Monday, July 14, 2014

နှစ် ထောင့် ရှစ် ဆယ့် လေး (၆)

တကယ်ကတော့ ဘဝဖြစ်တည်မှု၏ အစစ်အမှန် သဘာဝသည် ကျေနပ်စရာ ဘယ်လိုနည်းနဲ့မှ မဟုတ်ကြောင်းကို မသိစိတ် (အနုသယ) တွင် ကျွန်တော်တို့ အစဉ်သဖြင့် သိရှိရိပ်စားခဲ့ပါသည်။ အတင်းကာရော မာန်တင်း ဖန်တီးထားရသည့်‘မိမိ’ ဆိုသော‘လိပ်ပြာ’– ၎င်းလိပ်ပြာဟာ ပုံရိပ်လွှာတခုမျှသာ ဖြစ်ပြီး အမှန်တကယ် မရှိမှု – အဲသလို မရှိကြောင်းကို ရိပ်စားသိရှိထားမှု– ဖန်ဆင်းခံ နာနာဘာဝ စိတ္တဇရုပ်ကို စွဲဖက်ပြီး နေထိုင်နေရတဲ့ ဖြစ်တည်မှုဟာ အမှန်တကယ် ကျေနပ်ဖွယ်ရာလို့ ဘယ်ခါမှ မရယူမပိုင်ဆိုင်နိုင်လေသည့် အရင်းမူလ ‘ဒုက္ခ’ ကို လူသားကျွန်တော်တို့သည် မသိစိတ်ဝယ် အစဉ်သဖြင့် မနားတမ်း စိုးရွံ့ကြောက်လန့်နေခဲ့ ပါသည် ။ ဘယ်တော့မှ နိစ္စ သုခ အတ္တ ရယ်လို့ မပြည့်လာနိုင်သော တကယ့်ပင်ရင်းဖြစ်တည်မှုဟာ အစဉ်သဖြင့် ကျွန်တော်တို့အား ခြောက်လှန့်လျက်ရှိပြီး ဒါကို ကျွန်တော်တို့ဟာ ဘဝတစ်လျှောက်လုံး မလုံခြုံ
စိတ်အားငယ်ခဲ့ရ၊ အလွန်တရာလည်း ကျွန်တော်တို့ စက်ဆုတ်မုန်းတီးနေခဲ့ ပါသည် — ၎င်း ဖြစ်တည်မှု အခြေခံသဘာဝ (ဝါ) မိမိကိုယ်ကို မပြည့်နိုင်မှန်း သိနေသော သဘောသည် ဗမာပြည်နိုင်ငံရေးတွင် လှည့်စားမှုကို ဖန်တီးသောသူတို့က လူထုအပေါ်မှာ နင်းသုံးထားသော သော့ချက်ဖြစ်သည်။ မပြည့်နိုင်သော မိမိကို ဗမာ၊ ဗုဒ္ဓဘာသာ၊အရွေးချယ်ခံ ပါရမီရှင် စသော ကိန်းခန်း လက္ခဏာတို့ဖြင့် ထင်မြင်သိမှတ်လာစေရန် ရွှေရောင်ဝင်း ဟိန်းဟိန်းတောက် နေသော နန်းတော်ကြီးတွေ၊ လွှတ်တော်ကြီးတွေ၊ ရုပ်ထုကြီးတွေ၊ ဘုန်းကံရှင် အဂ္ဂဆရာတော်ကြီးတွေ စသဖြင့် တန်ဆာဆင်ပြီး ဖြည့်ပြလိုက်သည်။]

ဤသို့ လူသားတို့၏ ပင်ကို မသိစိတ်တွင် ကွယ်ဝှက်ထားသော ‘ခြောက်ခြားမုန်းတီးမှု’ တို့သည် သမုဒယ သမုဒ္ဒရာဗမာပြည်၏ ပါတီ အစိုးရက ဦးဆောင်ကျင်းပသော နှစ်မိနစ် အမုန်းဖော်ထုတ်ပွဲတွင် ‘တရားဝင်’ ဖော်ထုတ်ခွင့် ရလေပြီးလျှင် ကြောက်ရွံ့စက်ဆုပ်စိတ်၊ ကလဲ့စားချေလိုစိတ်၊ သတ်ဖြတ်လိုစိတ်၊ နှိပ်စက်ညှဉ်းပန်းလိုစိတ်၊ အားလုံးကို ချေမွပစ်လိုစိတ် စသော ‘ပင်ကိုစရိုက် သားရဲတိရစ္ဆာန် စိတ်စီးကြောင်း’ (Primitive Instincts) တို့ဟာ တအုပ်စုလုံးကို လျှပ်စီးကူးဆက်သွားကာ ပါတီဝင်တွေဟာ (ပင်ရင်း) စိတ်အနာ စိတ်ဒဏ်ရာတွေ နာကျင်လာပြီး ရူးသွပ်စွာပြုမူ ပေါက်ကွဲထွက်ကုန်ကြပါတော့တယ်။

[မှတ်ချက်။ ။ ခု ပြခဲ့သလို လူသား၏ အခြေခံသားရဲစရိုက် (Basic violent instincts) တို့ကို ပြန်ပေါ်လာအောင် ဆွပေးခြင်း၊ တမင်ဖန်တီးပေးခြင်း၊လမ်းကြောင်းပေးခြင်းသည် လုံးစည်းစနစ် ယန္တရား အစိုးရ (Totalitarian government) ကို တည်တံ့အောင် ထိန်းသိမ်းသော အခြေခံအကျဆုံး သော့ချက်လုပ်ငန်းစဉ် ဖြစ်သည်။ ဖြစ်တည်မှုကို အစဉ်သဖြင့် မကျေနပ်နိုင်မှုမှလာသော အခြေခံသားရဲစရိုက်သည် လူတိုင်းမှာ ရှိပြီး လူတဦးချင်းဆိုလျှင် ခွန်အားမရှိသောကြောင့် လူတဦးချင်းသည် ၎င်း အခြေခံစရိုက်တွေကို ဖော်ထုတ်ပြဖို့ရန် ဝံ့ရဲလေ့မရှိ။

‘လုံးစည်းသာ ပဓာန’ ဟူသော ဝါဒကို စွဲကိုင်ကာ တည်ဆောက်ဖွဲ့စည်း လာပြီဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာ၊ တိုင်းရင်းသား၊ အမျိုးသား၊ ပါတီ၊ လမ်းစဉ်၊ ပစ္စည်းမဲ့ လူတန်းစား၊ နိုင်ငံတော် စသဖြင့် ‘လုံးစည်းအခြေအနေ-အုပ်စု’ တို့တွင် (၎င်းတို့သည် အမှန်တကယ် တည်ရှိနေသည့် အုပ်စု အစစ်အမှန်ရယ်လို့လည်း အမြဲတမ်း မဟုတ်တတ်ဘဲ စိတ်ကူးဖြင့်မှန်းဆ (သို့) သက်သက် လုပ်ကြံဖန်တီး လုံးစည်းထားသည် ‘အခြေအနေ’ တခုရယ်လို့လည်း ဖြစ်တတ်သည်။ ဥပမာ ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်ဖက်ဆစ်ကလုပ်သော ‘အရှေ့အာရှ ညီအစ်ကိုများ’) အုပ်စု-အခြေအနေ အားကိုးနဲ့ အုပ်စု-အခြေအနေဝင်တို့သည် တဦးချင်းဆိုလျှင် မြိုသိပ်ထိန်ဝှက်ထားခဲ့ရသော အခြေခံ သားရဲစရိုက်တို့ကို ဖော်ထုတ်ဖို့ရန် ရဲဝံ့လာကြတော့သည်။

သည်သို့ မိမိဘက်က အသာစီးရယူရမှာကို မရှက်ကြောက်တော့ပဲ ရဲဝံ့လာကြသော အချက်ကနေပြီး လူအုပ်စုကို အဓိက ထပ်မံကြိုးကိုင်သွားရန် သော့ချက်မှာ လုံးစည်းစနစ်ကို ဦးဆောင်သူကနေပြီး လုံးစည်းအခြေအနေ-အုပ်စု၏ အနှစ်ရည်ရွယ်ချက်ဟု ‘စီမံချက်’ (planning) ချမှတ်ဖော်ဆောင်၊ အုပ်စုဝင်တို့ကို လူစုလူဝေး ရည်မှန်းချက်ကြီး တခုခုကို (အမျိုး ဘာသာ စောင့်ရှောက်ရန် စသဖြင့်) လမ်းကြောင်းပေးခြင်း ပေတည်း။ ]

[တနည်းအားဖြင့် အုပ်စုတအုပ်စုလုံး အတွက် စီမံချက် (Planning) မရှိသော လုံးစည်းစနစ် တခုဟူ၍ မရှိ။ ဘာလို့လဲဆိုတော့ ဤသို့ မြင့်မြတ်သည်ဆိုသော ဦးတည်ချက်ကြီးများ ‘အမျိုးသားရေး၊ သာသနာရေး၊ ပစ္စည်းမဲ့ လူတန်းစားရေး’ စသော ‘အနှစ်သာရကြီးများ’ ဖြင့် လမ်းလွဲထားမှသာလျှင် အဖွဲ့ဝင်လူသားသည် မိမိ၏ အရင်း ဖြစ်တည်မှုသဘောမှာ ရှိတဲ့ ပြဿနာ (Existential problem) ကို မေ့ပျောက်နိုင်မည် မဟုတ်ပါလား။ သည်မှာလည်း နောက်ထပ် သော့ချက်လှည့်ကွက်ကြီး တခုကို လုံးစည်းစီမံကိန်းရှင် (လုံးစည်းခေါင်းဆောင်) တို့သည် ထပ်မံ ဖန်တီးရပါ၏။ ၎င်း အုပ်စုအခြေအနေ စီမံကိန်းတို့သည် လူသား၏ အရင်း ဖြစ်တည်မှုသဘောမှာ ရှိတဲ့ ပြဿနာ (Existential problem) ကို လမ်းလွဲမေ့ပျောက်ရုံ သက်သက်သာမက၊ ၎င်း ပြဿနာကို မုန်းတီးစက်ဆုပ်နေမှုကို ‘တရားဝင်’ ဖော်ထုတ်ရန် တမင်ဖွင့်ပေးခြင်းပါတည်း။ ဘယ်လိုလုပ်သလဲဆိုတော့ အုပ်စု-အခြေအနေ၏ ပြင်ပကလူ၊ အုပ်စု-အခြေအနေ၏ ‘အနှစ်ရည်ရွယ်ချက် စီမံကိန်း’ ကို ဆန့်ကျင်သူတို့ကို ‘တရားဝင်’ နှိပ်ကွပ်ခွင့်၊ တနည်းနည်းဖြင့် အကြမ်းဖက်ခွင့် ပေးခြင်း ဖြစ်သည်။

ဗမာပြည်မှာဆိုလျှင် နေဝင်းဟာ ဟိုးအရင်ကတည်းက ကုလား တရုတ်ကို ရန်သူရှာ ၊ မွတ်စ်စလင်-ဗုဒ္ဓဘာသာ သို့တည်းမဟုတ် တရုတ်-ဗမာ အဓိကရုဏ်းတွေ တမင် ဖန်တီး၊ သူခိုး ခါးပိုက်နိုက်လို့ စွပ်စွဲခံရသူကို လူထုအားနဲ့ သေအောင်ဝိုင်းရိုက်တာကို တမင်လွှတ်ပေး စသဖြင့် လုပ်တာတွေဟာ အခြေခံ သားရဲတိရစ္ဆာန် စိတ်တွေကို တမင် တရားဝင် ဖွင့်ထုတ်ခွင့်ပေးခြင်း ဖြစ်ပါ၏။ ဤတွင် အရေးတကြီး သိမှတ်ရန်မှာ ကုလား တရုတ် စသော ‘ပြင်ပလူ’တို့အတွက် နေဝင်းက ဖန်တီးထားသော လုံးစည်းအုပ်စု-အခြေအနေ အနှစ်လက္ခဏာမှာ ‘ဗမာ’ ဖြစ်ပြီး ခါးပိုက်နိုက်ဆိုသော ‘ပြင်ပလူ’ ကို သေအောင် ဝိုင်းရိုက်နေသော လုံးစည်းလူထု ၏ အုပ်စု-အခြေအနေ အနှစ်လက္ခဏာမှာ ‘လူကောင်း’ ဖြစ်သည်။ ထို့အတူပင် သည်ဘက် သိန်းစိန်ခေတ်တွင် ဖန်တီးထားသော လုံးစည်းအုပ်စု-အခြေအနေ၏ အနှစ်လက္ခဏာမှာ ‘ဗမာ-တိုင်းရင်းသား’ ၊ ‘သစ္စာရှိသူ’ ၊ ‘ဘာသာ သာသနာ နှင့် လူမျိုးအပေါ် သစ္စာရှိသူ’ စသဖြင့် ဖြစ်ပြီး ‘ပြင်ပလူ’တို့မှာ ‘လူမျိုးခြား’၊ ‘ဘာသာခြား’၊ ‘မွတ်စလင်’၊ ‘ရိုဟင်ဂျာ-ဘင်္ဂလီ’၊ ‘ဘာသာသာသနာ ပေါ် သစ္စာမရှိသူ’ တို့ ဖြစ်သည်။

အဓိက နားလည်ရန်မှာ လုံးစည်းဝါဒတွင် ပေါ်ပေါက်လာသော စီမံကိန်း (ဝါ) ဒို့အရေး (ဝါ) လူအုပ်စုအရေးတို့သည် လူ့ပင်ကို အခြေခံစရိုက် (ဝါ) ဖြစ်တည်မှု ပြဿနာ (Existential problem) တွင်ရှိသော အာသာမပြေနိုင်မှု (ဝါ) လောဘ၊ မုန်းတီးစက်ဆုပ်မှု (ဝါ) ဒေါသနှင့် အံကိုက်အောင် လုပ်ထားရခြင်း ပေတည်း။ ဒါကို လုပ်ရသည့် အဓိက ရည်ရွယ်ချက်မှာလည်း တခုတည်းပဲ ဖြစ်ပါ၏ ။ အဲဒါကတော့ လူတွေကို ‘ဘဝမေ့ သွားအောင် လုပ်ခြင်း’ ဖြစ်ပြီး လူတွေဘဝမေ့ကုန်လျှင် အုပ်ချုပ်ရေး စနစ်ဆိုး (စစ်အာဏာရှင် စနစ်ဆိုး)ကို တော်လှန်ရန် သတိမရတော့ဘဲ ဘဘကြီးငါတို့ နှင့်တကွ ရောင်းရင်း ဗမာ့လူဘောင် ထိပ်တန်းလူတန်းစားဝင်များသည် တသက်လုံး မပြတ်တမ်း ဆက်လက် စံစားရပေအံ့။ ဤသော့ချက် သဘောတရားတို့သည် ဝတ္ထုနောက်ပိုင်းတွင် အလွန်ထင်ရှား၍ လာပါလိမ့်မည်။ ]

‘မုန်းလိုက်သမှမုန်း’ ၂ မိနစ် အမုန်းပွဲမှာ လူတွေဟာ သည်လို ရူးသွပ်ပေါက်ကွဲထွက်လာ ပေမယ့်လည်း ခံစားရတဲ့ ဒေါသမီးဟာ တကယ်ကတော့ ပုံချစရာ သီးသန့် တစုံတဦး ရယ်လို့လည်း အမှန်တကယ် မရှိ။ မီးစာတိုင် တတိုင်မှာ လောင်နေတဲ့မီးဟာ တခြားလောင်လို့ရတဲ့ ဘယ်မီးတိုင်ကို မဆို ကူးစက်လောင်မြိုက်လို့ ရသလို (ကိုယ့်စိတ်ထဲမှာ ကိုယ့်ဟာကိုယ် ရှို့နေတဲ့) စိတ္တဇအမုန်းမီးဟာ ရန်သူလို့ ပုံဖော်ချင်တဲ့လူကို ပုံဖော်၊ ရှို့ချင်တဲ့လူကို လိုက်ရှို့ပစ်လိုက်စမ်း။ ထိုင်ခုံကို တဝုန်းဝုန်း ကန်နေတဲ့ ကျောက်ညို ရဲ့ စိတ်ထဲမှာ မုန်းမုန်းတီးတီး လောင်မြိုက်ရှို့ပစ်လိုက်တဲ့သူဟာ တစ်ခါတစ်ခါမှာဆို လူဆိုးကြီး ရွှေပယင်း လုံးဝ မဟုတ်တော့ပါဘူး၊ နောက်ဆိတ်သိုးကောင်ကြီး တစ်ကောင် (ဝါ) မျိုးစောင့်ဘဘကြီး ၊ ‘ပါတီ’ ၊ မျိုးစောင့် ဒဿနစောင့်ရဲ၊ အို… ပြိုကွဲတိမ်းပါးသွားဖို့ အမြဲမပြတ် အန္တရာယ်ရှိနေသော ဗမာလူ့ဘောင်ကြီးကို မပြိုကွဲမတိမ်းပါးရလေအောင် ထာဝရ စောင့်ရှောက်နေကြသူ နိုင်ငံ့ရှေ့ဆောင် ခွေးမသားတွေ အားလုံးကို ပါပဲ။ သည်အချိန်မှာမျိုးမှာ ဆိုရင်လေ.. တီဗွီမှန်သားပြင်ပေါ်က ကဲ့ရဲ့ ရှုတ်ချစဖွယ် ဖောက်ပြန်တိမ်းစောင်းတဲ့ အယူအဆတွေဟာ ဘုရားသခင်ကိုယ်တိုင် ရေးသားချီးမြှင့်တဲ့ ကဗျာ သို့မဟုတ် ဘဂဝါဂီတ၊ ဆိတ်သိုးကြီးရွှေပယင်း ဟာ ရွံမုန်းစရာ မည်းညစ်တဲ့ တိရစ္ဆာန်ဆိုးကြီး မဟုတ်တော့ဘဲ သူကလေးသည်သာလျှင် အမှန်တရားကို စောင့်ရှောက်သူ သစ္စာနတ်သမီး ဖြူချောကလေး၊ ဆိတ်သိုးကြီး ဟောပြောနေတာတွေဟာ လိမ်ညာမုသား သလဲဖုန်တွေ ထောင်းထောင်းထ ညစ်ပတ်တဲ့ ဗမာပြည် သဲကန္တာရကြီးထဲမှာ အရိုင်းတပွင့် တပွင့်တည်းသာ ဖူးပွင့်ရှာတဲ့ သစ္စာကြာ။

ဒါပေမယ့်လည်း။ ကိုကျောက်ညို ‘စိတ်မီးရှို့’ သွားပြီးတဲ့အခါ မုန်းတီးငွေ့တွေဟာ ရုတ်ချည်းပျောက်ကွယ်သွားခဲ့ပြီး လွင့်ပြယ်သွားတဲ့ အမုန်းမီးခိုးငွေ့တွေ နေရာမှာ သဏ္ဍန်ကြီး တခု ပေါ်ပေါက်လာရာ ကျောက်ညို၏ မြင်ကွင်းနှင့် နီးသည်ထက်နီးလာ ပါတော့၏။ လားလား၊ ပြာကျအောင် ဘယ်လိုပင် အထပ်ထပ်အခါခါ မီးရှို့လိုက်ပစေအုံး၊ ဇာမဏီငှက်လို မီးပုံထဲကနေ ပျံသန်းထွက်လာ ပီပီပြင်ပြင် အသက်ပြန်ဝင်လာတဲ့ မျိုးစောင့်ဘဘကြီး ပါလား။ တသက်လုံး ကျောက်ညို အမြင်ကပ် ကြိတ်မုန်းမုန်းခဲ့သမျှ ခံစားမှုတို့ဟာ အားကိုးကြည်ညိုခြင်းသို့ ပြောင်းလဲသွားခဲ့ပါသည်။ ရွှေတောင်ကြီးရယ်က ရွှေထီးပမာ ဘဘကြီး၊ ပတ်လည်ဝိုင်းရံ ပြည်တွင်းပြည်ပ ရန်ဟူသမျှ တွန်းလှန်ချေဖျက် အောင်မြင်နိုင်သူ ဘဘကြီး၊ ကြောက်သွေးဟူ၍ နှမ်းတစ်စေ့မှ မဝှေ့စိတ်ထဲ ရိပ်ပင်မဝဲ တစ်မျိုးသားလုံးကို စောင့်ရှောက်လေသူ ဝီရသူဘွဲ့ရှင် ဘရဲရင့်ကြီး၊ အရှေ့အာရှ ဥရောရှား ရွှေပယင်း စတဲ့ စစ်တပ်တွေက ဗမာပြည်ကို သိမ်းပိုက်လို့ တမျိုးသားလုံး သူ့ကျွန်အဖြစ် နွံနစ်ရလေမယ့် ဖြစ်အင်ဆိုးကို ကျောက်ဆောင်ကြီးသဖွယ် ကြံ့ကြံ့ခံတိုက်နေတဲ့ စစ်ရေး အမြော်အမြင်ကြီးမား စစ်မဟာဗျူဟာတို့ကို ကျွမ်းကျင်လေသူ ဘဘဗိုလ်ချုပ်ကြီး။ လူမြင်ကွင်းမှာ ပေါ်လာလေ့မရှိ၊ မည်သူက မည်သို့ ချုပ်ထိန်းစီမနေသည်ကိုလည်း မသိရပေမယ့် မျိုးစောင့်ဘဘကြီးဟာ သမုဒ္ဒရာဗမာနိုင်ငံကို အခိုင်အခန့် လုံခြုံစေသော ကျောက်စရစ်တံခါးမကြီး ဖြစ်ပါသည်။

မျိုးစောင့် ဘဘကြီးဟာ တကယ်ရှိလား၊ မရှိလား ဆိုတာ အရေးမကြီးပါ။ အရေးကြီးတာက မျိုးစောင့်ဘဘကြီးက အမြဲထာဝရ စောင့်ရှောက်ခဲ့တဲ့ ငါတို့အားလုံးရဲ့ အစဉ်အလာ ‘ဘုန်းတန်ခိုးသစ္စာ’ကို သံသယမဝင်မိကြဖို့ပါ။ ဗမာ့ဘုန်း၊ ဗမာ့ကံ၊ ဗမာ့အနာဂါတ်၊ ဗမာ့လားရာဟာ ဘယ်သူနဲ့မှမတူ သီးသန့်ထူးခြား အနှစ်သာရ ဦးတည်ရာ အသေအချာရှိတဲ့ ‘သမိုင်းကြောင်းစဉ်လာ’ ကြီး ဖြစ်တယ်ဆိုတာကို အသည်းနင့်အောင် ယုံကြည်ထွေးပိုက်ထားဖို့ ပါပဲ။ မျိုးစောင့်ဘဘကြီးက မြေအုတ်ပြိုကျလျှင် ကျောက်အုတ်ဖြင့်တည်၊ စက်အုတ်မသုံး လက်အုတ်သုံးကာ ခေတ်သမိုင်းအဆက်ဆက် ချွေးသွေးမြေကျ ဝင်းခတ်ပေးခဲ့သော မဟာရံအုတ်ခြံစည်းရိုးကြီးအထဲက ‘ဗမာ’ ဆိုတဲ့ ‘အထူး အရွေးချယ်ခံ’ (chosen) ဖြစ်တည်မှုကြီးကို မသေမချင်း ငါတို့ ဂုဏ်ယူသွားတတ်ဖို့ ဖြစ်ပါသည်။ ကုန်းကောက်စရာ မရှိ ငတ်ပြတ်နေလဲ ‘ဗမာ’ ဟာ ရွေးချယ်ခံ ၊ ပညာမွဲတေ သူများနောက် ပြတ်ကျန်ရစ်လဲ ‘ဗမာ’ဟာ ရွေးချယ်ခံ၊ စစ်ကျွန်ဖြစ်ရ တွင်းဆုံးကျလည်း ‘ဗမာ’ ဟာ ရွေးချယ်ခံ – မျိုးစောင့်ဘဘကြီးဟာ ကျောက်ညိုတို့ အားလုံးအတွက် ဗမာဆိုတာ ဘာလဲဆိုတာ ရယ်ဒီမိတ် (အဆင်သင့်) ရွေးချယ်ထားပြီး ‘အထူး’လူသားကလေး ကျွန်တော်တို့ တတွေ၏ ‘အထူး’ ဝင်းခြံကြီးတခုလုံးကို စောင့်ရှောက်ပေးနေပါတယ်။ ကျောက်ညိုတို့ ကလေးတွေ လုပ်ဖို့က တခုတည်းပါ၊ အဲဒါကတော့ ဘဝ၏ ဖြစ်တည်မှု ပြဿနာဆိုတာ အခြားသူတို့မှာ အဖြေရှာမတွေ့နိုင်ပေမယ့် အများနှင့်မတူ တမူထူးခြားသူ ဗမာတို့အတွက် ‘ဗမာ’ ဆိုတာဟာ ငါတို့ဘဝ ဖြစ်တည်မှု၏ အဖြေ ပဲ လို့ ငါတို့ ရှာဖွေတွေ့ရှိ ကျေနပ်သွားဖို့ ဖြစ်ပါသည်။

Note: various derogatory usages of ‘the satisfiable’ ကျေနပ်စရာ: ‘inner liberty’ [Hayek], ‘illusion’ [Buddha] , ‘indoctirnation’ [Orwell]

[မှတ်ချက်။ ။ ဗုဒ္ဓဘာသာကို အနော်ရထာကစလို့ မော်ဒန်ခေတ်အထိ ဗမာစစ်အာဏာရှင် အဆက်ဆက်သည် ခုတုံးလုပ်ခဲ့သည်လို့ ကျွန်တော်တို့ နားလည်ကြပါသည်။ ဤတွင် ဖော်ပြလိုရင်းမှာ ‘ငါတို့၏ ဗုဒ္ဓဘာသာလူ့ဘောင်သည် သီးသန့်ထူးခြား ရွေးချယ်ခံအုပ်စု ဖြစ်သည်’ ဟူသော ဘဝအမြင်ကို လူထုမှာ ဖြစ်ပေါ်လာအောင် ရိုက်သွင်းခြင်း၊ သည် အတွေးအခေါ်မျိုးကို စဉ်ဆက်မပြတ် မျိုးဆက်မပြတ် တွေးခေါ်နေအောင် အဆက်မပြတ် ဝါဒဖြန့်လုပ်ဆောင်ခြင်းတို့သည် ‘ကုလားထိုင်ခြေထောက်’ ကို အခိုင်အခန့်ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သော ပင်မလုပ်ငန်းစဉ်များ ဖြစ်ကြောင်းကို ပါတည်း။ သံဃနာယက၊ မဘသ စသူတို့ကို စစ်အာဏာရှင်တို့ သုံးစွဲသည့် အပေါင်းပါ ‘ဖင်ခုတုံး’ လို့ ဆိုလိုက ဆိုနိုင်သော်လည်း ကုလားထိုင်ရဲ့ တကယ့် ခြေထောက်အစစ်ဟာ ‘ဗမာ ဗုဒ္ဓဘာသာလူ့ဘောင်ဟာ အထူးရွေးချယ်ခံ လူ့ဘောင် ဖြစ်သည်’ ဆိုပြီး သဲကန္တာရထဲမှာ ကော်ဇောခင်းပြတဲ့ တံလျှပ်ကြီး ဖြစ်ပါ၏။ ]

[ဤ တံလျှပ်ကြီးကို အမှန်တကယ် တံလျှပ်ကြီးဖြစ်ခဲ့လေမှန်း ကျွန်တော်တို့ လူဘောင်က နာကျည်းခါးသီးစွာ နားလည်လာနိုင်ခဲ့ပြီ ဆိုပါလျှင် ကုလားထိုင်ခြေထောက်သည် ကျိုးနဲ့သွားရမည် ဖြစ်ပြီး စစ်အာဏာရှင် စနစ်သည် ဘယ်လိုမှ မခံနိုင်၊ ဤလူ့ဘောင်မှ အပြီးတိုင် ပြိုကျသွားရမည် ဖြစ်ပါသည်။]

ဝဋ်နာကံနာလို့ပဲ ဆိုဆို ပါတီဝင်တွေဟာ မျိုးဆက်အတွက် အနစ်နာခံ ဖြည့်ကျင့်တဲ့ သူတွေပါ။ ပန်းမြိုင်လယ်က ဥယျာဉ်မှူးနဲ့ တူတဲ့ မျိုးစောင့်ဘဘကြီး နဲ့အတူ ငါတို့ဟာ အကောင်းဆုံး ရွေးချယ်ထားတဲ့ ဘဝအမြင်တွေကို လူ့ဘောင်တခုလုံးကို ကူးစက်မျှဝေပေးဖို့ ကြိုးစားနေကြပါတယ်။ တခြားသူတွေရဲ့ လွဲချော်နေတဲ့ အသိတရားတွေကို တည့်မတ်ပေးဖို့ ကြိုးစားနေကြပါတယ်။ ငါတို့ဟာ ငါတို့ရဲ့ စိတ်ကို အကျဉ်းခတ်ထားတဲ့ နံရံတွေကို ရိုက်ချိုးပစ်နိုင်ခဲ့ပါပြီ။ မြေပြင်ဟောင်းတွေမှာ ပန်းဥယျာဉ် အသစ်တွေကိုငါတို့ စိုက်ပျိုးကြပါစို့။ ဆွေးမြေ့နေပြီ ဖြစ်တဲ့ အတိတ်ဟောင်း အမြင်ဟောင်း တွေကို မြေလှန်ပစ်ဖို့ တက်ညီလက်ညီ ကြိုးစားကြပါစို့။ အသိတရား ငတ်မွတ်နေရှာတဲ့ နောင်လာနောင်သား ကလေးသူငယ်လေးများ အတွက် သမုဒ္ဒရာကြီးထဲက သီတာရေစင် တစ်ခွက်ကို ငါတို့ ပြေးခပ်ပေးကြပါစို့။

‘တာယုရွှေပယင်းရေ၊ ဘဘကြီးရဲ့ ဥယျာဉ်ထဲက ပန်းကလေးတွေကို လာယူလို့ မခိုးပါနဲ့။

ငါတို့ရဲ့ ဥယျာဉ် တံတိုင်းကြီးကို လာဖြိုလို့ မချလိုက်ပါနဲ့။

တို့ရဲ့ သမုဒ္ဒရာဗမာပြည်ကလေးကို ဖုန်းဆိုးကန္တာရကြီး ဖြစ်အောင် နင်မန်းလို့ မမှုတ်လိုက်ပါနဲ့’

သီချင်းရေးစက်တွေ မပေါ်ခင်တုန်းက ချစ်ရှင် ဆိုတဲ့ အတွင်းပါတီဝင် တဦးက ပါတီဝါဒဖြန့်ချိရေး အတွက် ရေးခဲ့သော၊ အောက်တန်းစားမိဘပြည်သူအပေါင်း ကြိုက်နှစ်ခြိုက်၊ နိုင်ငံအဝှမ်း မြုးမြုးကြွကြွ ရင်ခုန်သီဆိုခဲ့သော သီချင်းစာသားများ။

ဒါပေမယ့် ငါတို့ရဲ့ ဥယျာဉ်တံတိုင်းကြီးကို ဘယ်မှာ ရှိမှန်းတောင် မသိတဲ့ တာယုရွှေပယင်းက လာပြီး ဖြိုမချခင်မှာ ရွှေပယင်းနဲ့ သူ့ပထွေးတွေရဲ့ အန္တရယ်ဆိုး တပြုံတမကြီးများ သမုဒ္ဒရာဗမာပြည်ကလေးကို အမှန်တကယ် ဝိုင်းရံ (Seige mentality) နေတဲ့ ဖြစ်အင်ကို မယုံကြည်တဲ့သူဟာ အကုသိုလ်ကောင် စစ်စစ်ပါပဲ။ ဒီမယုံကြည်မှု သံသယကို ဖော်ထုတ်ပြောဆိုခြင်းဟာ ငါတို့ရဲ့ ဥယျာဉ်တံတိုင်းကြီးကို ဖြိုချဖို့ ကြိုးစားနေတာပဲ၊ ဒါဟာ ရာဇဝတ်မှု၊ သည်လို ရာဇဝတ်ကောင်မျိုးကို ငါတို့အားလုံး မုန်း၊ မုန်း၊ မုန်းလိုက်သမှ အလွန်မုန်း။

[မှတ်ချက်။ Siege mentality - ရန်စွယ်အပေါင်း ဝိုင်းရံ မွန်းကြပ်စိတ်ဝါဒ သည် လုံးစည်းဝါဒကို ဦးဆောင်သူ (သို့) ထောက်ခံကော်ရော်သူတို့ကပြည်သူကို ဆင်ခြေပေးအကြောင်းပြ၊ ၎င်းဆင်ခြေကို ယုံကြည်မိသော ပြည်သူတို့ကို တွေးခေါ်စဉ်းစားတတ်မှု သေးသိမ်သွားအောင် လှည့်စားထားသည့် ပုံမှန် အယုတ်အညံ့ဆင်ခြေ တမျိုး ဖြစ်သည်]

ညိုထွန်း

No comments: