဓမ္မနှင့်အညီ မကျင့်ကြံ၊ အစစ်အမှန် ရဟန်းမဟုတ် ၊ ကိုးကွယ်ရာလို့ မသတ်မှတ်နိုင် ဆိုတာကို အချက်အလက် ပြည့်ပြည့်စုံစုံ ပိုမိုရရှိ၊ ချင့်ချိန်နိုင်ပြီး ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်တို့ကို သုံးသပ်လုပ်ဆောင်နိုင်ဖို့ငှာ ကူညီပေးဖို့သာ ကျွန်တော့်စာ၏ လိုရင်းပေတည်း။

အခြေခံသားရဲတိရစ္ဆာန်စိတ် (Primitive instincts) ဆိုတာ အိပ်စားကာမ ဤသုံးဝသာ သိသောစိတ်လို့ မဆိုလိုပါ။ ဆိုလိုရင်းမှာ ကျွန်တော်တို့အားလုံး၏ လူ့သဘာဝတွင် အခြေခံအားဖြင့် ဖြစ်ပေါ်သော “အခြေခံ စိတ်ခံစားမှု” (basic instincts) တို့ကို ရှက်ကြောက်ဝေဖန်တတ်သော အဆင့်မြင့် အသိတရား (higher cognitive functions) တို့ဖြင့် ထိန်းကွပ်ပဲ့ပြင်မှု မရှိဘဲ ၎င်းအခြေခံ စိတ်ခံစားမှု အတိုင်း (တိရစ္ဆာန်တို့အတိုင်း) လိုက်လံ လိုက်ပါဆောင်ရွက်ခြင်းကို ကျွန်တော်တို့သည် Primitive instincts (ဝါ) အခြေခံသားရဲတိရစ္ဆာန်စိတ် ဖြင့် ပြုမူသော အပြုအမူ၊ တနည်းအားဖြင့် သားရဲတိရစ္ဆာန် အပြုအမူဟု ခေါ်တွင်ပါသည်။ တနည်းအားဖြင့်လည်း “မိမိ၏ ရှင်သန်ရပ်တည်မှုသာ ပဓာန” ဆိုသော သဘောနှင့် အထိန်းအကွပ်မဲ့စွာဖြင့် အခြေခံမူလ အတ္တစိတ်အတိုင်း အရှက်အကြောက် ဆင်ခြေတုံတရားမရှိ ပြောဆိုလုပ်ကိုင်တာ မှန်သမျှကို Primitive instincts လို့ ခေါ်ဝေါ်နိုင်ပါသည်။ တခု သတိထားအပ်သည်မှာ ဒီမိုကရေစီနှင့် လစ်ဘရယ် လူ့ဘောင်စနစ် တို့ဆိုတာဟာ ဤ primitive instinct တို့ကို ပြည်သူပြည်သား တဦးချင်းမှ မိမိကိုယ်ကို အသိတရားတိုးမြှင့် ထိန်းချုပ်ပြုပြင်နိုင်ရန် ဦးတည်ရည်ရွယ်ပြီး လုံးစည်းစနစ်ကို ဖော်ဆောင်သော လူ့ဘောင် (Totalitarian system) တို့ကမူ ပြည်သူပြည်သားများတွင် ၎င်း “အခြေခံ စိတ်ခံစားမှု” တို့ လွှမ်းမိုးဖြစ်ပေါ်စေရန် တမင် ပုံစံသွင်းကာ၊ ဒါ့ထက်ပြင် ဆိုးဝါးလှသည်မှာ ထိုလုံးစည်းလူ့ဘောင်တို့သည် သားရဲတိရစ္ဆာန်စိတ် လွှမ်းမိုးသူတို့ကိုသာ ထိပ်တန်းခေါင်းဆောင်ဖြစ်ခွင့် ပေးခြင်း၊ ဖြစ်လာမြဲ ဖြစ်ခြင်း ဟူသည့် အစဉ်အလာဆိုးတို့ ရှိပါသည်။ တကယ်တော့ လူ့ယဉ်ကျေးမှု သမိုင်း တလျှောက်လုံး ကို ရိုးရိုးလေး သုံးသပ်လျှင် လူသားသည် မိမိ၏ primitive instinct ကို ထိန်းချုပ်နိုင်ရန် ၎င်းနှင့် ဘတပြန် ကျားတပြန် နဘမ်းလုံးနေရသော ဖြစ်အင်ဟုလည်း ရှုနိုင်ပါသည်။

ဟုတ်ကဲ့၊ အခြေခံ သားရဲတိရစ္ဆာန်စိတ်ဆိုတာ ဗုဒ္ဓတရားနှင့် ပြောမည်ဆိုလျှင် ပဋ္ဌာန်းတရားတော်လာ မူလရေသောက်မြစ်စိတ် သုံးမျိုးဖြစ်ပါသည်။ ယင်းတို့မှာ lust - ငါမှငါ၊ ငါ့ဥစ္စာ၊ ငါ့ကျွန်၊ ငါ့သခင် စသော အုပ်စီးလိုသည့် ခက်ထန်သည့် အာသီသ)၊ malice - တဖက်သူကို မုန်းတီးရန်လိုမှု၊ delusion - ရှေ့စိတ်နှစ်မျိုးကို တရားမှန်ကန်ဖြစ်သည်ဟု ထောက်ခံသော အသိတရား (ဝါ) ရှေ့စိတ်နှစ်မျိုးကို ထိန်းကွပ်ပြုပြင်ရမည်ကို မသိမေ့လျော့သော မောဟတရား၊ ဤ သုံးမျိုးပါတည်း။ တနည်းအားဖြင့် အကုသိုလ်စိတ်မှန်သမျှသည် မောဟကို အခြေခံသည်ဟုလည်း ဆိုနိုင်ပါသည်။ အဘယ်ကြောင့်လည်း ဆိုသော် ကျွန်တော်တို့ဟာ မောဟ လွှမ်းမိုးရင်ဖြင့် အဆင့်မြင့် အသိတရားများဖြစ်သော ရှက်ကြောက်ထိန်းကွပ်ရန် ဟူသော ဆင်ခြင်မှုသည် အာရုံမှာမသက်ဝင်၊ မိမိ၏ အုပ်စီးလိုမှု ၊ ရန်လိုမုန်းတီးမှုတို့ကို အတောမသတ် အကောင်အထည်ဖော်တတ်သောကြောင့် ပါတည်း။

မေ့လျော့မှုဟု ကျွန်တော်တို့ လွယ်လွယ်ခေါ်သော မောဟကို အဘိဓမ္မာသဘောအားဖြင့် ထပ်ပြီး နှစ်ခြမ်းခွဲလို့ ရပါသေးသည်။ ပထမ တခြမ်းမှာ “အရှက်အကြောက်မရှိခြင်း” (non-fear) နှင့် နောက်တခြမ်းမှာ “ရုန်းရင်းဆန်ခတ်မှု =အခြေခံမူလစိတ် လောဘဒေါသတို့ဖြင့် လွှမ်းမိုးလုပ်ဆောင်သည် ကို မှန်သည်ဟု မထီမဲ့မြင် အတည်ပြုခြင်း” (disrespect) တို့ ဖြစ်ပါသည်။ အဘိဓမ္မာကောသကျမ်း အလို ရှိရှိသမျှ အကုသိုလ်တရားမှန်သမျှသည် ဤ မောဟနှစ်ပါးကိုသာ အခြေခံပါသည်။ ဤမောဟနှစ်ပါးကို အဆင့်မြင့် အသိတရား (ခန္တီ၊ ကရုဏာ၊ သစ္စာ စသဖြင့်) တို့ဖြင့် ထိန်းကွပ်ခြင်းမရှိ ၊ သည်မောဟနှစ်ပါး နဲ့ လုပ်တာဟာ တရားသည်ဟု ယူလျှင် ကမ္ဘာအဝှမ်း အကုသိုလ်စိတ်တွေ ၊ ကြီးနိုင်ငယ်ညှင်း အကုသိုလ် အပြုအမူတွေ မျိုးစုံ လွှမ်းမိုးပြန့်ပွားသွားပါလိမ့်မည်။ တကယ်တော့ ခေတ်ပေါ်စိတ်ပညာပိုင်းက မီးမောင်းထိုးပြသော sense of insecurity (ကိုယ့်ကိုကိုယ် မလုံခြုံသောစိတ်) နှင့် ဗုဒ္ဓအဘိဓမ္မာကလာသော လူသားတိုင်း၏ မူလဘူတ စိတ်အခြေခံတွင် ရုန်းရင်းဆန်ခတ်မှု (disrespect (ဝါ) violence) တို့သည် သဘောတရား များစွာ ဆင်တူပါသည်။

ဤ အခြေခံသဘောကို ပြသပြီးနောက်တွင် ကျွန်တော့်အနေဖြင့် သီတဂူဘုန်းကြီးကို “အခြေခံသားရဲ တိရစ္ဆာန်စိတ် လွှမ်းမိုးသူ” ဟု ပြောရခြင်း အကြောင်းရင်းတို့ကို ရှင်းပြနိုင်ပြီ ဖြစ်ပါသည်။ ကျွန်တော့် ပုဂ္ဂလ တဦးချင်း အနေနှင့်ကတော့ လက္ခဏာပညာကို အတိုင်းအတာ တစုံတရာအထိ ကျွမ်းကျင် လေ့လာတတ်မြောက် နားလည်ခဲ့သော ကျွန်တော်သည် သီတဂူ၏ လက်ဖဝါးက လက္ခဏာကို တချက်မြင်လိုက်ရုံနှင့် တန်းသိပါသည်။ ၎င်းသည် မူလဘူတ ရုန်းရင်းဆန်ခတ်စိတ် (disrespect/ violence) လွှမ်းမိုးသူ တဦးဖြစ်ပြီး ဒါကြောင့်လည်း စစ်အစိုးရ၏ အကြမ်းဖက်စိတ်ကို အသားပေးသော ပုံစံချဒီဇိုင်းအရ စင်ပေါ်ရောက်လာရခြင်း ဖြစ်ပါသည်။

ကျွန်တော့်အနေဖြင့် တပ်အပ်မပြောနိုင်သော်လည်း စစ်အာဏာကိုင်တို့ ဖက်တွင် လက္ခဏာပညာကို အထူးကျွမ်းကျင်သူတို့ ရှိနိုင်ပြီး ဘုန်းကြီးတွေ၏ ကြန်အင် လက္ခဏာတို့ကို ကြည့်ကာ “သည်ကိုယ်တော်ကဖြင့် လက္ခဏာဆိုးလွန်းတယ်ဟ၊ သူ့ကို ထိပ်တန်းဖြစ်အောင် တင်ပေးလိုက်” ဟု အရင်ကတည်းကလည်း ကြိုလုပ်ထားလည်း လုပ်နိုင်ပါသည်။

လုံးစည်းနိုင်ငံတို့တွင် “ပုံစံချခြင်း” ဆိုသည်မှာ ပုံပြင်လှလှကလေးတွေ ပြောနေသလားဟု ထင်ရလောက်အောင် အမျိုးမျိုး အဆန်းတကြယ် ကြံဆောင်တတ်ကြပြီး ဒါမျိုးဟာလည်း မလုပ်ထားဘူးလို့ ပြောလို့ မရပါ။ သာသနာ တခုလုံး သူ့လက်အောက်ခံ အဖြစ် ထိန်းချုပ်ရန်၊ ဗိုလ်လောင်းသင်တန်း ဆိုတာမျိုးကို ဦးနှောက်ကောင်းသော လူတွေ ဝင်လာခြင်းမရှိစေရန် စီမံခဲ့သော အစိုးရအတွက်၊ ဗေဒင်ယတြာ ယန္တရားဆိုတာကို ၎င်းတို့ အာဏာတည်မြဲရေးအတွက် ယုံကြည်ကိုးကွယ်သော စစ်အာဏာကိုင်တို့သည် လက္ခဏာ ဖတ်ပြီး အယုတ်မာဆုံးလူကို နာမည်ကြီးအောင် လုပ်ပေးဖို့ ပင့်တင်ပေးဖို့ ဆိုတာဟာလည်း ခက်လှသော ကိစ္စမဟုတ်ပါ။

ဒါကြောင့် သိပ္ဗံနည်းကျ မျက်မြင်အထောက်အထား လက်ဆုပ်လက်ကိုင် မရှိပေမယ့် ဒါမျိုးကိစ္စဟာလည်း ဖြစ်နိုင်လောက်သည်ဟု အခြေအနေနှင့် ရလဒ်တို့ကိုယှဉ်ထိုး ၊ ရလဒ်ကနေ ပြောင်းပြန်ပြန်စဉ်းစားကာ ကျွန်တော်ယူဆမိသည့် အတိုင်း၊ နောက် ကျွန်တော်ပြောလိုသည့် Primitive instincts လွှမ်းမိုးသူတို့သာ ခေါင်းဆောင်ဖြစ်လာမှုဆိုတာကို လေးနက်စေလိုသည့်အတိုင်း ဒါမျိုး “လူရွေးပွဲ” အကြံအစည်မျိုးကိုလည်း ထည့်ယူစဉ်းစားသင့်သော အချက်တချက်အဖြစ် တင်ပြလိုက်ပါသည်။ ဂျာမနီမှာနာဇီခေတ်မှာလည်း ဟင်းမလား သည် နာဇီလူငယ် ခေါင်းဆောင်တွေကို ကြန်အင်လက္ခဏာကို ကြည့်၍သာ ရွေးချယ်ခဲ့သော သမိုင်း အထင်အရှား ရှိခဲ့ဖူးပါသည်။

ဆက်လက်တင်ပြပါအုံးမယ်

ညိုထွန်း

mdvllulnwmqtroa

No comments: