Thursday, June 19, 2014

လစ်ဘရယ်နဲ့ နီယိုကွန်ဆာဗေးတစ် အားပြိုင်မှု (မိုးသီးဇွန်)

အတွေးအခေါ် တွေပြောင်းလဲသွားတာနဲ့အမျှ လူအဖွဲ့စည်းဟာလဲ ပြောင်းလဲသွားရတာပဲ။
(ဟီဂဲလ် - ဂျာမန် ဒဿနိက ပညာရှင် )

ဒီနေ့ နိုင်ငံရေး အခြေအနေတွေက ရှုပ်ထွေးလာတယ်။ ဘယ်သူက ဘယ်သူ့ဘက်ရပ်တည်နေတာလဲ မသိတော့ဘူးလို့ တချို့ရဲဘော်တွေက ညည်းတွားလာကြတယ်။ တကယ်တော့ နိုင်ငံရေးမှာ အဘိဓမ္မာကိုလေ့လာထားရင် ဒီလိုရှုပ်ထွေးမှုတွေ မရှိပါဘူး။ အဆင့်တိုင်းက ဖြတ်သန်းလာတဲ့ နိုင်ငံရေးအခြေအနေတွေကို ရှင်းလင်းလွယ်ကူစွာ မြင်နိုင်မှာ ဖြစ်တယ်။

ဒီနေ့ ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာကို အဘိဓမ္မာနည်းနဲ့ကြည့်ရင်တော့ လစ်ဘရယ်တွေ (Liberals) နဲ့ ရီဗားစ် ကွန်ဆာဗေးတစ် (Reverse Conservatives) သို့မဟုတ် နိယိုကွန် (Neoconservatives) တွေဖြစ်နေတဲ့ အားပြိုင်မှု ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်
လစ်ဘရယ်နဲ့
နိယိုကွန် သို့မဟုတ် အခြေအနေနဲ့အညီ ပြောင်းလဲလိုသူနဲ့ ခေတ်နောက်ပြန်ဆွဲသူတွေရဲ့ အားပြိုင်မှုတွေ ဖြစ်တယ်။ ကွန်ဆာဗေးတစ်တွေထဲမှာ ကြည့်ရင်တောင် မြန်မပြည်ရဲ့အခြေအနေက ခေတ်နောက်ပြန်ဆွဲ နီယိုကွန်တွေ ဖြစ်နေပါတယ်။

လစ်ဘရယ်ဆိုတာက လွတ်လပ်မှု တရားမျှတမှုအခြေခံမှာ ခေတ်နဲ့အညီ လိုက်လျောညီထွေပြောင်းလဲလိုတဲ့ အယူအဆပါ။ သူရဲ့ တန်ဖိုးသတ်မှတ်ချက်တွေ လွတ်လပ်စွာပြောဆိုခွင့်၊ တရားဥပဒေစိုးမိုးရေး၊ အာဏာခွဲဝေရေး၊ ဈေးကွက်စီးပွားရေး၊ အမျိုးသမီးအခွင့်အရေး တိုင်းရင်းသားအခွင့်အရေးတွေ ဖြစ်လာတယ်။

ကွန်ဆာဗေးတစ်ဆိုတာကတော့ ရှေးရိုးစွဲဝါဒ ပါ။ ဒီမိုကရေစီအင်အားစုတွေထဲမှာလဲ ကွန်ဆာဗေးတစ်တွေ ရှိတယ်။ လစ်ဘရယ်တွေရှိတယ်။ စစ်အုပ်စုထဲမှာလဲ ကွန်ဆာဗေးတစ်တွေ ရှိတယ်။ လစ်ဘရယ်တွေရှိတယ်။ တိုင်းရင်းသားတွေထဲမှာလဲ ကွန်ဆာဗေးတစ်တွေရှိတယ်။ လစ်ဘရယ်တွေရှိတယ်။ လူငယ်တွေထဲမှာလဲ လစ်ဘရယ်လူငယ်ရှိသလို ကွန်ဆာဗေးတစ် လူငယ်တွေလဲ ထုနဲ့ဒေး ဖြစ်နေကြတယ်။ ဒီတော့ အခြေအနေက ရှုပ်ထွေးစရာလို့ ထင်စရာရှိတယ်။

ဒီလိုလစ်ဘရယ် အတွေးအခေါ်ရှိသူတွေနဲ့ ကွန်ဆာဗေးတစ် အယူဝါဒရှိသူတွေဟာ နိုင်ငံတိုင်းမှာ နိုင်ငံရေးအင်အားစုတွေတိုင်းမှာ အားပြိုင်မှုတွေ ရှိနေခဲ့ကြပါတယ်။ ဘုရင်စနစ်ထဲမှာလဲ လစ်ဘရယ်ဖြစ်တဲ့ သူတွေရှိသလို ကွန်ဆာဗေးတစ် ဖြစ်သူတွေလဲရှိတယ်။ ကွန်မြူနစ်စနစ်ထဲမှာလဲ လစ်ဘရယ်ဖြစ်တဲ့သူနဲ့ ကွန်ဆာဗေးတစ်ဖြစ်သူတွေ ရှိနေတာပဲ ဖြစ်တယ်။ အလားတူပဲ အရှင်းရှင်စနစ်ထဲမှာလဲ ပိုမိုလစ်ဘရယ်ဖြစ်လာသူတွေနဲ့ ကွန်ဆာဗေးတစ်ဖြစ်သူတွေ ရှိတယ်။ ဒီအင်အားစုတွေ အားပြိုင်တယ်။ တခါတရံမှာ ဘ တပြန် ကျား တပြန် အခြေအနေရှိတယ်။ အခြေအနေ အချိန်အခါပေါ်မူတည်နေပြီး ဘယ်အင်အားစုက ခေါင်းဆောင်မလဲ ဆိုတာတွေ ဖြစ်လာတယ်။

လစ်ဘရယ်အတွေးအခေါ်က ဒီနေ့ကမ္ဘာကြီးရဲ့ အဓိကပင်မ အတွေးအခေါ်ဖြစ်လာတယ်။ ဒီအတွေးအခေါ်က ပြင်သစ်တော်လှန်ရေးမတိုင်မီမှာ စတင်သန္ဓေတည်လာတယ်။ ဘော်လ်တိုင်းယား၊ မွန်တက်စ်ကျူစ်၊ ရူးဆိုး၊ ဂျွန်လော့၊ သောမတ်ပိန်းတို့ဟာ ဒီသဘောတရားရဲ့ရှေ့ဆောင်လမ်းပြတွေ
ဖြစ်ခဲ့တယ်။

ကမ္ဘာ့သမိုင်းမှာ ဒုတိယကမ္ဘာစစ်ကို လစ်ဘရယ်တွေက ဖက်ဆစ်တွေကိုအောင်မြင်ခဲ့တဲ့အောင်ပွဲလို့ သမိုင်းဆရာတွေက သတ်မှတ်တယ်။ စစ်အေးတိုက်ပွဲကိုတော့လဲ လစ်ဘရယ်တွေက ကွန်မြူနစ်စနစ်ပေါ် အနိုင်ရခဲ့တယ်လို့ ဆိုပြန်ပါတယ်။ လစ်ဘရယ်ဆိုတာက ခေတ်နဲ့အညီ
လိုက်လျောညီထွေပြောင်းလဲတယ်လို့ ဆိုတယ်၊

ကွန်ဆာဗေးတစ်ဆိုတာကတော့ ရှေးရိုးစွဲဝါဒ ဆိုတဲ့နေရာမှာ ကွန်ဆာဗေးတစ်တိုင်းဟာ အန္တရာယ်မပေးကြပါဘူး။ သူတို့ဟာ ရှေးရိုးရာအယူဆ ယဉ်ကျေးမှုတွေကို ထိန်းသိမ်ချင်ကြပါတယ်။ ဒါဟာ မှားတယ်လို့ပြောလို့ မရပါဘူး။ ထိန်းသိမ်းသင့်တဲ့အရာတွေကို ထိန်းသိမ်းရမှာပါ။ ကွန်ဆာဗေးတစ်တိုင်ဟာ အန္တရာယ်ပေးသူတွေ မဟုတ်ပါဘူး။

တလောက လွတ်တော်ထဲမှာ လွတ်တော်အမတ်တဦးက ခေါင်းပေါင်းကို အစည်းဝေးလုပ်နေချိန်မှာ ချွတ်ထားသင့်သလား၊ ပေါင်းထားသင့်သလား ဆိုတဲ့ အတွေးအခေါ်အဆင့်မျှသာရှိတယ်။ တကယ်က သူဟာသူ ပေါင်းချင်ပေါင်း ချွတ်ချင်ချွတ် ၊ လွှင့်ပစ်ချင်ပစ် ဘာမှအရေးပါတဲ့ အလုပ်မဟုတ်ပါဘူး။ တကယ်အရေး တကြီးဆွေးနွေးရမှာက အခြေခံဥပဒေပြုပြင်ဖို့ မြေသိမ်းယာသိမ်းကိစ္စတွေ ဆွေးနွေးဖို့ ငြိမ်းချမ်းရေး ပြဿနာကို အဖြေရှာဖို့ပါပဲ။ သူတို့ဟာ ကြောင်စီစီနိုင်တာကလွဲလို့ အန္တရာယ်တော့ သိပ်မပေးလှပါဘူး။

နိယိုကွန် အန္တရာယ်

အန္တရာယ်ပေးတာကတော့ ရီဗားစ် ကွန်ဆာဗေးတစ် ခေါ် နီယိုကွန်တွေ ဖြစ်ပါတယ်။ သူက သူရဲ့ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းရုံမက တခြားသူတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖျက်ဆီးတယ်။ သူက ခေတ်နောက်ပြန်ဆွဲလိုသူတွေ ဖြစ်တယ်။ လက်ရှိ ရှိနေတဲ့ နိုင်ငံရေး
ယဉ်ကျေးမှုတွေအဆင့်ကနေ သမိုင်းဦးဘုံမြေစနစ်အဆင့်ကို လူ့အဖွဲ့စည်းတခုလုံးကို ပြန်ခေါ်သွားလိုသူတွေ ဖြစ်တယ်။ ဥပမာပြောရရင် ၁၄ ရာစု
ဥရောပ ခရစ်ယန်လူ့အဖွဲ့အစည်း၊ တာလီဘန်၊ အီရန်၊ ကက်စရှာမီးယား၊ အင်ဒိုနီးရှားက က အစ္စလမ် အခြေခံဝါဒီတွေနဲ့ မြန်မာပြည်က မဟန ၊ မဘသ ၊ ၉၆၉ တွေ ဖြစ်တယ်။

အစ္စလမ်အခြေခံဝါဒီတွေဟာ သူများဘာသာတရားနဲ့ ယဉ်ကျေးမှုတွေကို ပစ်ပယ်တယ်။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံကြတယ်။ အလားတူပဲ မြန်မပြည်က မဟန ကလဲ ဒီသဘောတရားကို ကိုင်ဆွဲထားတဲ့ ဘုန်းကြီးဂိုဏ်း ဖြစ်တယ်။ သူတို့ဟာ ယာယီအားဖြင့် အားကောင်းနေသယောင် ရှိတယ်။ ဒါပေမဲ့ ဒါဟာ ယာယီပဲ ဖြစ်တယ်။ သူတို့ဟာ နိုင်ငံတကာ သမိုင်းရေစီးချောင်းမှာကို ပြောင်းပြန်ထဖို့ကြိုးစားနေတဲ့ ရေဂယက်ငယ်တွေသာ ဖြစ်တယ်။ မူလရေစီးကြောင်း မဟုတ်ဘူး။

ကိုယ်ပတ်ဝန်းကျင်မှာ ကိုယ်သူငယ်ချင်းတွေထဲမှာ ဘယ်သူက လစ်ဘရယ်လဲ၊ ဘယ်သူက ကွန်ဆာဗေးတစ်လဲ ဆိုတာ ခွဲခြားသိနိုင်ဖို့ လိုပါတယ်။ တချို့မိတ်ဆွေတွဟာ နိုင်ငံရေးမှာ စစ်အာဏာရှင်စနစ်ကို မကြိုက်ဘူး။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတယ်။ ဒါပေမဲ့ တပြိုင်နက်ထဲမှာ သူတို့ လူနည်းစုတွေအပေါ်မှာ ခွဲခြားဆက်ဆံချင်တယ်။ တိုင်းရင်းသားတွေအပေါ်မှာ နှိမ်ချဆက်ဆံချင်တယ်။ အကိုကြီး ညီလေးလို လုပ်ချင်တယ်။

အမျိုးသမီးတွေအပေါ်မှာ သဘောထားမမှန်ဘူး။ ခွဲခြားဆက်ဆံချင်ကြတယ်။ အထက်လူကြီးတွေကို မဝေဖန်ရဲဘူး၊ မှားမှားမှန်မှန် ဟုတ်ကဲ့သမားတွေ ဖြစ်နေတယ်။ နာခံနေတယ်။ ဒီမိုကရေစီ အင်အားစုတွေကြားထဲမှာဖြစ်နေတဲ့ ရီဗားစ် ကွန်ဆာဗေးတစ်သမားတွေ ဖြစ်တယ်။

ရီဗာစ် ကွန်ဆာဗေးတစ်သမားတွေက လူငယ်ငယ်၊ လူကြီးကြီး အရွယ်မရွေး ရှိနေတတ်ပါတယ်။ ကိုယ့်လူ သူ့လူရယ်မဟုတ်ဘူး။ အဖွဲ့တိုင်းမှာ ရှိနေတတ်ကြတယ်။ ဒါကို သတိထားရမယ်။ ရီဗားစ် ကွန်ဆာဗေးတစ်တွေကို အဖွဲ့စည်းမှာ ခေါင်းဆောင်မှုမပေးမိအောင် ဆင်ခြင်ရမယ်။ မရွေးချယ်မိအောင် သတိထားရမယ်။

လူအဖွဲ့စည်းမှာ ရီဗားစ် ကွန်ဆာဗေးတစ်တွေ အားကောင်းလာတဲ့ အဓိကအကြောင်းရင်းတခုကတော့ စီးပွားရေးပြဿနာ ဖြစ်တယ်။ မြန်မာပြည်ဟာ နှစ်ရည်စီးပွားပျက်ကပ် (Long Depression) ဖြစ်နေတဲ့ နိုင်ငံတခုဖြစ်နေတာက ရီဗားစ် ကွန်ဆာဗေးတစ်တွေအတွက်
အိမ်သာကျင်းထဲက လောက်ကောင်တွေလို ပေါက်ပွားချင်တိုင်း ပေါက်ပွားစရာ ဖြစ်နေတယ်။ ၀ီရသူ၊ တိလောက၊ အံမောင်၊ ဆန်းဆင့် တို့လို လူမျိုးတွေဟာ စံနမူနာပြ ရီဗားစ် ကွန်ဆာဗေးတစ်တွေ ဖြစ်တယ်။

ရီဗားစ် ကွန်ဆာဗေးတစ်တွေဟာ အားနည်းသူတွေကို ဖိနှိပ်လေ့ရှိပြီး အင်အားရှိသူတွေကို ဖားလေ့ရှိကြတယ်။ စစ်အုပ်စုလက်အောက်မှာ အားအနည်းဆုံးလူတွေဟာ အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်လာတယ်။ သူတို့ဟာ ဒီအားအနည်းဆုံးဖြစ်တဲ့ အမျိုးသမီးဘ၀ မြှင့်တင်ရေးအတွက်
လုပ်တာ၊ ပြောတာတွေမရှိဘဲ။ အမျိုးသမီးတွေကို ဖိနှိပ်ရေးအတွက် ကျွန်ပြုနိုင်ရေးဥပဒေတွေကို ပြဋ္ဌာန်းဖို့အထိပါ လက်ရဲဇက်ရဲ ကျူးလွန်လာသူတွေ ဖြစ်မယ်။ ဒါဟာ ရာဇ၀တ်မှု ဖြစ်တယ်။ ယဉ်ကျေးတဲ့နိုင်ငံတကာ အသိုင်းအ၀ိုင်းက လုံးဝကိုလက်မခံနိုင်တဲ့ ရာဇတ်ဝတ်မှုတွေ ဖြစ်တယ်။

စီးပွားရေးနိမ့်ကျသွားတဲ့အတွက် လူအဖွဲ့စည်းမှာ အားနည်းသူတွေအတွက် အားရှိသူတွေ (Strongest) ကို ပိုပြီး မှီခိုမှု (Dependency) များသွားတယ်။ ဒီအပေါ်မှာ ရေရှည်အုပ်ချုပ်ထားနိုင်ဖို့အတွက် အခွင့်အလမ်းကို ရသွားကြတယ်။ သူတို့ဟာ လူအဖွဲ့စည်းမှာ အားနည်းသူတွေက စီးပွားရေးအရ အမှီခိုကင်းလာတာနဲအမျှ သူတို့အာဏာအ၀န်းအ၀ိုင်းဟာ ကျဉ်းလာတယ်။ ကျဆင်းလာတယ်။ ဒါကြောင့် သူတို့ဟာ ဖြစ်နိုင်ရင်
လူ့အဖွဲ့စည်းတခုလုံးကို သမိုင်းဦးဘုံမြေခေတ်အဆင့်မှာ ထားချင်ကြတယ်။ ဒီလူအဖွဲ့အစည်းမှာ ခွန်အားက အရာရာကိုဆုံးဖြတ်နိုင်တဲ့တရား ဖြစ်နေတယ်။ ဒါကြောင့် သူတို့ဟာ လူအဖွဲ့ စည်းတခုလုံး အလုံးစုံ ပြောင်းလဲရေးကို မလုပ်ချင်ဘူး။ နိုင်ငံရေးအာဏာ ခွဲဝေပုံစနစ်တခုတည်းကိုသာ ပြောင်းလဲလိုသူတွေ ဖြစ်တယ်။

ဒီအခြေအနေမှာ အဖြေကတော့ လစ်ဘရယ်အင်အားစုတွေဟာ လစ်ဘရယ်အချင်းအချင်း စုစည်းဖို့ လိုလာတယ်။ ခဲခဲချင်းစု၊ သံသံချင်းစု ဆိုတဲ့စကားလို ဂေါဏေန ဂေါဏော ၊ သမဏေန သမဏော (နွား နွားချင်၊ ရဟန်း ရဟန်းချင်း = လူဆိုး လူဆိုးချင်း၊ လူကောင်း လူကောင်းချင်း) ဆိုတဲ့ ပါဠိစကားပုံလိုပဲ။ တူရာစုရမယ်။ တူရာပေါင်းရမယ်။ စစ်တပ်ထဲက ပြုပြင်ပြောင်းလဲလိုသူတွေ၊ ဒီမိုကရေစီထဲက ပြုပြင်ပြောင်းလဲလိုသူတွေနဲ့ တိုင်းရင်းသားတွေထဲက ပြုပြင်ပြောင်းလဲသူတွေချင်း စုစည်းနိုင်ဖို့ အားကောင်းလာဖို့ လိုလာတယ်။

နိုင်ငံရေးလမ်းကြောင်းမှာ ဒီအင်အားစုတွေ ခေါင်းဆောင်မှုရလာဖို့ လိုလာတယ်။ ဒါဟာ နိုင်ငံရေးလမ်းကြာင်း၊ ဒါဟာ ညီညွတ်ရေးလမ်းကြောင်း ဖြစ်တယ်။ ဒါဟာ မြန်မာပြည်သူတွေ ဒီကနေ့ တောင်းဆိုနေတဲ့ ဒီမိုကရေစီပြန်လည်ထွန်းကားရေး၊ ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး လမ်းစဉ် ဖြစ်တယ်။

ဒါကိုလုပ်ရမယ်။ ဒါကိုကြိုးပမ်းရမယ်။

မိုးသီးဇွန်
၂၄ ဇွန် ၂၀၁၄

(မှတ်ချက် ... ဒီဆောင်းပါးဟာ ကျနော်ရေးနေတဲ့ မြန်မာ့နိုင်ငံရေးပြဿနာ သို့မဟုတ် လစ်ဘရယ်နဲ့ နီယိုကွန် အားပြိုင်မှုစာအုပ်ရဲ့ နိဒါန်းပိုင်း ဖြစ်ပါတယ်။ အရှည်ကို မကြာခင် ဖေါ်ပြပါမယ်)

No comments: