အခုတခါ ကျွန်တော်သည် တရားဓမ္မနည်းလမ်းအားဖြင့်ပင်လျှင် သီတဂူပုဂ္ဂိုလ်၏ အခြေခံစရိုက်လွှမ်းမိုးမှုကို အခိုင်အမာ ပြုရပါအံ့။ ဘဝအတွေ့အကြုံ ရင့်ကျက်သူ၊ အထူးသဖြင့် အင်္ဂဝိဇ္ဖာစသော အတတ်မျိုးတွင် အာရုံရှိသူသည် ဤပုဂ္ဂိုလ်၏ အသံကို ကြားရုံနှင့်ပင် ၎င်းပုဂ္ဂိုလ်သည် လောဘ၊ ဒေါသ၊ မောဟ အခြေခံမူလ သားရဲတိရစ္ဆာန်စိတ်များ အပြင်းအထန် လွှမ်းမိုးနိုင်သူ ဖြစ်ကြောင်း အလွယ်တကူ သိနားလည်နိုင်ပါသည်။ ဒါပေမယ့် သည်မှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် လူအများအနေဖြင့် ရှုပ်ထွေးစရာ ဖြစ်ရသည်မှာ ဤသူ တဦးတည်းကပင် အဆင့်အတန်း အလွန်မြင့်လှသော
အယဉ်ကျေးဆုံး ဗုဒ္ဓတရားတို့ကို အသံနေအသံဝါကြီးနှင့်၊ ပါဠိကမ္မဝါတွေ သုံးကာ ဟောပြောရွတ်ပြနေခြင်း ဖြစ်သည်။ ယဉ်ကျေးလိမ္မာ အဆင့်မြင့်တရားကို ဟောပြောရွတ်ပြသူသည် ယဉ်ကျေးလိမ္မာ အဆင့်မြင့်အသိတရား ရှိသူဟု မှတ်ရမပေလိမ့်။ ဒါမျိုး မဟုတ်ပါ၊ ဤသူဟောသော တရားသည် “ယဉ်ကျေးလိမ္မာ အဆင့်မြင့်တရား” မဟုတ်သလို ဟောပြောသော ဤသူသည်လည်း ယဉ်ကျေးလိမ္မာ အဆင့်မြင့်အသိတရား ရှိသူ မဟုတ်ပါ။
ငါတို့သည် အဘယ်ကြောင့် ဤသို့ ဆိုနိုင်သနည်းဆိုသော် ဗုဒ္ဓဝါစန (ဝါ) ဗုဒ္ဓမြတ်စွာကိုယ်တိုင် ဟောကြားခဲ့သော နူတ်ထွက်စကားကို နာယူနားလည်နိုင်ခဲ့သဖြင့် ဤသို့ တပ်အပ် ဆိုနိုင်ပါသည်။ အင်္ဂုတ္တရ နိကာယ် ၃.၃၇ လာ “ဘုရင်တွေ ဟောတဲ့တရား” ဟု အမည်ရသည့်သုတ္တန်ကို ငါတို့ တခဏမျှ နာယူကြည့်ကြပါစို့။
“ရဟန်းတို့၊ အတိတ်တခါက နတ်တို့၏ ဘုရင်ဖြစ်သူ သိကြားမင်းသည် တာဝတိံသာနတ်ရွာက နတ်ပြည်သူ နတ်ပြည်သားတို့ကို ဤသို့ တရားဟောလေ၏
မောင်ရင်မယ်မတို့၊
ငါသိကြားကဲ့သို့ ကျင့်ကြံချင်သူသည်
အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလကို
စောင့်ထိန်းကြပါ
တဆယ့်လေးရက်၊ တဆယ့်ငါးရက် လပြည့်လကွယ်
လဝက် ရှစ်ရက်မြောက်မှာလည်းကောင်း
ဥပုသ်သီလကို
စောင့်ထိန်းကြပါလော့
ရဟန်းတို့၊ ဤသို့ ဆိုပေမယ့်လည်း နတ်တို့ကို အုပ်စိုးရသော သိကြားမင်းသည် ဆိုးဝါးစွာ တရားကို ရေရွတ်နေခြင်း ဖြစ်၏၊ ဤသို့ ရေရွတ်ခြင်းသည် ကောင်းမွန်သော ရေရွတ်ခြင်း မဟုတ်။
ဘိက္ခုတို့၊ အသို့နည်း။ အဘယ်ကြောင့် ကောင်းသောလက္ခဏာ ရှိသည့် စကားကို ဆိုပါလျက်နှင့် ဆိုးဝါးသော ရေရွတ်ခြင်းဟု ငါဘုရား ဆိုရပါသနည်း။
သိကြားမင်းသည် အုပ်စီးလိုမှု လောဘ၊ မုန်းတီးစက်ဆုပ်မှု ဒေါသ၊ ရှက်ကြောက်ရမှန်း မသိသော မောဟတို့ဖြင့် ဖုံးလွှမ်းကာ တရားကို ဟောပြော၏။ ဤသို့ အခြေခံစိတ်ရင်းထားရှိမှု မစင်ကြယ်သူသည် တရားဓမ္မ ကို (အများသူငါ ရှေ့မှောက်) ပြောဆိုရေရွတ်ရန် မတင့်တယ်သောကြောင့် ပေတည်း”
တကယ်တော့ တရားဓမ္မဆိုတာ စာသား စကားချည်းသက်သက်သာ ဆိုရင် ကျွန်တော်တို့ အသံသြဇာ အကောင်းဆုံးလူတွေနဲ့ အသံသွင်းဖိုင်တွေလုပ်ပြီး ပလေယာတွေ၊ ကွန်ပြူတာတွေ၊ တီဗွီတွေကို တသက်လုံး ဟောပြောခိုင်းနေရုံပေါ့။ တကယ်တော့ “တရားဓမ္မ” ဟုတ်လား၊ မဟုတ်လား ဆိုတာကို သတ်မှတ်ဖို့ဆိုတာကိုက စာသားထက် ဟောပြောနေတဲ့ပုဂ္ဂိုလ်ကနေပြီး တရားကို အမှန်တကယ်ကြည်ညို၊ ထိုးထွင်းနားလည်မှုနဲ့ စိတ်သဘောထား ဖြူစင်မှု အပေါ်မှာ မူတည်တာပါ။ သည်လိုပါပဲ၊ အခြေခံမူလစိတ်တွေ အကြီးအကျယ်လွှမ်းမိုးပြီး ဟောပြောနေတဲ့ သီတဂူ ပါးစပ်ကထွက်တဲ့ စာသားတွေဟာ ဆိုးဝါးသော ရေရွတ်ခြင်းတွေပါ၊ တရားဓမ္မလို့ပင် သတ်မှတ်လို့ မရတဲ့ ဟောပြောမှုတွေပါ။ တရားဓမ္မကို ပြောဆိုရေရွတ်ဖို့ရန် မထိုက်တန်လောက်အောင် အခြေခံကောက်ကျစ်စိတ်ထားရှိနေသူက ဗုဒ္ဓတရားတွေကို ဟန်ဆောင်ပန်းဆောင်လုပ်ပြီး သူလိုတဲ့နေရာမှာ ခုတုံးလုပ်အသုံးချလို့ “ဗုဒ္ဓတရားတော် အစစ်အမှန်” သိက္ခာများစွာကျရတဲ့ အဖြစ်ရယ်ပါ။
သည်မှာလည်း မေးစရာ မေးခွန်းတခု ရှိပါသည် “လူအများ မသိမတတ်တဲ့ လက္ခဏာပညာ၊ အစိုးရ လုပ်ကြံမှုစတဲ့ စွပ်စွဲချက်တွေကို မသုံးနဲ့၊ သီတဂူဘုန်းကြီးမှာ အခြေခံမူလစရိုက်တွေ လွှမ်းမိုးတယ်ဆိုတာကို လူအများသိသာ ထင်ရှားအောင် နင်ဖော်ပြနိုင်မလား”
ဟုတ်ကဲ့၊ ကျွန်တော်အသေအချာ ဖော်ပြနိုင်ပါသည်။ ပထမဦးစွာ လွယ်ကူစွာ မြင်နိုင်သော တချက်မှာ အခြေခံသားရဲတိရစ္ဆာန် အမူအကျင့် ကြီးစိုးနေသော မဘသ အဖွဲ့ကို ၎င်းပုဂ္ဂိုလ်က နှစ်နှစ်ခြိုက်ခြိုက် ဂုဏ်တင်ခြင်း ဖြစ်ပြီး ၎င်းမှ မနှစ်မြို့သည့် ‘ရန်သူ လူယုတ်မာ အကြံအစည်ကောင်များ’ ကို လူရှေ့သူရှေ့ အရှက်အကြောက်မရှိ တိုက်ခိုက်နေခြင်း ဖြစ်ပါသည်။ ဒါကို ၂၀၁၃ နှစ်လယ်ပိုင်း မဘသ အဖွဲ့ အစည်းအဝေးတွင် ၎င်းပြောကြားသော မိန့်ခွန်းတွင် အထင်အရှား နားဆင် လေ့လာနိုင်ပါသည်။ (http://www.youtube.com/watch?v=njFM2wioiAU)
ဤအစည်းအဝေးတွင် စကတည်းက ယဉ်ဆိုသလို ဤပုဂ္ဂိုလ်သည် ဂိုဏ်းသစ် မဘသ အဖွဲ့ကြီးကို ဘုရားရှင်ခေတ်က အဂ္ဂသာဝက နှစ်ပါးနှင့်ပင် မနှိုင်းအပ် မနှိုင်းရာ ခိုင်းနှိုင်းခဲ့ပါသည်။ “ရဟန်းသစ်များဖြစ်သော ရှင်သာရိပုတြာ နှင့် ရှင်မောဂ္ဂလန်တို့သည် လဝက်မျှသာ ရဟန်းအဖြစ်ကို ရကြသေးသော်လည်း အားလုံးကို ကျော်ကာ ဘုရားက ခေါင်းဆောင် “ရာထူး” ပေးလိုက်ပါသည်၊ အဂ္ဂသာဝကကြီး နှစ်ပါးဟာ သူများထက်စွမ်းလို့ လူသစ်ဖြစ်ပေမယ့်လည်း ခေါင်းဆောင်နေရာကို ရယူပိုင်ဆိုင် စံစားခွင့် ရှိပေသပေါ့၊ သည်လိုပဲ အရှင်ဘုရားတို့ သံဃာအားလုံးသည် စွမ်းဆောင်နိုင်စွမ်းရှိသူ မဘသအဖွဲ့သစ်ကြီးကို သံဃာကို ဦးဆောင်ခွင့်ပေးလိုက်ပါ”
ကျွန်တော်တို့ ကြားလည်းကြားသာ၊ မြင်လည်းမြင်သာပါ၏ ။ ဤပုဂ္ဂိုလ်တွင် ကျိုးကြောင်းဆင်ခြင်တုံတရားမဲ့စွာဖြင့် အုပ်စီးလိုသော အခြေခံလောဘစရိုက်များ ထူပြော၊ “ရာထူး” ရူးနေသည်မှာ အထင်းပါတည်း။ ဘုရားသားတော်ဆိုသူက ဒါမျိုး ရာထူးရူးနေခြင်းမှာ သင်းကသာ မရှက်တတ်ပေမယ့် ရှက်ကြောက်ဆင်ခြင်တတ်သူ ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန် ရှက်ဖို့ကောင်းသော ကိစ္စပါတည်း။ တကယ်တော့ “ရှက်ကြောက်ခြင်း” ဆိုတာသည် လက်ရှိဗမာပြည်ကို ဘာလို့ စစ်အာဏာရှင်စနစ်ဟာ နှစ်ရာစုဝက်မက လွှမ်းမိုးထားနိုင်ခြင်းနှင့် များစွာသက်ဆိုင်ပါ၏။
တကယ်တော့လည်း လုံးစည်းစနစ်တခု (totalitarianism) ၏ အသက်သည် မရှက်မကြောက်သူ ၊ ဟီရိသြတ္တပတရား ကင်းမဲနေ့သူတို့ကို နေရာပေးထားတတ်စမြဲ ပါတည်း။ ဘာလို့လည်းဆိုတော့ လုံးစည်းစနစ် ခိုင်မြဲဖို့ကိစ္စမှာ အရှက်အကြောက် ကင်းမဲ့သော စီမံဆောင်ရွက်ချက်တွေကို အသိတရားမရှိ လုပ်ဆောင်ပေးသူတို့ ရှိမှသာ ဖြစ်နိုင်ပါ၏။ ဒါကြောင့် လုံးစည်းစနစ်ကို ဖော်ဆောင်သော အစိုးရမင်းတို့သည် — အခြေခံ မူလစရိုက်လွှမ်းမိုးသူ၊ တနည်း အရှက်အကြောက်တရား ကင်းမဲ့နေသူတို့ကို — လူ့ဘောင်၏ ထိပ်တန်းသို့ ရွေးချယ်ခေါ်ငင်တတ်သလို၊ တဖက်တွင် ထိုသူမျိုး ကိုယ်တိုင်တို့ကိုကလည်း လုံးစည်းခေါင်းဆောင်အာဏာကိုင်တို့ စိတ်ကျေနပ်လောက်အောင် အရှက်အကြောက်ကင်းမဲ့စွာ လိုက်နာလုပ်ဆောင်နိုင်သဖြင့်သာ ထိပ်တန်းနေရာကို လိုလိုလားလား ဝင်ယူရဲကြပါသတည်း။
(ဆက်လက်တင်ပြပါအုံးမယ်)
ညိုထွန်း
No comments:
Post a Comment