Wednesday, June 18, 2014

သမတ လူလိမ် နဲ့ အာရွှီး ငဖြီး MPC ညိုအုန်းမြင့်

မဟာသန္တိသုခ ကျောင်းတိုက်ကြီး သံဃာများအရေးနဲ့ပတ်သက်လို့ သမတကြီးက ကြားဝင်ဖြေရှင်းပေးမှာ မဟုတ်ကြောင်း သမတရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သတင်းထုတ်ပြန်သွားတာကို တွေ့ရပါတယ်။ တဆက်တည်းမှာပဲ လွန်ခဲ့တဲ့ တလလောက်က ငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့် ကို သမတကြီးက ဆရာတော်ကြီးထံ လွှတ်ပြီး သတင်းစကားပါးခိုင်းတယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ ထဲ့သွင်းပြောသွားတာကိုလည်း ဖတ်ရပါတယ်။

ဒီနေရာမှာ ကျနော့်အနေနဲ့ ပြောစရာရှိလာပြီ။ ကိုညိုအုန်းမြင့် ရောက်လာတာ မတ်လ ၃၀ ရက်နေ့ပါ။ အဲဒီနေ့က ကျောင်းအောက်ဆုံးထပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့အချိန်

ကျနော်ရယ် ကိုကျော်စွာမြင့် ကိုမြတ်မင်း ကိုနေမျိုးဇင် ဒါရိုက်တာ ဦးဒေါန တို့ တဝိုင်းထဲထိုင်နေကြတာပါ။ ပီနန်းဆရာတော်ကြီးက ၆ ထပ်မှာ ရှိနေပါတယ်။ ကိုညိုအုန်းမြင့် ရောက်လာတော့ ဆရာတော်ကြီးတပါးထဲ သက်သေမရှိဖြစ်နေမစိုးလို့ ကျနော်နဲ့ ကိုကျော်စွာမြင့် ပါ ၆ လွှာ ဆရာတော်ကြီးထံ တက်ခဲ့ကြပါတယ်။

ကျနော်တို့ ရှေ့တင်ပဲ ကိုညိုအုန်းမြင့်က ...
“ဆရာတော်ကြီးအနေနဲ့ ဤကျောင်းမှာ စိတ်အေးချမ်းသာစွာ စံနေဖို့ ပူပန်ခြင်းမရှိဖို့ သမတကြီးက သတင်းစကား ပါးလျှောက်ထားခိုင်းပါကြောင်း” လျှောက်ပါတယ်။

ကျနော်က တကယ်တမ်း အင်အားသုံးလာစွဲချယင် သမတ က နေခိုင်းပါတယ်လို့ ပါးစပ်ကပြောယုံနဲ့ မလုံလောက်တဲ့အတွက် တရားဝင်စာထုတ်ပေးဖို့ပြောတော့ .. အဲလိုထုတ်ပေးဖို့တော့ မဖြစ်နိုင်ဘူးလို့ ပြန်ပြောပါတယ်။ ဘေးမှာကိုကျော်စွာမြင့် ရယ် သူ့တပည့် ဓာတ်ပုံသတင်းထောက်လည်းရှိပြီး ဓာတ်ပုံလည်း လိုရမယ်ရ ရိုက်ယူထားလိုက်ပါတယ်။

ခုဖြစ်တာတွေလည်း ဖြစ်ပျက်သွားကြပါပြီ။ အထင်ကရဆရာတော်တွေလည်း လူဝတ်လဲခံရပြီး အင်းစိန်ထောင်ထဲ ရောက်သွားကြပါပြီ။ ဒီကိစ္စနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်သူ သမတအကြံပေးပုဂ္ဂိုလ်လို့ ဆိုင်းဘုတ်တပ်ထားတဲ့ ဦးအံမောင်က သမတကြီး သတင်းစကားပါးခိုင်းတာ မသိဘူးလို့ငြင်း ဆိုသွားပါတယ်။

နောက်တခါ ဦးရဲထွဠ်ကလည်း ဆရာတော်ကြီးထံ သမတကြီးက သတင်းစကားပါးခိုင်းတယ်ဆိုတာ မဟုတ်ဘူးလို့ တရားဝင်ငြင်းဆိုပြန်ပါပြီ။
ဒါဆို ကိုညိုအုန်းမြင့်ကပဲ အားအားယားယား သမတကြီးနံမည်လာအလွဲသုံးစားလုပ်တာလား။ ဒါမဟုတ် သမတကြီး လက်အောက်ကလူတွေကပဲ ကိုညိုအုန်းမြင့်ကို သမတ က ပြောခိုင်းပါတယ်ဆိုပြီး ညာခိုင်းတာလား။ သမတကြီးက တကယ်သဘောရိုးနဲ့ မှာကြားလျှောက်ထားခိုင်းပြီး တစုံတခုသောပယောဂကြောင့် ခုမှမဟုတ်ပါဘူးငြင်း
ဆိုတာလား။ ဘာမှန်းကိုမှန်းဆလို့မရတော့ပါဘူး။

ပွင့်လင်းမြင်သာတဲ့ ခေတ်ပေကိုး

အဲဒီနေ့က ကျနော်ကိုယ်တိုင် လိုက်ရေးပေးခဲ့ရတဲ့ ဆရာတော်ကြီး မိန့်ကြားချက်တချို့ကိုပဲ ဖော်ပြပါရစေ ....

“ငါ အခုလုပ်နေတာ ကျောင်းလုနေတာမဟုတ်ဘူး။ ဒို့နိုင်ငံမှာ အဖြူ နဲ့ အမဲ၊ အမှန်နဲ့အမှားကွဲပြားဖို့ တိုက်နေတာ။ ငါတည်ခဲ့တဲ့ကျောင်းတွေ ကမ္ဘာအနှံ့ တပုံကြီ။ ဒီကြောင်းနဲ့ပတ်သက်လို့ မြေဂရံနဲ့တကွ ပိုင်ဆိုင်မှုအထောက်အထားတွေ ငါ့လက်ထဲ အားလုံးရှိတယ်။ အဲဒီတော့ ဓမ္မကြောင်းအရပဲဖြစ်ဖြစ်၊ ဥပဒေကြောင်းအရပဲဖြစ်ဖြစ်၊ ရင်ဆိုင်ဖြေရှင်းဘို့ အသင့်ပဲ။ ဒါကိုမှ ငါရူးတယ်ဆိုယင် မြန်မာပြည်က ငါချက်ချင်းထွက်သွားမယ်”
လို့ မိန့်ဆိုသွားပါတယ်ခင်ဗျာ။

Zin Wyne ဖေ့စ်ဘွခ် မှ .. (မူရင်းခေါင်းစဉ် က ကဲ.. မယုံချင်နေ ဖြစ်ပါတယ်)

No comments: