ဒီပဲရင်း မတိုင်ခင်ပေါ့ မိုးကုတ်ကအပြန်မှာ မန္တလေးတိုင်းစည်း ယ္ခုလက်ရှိ ဒုဥက္ကဋ္ဌ အန်တီဒေါ်ဝင်းမြမြနဲ့အတူ ဘန်ကားလေးနဲ့ သွားကြိုကြတယ်။ အပြန်လမ်းမှာ ကျောက်ဖျာနားမှာ အမေစုကိုဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေကိုင်းထားတဲ့ ကျောင်းစိမ်းအဖြူတွေနဲ့ ကျောင်းသားငယ်လေးတွေက အမေစုကိုရော မိုးကုတ်ကနေလိုက်ပါလာတဲ့ လူငယ်အုပ်ကြီးကိုလဲမြင်ရော
ဆိုင်းဘုတ်တွေလွှင့်ပစ်ပြီး ထိုင်ကန်တော့သူက ကတော့ သူတို့စီးလာတဲ့ ဒိုင်နာကားတွေပေါ် တက်ပြေးသူက ပြေး လက်ပြသူကပြနဲ့ အရမ်းအံ့သြစရာကောင်းတဲ့ မြင်ကွင်းပါ ကြည်လဲကြည်နူး ရယ်ကလည်း ရယ်ချင်ပေါ့။
ကျည်တောက်ပေါက်နားအရောက် ကားတစီးပေါ်မှာလူ ၄ , ၅ ယောက်နဲ့ မိုက်တွေ စောင်းဘောက်တွေရောပါတယ်။ အမေစုကို သူတို့ အခုသုံးမြဲစကားဖြစ်တဲ့ ကုလားမယား၊ ပြည်ပအားကိုးပုဆိန်ရိုး၊ ဒါတင်ဘယ်ကမလဲ တက်သမျှ ဆဲနည်းပေါင်းစုံနဲ့ အသံကျယ်ကြီးဟစ်ကာ အမေစုကားနားကပ်ပြီး ဆဲချင်တိုင်း ဆဲနေတော့တာပဲ။
ကျွန်တော်က အဲဒီမှာ အမေစုဆီက ပညာတခုရလိုက်တယ်။ ကျွန်တော်တို့ကားက အမေစုကားအရှေ့ဘက်ကလေ အမေဘယ်လောက်တောင် ခံစားနေရမလဲ၊ ကျွန်တော့ရင်ထဲမှာ မကျေနပ်နေတော့ သနားပြီးကြည့်လိုက်တာ၊ ဘယ်ဟုတ်မလဲ အလွန်အင်မတန်တန်ဖိုးရှိတဲ့ ပညာတခုက အမေစုပြုံးနေတယ်ဗျာ၊ တဖြေးဖြေးမှောင်လာတော့ အန္တရာယ်တွေကိုတောင် မမြင်အားတော့ဘူး၊ တောင်အကွေ့မှာ ကျွန်တော်တို့ကားတန်းကြီးက မျက်စိတဆုံ တောင်တန်းကိုပတ်ထားတာ အရှည်ကြီးဗျာ၊ ဒါနဲ့ မီးတွေမှောင်နေတော့ ဖုရောင်းတိုင်တွေ ကိုယ်ဆီကိုင်ထွန်းထားကြတယ်။ ကမ္ဘာမကြေ သီးချင်းကို ပြိုင်တူဆိုနေကြတယ်၊ ပြည်သူရဲ့သီချင်းသံက ယုတ်ညံ့တဲ့သူတွေရဲ့သီချင်းကို လွှမ်းသွားတယ်ဗျာ။
တချိန်ထဲမှာပဲ ကျွန်တော်တို့ အဖွဲ့ဝင်တွေကို ဘတ်ဂွတွေနဲ့ အဆက်မပြတ်ပစ်တော့ လူငယ်တယောက်ကံဆိုးစွာ ထိသွားခဲ့ရှာတယ်။ ဒါနဲ့ ဘဘဦးတင်ဦးခေါင်းဆောင်ပြီး ကောင်လေးရဲ့သွေးထွက်နေတဲ့ခေါင်းကို ဖိပေးလျက် ရဲစခန်းသွားတိုင်ကြပါတယ်။ ကျွန်တော်တို့ကတော့ မိန်းကလေးမို့ အမေစုနားကျန်ရစ်တယ်။ ဒါပေမဲ့ အဲဒီကိစ္စ အာဏာပိုင်မှ ဘာတခုမှ အရေးယူဆောင်ရွက်ပေးခြင်း မရှိဘူးလို့ကြားပါတယ်။
ညသန်းခေါင် မိန်းခွန်းပြော၊ မနက် မန္တလေးပြန်ရောက် ကံကောင်းထောက်မစွာ ကျွန်တော်က တိုင်းမှာတောက်တိုမယ်ရ လုပ်ခွင့်ရ အားလုံးကလဲပွင့်လင်းပြီး အရမ်းစည်းရုံးကြတယ်။ တယောက်နဲ့တယောက် မကြေနပ်ရင် မကြေနပ်ဘူး ဒဲ့ပဲ ချကြတာ၊ နောက်နေ့ ပြန်ပြီးပြုံလိုက် ရယ်လိုက် စလိုက်နဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ အပြုမူတွေပိုင်ဆိုင်ကြတယ်။ ကျွန်တော်တို့က တောက်တိုမယ်ရလေးပဲလုပ် ပျော်ကြပါးကြ စကြနောက်ကြနဲ့ ပင်ပန်းတယ်မထင်ရဘူး။ ၄ ထပ်တိုက်ကြီးပေါ် တက်လိုက်ဆင်းလိုက်က လုပ်သေး။
အဲဒီအချိန်က လူငယ်တွေဖွဲ့နေရချိန်ဆိုတော့ အမေစုခမျာ သိပ်သနားဖို့ကောင်းတယ်။ တနေ့ထဲနဲ့ ည ၂ နာရီထိ တိုင်းရုံးကို ပြန်မအိပ်နိုင်ရှာသေးဘူး။ နေ့လည်စာကို ည ၂ နာရီထိ မစားရသေးဘူး ဖွဲ့တဲ့နေရာတိုင်း အားပြတ်အောင် မိန့်ခွန်းကပြောရသေး။ ကျွန်တော်တို့လဲ အမေစုကိုထမင်းကျွေးဖို့ မျှော်နေကြတာ ပြန်လာတော့လဲ အမေစုကမောမောနဲ့ အိပ်ခန်းထဲ တန်းဝင်သွားရှာတယ်။
အဲဒီအချိန်က အမေစုဘေးမှာ မြိတ်ကလာတဲ့ အကိုကြီးတယောက်ရှိတယ် သူက ကျွန်တော့ကို အမေစု အင်္ကျီမီးပူတိုက်ပေးခိုင်းတယ်၊ အင်္ကျီလေးကြည့်ရင်း ပိုသနားလာမိတယ်။ အကို ကျွန်တော်ဒါကို ညလျှော်လိုက်မယ်ဆိုတော့ ညီမ သူ့မှာ ဝတ်စရာဆိုလို့ ဒီတခုပဲကောင်းတော့တယ် အင်္ကျီက ဂုတ်ပိုးမှာမဲပေနေပြီ ဘယ်လိုလုပ်ရပါ့မလဲ ကျွန်တော် သိပ်သနားမိခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မီးပူတော့တိုက်ပေးလိုက်တာပေါ့။ ခဏနေတော့ အကိုကြီးကအပေါ်တက်လာပြီး ညီမလေး ခဏ အမေခေါ်နေတယ်တဲ့ ရင်ထဲမှာ တဒိတ်ဒိတ်နဲ့ခုန်လာတယ်။ အန်တီကြီးတွေကလဲ ဝိုင်းစကြတယ်။ ဒါမှ အမေစုသမီးကွတဲ့၊ အမေစုက သူ့ကိုသိပ်ချစ်တာ အခုခေါ်ပြီတွေ့လား ပေါ့၊ ကိုယ့်ကိုကိုယ်လဲ ဘဝင်မြင့်သွားသလိုပဲ။ ဒါပေမဲ့ အဲဒီချိန်က အမေစုက ဒို့ကို သိတောင်မသိလောက်ပါဘူး။
အောက်ထပ်ကိုရောက်တော့ အမေစုက အခန်းထဲကထွက်လာပြီး သမီး အန်တီ့အင်္ကျီ နှိပ်သီးလေးတက်ပေးပါလား ဆိုတော့ အလိုက်တသိ တက်ပေးလိုကပါတယ်။ လွယ်လွယ်နဲ့မပြီးပါဘူး။ ပုစဉ်းကောင်း နှိပ်သီးလေးနှစ်လုံးတက်တာကို တဒိန်းဒိန်းခုန်နေတဲ့ရင်ကို ဟန်ဆောင်၊ တုတ်တုတ်တုန်နေတဲ့ လက်ကို မနဲထိန်းပြီး တတ်နေရတော့လေ၊ ဒီကြားထဲ အမေစုမျက်နာကိုလဲ အနီးကတ်မြင်ဖူးချင်တော့ ခိုးကြည့်မိသေးတယ်။ ဒါကိုအမေစုက ပြုံးပြီးစိုက်ကြည့်နေခဲ့တာ အဲဒီမှာ ကျွန်တော်နားလည်လိုက်တာ အမေစုရဲပြုံးနေပါတယ် ဆိုရင်တောင် ကျွန်တော့ဘဝမှာ မမြင်ဖူးတဲ့ အလွန်စူးရှ ထက်မျက်တဲ့ မျက်လုံးအစုံပါ။ ကျွန်တော် ပြန်မကြည့်ရဲတဲ့ အဲဒီမျက်လုံး ဒီနေ့အထိ တခြားဘယ်သူ့ဆီကမှမတွေ့ဖူးသေးပါ။ နာရီဝက်လောက်ကြာခဲ့ပါတယ်ဗျာ၊ အဲဒီ နှိပ်သီးနှစ်ခုအတွက်။
အမေစုက အမေအိုကြီးတွေဆိုလဲ သိပ်ချစ်တက်တာ၊ ညစာလာစားတော့ အမေဒေါ်မြသန်းကို mother ကြီးလို့ အမြဲခေါ်ပြီး မသေနဲ့ဦးနော်တဲ့။ လက်ကလေးကို ကျစ်ကျစ်ပါအောင်ဆုတ်ပြီး အသွားတခေါက် အပြန်တခေါက် အမြဲပြုံးပြီးနှုတ်ဆက်တယ်။ ခရီးထွက်ခါနီး တိုင်းအမျိုးသမီးတွေနဲ့အတူ ဓာတ်ပုံရိုက်ကြတော့ ကျွန်တော်က နေရာမရဘူး၊ ဘယ်နေရာကရပ်ရမှန်းမသိဖြစ်နေတာ အမျိုးသမီးတွေကလဲ သူ့ထက်ငါနေရာလုနေကြတာ ဓာတ်ပုံဆရာ ဦးတင်မောင်ဝင်းက သမီးအရှေ့လာဆိုပြီး အမေစုကလဲ လိုက်ကြည့်နေတာတော့သိလိုက်တယ်။ အချိန်မရတာနဲ့ ဓာတ်ပုံရိုက်ဖြစ်လား မရိုက်ဖြစ်လားတောင် မသိတော့ဘူး။
ဒီပဲရင်းခရီးစထွက်ပါပြီ၊ ၂၉.၅.၂၀၀၃ ခုနှစ်
ကားမထွက်ခင်မှာ ကျွန်တော် အမေစုကို စံပယ်ပန်းတကုံးနဲ့ စနိုးတာဝါ ၃ ထုပ်ပေးတော့ အမေစုက သမီး အန်တီ စံပယ်ပန်းမပန်ဘူးဆိုတော့ ကျွန်တော်တွေသွားတယ်၊ တွေသွားတာတခြားမဟုတ်ပါဘူး၊ ကျွန်တော့ရဲ့ အလွန်ရိုးသားတဲ့အမေက သူကိုယ်တိုင် အိမ်ပင်ကနေခူးပြီး အမေစုပန်းကြိုက်မှန်းသိလို့ ပေးလိုက်တာဆိုတော့ အမေ့ကို ဘယ်လိုနားလည်အောင် ရှင်းပြရပါမလဲလို့ တွေးနေတာပါ။ အမေစုက ကျွန်တော် မျက်နှာပျက်သွားမှန်သိတော့ ပေးပေးအန်တီဘုရားမှာ လှူလိုက်မယ်နော်၊ သမီးလဲ ကုသိုလ်ရတာပေါ့ဆိုပြီး ကားခေါင်းမှန်မှာ ချိတ်လိုက်တယ်။
ကျွန်တော်က အနောက်မြောက်မြို့နယ် လုံခြုံရေးကားနဲ့ လမ်းမှာ အမေအိုတစ်ယောက်က အမေစုကားကိုတားတော့ ခဏရပ်ခိုင်းပြီး အမေအိုကို နှုတ်ဆက်ဂါရဝပြုတယ်၊ အမေအိုက အမေစုပါးကိုနမ်းပြီး အမေဒီတသက် သေပျော်ပါပြီးသမီးရယ် ဆိုပြီး မျက်ရည်အဝိုင်းသားနဲ့ ပြောကျန်ခဲ့တယ်။ လမ်းတလျှောက်မှာလဲ အလွန်ဆိုးဝါးတဲ့ နှောက်ယှက်မှုတွေ မကြာခဏ ကြုံရတယ်။ ကျွန်တော်တို့ရဲ့ ဟိုင်းလက်ကားတွေထဲကို ဒုတ်တွေမှန်းမသိ လက်သီးတွေမှန်းမသိ ခေါင်းတွေမှန်းမသိ ခွေးပြောပြောပြီး ထိုးထိုးဝင်လာခဲ့တာတွေ အမေစုကဘာ တခုမှပြန်မလုပ်ရဘူး၊ ခရီးတလျှောက်မှာ အပ်တိုတချောင်းတောင် မယူရဘူးဆိုလို့သာ၊ သူတို့ဝင်လာလိုက် ကျွန်တော်တို့က ရှောင်ပေးလိုက်ရနဲ့ ဒါပေမဲ့ အမြတ်က ကမ္ဘာမကြေသီချင်းကို အားရပါးရ မနားတမ်းဆိုနေမိတာပဲ။ တချို့က ဆိုင်းဘုတ်လေးတွေကြားထဲက လက်တွေမပြရဲပြရဲနဲ့ ပြကြ၊ တချို့နေရာတွေဆို ဆိုင်းဘုတ်တွေ လွှင့်ပစ်ပြီး အားပါးတရ လက်ပြကြ၊ မုံရွာမြို့အဝင် ဘဝမှာမကြုံဖူးတဲ့ အတွေ့ကြုံတခုပါပဲ။ တမြို့လုံး လူတဦးမကျန် ကြိုဆိုကြတယ်ပြောတာပဲ။ ဟုတ်မှာပဲ၊ အမေစုကားက တလိမ့်ချင်းလိမ့်တာတောင် အရှေ့မထိုးဖောက်နိုင်ဘူး၊ စည်လိုက်တဲ့လူတွေ ဆိုတာထက်ကိုပိုတယ်ဗျာ။
လမ်းမှာ ကျွန်တော်တို့ကား လုံးဝစက်နိုးလို့မရဖြစ်နေတာ အမေစုကသိတော့ ဆီ ၁၀ ဂါလံ ထဲ့ပေးခိုင်းတယ်၊ ကျွန်တော့ကိုလဲ ကားပေါ်ကနေ ကို့ယို့ကားယားနဲ့ ဓာတ်ပုံ တဖျတ်ဖျတ်ရိုက်နေတော့ အဲတာယောက်ကျားလေးလား မိန်းကလေးလားတဲ့ အမေးခံရသေးတယ်။ လုံခြုံရေးလိုက်တဲ့ ယောက်ကျားရင့်မာကြီးတွေလဲ တဘုန်းဘုန်းမူးလဲ ဓာတ်ဆားထုပ်တွေရေတွေလဲ ဝေမလောက်၊ ကျွန်တော်တို့ အံ့သြ ဝမ်းသာလွန်းလို့ မျက်ရည်တွေကျမိကြပါတယ်။ မြို့အဝင်မှာ ညနေ ၃ နာရီလောက်ကစပေမဲ့ ဟောပြောမယ့်ခန်းမကို ည ၁၂ နာရီမှ ရောက်ပါတယ်ဗျာ။ နီးနီးလေးကို လူဘယ်လေက်များတယ်ဆိုတာ အဲဒါသာကြည့်တော့။ တချို့က ဘုန်းကြီးကျောင်းတည်းကြ တချို့က မိတ်ဆွေအိမ် အိပ်ကြဖြစ်သလိုပါပဲ။
၃၀.၅.၂၀၀၃ မေ့မရတဲ့ မေ ၃၀
မနက်ရောက်တော့ မုံရွာကနေစထွက်ပါပြီ၊ ဆိုင်ကယ်အစီး ၂၀၀ လောက် ကပ်လိုက်ခဲ့ကြတယ်။ ဘုတလင်ရောက်တော့ ဆိုင်ကယ်တွေ ပြတ်ကျန်နေခဲ့ကြတယ်။ ဒါနဲ့ စောင့်ရင်း အမေစုက ရေဆာတော့ ရေကသောက်စရာမရှိ ရေအလွန်ရှားတဲ့မြို့ဗျာ၊ မုံရွာပြန်ပြီးရေသွား ဝယ်ကြရတယ်၊ အပြန်သတင်းဆိုးပါလာတယ် ဆိုင်ကယ်အစီး ၁၀၀ကျော် မုံရွာဂိတ်ကဖမ်းထားလို့ တချို့က ပြန်လှည့်သွားကြတယ်။ တဝက်လောက်ကိုတော့ ပြန်ခေါ်လာနိုင်ခဲ့တယ်။
ဒုတ်တွေ ဒါးတွေ ဂတုံးစိမ်းတွေက လုပ်ကြံမယ်လို့ သတင်းရတယ်။ ကျွန်တော်က ဒါတွေ ဘာလို့သိနေလဲဆို၊ အမေစုက အိမ်ပေါ်မှာဆိုတော့ ကျွန်တော်နဲ့ ကောင်လေးတယောက်နဲ့က လှေကားထစ်ပေါ်မှာ လုံခြုံရေးစောင့်နေရလို့ပဲ။ တာဝန်ပေးထားတာတော့ မဟုတ်ဘူး၊ ကိုယ့်အသိနဲ့ကို စောင့်ချင်လို့ကို စိတ်မချလို့ စောင့်နေတာ၊ ညနေ ဆိုင်ပြင်ကြီးရောက် လမ်းပြသမားက ၄ မိုင်နဲ့ ၁၄ မိုင် လွဲပြောမိလို့ဆိုလား၊ အမေစုက ၁၄ မိုင်ဆို ဒီမှာနားမယ် ၄ မိုင်ဆို ဆက်သွားမယ် ပြောတယ်ဆိုလား၊ ဘာကလွဲသွားတယ် မသိဘူး၊ ကျွန်တော်တို့အားလုံး သေဘေးကို ရင်ဆိုင်ဖူးသွားတာပေါ့ ...
...................
ကျီရွာအရှေ့အရောက် ပထမ ကျွန်တော်တို့အရှေ့မှာ ကား ၃ စီးရှိတယ်။ ပြီးမှ ကျွန်တော်တို့ကား နောက် အမေစုကား ဘုန်းကြီး ၂ ပါးက ရစ်နေတယ်တဲ့၊ သတိထားနေကြဆိုပြီး လူငယ်ခေါင်းဆောင် လူကြီးတယောက်ကလာပြောတယ်။ ရိုက်မယ်သတင်းကြားထားတာက တမျိုး၊ ကျွန်တော်တို့အဖွဲ့ကားက ၁၄ စီး သူတို့အနောက်ကလိုက်လာတာက ဒိုင်နာ အစီး ၂၀ အရှေ့ထက် အနောက်ကိုပိုဆိုးရိမ်ရတော့ မေစုကားကို အရှေ့ကျော်ခိုင်းလိုက်တယ်။
မကြာပါဘူး
အဲဒီအချိန် ၇ နာရီ ၁၀ မိနစ်
အမေစုကားတောင်အရှေ့ မရောက်သေးဘူး၊ လိုက်လာတဲ့ ဒိုင်နာကားတွေဆီက လူတွေအားလုံး ဝါးဆစ်ပိတ်ဒုတ်တွေ သံဒုတ်တွေကိုယ်စီနဲ့ မြင်မြင်သမျှ မညှာတမ်း အားပါးတရ လူမဆန် ရက်စက်စွာ အသေလိုက်ရိုက်နေကြတော့တာပါပဲ။
ရောက်ရာပေါက်ရာ ပြေးသူပြေး သွေးအလိမ်းလိမ်းနဲ့ အော်သူအော်၊ ပုဆိုးမနိုင် ပုဝါမနိုင် ဖိနပ်မပါနဲ့ ပြေးလာသူပြေးလာ၊ အဲဒီလူတွေကလဲ ကျွန်တော်တို့အနား ရောက်လာကြပြီ၊ အဲဒီအချိန်မှာတောင် ကျွန်တော်တို့ လည်စင်းခံမယ်ဆိုတဲ့ ခံယူချက်နဲ့ ကမ္ဘာမကြေသီချင်း ဆိုနေတုန်းပဲ။
မရတော့ဘူး။ ဘယ်လိုမှအခြေနေမပေးတော့ဘူး။ လယ်သမားတဦးပြေးတက်လာပြီး ကျွန်တော့ကို ကယ်ပါဗျာတဲ့။ ကားပေါ်က လူငယ်အားလုံးလဲ အမေ့ကားစီ ပြေးကုန်ကြပြီ ကားသမားကိုလဲ လှမ်းပြောနေမိကြတယ်။ ဒီမှာ သေကုန်ကြပြီ မောင်းပါတော့ မောင်းပါတော့ ဘာလုပ်နေတာလဲ မောင်းတော့လေ ကားက နေရာကနေမရွေ့တော့ပါ။
ဘုရားမှတပါး ကယ်သူမရှိတော့ဘူး။ ကျွန်တော်တို့ အနိဋ္ဌာရုံတွေကို တစိမ့်စိမ့်ခါးစည်းခံရင်း မေတ္တာသုတ် ဘယ်နှစ်ခေါက်ရယ် မသိ ရွတ်နေမိခဲ့တယ်။
သံတိုင်တွေကြားထဲက သံဒုတ်တွေနဲ့ထိုးသူထိုး၊ မှီတဲ့နေရာကနေ ဒုတ်တွေနဲ့ရိုက်လိုရိုက်၊ ကားပေါ်က ဆွဲချသူကဆွဲချ၊ ကျွန်တော်တို့ တဦးကိုတဦး ကျစ်ကျစ်ပါအောင် ဖက်ပြီး အသေခံခဲ့ကြတယ်။ တချက် အုန်းဆိုတဲ့ အသံကြားလိုက်တိုင်း အမလေး သေပါပြီ၊ ကယ်ပါ ဘုရားဘုရား မကယ်နိုင်တော့ဘူးလား။ လယ်သမားကြီးကလဲ ကျွန်တော့ကို ကလေးဝတ်နေ ဝတ်နေလို့သာ ပြောနေတာပါဗျာ၊ တချက် တချက် သူ့ဆီက အား အမေ အားဆိုတဲ့ အဆက်မပျက်ကြားနေရတယ်။ ကျွန်တော်က လူတွေရဲ့ အောက်ဆုံးမှာဝတ်နေပေမယ့် ယောက်ကျားစောင်း ဝါးခမောက်တလုံး စောင်းထားပြီး ကျောကိုရိုက်မိရင်မနာအောင်လို့ တခြားသူရဲ့ ကျောပိုးအိပ်တလုံးလဲ လွယ်ထားသေးတယ်။ ဒါကို ဘာလေးလဲဆိုပြီး မြေကြီးခဲနဲ့ အထုခံလိုက်ရသေးတယ်။
ဒါပေမဲ့ အားမတန်တော့ ကျွန်တော်တို့အဖွဲ့ မာန်လျှော့လိုက်ပြီး ကားပေါ်ကနေ ဆွဲချခံလိုက်ကြတယ်။ တယောက်ဆွဲချ ၁၀ ယောက်ဝိုင်းရိုက်၊ ကျွန်တော်လေ ကျွန်တော်လေ ကျွန်တော်သိပ်ချစ်တဲ့ ရဲဘော်တွေ ဒီလိုခံနေရတဲ့အချိန်မှာ ခင်များတို့ စဉ်းစားကြည့်ဗျ။ အခုစာရေး ရင်းနဲ့ ကျွန်တော် မျက်ရည်တွေ တကယ်ကြနေတာဗျ။
သူတို့ဗျာ၊ သူတို့ မိန်းမတွေအားလုံးကို အင်္ကျီတွေ ထမီတွေ အကုန်ဆွဲချွတ်တယ်။ ပါးစပ်ကလဲပြောသေးတယ်။ ကုလားမယားမတွေ အဲဒီ ခွေးအင်္ကျီတွေ ချွတ်ကြစမ်းတဲ့။ ကျွန်တော့အရှေ့က အန်တီတွေ ချွတ်လို့မှမပြီးသေးဘူး။ တုံးလုံကျွတ်အောင် ဆွဲချပြီ ရက်ရက်စက်စက် ရိုက်ကြတော့တာပါပဲ။
အဲဒီအချိန်မှာပဲ အရမ်းရိုးသားတဲ့ ကျွန်တော်တို့အဖွဲ့သား အကိုကြီးတဦးက လူယုတ်မာတွေကို ကန်တော့ပြီးတော့ တော်ကြပါတော့ဗျာ တော်ကြပါတော့ အားလုံးလဲ သေကုန်ပါပြီ၊ ကျေနပ်ကြပါတော့၊ ဟင်း ဟင်း ဘာရမလဲ ခွေးတွေလေ ခွေးတွေ ကျွန်တော်တို့ ရဲဘော်ကြီးကို မနားတန်းဝိုင်းပြီး ရိုက်သက်ကြတာပေါ့ဗျာ။ တော်တော်ရှုပ်တဲ့အကောင် သေစမ်း သေစမ်း တကိုလုံးသွေးတွေ ပြည့်အိုင်နေပြီး ကားပေါ်ပစ်တင်လိုက်တယ်။ ခွေးတွေမြင်ကြလားတဲ့။
ကျွန်တော့အလှဲ့ရောက်ပြီ၊ ယုတ်မာတဲ့ ခွေးတွေထဲက လူလို့ပဲပြောရမလား၊ အဲဒီလူက ဟေ့ကောင်တွေ ကလေး ကလေး မလုပ်နဲ့ မလုပ်နဲ့တဲ့ ကျွန်တော် ကျေးဇူးမတင်ရသေးခင်ဘဲ၊ ဟာ ဒီကလေးက ရှုပ်လိုက်တာကွာဆိုပြီး စောင့်ဆွဲပြီး သွေးတွေအိုင်ရွှဲနေတဲ့ သွေးလမ်းမကြီးပေါ် လွှင့်ပစ်တာခံလိုက်ရတယ်။ ကျွန်တော့ကိုယ်ခန္ဓာသွေးတွေနဲ့ ရောပါသွားတယ်။ တဆက်ထဲပဲ ကျွန်တော် မျက်လုံးဝင်းခနဲလင်းသွားတယ်။ သွေးတွေခေါင်းပေါ်ကနေဒလဟောဆင်းလာတယ်။ ကျွန်တော်မအော်အားဘူး လူခန္ဓာကိုယ်က သွေးအိုင်ထဲ လဲကျသွားတယ် ခေါင်းကိုအသာဖိထားပြီး အဓမ္မအရိုက်ခံနေရတဲ့ အန်တီတွေကိုပဲ ကြည့်နေမိတယ်။ မြန်မာအမျိုးသမီးတွေဆိုတော့ ဒီလောက်ရိုက်နေတဲ့ကြားက ရင်ဘက်မပေါ်အောင် ထမီကိုကျစ်ကျစ်ပါအောင် စုပ်ကိုင်နေကြရှာတယ်။
ကျစ်ကျစ်တောက်ပူနေတဲ့ လမ်းမကြီးကိုမှီပြီး ကြည့်နေတုန်း အနောက်ကနေ တင်ပါးကို တအားလွှဲ ရိုက်သွားတာ ခံလိုက်ရတယ်။ ပြီးတော့ အဲ့လူ အရှေ့ထွက်သွားပြီး ပြန်ကွေ့လာတယ်။ ကျွန်တော့နားကို လာစမ်းတယ်။ ကျွန်တော်လဲ အလိုက်သိပဲ ကွဲနေတဲ့ခေါင်းကိုအုပ်ထားတဲ့လက်ကို နားဆီလှမ်းပိတ်လိုက်တယ်။ ထိုသူက နားဆွဲကရှည်တော့ သူ့လက်နဲ့ရစ်ပြီး စောင့်ဆွဲဖြုတ်ယူသွားတယ်။ ကျွန်တော် နားဆွဲကိုလက်နဲ့ညှပ်လိုက်လို့သာ မဟုတ်ရင်နားပါ ပျက်ပါသွားမယ် ထင်တာပဲ။
ရင်ရှားထားတဲ့ အသက် ၆၀ ကျော် အန်တီကြီးတယောက်ကို အဲလူပဲလားမသိဘူး အသက် ၃၀ လောက်က ဆံပင်ကိုရစ် ကျောက်လမ်းနဲ့ရိုက် ကုလားကိုလင်တော်ချင်တဲ့ ဟာမ နင့်လင်ကုလားက နင့်ကိုဘာလုပ်ပေးလို့လဲ နင့်ကိုကုလားက ဘာလုပ်မှာ ညာလုပ်မှာ ငါတို့အစိုးရကသာ နင်တို့ ဒီလိုသွားနိုင်အောင် တံတားတွေဆောက် လမ်းတွေဖောက် နားလည်လား အို ဘယ်လိုမှ မကြားဝံ့ မနာသာ စကားတွေနဲ့ အဖွားအရွယ်ကို နှိပ်စက်နေတာဗျာ။ အဖွားဆို ပျော့ခွေနေပြီ။ ကျွန်တော်တော့ အသက်မရှင်နိုင်တေားဘူး ထင်တာပဲ။
အရေးထဲ ကိုအံ့ကြီးဆိုတဲ့သူက လှဲနေရာက တံတွေးထွေးတော့ ကျွန်တော့နားကနေ ကျော်သွားပြီး ဟေ့ကောင် မင်းကဘာကောင်လဲကွဆိုပြီး သံဒုတ်နဲ့ ဗိုက်ကို စောင့်ထိုးချပစ်လိုက်တယ်။ အားဆိုတဲ့တချက်အော်လိုက်ပြီး ကိုအံ့ကြီးလဲ အသံမထွက်တော့ဘူး။
သူတို့ရိုက်လို့အားရတော့ ကား၂ စီးကို ဓာတ်ဆီတွေနဲ့ပက် မီးရှို့၊ သူတို့ ဒိုင်နာကားတွေကို ဖင်လှဲ့၊ မန္တလေးတိုင်း အဖွဲ့ ၁ ပြန်မယ်၊ အဖွဲ့ ၂ အဆင်သင့်၊ စစ်ကိုင်းတိုင်း အဖွဲ့ ၁ ပြန်ကြမယ်၊ မြန်မြန်တက်ကြလေကွာ မင်းတို့အဖေတွေက ထသက်လိုက်လိမ့်မယ်၊
သူတို့အားလုံး ပြန်သွားကြပြီး။ ခဏနေတော့ ထော်လာဂျီ ၇ စီး ရောက်လာပြီး ဟေ့ကောင်တွေ လှုပ်တဲ့ကောင်အသေပဲနော် လူတွေကို လျှောက်ကြည့်ပြီး လှည့်ပြန်သွားကြတယ်။
ကျွန်တော်လဲ အန္တရာယ်ကင်းလောက်ပြီဆိုပြီ ထ၊ ကျွန်တော့ဘေးက လယ်သမားကြီးကို ကယ်မယ်ဆိုတော့ သူက မရဘူး၊ မထနိုင်တော့ဘူးတဲ့ အကိုက ဒီရွာကဆို မြို့နယ်ရဲစခန်းကို အကြောင်းကြားပေးပါဗျာ။ မထနိုင်လို့ပါအကို ကိုအံ့ကြီးကိုမတော့ သူက ဘယ်သူလဲ သမီးပါ သမီးတွဲပေးမယ်နော်၊ အကို ဖြေးဖြေးထ အေးလုပ်ပါဦးကွာ၊ အကိုလဲမထနိုင်တော့ဘူး။ ဒါနဲ့ ကျွန်တော်လဲ ကားနားမှီပေးလိုက်ပြီး မြော့နေတဲ့အဖွားကိုသွားမတော့ လုံးဝအသံမထွက်တော့ဘူး။ ဒါနဲ့ ကားခေါင်းကိုကြည့်လိုက်တော့ လူသုံးယောက် အသံမထွက်တော့ဘူး။ ကားဒရိုက်ဘာက မျက်လုံးကျွတ်ထွက်နေပြီ။
ကျွန်တော် တွေးလိုက်မိတာက ...
..........................................
လူသုံးယောက် ထပ်လျှက်သား အသံမထွက်တော့ဘူး။ ကားဒရိုက်ဘာက မျက်လုံးတွေ ကျွတ်ထွက်နေပြီ။
ကျွန်တော်တွေးလိုက်မိတယ်။
ကျွန်တော်တို့ကား မထွက်နိုင်ဘဲ တညလုံးအလူးအလဲ ခံနေကြရခြင်းအကြောင်းက ကျွန်တော်တို့ကားဒရိုက်ဘာက အစကတည်းက မျက်လုံးကျွတ်ထွက်သွားပြီး ပွဲခြင်းပြီးသေဆုံးနေရှာတာကို ကျွန်တော်တို့ကားအရှေ့က ကားပေါ်မှာလဲ ကျွန်တော်တို့ကို ဓာတ်ပုံအမြဲရိုက်ပေးတဲ့ ရုံးတပင်တိုင် ဓာတ်ပုံဆရာကြီး ဦးတင်မောင်ဝင်းကလဲ ကုန်းကုန်းကြီး ကင်မရာကြီးကိုလွယ်ပြီး ပွဲခြင်းပြီး အသက်ထွက်နေတယ်ဗျာ။
ကျွန်တော်တွေးမိပြန်တယ်။
ဒီလိုဆို ကျွန်တော့ရဲဘော်တွေအားအား သွေးလွန်ပြီးသေကုန်တော့မှာ ကျွန်တော်ထင်တာက အမေစုတို့ကားက ဘေးလွတ်ရာကို ပြေးပြီးအရှေ့တနေရာမှာ သေခြာပေါက်စောင့်နေမယ်ဆိုတာရယ် ကျွန်တော်တို့ကို ရိုက်တဲ့သူကားတွေကလဲ ဆက်မလိုက်ပဲ ပြန်လှည့်သွားကြတာရယ်ဆိုတော့ သေခြာတယ်၊ ကျွန်တော်လိုက်ရင် မီကိုမီမှာပဲဆိုပြီး လိုက်ခေါ်ဖို့ ဆုံးဖြက်ချက်ချလိုက်တယ်။
ကျွန်တော့ဒဏ်ရာတွေကို သတိမရအားဘူး။ ဒါနဲ့ ထွတ်ပြေးခါနီး ကျွန်တော်တို့မြို့နယ်က အကိုတယောက်က ညီမလေးပြေးနှင့် အကို ဒီလူနာတွေနဲ့ ဖြေးဖြေးချင်းတွဲလိုက်ခဲ့မယ်လို့ ပြောတော့၊ ကျွန်တော်ကလဲ အကို ကျွန်တော် ပြန်လာမှာနော် ကျွန်တော် ပြန်လာမှာနော်လို့ မှာပြီး တရှိန်ထိုး ပြေးထွက်ခဲ့တယ်။
မှောင်ပိန်းနေတဲ့လမိုက်ညမှာ ဘေးဝဲရာ ဘာတခုမှမမြင်ရတဲ့ လမ်းမကြီးပေါ်မှာ ကျွန်တော်တယောက်ထဲ ချိုင့်ခွက်တွေကလဲ မမြင်မှမမြင်ရဘဲ တဘုန်းဘုန်းချော်လဲတာပေါ့။ ဒါနဲ့ ဒူးတွေလက်တွေလဲ သွေးဗလဗွဖြစ်တော့ လဲခြင်လဲကွာဆိုပြီး ဖိနပ်ကို လက်မှာစွတ် ထမီကိုခါးမှာချီ ကျွန်တော်ဘာလို့ ၂ နာရီလောက် အဆက်မပျက်ပြေးနေလဲ သိလား၊
ဟိုးအဝေးကြီးက သစ်ပင်ရဲ့ထိပ်မှာ မီးရောင်ထင်းထင်းကြီး မြင်နေရလို့ပဲ။ အဲဒါ ကျွန်တော့ရဲ့မျှော်လင့်ချက် အမေစုတို့ကားတန်းက အဖွဲ့သားတွေကို မီးမောင်းထိုးပြထားပြီး ကြိုနေတာပဲဆိုတဲ့ လုံးဝယုံကြည်ချက်ကြောင့်၊ အဲဒီ မီးမောင်းက လိုက်လေ ဝေးလေဖြစ်နေတယ်။ ကျွန်တော် ဇွဲမလျှော့ဘူး၊ မီကိုမီရမယ်၊ စောင့်ကိုစောင့်နေမယ်၊ လူတွေအများကြီးအသက်ကို ငါပြန်ကယ်နိုင်တော့မယ်၊ ငါဟာ လုပ်နိုင်တဲ့သူဆိုပြီး လူတွေက ဝိုင်းချီးကျူးမှာ သေခြာတယ်။ကျွန်တော်စာဖွဲ့ရေးထားတာ မဟုတ်ပါဘူး ဒီနေ့အချိန်ထိကျန်နေသေးတဲ့ တကယ့်ကို တွေးခဲ့တဲ့ အတွေးတွေပါ။
ကျွန်တော် လိုက်လေဝေးလေ ဘာလို့မီးရောင်က မနီးလာဘဲ ဝေးဝေးသွားရတာလဲ ဘယ်လိုပဲဖြစ်နေနေ ငါမီကိုမီ ရမယ်ဆိတဲ့ အတွေးနဲ့ အရှိန်ပိုမြှင့်ပြေးလေ၊ ပို ဒလိမ့်ခေါက်ချိုး ဂျွမ်းပြန်ပြီးလဲလေ၊ အချိန်တန်တော့ အဲဒီ မီးမောင်းတွေနေရာကို ရောက်ရှိသွားခဲ့ပါတယ်။
ကျွန်တော်ရောက်တာနဲ့ ကျွန်တော့ကို မသိတဲ့သူမရှိတော့ ပြောစရာကိုမလိုဘူး၊ အာလုံး ဝိုင်းကြိုဆိုကြမှာ လက်ခုတ်တွေလဲ တီးကြမှာ ပန်းဝင်သလိုပေါ့၊ အမေစုကလဲ ငါ့ကိုချစ်ပြီးသားဆိုတော့ သူ့သမီးလေး ဘေးမသီ ရန်မခဘဲ အားပါးတရ ဖက်တောင်နမ်းမလားမသိဘူး။ အဲဒီ မျှော်လင့်ချက်တွေအားလုံး ကျွန်တော် အပြီးအပိုင်တချိန်ထဲမှာပဲ လုံးဝ ဆုံးရှုံးသွားခဲ့ရတယ်ဗျာ။ အဲဒီ မီးမောင်းကလေ ဒုတိယ သက်ကွင်းဗျ။
ကျွန်တော့ကို လူတယောက်က အမှောင်ထဲကနေ လမ်းအတိုင်းလှမ်းလာပြီး၊ ဟေ့ ကိုရင်လား ဒီကိုလာခဲ့တဲ့ ကျွန်တော်က အထက်ကပင်နီ အောက်ကလဲ အမေ့ဆီက ခိုးယူပြီးဝတ်လာတဲ့ ချိတ်ထမီအဝါ ခေါင်းပေါ်ကလဲ သူများခမှောက်အဝါဆိုတော့ မှားမှာပဲ ခပ်လှမ်းလှမ်း မီးရောင်မမြင်တမြင်မှာလဲ လူတွေ ရုတ် ရုတ်နဲ့ ကျွန်တော် မယုံတော့ဘူး။ အဲဒီ လူ နီးနီးလာရော ကျွန်တော်လဲ ဘယ်ရမလဲ လမ်းဘေးကမူးထဲကို လိမ့်ချပစ်လိုက်တယ်။ ရေက ကျွန်တော့ ချိုင်းလောက်ရှိတယ် ထမီမလဲမလွတ်တော့ဘူး။ တဖြေးဖြေးချင်း ဘေးလွတ်ရာကို ရွှေ့သွားပြီး သစ်ပင်ကြီးအနားလဲရောက်ရော ကျွန်တော် ဘိုင်းခနဲ ပစ်လဲကျသွားတယ် တမိနစ်လောက် သတိလစ်သွားတယ်ထင်တာပဲ၊ သတိယတော့ ကျွန်တော် ခွေခွေလေး မျက်လုံးတွေကလဲ အပင်ကြီးဆီရောက်မှပြာဝါးနေတယ်။ ရင်တွေကလဲ အမောဆို့သလို တဒိမ်းဒိမ်း တုန်နေတယ်။ကျွန်တော် ဖြေးဖြေးချင်းရွေးပြီး သစ်ပင်ကြီးနားမှာ မှီနေလိုက်တယ်။
ကျွန်တော်ငယ်ငယ်က စွမ်းအားကိုသိပ်ယုံကြည်တာ ဂါဌာတွေလဲ အမြားကြီးရတယ်။ စရဏ ကျင့်စဉ်တွေဆို အိမ်မှာအမြဲလိုလို ကျင့်ဖြစ်တယ်။ တယောက်ထဲ ဒီလိုနဲ့ နတ်တွေပင့် ယခင့်ယခင်ဘဝက နက်ဆွေမျိုးများ ကျွန်တော်တယောက်ထဲ ဒုက္ခရောက်နေပါတယ်။ ကျွန်တော်ဟာ ဘာမလုပ်ခဲ့ပါဘူး၊ ညာမလုပ်ခဲ့ပါဘူးပေါ့၊ သစ္စာဆို ကျွန်တော့ရဲ့ အခုခံစားနေရတဲ့ဝေတနာကို ကုပေးခဲ့မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ အမှန်တကယ် ခေတ်ကောင်းလာတဲ့အခါ ပြန်လာပြီးကျေးဇူးပြုပါမယ်။ ဘာညာပေါ့။
ခေါင်းပေါ်ကသွေးတွေကလဲ ဘာပြောကောင်းမလဲ၊ ပိုပြီးတော့တောင် နာမှထွက်ကောင်းနေတယ်။ လက်ထဲကို တံတွေးတွေထွေး သွေးတိတ်ဂါဌာ ၇ ခေါက်ရွတ်၊ ဂေါင်းကွဲနေတဲ့အပေါ် လောင်းချ ခေါင်းလေးကိုဖိပြီး အသာနားနေလိုက်တယ်။ ၁၀ မိနစ်လောက်ရောက်တော့၊ အဲဒီအချိန်က လူငယ်ခေါင်းဆောင်လေးတယောက်နဲ့ နောက်လိုက် ၃ ယောက် ရောက်လာပြီး ဟေ့ကောာင် လူကွ ဒီမှာ၊ တယောက်ဒုတ်ကိုင်ထား၊ တယောက်က ဓာတ်မီးထိုး ဓာတ်မီးထိုး ဆိုပြီး ကျွန်တော့ကို ဒုတ်နဲ့ရွယ်ပြီး ဓာတ်မီးကြီး မျက်နှာတဲ့တဲ့ထိုးလိုက်တယ်။ ကျွန်တော်လဲ ရန်သူလားမိတ်ဆွေလားမသိတော့ ကျောက်ချင်ဟန်ဆောင်လိုက်ရတယ်။
ဒါနဲ့ အဲဒီအကိုက ဟာ ညီမလေးမကြောက်နဲ့ မကြောက်နဲ့ အကိုတို့ရှိတယ် ဆိုပြီး ပုခုံးကိုလာဖက်ပေးတယ်။ ကျွန်တော် အဲဒီမြင်ကွင်းလေးကို ပြန်မြင်ရင်လဲ မျက်ရည်ကျမိတယ်။ ကျွန်တော့ဘဝက အဲဒီအချိန်မှာ တယောက်ထဲ သိပ်သနားဖို့ကောင်းနေသလိုပဲ။
ကိုဇော်ဇော်အောင် ညီမ အကိုတို့ ရွာထဲသွားအကူညီတောင်းမယ်၊ ပြီးတာနဲ့ မြို့ပြန်မယ်။ ကျွန်တော်က အကို ဒီအတိုင်းဘာမှမမြင်ရဘဲ လျှောက်သွားရင် အန္တရာယ်ရှိနိုင်တယ်။ ဒီညတော့ ဒီအပင်ပေါ်မှာပဲ နေပြီး မနက်မလင်ခင်လေးမှ သွားပြီးအကူညီတောင်းရင် မကောင်းဘူးလား၊ အေးကောင်းတယ် ဆိုပြီး ကျွန်တော်တို့ ၅ ယောက် သစ်ပင်ပေါ်တက်ကြတယ်၊ ကျွန်တော်က အပင်ပေါ်ရာက်နေပြီ သူတို့က ကျွန်တော့ကိုအော်ခေါ်ပြီး လိုက်ရှာနေကြတယ်။ ကျွန်တော်က တိုးတိုးလေး လှမ်းပြီး ကျွန်တော် ဒီအပေါ်မှာရှိတယ်၊ မအော်ကြနဲ့ဆိုမှ သူတို့ တက်လာကြတယ်။ တယောက်တကိုင်းဆီပေါ့။ သူတို့ထဲက ဂတုံးနဲ့လူတယောက်က ကျွန်တော့ကို နားနားကက်ပြီး သူက ကိုရင်ဖြစ်ကြောင်း ကြောက်လန်းတကြားနဲ့ တွေ့ရာဆွဲဝတ်လာရလို့ ပုဆိုးကြီးဖြစ်နေကြောင်း၊ သင်္ကန်းအားလုံး မပါတော့ကြောင်း ပြောနေတုန်း၊ ကိုဇော်ဇော်အောင်က ဟေ့ကောင် မင်း ဘာလုပ်တာလဲကွ ကလေးကို မင်းဘာကောင်လဲ မိုက်လား အောက်ဆင်း ဆိုပြီး ဒေါသတကြီးနဲ့လှမ်းပြောတော့ ကျွန်တော်က ပြန်ရှင်းပြရတယ်။ အကိုမဟုတ်ဘူး သူကျွန်တော့ကို ဘာမှမလုပ်ဘူး၊ အကို စိတ်မပူနဲ့ သူကသူ့အကြောင်းတွေ လာပြောနေတာ အေး ဟိတ်ကောင် မင်း ရုတ်ရုတ်လုပ်လို့ကတော့ အသေပဲ၊ ဟုတ်ကဲ့ပါအကို၊ ကျွန်တော် တောင်းပန်ပါတယ်ပေါ့။
တညလုံးလဲ ဖင်ထိုင်မရပါဘူး။ အရှိန်နဲ့ရိုက်ခံထားရတဲ့ဒဏ်ကြောင့် တင်ပါးတွေက စိစိညက်ညက်ကြေအောင်နာနေတော့ ထမီကြီးကိုတင်းပြီး ဟိုလှည့် ဒီလှည့်လုပ်နေရတယ်။
စစ်ကားတစီး လမ်းမပေါ်မှာ ညသန်းခေါင်ကြီး ပင်နီသမားတွေကို ဖမ်းခေါ်သွားတယ် ထင်တာပါပဲ။ ပါသွားတာတွေ့လိုက်တယ်။
ဓာတ်မီး ဖွင့်လိုက်ပိတ်လိုက်နဲ့ အပင်တွေကြားထဲက တိုးသွားသူကသွား လူတယောက်ပြေးလာတဲ့အသံလဲ ကြားလိုက်ရတယ် အမလေး ကျောက်ပါပြီဗျ၊ မလုပ်တော့ပါဘူးဗျ၊ ပြောပြောဆိုဆို အားဆိုတဲ့ အသံတချက်ကြားလိုက်ရပြီး ပျောက်သွားတယ်။ လူတစုအသံတွေလဲ ကြားရတယ်။ ဟိတ်ကောင်တွေ ဒီနားတင်ကွ၊ လိုက်ရှာ ဆိုတာတွေ၊ သေနပ် ၃ ချက် ပစ်သံလဲ ကြားလိုက်ရတယ်။ တောခြောက်နေသလား အောက်မေ့ရတယ်။ ခဏနေတော့ မိုးလင်းတာပါပဲ။ အဲဒီည ကျွန်တော် မအိပ်လိုက်ရပါဘူး။
.............................................
မနက်မလင်းတလင်းလေးမှာပဲ ကျွန်တော်တို့ သစ်ပင်ပေါ်က ကိုယ်စီဆင်းကြပြီး ကျွန်တော့ ဖိနက်တွေက ညက ကျွန်တော်မူးလဲတဲ့နေရာမှာ ဟိုတဖက်ဒီတဖက်နဲ့ တခုချင်းလိုက်ကောက်ရတယ် ကျွန်တော့ခြေထောက်တွေက သတိထားမိတော့ ဒူးတွေကမကွေးနိုင်တော့ဘူး။ ထော့ကျိုးထော့ကျိုးဖြစ်နေပြီး ပေါင်ထိ ဒိုက်ရှထားတဲ့ အစင်းခြစ်တေ၊ွ ခြစ်မိမှာပေါ့၊ ညကရေထဲမှာရှိတဲ့ ကိုင်းပင်တွေကရှခဲ့တာလေ၊ ခေါင်းကသွေးတွေကဆို စံပင်တွေနဲ့ ခဲနေတာ၊ တံတောင်၊ လက်ဖဝါး၊ လက်ပြင်၊ ပါး၊ တကိုယ်လုံးပွန်းပဲ့ရုံမကဘူး အင်္ကျီတခုလုံးရော အမေ့ချိတ်ထမီဆို ရစရာကို မရှိတော့ဘူး။ ထမှီက မထားရသေးတယ်၊ ဒူးကဒဏ်ရာတွေကို အထိမခံနိုင်တော့လို့ မလှမ်းတလှမ်းမှာရှိတဲ့ မူးဘေးနားမှာရက်ထားတဲ့ ကျွန်တော်တို့ ရဲဘော်တွေဆီ ထော့နဲ့ထော့နဲ့ သွားခဲ့တယ်။
အကို ၄ ယောက်နဲ့ပေါ့။ မူးနားရောက်တော့ ဦးအောင်စိုးက လုံးဝမနှစ်မြို့တဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး သွားသမီး မူးထဲဆင်းပြီး ခြေလက်တွေဆေး မျက်နာသစ်လိုက်ဦး ဆိုတာနဲ့ မူးထဲဖင်လျှောဆင်းတော့ လူတယောက်ကလှမ်းစတယ်၊ ညကလူရိုက်လို့မသေဘဲ အခုမှ မူးထဲကျသေမယ်နော်၊ ကလေးမ သတိထားဆင်းတဲ့၊ ကျန်တဲ့ အကို ၃ ယောက်က ညက မူးထဲထိုးကျနေတဲ့ ကားတွေကိုသွားကူကြပြီး ပုဆိုးဝတ်ထားတဲ့ ကိုရင်ကတော့ ရေချိုးပြီး၊ သင်္ကန်းတွေပြန်လဲ ကျွန်တော်လဲ သပ်ခါရပ်ခါလေးပဲ ဆေးကြောပြီး ကားနားပြန်သွားခဲ့တယ်။
ဦးအောင်စိုးက ရော့ သမီး အချိုရည်သောက်ဆိုပြီး အချိုရည်ဂတ်ဖာထဲက ၁ လုံး ထုတ်ပေးတယ်။ အချိုရည်သောက်ရင်း ကားခေါင်းနားရောက်သွားတော့ လူတယောက်ညည်းနေတာကြားရတယ်။ ကြည့်လိုက်တော့ ကျွန်တော့်ရင်ထဲ ဆို့သွားတာဗျာ။ အဲဒီလူ တကိုယ်လုံး ပုဆိုးပေါင်းစုံပတ်ထားတာ၊ ခေါင်းမှာလဲ သွေးအလိမ်းလိမ်းနဲ့ ရစရာကိုမရှိဘူး။ ဒီလူတော့ သေမှာပါလေ၊ စိတ်ကိုမကောင်းဘူး။
ခဏနေတော့ ဒဏ်ရာကိုယ်ဆီနဲ့ လက်ကျိုးသူကျိုး ခေါင်းကွဲသူကွဲ ခြေကျိုးသူကျိုး ဆိုင်ကယ်တွေလဲ ပုရစ်အမွှေးနုတ်ထားသလို စုတ်ပျက်နေတာပဲ ဆိုင်ကယ်က အစီး ၅၀၊ လူက ၉၇ ယောက်တဲ့၊ ဦးအောင်စိုး ကျွန်တော်တို့ တညလုံးတောထဲမှာပုံးနေတာဗျ။ အခုလှည့်ပြန်တော့မယ်၊ ဆက်မလိုက်တော့ဘူးဗျာ။ တချို့က ဆေးအချိန်မီကုရမှာမို့ပါ။
ဦးအောင်စိုးကလဲ ဟုတ်ကဲ့ပါ မှတ်တမ်းတင်ထားပါမယ်ပေါ့။ လူတွေကို တစ်စီးချင်းလိုက်ကြည့်နေမိတာ တယောက်မှ အကောင်းတိုင်းမပါဘူး။ ဒဏ်ရာတွေနဲ့ချည်းပဲ။
သူတို့ ကျောက်လမ်းမပေါ်ရောက်သွားပြီး မကြာပါဘူး။ ရုတ်ရုတ် ရုတ်ရုတ် လုပ်နေကြတုန်း စစ်ကားတစီး ရောက်လာတော့ ဝရုန်သုံးကားဖြစ်ကုန်ကြတယ်။ ဟိုပြေး သည်ပြေးပေါ့ ကျွန်တော်လဲဘယ်ရမလဲ အဲဒီအချိန်မှာ ကိုယ်ရင်တပါးကလက်ဆွဲပြီး သူတို့နဲ့ဝေးအောင် ခြေဦးတဲ့ရာ ပြေးတော့တာပဲ။ ထော့နေတဲ့ခြေထောက်တောင် ဘယ်ရောက်သွားမှန်မသိတော့ဘူး။
ကြားလိုက်တာကတော့ မပြေးကြပါနဲ့ ကျွန်တော်တို့ ခင်များတို့ကို ကူညီမလို့ပါ မဖမ်းပါဘူး။ မပြေးကြပါနဲ့ မပြေးကြပါနဲ့ ပြောရင်း သေနပ် ၃ ချက် ဖောက်သံကြားလိုက်တယ်။
တော်တော်လေးလှမ်းပြီထင်တော့ ကိုယ်ရင် ၃ ပါးနဲ့ ကျွန်တော်နဲ့ အတူတူဖြစ်နေတယ်။ မူးတဖက်ကျော်တော့ ကိုရင်တို့က ဘာလူမျိုးလဲဆိုတော့၊ ပလောင်တွေတဲ့၊ မုံရွာကနေလိုက်လာကြတာတဲ့ ဟေ့ကိုရင်တို့ တပည့်တော်တို့ ခုနက ပြေးတာ ဒီနေရာပဲ မဟုတ်ဖူးလား။ အင်း ဟုတ်တယ်ထင်တာပဲ၊ ငါတို့ မျက်စိတွေလည်နေပြီ။ ဘာဆက်လုပ်ကြမလဲ။ သူတို့က ပလောင်လေးတွေဆိုတော့ စကားကမပီတပီနဲ့ပေါ့။ ဒီနားမှာ ဘုန်းကြီးကျောင်းတော့ ရှိမှာပဲ ဒို့အကူညီတောင်းပြီ နားကြမယ်လေ။ ဒါဆို ဒကာမ ကကော တပည့်တော်ကို ကိုယ်ရင်တို့အမလို့ပြောပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့ကလေး ၄ ယောက်နေပူပူနဲ့ လယ်တောအတိုင်း လျှောက်သွားနေကြတယ်။ ခပ်လှမ်းလှမ်းသစ်ပင်နားရောက်တော့် လူနှစ်ယောက်က ကိုရင်တို့ ကိုရင်တို့ ဆိုပြီး လက်ခုတ်တီးခေါ်တယ်။
အင်္ကျီအဖြူဝတ်ထားတော့ ကြံ့ခိုင်ရေးတွေထင်ပြီး ကျွန်တော်တို့ ပထမတုန်းက မသွားရဲကြသေးဘူး၊ ကြောင်ကြည့်နေကြတာ သူတို့ကလဲ အဆက်မပြက်ခေါ်နေတော့ အနားကိုသွားလိုက်ကြရော၊ အဲဒီမှာ ကုလားကြီးက ကျွန်တော့ကိုစိုက်ကြည့်ပြီး ညီးက [ဦး.......] ရဲ့ သမီးမလားဆိုတော့မှ စိတ်အေးပြီ ယုံကြည်ရတော့တယ်။
ဟုတ်တယ် ဦးလေး အေးဒါဆိုရပြီ ဒါတပည့်တော်တို့သမီး စိတ်ချပြီး ကို့လမ်းကိုသာသွားကြတော့ ကိုရင်တို့နဲ့ တပည့်တော်တို့နဲ့ဆို လူပိုရိပ်မိသွားလိမ့်မယ်။ တပည့်တော်တို့က နည်းမျိုးစုံနဲ့သွားရမှာမို့ ကိုရင်တို့က ဘုန်းကြီးကျောင်းတွေသာသွား အကူညီတောင်းကြတော့။ ဟုတ်ပလား၊ ဟုတ်ကဲ့တကာကြီးဆိုပြီး ထွက်သွားကြတယ်။ သူတို့မသွားတက်မှာ စိုးရိမ်နေတော့ ဦးလေးကြီးက သမီးရယ် ဘာတက်နိုင်မှာလဲ သူတို့က နယ်ခံတွေဆိုတော့ ကံကောင်းမှာပါ။ နေဦး
သမီးအင်္ကျီတွေက သွေးတွေတအားပေနေတော့ ရော့ ဦးအကျီနဲ့လဲဝတ်လိုက် ဆိုပြီး ချွတ်ပေးခဲ့တယ် ကျွန်တော်လဲ အကျီချွတ်လဲလိုက်တယ် အင်္ကျီကြီးက မတန်တဆ ကြီးနေတော့ ဝန်ကြီးအင်္ကျီဖြစ်နေတယ်။ ကျွန်တော့ရဲ့ အမှတ်တရ သွေးစွန်းနေတဲ့ အကျီကိုတော့ သစ်ပင်ခွကြားမှာ နှမြောတသနဲ့ ညှပ်ထားခဲ့ရတယ်။ ကျွန်တော်တို့ ခရီးဆက်ခဲ့တယ်။
ဒို့ဗိုက်ဖြည့်ရင်း တအိမ်အိမ်မှာ အကူညီတောင်းပြီး ခဏနားကြရအောင်၊ ဟုတ်ကဲ့၊ ကန်သင်းတွေလုပ်နေတဲ့ လယ်သမားကြီးတွေနဲ့တွေ့တော့ ဦးချစ်ရင်က အကြိုးကြောင်း ရှင်းပြတော့၊ မိန်းမကြီး ၁ ယောက်က သူ့အိမ်ခေါ်သွားတယ်။ သူမအိမ်ရောက်တော့ ဦးချစ်ရင်က ပိုက်ဆံပေးပြီး ကြက်ဥဝယ်ကြော်ခိုင်းလိုက်တယ်။ သူမတို့ပြင်ဆင်နေကြတုန်း ကျွန်တော်တို့ ၃ ယောက် အိမ်ပေါ်တက်အိပ်ပြီး နားနေကြတယ်။ သူမသားလေးရောက်လာတော့ အမေ သားကို သူကြီးကမေးတယ်။ မင်းတို့အိမ်မှာ လူဘယ်နှစ်ယောက်လဲ၊ ဘယ်ကလာကြတာလဲ၊ ဘယ်တော့ပြန်မှာလဲ၊ အမျိုစုံမေးတယ်တဲ့။ ကျွန်တော်တို့လဲ မနားတော့ဘဲ ထမင်းကျမ်းခဲနဲ့ ကျက်ဥကြော် မြန်မြန်စားပြီး ထွက်ခါနည်းတော့၊ အိမ်ရှင် အန်တီကြီးက ကောင်းတော့မကောင်းဘူးပေါ့အေ၊ ဒါငါ့သားအင်္ကျီလေး၊ ကလေးမနဲ့ဆို တော်မှာပါ ဝတ်ကြည့်ပါလား။ အင်္ကျီကသေးသေးလေးဆိုပေပဲ့ အတော်ပဲ သူမကထပ်ပြီး ရော့အေ နွမ်းတော့နွမ်းတယ် ယူသွားလမ်းဝတ်ကအောင် မိန်းကလေးအင်င်္ကျီလေးကတထည် ထဲ့ပေးလိုက်တယ်။ ကျွန်တော်တို့ မြန်နိုင်သမျှမြန်အောင် အိမ်ကထွက်ခဲ့ကြတယ်။
လယ်သမား၃.၄ ယောက်နဲ့ပြန်တွေ့တော့ ကျွန်တော်တို့ ရထားရှိမဲ့နေရာကနေ မန္တလေးပြန်ချင်လို့ ကူညီပါဆိုတော့ လှိုက်လှိုက်လှဲလှဲ ကူညီကြတယ် ၃ ယောက်လိုက်ပို့ကြတယ်။ လယ်တွေထဲက ဖြတ်ရတယ်။ ကျွန်တော့ ခြေထောက်တွေက ဖိနပ်စီးလို့မရတော့ဘူး။ ခြေဖမိုးတွေကပေါက်ပြဲနေတော့လေ ဖိနပ်ကို လက်ကကိုင်နေရတဲ့ဘဝပေါ့။ ရွာသားတွေကသနားပြီး လမ်းမှာပစ်ထားတဲ့ တာယာဖိနပ် အကြီးကြီးလေးကလဲ အလေးကြီး ပေးစီးတော့။ ကျွန်တော့ ပုံတော်ဖိနပ်ကလေးကို လက်ကနေချွတ်ပြီး လဲစီးလာခဲ့ရတယ်။
အလွန့်အလွန် ပူပြင်းတဲ့နေကို အံကြိတ်ပြီး၊ ပျော့ရင်ဒူး မာရင်ဆူးဆိုတဲ့အတိုင်း အရမ်းလေးတဲ့ ဖိနပ်ကြီးကို ဒုတ်မှာထိုး ပုခုံးပေါ်မှာထမ်းရင်း အလွန်မာကျောတဲ့ မြေဆိုင်မြေခဲတွေကို ခြေဖုဝါးတွေတဆက်ဆက်တုန်အောင် နာနေပေမဲ့ နင်းမှဖြစ်မှာမို့ နာနေတဲ့ ခြေဖုဝါးတွေနဲ့ပဲ နင်းသွားခဲ့ရတယ်။ နေကလဲ တအားပူတော့ အသားတွေလဲ စပ်နေတာပဲ။ ဘယ်နေရာက ဝေဒနာကပိုပြင်းတယ်မသိ၊ ဒဏ်ရာက ခေါင်းကနေ ခြေဖုဝါးထိ အပြည့်ရှိနေတော့လေ။
တနေရာရောက်တော့ ဘွက်အိုင်တခုဖြက်ရတော့မှာ ယောက်ျားတွေအားလုံး ဗွက်အိုင်ထဲဆင်းလိုက်တိုင်း အာမေဍိတ်များစွာနဲ့ အတင်းရုန်းထွက်တာတွေ့ရတော့ ဗွက်အိုင်ထဲဆင်းရမှာကြောက်နေတော့ သူတို့က သနားတဲ့မျက်နာတွေနဲ့ ဦးတို့ကိုဆွဲထားသမီး မကြောက်နဲ့ ဆင်းလိုက် ကျွန်တော် ဆင်းလိုက်ပါတယ်။ ကျွန်တော့မျက်လုံးက ဘဝမှာပထမဆုံး မျက်ရေမကျအောင်ထိမ်းခြင်းပဲ။ အဲဒီအချိန်မှာ နှုတ်ခမ်းတွေကိုစိပြီး အံကိုကြိတ်ပြီး ကျွန်တော့ခြေထောက်တွေ တော်တော်နဲ့ရုံးမရခဲ့ဘူး။ ကျွန်တော်ငိုရလောက်အောင်ဖြစ်တာက အဲဒီဗွက်တွေက ပွက်နေတဲ့ ကတ္တရာပူတွေနဲ့ အတူတူဖြစ်နေလို့ပဲ။ ပူလွန်းလို့ အရှုံးမပေးမိအောင် မနဲရုန်းကန်ခဲ့ရတာဗျာ။
အဲဒီဗွက်အပူကြောင့် ကျွန်တော့ခြေထောက်က အနာတချို့ကျက်သွားတယ်။ ကျွန်တော်တို့ ဆက်သွားရင်းမိုးချုပ်သွားခဲ့တယ်။ နေ့လယ်စာ မစားရသေးဘူး။ ကျွန်တော်တို့ရောက်သွားတဲ့နေရာက ကျွန်တော်ပြေးခဲ့တဲ့ ပထမသတ်ကွင်းနေရာတဲ့။ ကျွန်တော်တို့က မူးကိုကူး ပြသနာဖြစ်နေတဲ့ လမ်းကိုဖြက်ပြီးမှ ရထားဘူတာရှိတဲ့ ကျီရွာကိုရောက်မှာ ပြသနာဖြစ်တဲ့နေရာမှာလဲ ရဲတွေရော ရှုပ်ယှက်ခတ်နေတာပဲ။ ဒါနဲ့ အဲဒီညကလဲ ကျွန်တော်တို့ မျှော်လင့်ချက်မရှိတော့တာနဲ့ လယ်သမားတွေခေါ်တဲ့နောက် လိုက်ခဲ့ကြတော့တယ်။
လူမနီး ရွာမနီး လမ်းမနီး ဘယ်ကိုမှ လှမ်းမမြင်ရတဲ့ လယ်ကွင်းတွေရဲ့အလယ်က တဲလေးထဲမှာ ကျွန်တော်တို့သုံးယောက်ကို ထားခဲ့ကြပြီး သူတို့ရွာကို ထွက်သွားကြတော့တယ်။ တဲလေးထဲမှာ တန်းလျားခုံတခုတွေ့တော့ ကိုဝဏနဲ့ ဦး....က တန်းလျားကိုမရွှေ့တော၊့ မြွေတွေ တက်လာကြတော့ ကျွန်တော်နဲ့ ဦး.......က တန်းလျားခုံပေါ် ခုန်တက် အဲအကိုက သစ်ငုတ်ကြီးပေါ် အလန့်တကြားခုန်တက်၊ ကျွန်တော်က သူတို့နှစ်ယောက်ကိုကြည့်နေမိတယ်။ ဘာလို့တအားကြောက်ကြတာလဲ အံ့သြလို့ ကျွန်တော်ကြောက်ရကောင်းမှန်မသိခဲ့ဘူး။ ဒါပေမဲ့ အဲဒီဘက်က အကုန်မြွေဆိုးတွေပဲရှိတာတဲ့။ အဲဒီတဲကလဲဗျာ မြွေသိုက်လားအောက့်မေ့ရတယ်။ တညလုံး ပင်ပန်းလွန်းလို့ တန်ရားပေါ်မှာ စိတ်ချလက်ချအိပ်လိုက်တော့တယ်။ ကျွန်တော်တို့ ၃ ယောက်က လူမသိသူမသိ လာရိုက်သက်လဲ ခံရတော့မဲ့ဘဝတွေ ဖြစ်နေကြပြီလေ။ မတော်လို့မြွေကိုက်ရင်လဲ သေကြရမှာပဲလေ။ ကယ်သူတော့ရှိမှာမဟုတ်ဘူး။ အကိုကြီးနဲ့ ဦးလေးကြီးက တညလုံးကျွန်တော့ကို စောင့်ရှောက်ပြီး နှစ်ယောက်လုံးတယောက်မှ မအိပ်ကြဘူး။
ည တော်တော်လေးမိုးချုပ်တော့ လူတွေအများကြီး ရောက်လာကြတယ်။ မိန်းကလေးလေးတယောက်လဲ ပါတယ်။ မိုးကာတခုရော ထမင်းကြမ်းတွေနဲ့ ကြက်ဥကြော်တွေလဲပါတယ်။ ထမင်းတွေက အေးပြီးခဲနေတယ်။ သူတို့က ကျွန်တော့ကို အတင်းနိုးကြွေးကြတယ်။ သူတို့သမီးလေးနဲ့လဲ မိတ်ဆက်ပေးတယ်။ ကလေးမလေးက စကတ်ကလေးနဲ့ ချစ်စရာလေးပါ။ ကျွန်တော်ဘာမှကို မပြောချင်ဘူး။ ပင်ပန်းလွန်းလို့ ထမင်းလဲမစားချင်ဘူး။ အားနာလို့ ၂ လုပ်တော့ စားလိုက်ပြီး ဘာမှမပြောဘဲ ပြန်အိပ်သွားခဲ့တယ်။
မနက်မိုးလင်းတော့ သမီးလေး ဦးတို့ကိုယုံပါ သွားရမဲ့ခရီးက ၁၅ မိုင် သမီးမှာလဲ ဒဏ်ရာတွေအများကြီးနဲ့ဆိုတော့ ပင်ပန်းမှာဆိုးလို့ပါ။ ရွာကျရင် ဦးတူမလို့ပြေထားမယ်လေ။ အခြေနေကောင်းသွားမှပြန်ပါ။ ကျွန်တော့ ရဲဘော်တွေကလဲ မျက်နှာပျက်နေပြီ။ ဒီမှာ သမီးနဲ့ ရွယ်တူ အဖော်ညီမလေးလဲရှိတာပဲ နေခဲ့ပါသမီးရယ်။ ခရီးက ၁၅ မိုင်တောင် အဝေးကြီး လမ်းလျှေက်သွားရမှာ ဦးလေးကြီးက ခဏဆိုခေါ်ပြီး သမီး သဘောကဘယ်လိုလဲ မစိုးရိမ်နဲ့ ဦးလေး သမီးပြန်လိုက်မှာဆိုတော့ ဦးလေးကြီးမျက်နာလဲဝင်းသွားပြီး၊ ကောင်းပါတယ်၊ ဖြေးဖြေးစောင့်ခေါ်ပါမယ်။ သမီးက ကျွန်တော်တို့နဲ့ပြန်လိုက်မှာတဲ့ ရွာသားကြီးက ဘာလို့လဲသမီးရဲ့ ဦးတို့ကိုမယုံလို့လား။ ဒီမှာ အဖော်လဲရှိတာပဲကို၊ အဲသဘော မဟုတ်ဘူး။ ဦး သမီး အဖေနဲ့အမေက သမီးမပါရင် ပိုစိုးရိမ်လိမ့်မယ်။ သမီး ဒီလမ်းကိုလျှောက်နိုင်အောင် လျှောက်မယ်။ တဖြေးဖြေးခြင်းပေါ့။ ဒါဆိုလဲ သမီးသဘောပေါ့ ဦးတို့တဖွဲ့လုံးက ရွာလမ်းခွဲမှာနေခဲ့ကြမှာ သမီးတို့ကို ဒီဦးလေးတယောက်က လိုက်ပို့လိမ့်မယ်။ နောက်မှတွေကြတာပေါ့ ဟုတ်ကဲ့ ဦးတို့ကျေးဇူးသမီးတသက်မမေ့ပါဘူး။ တနေ့ လာဖြစ်အောင်ပြန်လာခဲ့ပါမယ်။ အားလုံးကိုနှုတ်ဆက်လမ်းခွဲပြီး ခရီးဆက်ခဲ့ကြတယ်။
လမ်းမှာ သောက်စရာရေကို မူးထဲကပဲ ခြေထောက်အောက်ကရေ သဲ့ပြီး ပြန်သောက်ရတယ်။ နေ့လယ်စာကို ရွာတရွာမှာ အိမ်ရှင်အမကြီးကို ခွင့်တောင်းပြီး စား ရေချိုး ကွက်ပျစ်ပေါ်မှာအိပ် နား၊ တလမ်းလုံး ကိုဝဏ က ကျွန်တော့အဝတ်တွေကို လွယ်အိပ်ထဲထဲ့ လွယ်ခဲ့ရှာတယ်။
ညီမရေ.. ဒို့ဒီအဖြစ်ပျက်ကြီးကို တနေ့ ရုပ်ရှင်ရိုက်ဖြစ်အောင် ရိုက်ကြအောင်တဲ့ ၁၅ မိုင်လည်းပြည့်ရော ကူတို့ဆိပ် ဆိုတဲ့ရွာရောက်၊ ကျွန်တော်က အိမ်ရှင်ကိုကြက်ဥရယ် သံပုရာသီးရယ် သကြားရယ်ဝယ်ခိုင်းပြီး ရေနွေးပွတ်ပွတ်ဆူနဲ့ ကျွန်တော့ ရဲဘော်တွေကိုဖျော်တိုက်ခဲ့တယ်။ အိမ်ရှင်အန်တီကြီးတို့ သားအမိတွေနဲ့ ကျွန်တော်ကအိမ်ပေါ်မှာအိပ် သူတို့ ၃ ယောက်က အိမ်အောက်ထပ်မှာအိပ်ကြ၊ မနက် ၂ နာရီထိုးထ ကာရှရာဆီသွားစီး ကုန်အပြည့်နဲ့ ရွှေဘိုသွားတဲ့ကားစီး ရွာလမ်းက ကျောက်ခဲကြီးတွေ မညီမညာဆိုတော့ ကားကြီးမှောက်တော့မလိုဖြစ်သွားတယ်။ ယောက်ျားတွေ အကုန်ဆင်းတွန်းကြရတယ်။ တချို့မိန်းမတွေရောပေါ့။
ဦးလေးကြီးကပိုက်ဆံ အလိပ်ကလေးလာထိုးပေးပြီး သမီး ဦးကိုဘယ်သူကခေါ်သွားသွား လှဲ့မကြည့်နဲ့ သိလားမေးရင်လဲ မသိဘူးပဲဖြေ၊ မန္တလေးရောက်အောင်ဆက်သွားနော် သမီး၊
ဟုတ်ကဲ့ ဦးလေး။
ရွှေဘိုရောက်တော့ ကားဂိတ်ကနေဆိုက်ကားစီးပြန်ကြ၊ ကျွန်တော့ အသံတွေ မထွက်တော့ဘူး။ လူလဲပျော့ခွေနေပြီ။
ကိုယ်က အမဲသားမစားပါဘူးဆို မွတ်ဆလင်အိမ်ဆိုတော့ အမဲသားဆီပြန်ချက်ကြွေး ကြက်ဥကြော်ပဲ ပြန်စားရပြန်တာပေါ့။ အကိုကြီးနဲ့ ဦးလေးက အခြေနေမကောင်းမှန်သိတော့ ဆေးခန်းသွားပြီး အကြောဆေးထိုးပေးကြတယ်။ ဆေးခန်းကလဲ အရေပြားကုဆေးခန်းဖြစ်နေတော့ ဆေးသာထိုးရတယ် ဆရာဝန်က တခါသုံးအပ်မသုံးဘဲ ရေနွေးစိမ်ထိုးတော့ ကျွန်တော်တို့ တယောက်မျက်နာတယောက်ကြည့်ပြီး ရီရခက်ငိုရခက် ဖြစ်နေကြတယ်။ ခေါင်းကဒဏ်ရာက သစ်ကိုင်းပြုတ်ကျတာလို့ ပြောရတယ်။ အဲ့ ဦးလေးကြီးကမှ ကံဆိုးတာ ကားလက်မှတ် သွားဝယ်တုန်း ကျွဲကအခတ်ခံရသေး။ လမ်းမှာ စစ်တော့ကားပေါ်ကမဆင်းကြဘူး။ ဒါနဲ့ မန္တလေးပြန်ရောက်ပြီဆိုပါတော့။
အိမ်တိုက်ရိုက်ပြန်ရင် အဖမ်းခံရမှာစိုးလို့ လူအဝင်ထွက်နဲတဲ့ အဖေ့ညီအိမ်ကို တိုက်ရိုက်သွားလိုက်တယ်။ တွေ့တာနဲ့ အားလုံး အားရပါးရ ဖက်ပြီး ဝိုင်းငိုကြတယ်။ တဆင့်စကားနဲ့ အမျိုးတွေအားလုံးရောက်လာကြတယ်။ ငိုကြပေါ့၊ လိုက်ပို့တဲ့ ဦး....တောင် ဘယ်လိုပြန်သွားတယ်မသိလိုက်တော့ဘူး။ တူမလေးရယ် ကံသီပေလို့သာပေါ့။ တချို့က ငါ့တူမလေးကို အဒေါ်တို့ကယုံတယ်။ ဘုရားတရားတအားလုပ်တော့ ကယ်မယ့်သူပေါ်မှာပါလို့၊ အဲဒီအချိန်မှာ အမအကြီးဆုံးနဲ့အမေက ရွှေဘိုကို ကားဆင်းလုံးငါးပြီး လိုက်ရှာကြတာတဲ့၊ အမကြီးက ကြီးကြီးဆီဖုန်းဆက်တော့မှ ကလေးပြန်ရောက်ပြီဆိုလို့ ပြန်လှည့်လာကြတာ၊ တွေ့လဲတွေ့ရော ငိုလို့ကို မပြီးတော့ဘူး။
ညီမလေး မမပိုက်ဆံ ၁ သိန်းကျော် ကုန်တယ်သိလား။ ငါ့ညီမလေးမသေဘူးဆိုတာ မမရင်ထဲက သိနေတာ။ ငါ့ညီမလေးက ခေါင်းမာတော့ ဖြစ်တဲ့နည်းနဲပြန်လာမှာပဲ ဆိုပြီး တလမ်းလုံးလိုက်ရှာနေမိတာ။ ရွှေဘိုအိမ်ခဏနားနေတုန်း ညီမလေးအသံ ကြားလိုက်လို့ လိုက်ကြည့်တော့ မမီလိုက်ဘူး။ အမက မျက်ရည်တွေပဲ တွေတွေကျနေတော့တာ၊ စကားတွေကလဲ ဝမ်းသာလုံးဆို့ဆို့သွားသေးတယ်။ ငါ့ညီမလေးရဲ့လက္ခဏာကလေ တုံးပိလို့တောင်မသေဘူးသိလား။ အသက်ကယ်လမ်းကြောင်းက အရှည်ကြီးရှိတယ်။ အမ အဲဒါမှတ်ထားတာ၊ ငါ့ညီမလေး တနေ့ပြန်လာမယ်ဆိုတာ အလိုလိုသိနေတား ညီမလေးရယ် ကံသီလို့သာပေါ့။
ကြီးကြီးအိမ်ရောက် ကျွန်တော့အိမ်မှာ ထောက်လှမ်းရေးတွေ ရဲတွေ ဥက္ကဋ္ဌတွေ ကျွန်တော့အပြန်ကို ညအိပ်စောင့်နေကြတော့ အမ ယောက်ျားရွာ ပို့ကြပြန်ရော၊ ရွာလာစုံစမ်းတော့ သတင်းရတာနဲ့ မြို့ပြန်ခေါ်ကြပြန်ရော၊ အလုပ်တွေကိုရှုပ်နေတာပဲ။ ဒူးပြဲတာလဲ ၃ လ လောက်ကွေးမရခဲ့ဘူး။ မြို့ပြန်ရောက်တာနဲ့ ဂတုံးတုံးပြီး မယ်သီလရှင်ဘဝနဲ့ စစ်ကိုင်းမှာ ၃ လပြည့်တဲ့အထိ အိမ်မှာလုံခြုံရေးက ချထားတုန်း။ စာမေးပွဲကို အိမ်အနောက်ပေါက်ကခိုးထွက်ပြီး ဖြေခဲ့ရတယ်။
Treser Suu
No comments:
Post a Comment