At the end of one is begin of another
ဒီနှစ်ကျနေရာက်တဲ့ (၅၂) နှစ်မြောက်ဆဲဗင်းဂျုလိုင်ခေါ် ဇူလိုင်ခုနှစ်ရက် ဗမာကျောင်းသားထုရဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရှေးဦးတိုက်ပွဲရဲ့ အထိမ်းအမှတ်လှုပ်ရှားမှုတွေကို ဗမာပြည်နေရာအတော်များများက မျိုးဆက်သစ်ကျောင်းသားတွေ တာဝန်သိသိ ရဲရဲရင့်ရင့် တက်တက်ကြွကြွ ဆောင်ရွက်ကြတာတွေကို တွေ့ရတော့ ဂုဏ်ယူချီးကျုး အားရဝမ်းမြောက်ဖြစ်ရတယ်။
ဝေဖန်စရာကတော့
ရန်ကုန်တက္ကသိုလ်ကျောင်းထဲမှာ ကျောင်းသားနှစ်ဖွဲ့ကွဲပြီး သူတလမ်းကိုယ်တလမ်းလုပ်ကြတယ်ဆိုတယ်။ ဆန်းသော်လည်းမထူးပါ၊ ခေတ်အဆက်ဆက်မှာ ဘယ်လိုအခြေအနေ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် အစဉ်အလာကိုအမွေခံလိုသူတွေရှိသလို လမ်းသစ်ထွင်သလိုလိုနဲ့ တစင်ထောင်ချင်သူတွေရှိတတ်တာ ဒို့ဗမာမှာ ဓမ္မတာလိုဖြစ်နေတော့ တာဝန်သိတတ်မှုကိုပဲ ဝမ်းမြောက်သာဓု အနုမောဒနာပဲပြုလိုက်ပါတယ်။
နောက်တခုဆန်းတာကတော့ အနုမောဒနာပြုရခက်ပါတယ်။ ခေတ်အဆက်ဆက်က မျိုးဆက်တွေ သွေးစွန်းမြေကျ ရဲရဲရင့်ရင့် လက်ဆင့်ကမ်းလာတဲ့ ခွပ်ဒေါင်းအောင်လံနီတွေကြားမှာ ခွပ်ဒေါင်းအလံမဲတွေ တွေ့လိုက်ရတာပါဘဲ။ ကျနော်တို့အချိန်အခါမှာ ကျနော်တို့ကျောင်းသားတိုက်ပွဲဆင်တဲ့အခါ ဗကသအလံတော် ဒီခွပ်ဒေါင်းကိုပဲသုံးခဲ့တယ်။ အခြေအနေအကြောင်းကြောင်းတွေကြောင့် ဗကသမဟုတ်ပဲ အေဘီအက်စ်အယ်လ်- မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်ရယ်လို့ စုစည်းခဲ့ကြရစဉ်မှာတောင် အနီရောင်အောက်ခံပေါ်က အဝါရောင်စက်ဝိုင်းကို ခြေတဖက်ကန်ထွက်နေတဲ့ ခွပ်ဒေါင်းနဲ့ ခွပ်ဒေါင်းအလံကိုပဲ မပြုမပြင် မူရင်းအတိုင်းသာသုံးခဲ့တယ်။ ဒီအလံဟာ ကိုအောင်ဆန်းတို့ ကိုဗဟိန်းတို့ခေတ်တွေတည်းက တိုက်ပွဲဝင်အလံဖြစ်ခဲ့ပြီး ၁၉၅၆ ခုနှစ် ကျောင်းသားညီလာခံကြီးက အချိုးအစား အသွေးအရောင်နဲ့တကွ စနစ်တကျ စံပြုသတ်မှတ်ထားရှိခဲ့တဲ့အလံဖြစ်တယ်ဆိုတာ သိကြရင် ဒီလိုဖြစ်မယ်လို့ မထင်ပါဘူး။
ဗမာကျောင်းသားထုရဲ့တိုက်ပွဲများနဲ့ အစဉ်အလာတိုက်ပွဲများဟာ သမိုင်းရဲ့တောင်းဆိုချက်အရ သမိုင်းလိုအပ်ချက်တခုလိုပေါ်ပေါက်ခဲ့ရတာဖြစ်တယ်။ ဗမာကျောင်းသားတိုက်ပွဲများရဲ့ မူလဇာစ်မြစ်ဟာ အမိဗမာပြည်နဲ့ တိုင်းရင်းသားစုံပြည်သူတွေလွတ်လပ်မျှတရေးကိုရှေ့ရှုခဲ့တယ်။ ခေတ်ပြိုင်အိမ်နီးချင်းနဲ့ ကိုလိုနီတိုင်းပြည်တွေက ကျောင်းသားတွေလိုပဲ ဗမာကျောင်းသားထုဟာ အဲဒီအချိန်က ခေတ်ပညာတတ်ရှားပါးလို့ ဘွဲ့ရတာနဲ့ ရာထူးရာခံရနိုင်တဲ့ ကိုယ်ရေးကိုယ်တာ အခွင့်အလန်းတွေကို ပြစ်ပယ်ပြီး သူ့ကျွန်ဘဝရောက်နေတဲ့ အမိဗမာပြည်လွတ်မြောက်ရေးအတွက် ခေတ်စနစ်နဲ့ကိုက်ညီတဲ့ တိုက်ပွဲဖော်ဆောင်မှုတွေ စည်းရုံးလှုံ့ဆော်မှုတွေမှာ သမိုင်းရဲ့ပုခုံးပြောင်းတာဝန်ကိုယူခဲ့ကြတယ်။ ၁၉၂၀ ခုနှစ် ကိုဘဦးတို့ ကိုဖိုးကျားတို့တို့ရဲ့ ပထမကျောင်းသားသပိတ်ကစခဲ့တဲ့ ကျောင်းသားတိုက်ပွဲများဟာ မျိုးဆက်အလိုက် လက်ဆင့်ကမ်းတိုက်ပွဲဆင်ခဲ့တာမှာ ၁၉၄၀ ကျော် ၅၀ ကာလမှာတိုင်ပြည်လွတ်လပ်ရေးကို တက်လှမ်းနိုင်ခဲ့ကြတယ်။ ဒါပေမယ့် လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်မီးပါတွဲပါလာခဲ့တယ်။
ဒါကြောင့်ဗမာကျောင်းသားထုရဲ့တိုက်ပွဲဟာ ခေတ်အမျိုးမျိုးကိုဖြတ်သန်းရင်း လက်ဆင့်ကမ်းလာခဲ့ရတယ်။
ဗမာကျောင်းသာထုဟာ လူထုအကျိုးကိုကာကွယ်ဖို့ ဖော်ဆောင်နိုင်ဖို့အတွက် တိုက်ပွဲအမြင်လေးခု သတ်မှတ်တိုက်ပွဲဆင်ခဲ့တယ်။ အဲဒါတွေကတော့ (က) အမျိုးသားလွတ်မြောက်ရေး (ခ) နယ်ချဲ့ဆန့်ကျင်ရေး (ဂ) ပြည်တွင်းငြိမ်းချမ်းရေးနဲ့ (ဃ) ဒီမိုကရေစီပညာရေးတို့ဖြစ်တယ်။
၁၉၆၂ ခုနှစ်မှာတော့ ကျောင်းသားတိုက်ပွဲများဟာ အဆိုးဝါးဆုံး အကြမ်းကြုတ်ဆုံး သမိုင်းအချိုးအကွေ့ကိုရောက်ရှိခဲ့ရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစားကာကွယ်စောင့်ရှောက်ပါမယ်လို့ ကျမ်းကျိန်တာဝန်ယူထားတဲ့ ကာကွယ်ရေးဦးစီးချုပ်ဗိုနေဝင်းခေါင်းဆောင်တဲ့ သစ္စာဖောက်စစ်ဗိုလ်ချုပ်တစုက လူထုကိုကာကွယ်ဖို့ လူထုချွေးနှီးစာနဲ့ ဖွဲ့ထားတဲ့ စစ်တပ်ကိုမောင်ပိုင်စီးခွတုန်ပြီး နိုင်ငံတော်အာဏာကိုသိမ်းပိုက်လိုက်တယ်၊ နိုင်ငံသားတွေရဲ့မူလအခွင့်အရေးတွေကို နင်းချေပစ်ခဲ့တယ်။ ဒါကြောင့် တိုက်ပွဲအမြင်လေးခု နေရာမှာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ ဒီမိုကရေစီပြည်လည်ထူထောင်ရေးဟာရှေ့တန်းရောက် ဦးစားပေးဖြစ်လာရတယ်။
ဒါကို ခေတ်အဆက်ဆက် ပြည်သူဘက်ကရပ်တည်ခဲ့တဲ့ ကျောင်းသားထုက ကိုသက် ကိုဗဆွေလေး ကိုလှရွှေစတဲ့ သမဂ္ဂခေါင်းဆောင်တွေနဲ့အတူ တာဝန်သိသိ ဖွင့်ချ ဖီဆန်တော်လှန်ခဲ့ကြတယ်။ ဒါကြောင့် ဗိုနေဝင်းနဲ့ သမိုင်းတရာခံအပေါင်းအပါအာဏာရှင်တစုက လက်နက်မဲ့ကျာင်းသားတွေအပေါ် ဒါး ဒါးချင်း လှံလှံချင်းလို့ သူရဲဘောကြောင်ကြောင် မိုက်ရိုင်းစိန်ခေါ်သတ်ဖြတ်ခဲ့တယ်၊ ဒါတင်မက အမျိုးသားလွတ်မြောက်ရေးရဲ့ အထင်ကရ သမဂ္ဂအဆောက်အဦးကြီးကိုပါ ဖြိုဖျက်ပစ်ခဲ့တယ်။ ဒါပေမယ် ဗမာကျောင်းသားထုဟာ ဦးညွတ်မသွားခဲ့ဘူး။ ခေတ်အဆက်ဆက်က စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအတွက် ပေးဆက်ခဲ့ကြတဲ့ကျောင်းသားတွေရဲ့ အရိုးတွေဟာ မြို့ပြတွေကလမ်းမတွေမှာ၊ အကျဉ်းထောင်တွေမှာ၊ တောတောင်တွေထဲမှာ၊ ကျွန်းတွေပေါ်မှာအထိရှိနေတယ်။
ဗမာကျောင်းသားထုရဲ့တိုက်ပွဲတွေဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အတွက် ပြည်သူတွေ ဒီမိုကရေစီနဲ့ လူအခွင့်အရေးဆုံးရှုံးနေသမျှ၊၊ ပြည်သူတွေရဲ့ဘဝ မလုံမခြုံ အေးချမ်းသာယာမရှိသမျှ၊၊ ပြည်သူတွေရဲ့အသက်မွေးမှုကိုဖျက်နှောင့်ယှက်ခံနေရ စားဝတ်နေရေးမပြည့်မဝဖြစ်နေသမျှ ဗမာကျောင်သားတွေရဲ့တိုက်ပွဲတွေ ဆက်ရှိနေအုံးမှာဖြစ်ပါတယ်ဆိုတာကို ဒီနှစ်ကျရောက်တဲ့ ဆဲဗင်းဂျုလိုင်က မီးမှောင်းထိုးပြလိုက်တာဖြစ်တယ်။
ဆဲဗင်းဂျူလိုင်အပါအဝင် ခေတ်အဆက်ဆက်က ရက်ရက်စက်စက်ဖိနှိပ်သတ်ဖြတ်ချေမှုန်းခံခဲ့ရတဲ့ ကျောင်းသားတိုက်ပွဲတွေကို ဖော်ထုတ်နေကြတာဟာ အာဃာတတွေကိုဖော်ပြနေတာမဟုတ်ဖူး၊ အနာဂါတ်ကျာင်းသားသူရဲကောင်းတွေမွေးထုတ်ဖို့ အတိတ်ကျောင်းသားသူရဲကောင်းတွေကို ဂုဏ်ပြုနေတာဖြစ်တယ်။ နိုင်ငံ့အနာဂတ်ကောင်းစေချင်ရင် သင်္ခန်းစာယူသင့်သူတွေ ဆင်ခြင်ကြအောင် သင်္ခန်းစာပေးနေတာဖြစ်တယ်။ ပြီးတော့ ဒါဟာဂုဏ်ပြုထိုက်သူ ဦးညွတ်ထိုက်သူတွေကို ဦးညွတ်ဂုဏ်ပြုတာဟာ မင်္ဂလာရှိတဲ့ အမူအကျင့်ဖြစ်တယ်။ နိုင်ငံနဲ့လူမျိုးတွေရဲ့ ကံကြမ္မာနဲ့စပ်ဆိုင်တဲ့ အရေးကိစ္စတွေကို ကျကျနနခွဲခြမ်းစိပ်ဖြာ သုံသပ်မှတ်တမ်းပြုကြ သင်္ခန်းစာယူကြတယ်ဆိုတာ လူ့ဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့ နိုင်ငံကြီး၊ နိုင်ငံကြီးသားတွေရဲ့ အလေ့အထဖြစ်ပါတယ်။ မှားတာကိုမှားတယ်လို့ မပြောပဲ ဝန်မခံပဲ သင်ပုန်းချေတယ်ဆိုတာ နောင်မမှားအောင်မကာကွယ်နိုင်ဘူး၊တရားနည်းလမ်းကျတယ် မဆိုနိုင်ဘူးလို့ (စကားလုံးအတိအကျမဟုတ်) တနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ဘူးတယ်။ ဒါပေမယ့် ကျောင်းသားတွေဦးဆောင်လှုံ့ဆော်ခဲ့တဲ့ စစ်အာဏာရှင်ဖျက်သိမ်းရေး ၈၈ အရေးတော်ပုံကပေါက်ဖွားခဲ့တဲ့ နိုင်ငံရေးအင်အားစုတွေ ကျောင်းသားတိုက်ပွဲများမှာ ရှေ့တန်းကနေရာယူခဲ့ကြသူတွေကြားမှာတော့ ဒီဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အရိပ်အယောင်တွေမမြင်ရပါဘူး။ ဒါကလဲ အံ့သြစရာတော့မဟုတ်ပါ။
အနှီအသင်းအဖွဲ့တွေက အထင်ကရပုဂ္ဂိုလ်များက လက်ရှိအခြေအနေဟာ လမ်းပေါ်တိုက်ပွဲတွေလုပ်ရမဲ့အချိန်မဟုတ် ပူးပေါင်းအဖြေရှာရမဲ့ကာလလို့ သတ်မှတ်ကြောင်း မကြာခဏထုတ်ပြောတာတွေကြားခဲ့ရတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အလုပ်သမား လယ်သမားတွေရဲ့တိုက်ပွဲတွေ ရှောင်ခွာခွာနေကြတယ်၊ နားလည်မှုတည်ဆောက်နေတာလားတော့မပြောတတ်ပါ။ စကားလုံးရွေးမရအောင် စိတ်ပျက်စရာအကောင်းဆုံးကတော့ ဒီလယ်သိမ်းယာသိမ်းနဲ့ အလုပ်သမားတွေရဲ့ပြဿနာတွေဟာ အရင်အစိုးရလက်ထက် ဟို ဆဲ့လေးငါးနှစ် အနှစ်နှစ်ဆယ်ကဟာတွေ ခုမှလာပြဿ နာလုပ်ရကောင်းလားဆိုတဲ့ ထမင်းရေပူလျှာလွဲ စကားပါ။ မြေနဲ့ လုပ်အား အပေါ်အမှီပြုခဲ့သူတွေက သူတို့မတရားလုပ်ခံခဲ့တာကို မပြောသာလို့ငြိမ်နေရတာကနေ ခုတော့ပြောလို့ရလေမလားလို့ပြောလာကြသူတွေကို မစာမနာ တန်ပြန်အပြစ်တင်နိုင်ကြတယ်။ အမှားလုပ်ခံရသူတွေအတွက် အမှားကို အမှန်ဖြစ်အောင်လုပ်ဆောင်နိုင်မှ၊ အမှန်ဖြစ်အောင်မလုပ်ဆောင်နိုင်ရင်တောင် ဖြေသာနှစ်သိမ့်နိုင်တဲ့အခြေနေတွေ ဖန်တီးပေးနိုင်မှ အဓိပ္ပာယ်ပြည့်ဝတဲ့ ပြုပြင်ပြောင်းလဲခြင်းဆိုတာဖြစ်လာမှာပါ။ ပြီးတော့သူတို့လုပ်နေတဲ့ လှုပ်ရှားမှုတွေနဲ့ ကျောင်းသားနိုင်ငံရေးကို စည်းခြားထားလိုက်ကြတယ်။ ဒီတော့ ၁၉၆၂ ကတည်းက ပုံမှန်နည်းတကျဖွဲ့စည်းခွင့် မရခဲ့တဲ့ ကျောင်းသားသမဂ္ဂပေါ်ပေါက်ရေး ကွက်လပ်ကိုဖြည့်ဆည်းရေးက လှုံ့ဆော်ကြပ်မတ်ပေးဖို့ဆိုတာ မျှော်တွေးလို့တောင်မရတော့တဲ့အခြေနေဖြစ်သွားရပါပြီ။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အဆောက်အဦကိုသာဖြိုဖျက်လို့ရမယ် ကျောင်းသားတွေရင်ထဲက သမဂ္ဂစိတ်ဓါတ်ကို ဖြိုဖျက်လို့မရဘူးလို့ ပြောခဲ့သလိုပဲ ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂဆိုတာ ရှိနေမှာပါပဲ။ ဒီအရှိတရားကို ငြင်းဆန်တယ်ဆိုတာဟာ တကယ်ရင်ကြားစေ့ပြေလည်ချင်တဲ့ သဘောထားမရှိဘူးဆိုတာကိုဖော်ပြသလို နှီးနွယ်ပါတ်သက်သူတွေက သမဂ္ဂပေါ်ပေါက်ရေးကို မသိကျိုးကျွန်ပြုနေတာကလည်း တာဝန်မဲ့တာပဲ ဖြစ်ပါတယ်။ စနစ်ကျတဲ့ ကျောင်းသားသမဂ္ဂရှိမှသာ ကျောင်းသားချင်းစည်းရုံးထိန်းညှိနိုင်သလို အာဏာပိုင်တွေ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ ထိထိရောက်ရောက် ပူးပေါင်းအဖြေရှာနိုင်မှာဖြစ်တယ်။ အနာဂါတ်ကိုပုခုံးပြောင်းတာဝန်ယူရမဲ့သူတွေကြားမှာ အစုအဖွဲ့တွေ သမဂ္ဂတွေမရှိတဲ့အတွက် အမျှော်အမြင်နဲ့ စုပေါင်းဆွေးနွေး စီမံချက်ချပြီး ဟန်ချက်ညီစုပေါင်းလုပ်ဆောင်တတ်တဲ့ အလေ့အကျင့်ကောင်းတွေမရနိုင်တော့တာကြောင့် နိုင်ငံ့အနာဂါတ်ဆိုတာလဲ မှန်းဆမရတဲ့ ဖယိုဖရဲ ဝရုန်းသုန်းကားအနာဂတ်ပဲ ရလာမှာဖြစ်တယ်ဆိုတာ ဒီနေ့ဗမာပြည်က သက်သေပါဘဲ။
အနှစ် နှစ်ဆယ်ကျော် အစိပ်ကျင်လည်ခဲ့ရတဲ့ အိန္ဒိယမှာ ကျောင်းသားတွေအခန်းကဏ္ဍကို အာဏာရပါတီကကော အတိုက်အခံပါတီတွေကပါ အလေးထားနေရာပေးကြတယ်။ တက္ကသိုလ်ကောလိပ် ကျောင်းသားဆိုတာ နိုင်ငံတခုရဲ့ အနီးဆုံးအနာဂါတ်ကိုပိုင်ဆိုင်သူတွေဖြစ်တယ်လို့လက်ခံကြတယ်။ ပါတီတွေအလိုက်ကျောင်းသားအဖွဲ့တွေရှိတယ်။ တချိန်က ရန်ကုန်တက္ကသိုလ်မှာလို တက္ကသိုလ်ကောလိပ်တွေအလိုက် ကျောင်းသားသမဂ္ဂရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်ကြတယ်။ တဖွဲ့တည်းက အပြတ်အသတ်နိုင်ပြီး သမဂ္ဂဖွဲ့နိုင်တာလဲရှိသလို နှစ်ဖွဲ့ သုံးဖွဲ့တွဲပြီး သမဂ္ဂဖွဲ့ရတဲ့အခါတွေလည်းရှိတယ်။ ဘာပဲဖြစ်ဖြစ်ညီညီညွတ်ညွတ်နဲ့ ကျောင်းသားအရေးတွေကို အဓိကလုပ်ကြတယ်။ ရွေးကောက်ပွဲနဲ့ ကျောင်းသားထုရဲ့ ကိုယ်စားပြုမှုကလည်း တကယ်ရှိတဲ့အတွက် သမဂ္ဂတွေဟာ သြဇာလည်းရှိသလို လုပ်ငန်းတွေကိုလဲ စနစ်တကျနဲ့ ဟန်ချက်ညီလှုပ်ရှားနိုင်တယ်။ ကျောင်းသားထုရဲ့တောင်ဆိုချက်အတိုင်း သမဂ္ဂတွေက ကျောင်းအာဏာပိုင်တွေနဲ့ အရေးဆိုညှိနှိုင်းတာတွေရှိသလို ကျောင်းပြင်က နိုင်ငံအရေးတွေမှာလဲ ပုံစံတကျပူးပေါင်းပါဝင်ကြတယ်။
နိုင်ငံရေးသမားတွေကလည်း သမဂ္ဂတွေနဲ့ပူးပေါင်ပြီး တက္ကသိုလ်တွေမှာ သူတို့ပါတီ သူတို့အစိုးရတွေရဲ့ ကိစ္စရပ်အလိုက်သူတို့မူဝါဒတွေကို ကျောင်တွေနဲ့ ဆွေနွေးအမြင်ဖလှယ်ကြတယ်။ အဲဒီအထဲမှာမှ သြဇာအကြီးဆုံး တက္ကသိုလ်ကျောင်းသားမဂ္ဂက ဂျေအင်ယူအက်စ်ယူလို့အတိုကောက်ခေါ်တဲ့ ဂျဝါဟာလာနေရူးတက္ကသိုလ် ကျောင်းသားသမဂ္ဂဖြစ်တယ် ( Jawaharlal Nehru University Students Union- JNUSU )။ တက္ကသိုလ်က ဘွဲ့လွန်တန်း မဟာနဲ့ ပါရဂူဘွဲ့တွေအတွက်ပဲဖြစ်တယ်။ အဓိကအားဖြင်လူမှုသိပ္ပံလို့ဆိုတဲ့ သမိုင်း၊ ဘာသာဗေဒ၊ နိုင်ငံရေး၊ ဒဿ န၊ စီးပွားရေး၊ စီမံအုပ်ချုပ်ရေးစတာတွေဖြစ်တယ်။ ဒိတက္ကသိုလ်ကြီးကို အိန္ဒိယရဲ့အနာဂါတ်ဦးခေါင်းတွေ ထုတ်လုပ်ရာဌာနလို့တောင် တင်စားကြတယ်။ ဒီတက္ကသိုလ်ကို အစိုးရဝန်းကြီးတွေတောင် လာရောက်ဟောပြောဆွေးနွေးကြတယ်။ ဆွေးနွေးကြတာမှာ အစိုးရက အိန္ဒိယပြည်တွင်းက လက်နက်ကိုင်လှုပ်ရှားမှုတွေအပေါ်အစိုးရက ကိုင်တွယ်မဲ့ မူဝါဒပုံစံသစ်တွေအထိပါ ပါတယ်။ ဒီကျောင်း ဒီသမဂ္ဂကလုပ်တဲ့ သူတို့အခေါ်ဒါဘာ (Durbar) ကျောင်းသားလွတ်တော်မှာ တစုံတရာဘဝင်ကျတဲ့ဆွေးနွေးချက်များဟာ အိန္ဒိယအစိုးရရဲ့ မူဝါဒတွေဖြစ်လာကြတာများပါတယ်။ ဆွေးနွေးကြတဲ့ ခေါင်းဆောင်တွေကော ကျောင်သားတွေပါ အချက်အလက် အကိုးအကားတွေနဲ့ ပညာပါပါ အပြန်အလှန်ချေပဆွေးနွေးကြတာဟာ အတော်ကိုအားကျဖို့ကောင်းပါတယ်။
လာကြကုန်၏၊ သွားကြကုန်၏၊ သို့သော်မြစ်ကြီးတော့စီးဆင်းမြဲဆိုသလို မည်သူတွေကဖိနှပ်သည်ဖြစ်၊ မည်ဝါတွေက မသိကျိုးကျွံပြုနေပါစေ ကျောင်းသားတွေရှိနေသမျှ ကျောင်းသားသမဂ္ဂစိတ်ဓါတ်လည်းဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ ထိုနည်းတူပဲ ဗမာကျောင်းသားထုရဲ့တိုက်ပွဲတွေဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အတွက် ပြည်သူတွေ ဒီမိုကရေစီနဲ့ လူအခွင့်အရေးဆုံးရှုံးနေသမျှ၊၊ ပြည်သူတွေရဲ့ဘဝ မလုံမခြုံ အေးချမ်းသာယာမရှိသမျှ၊၊ ပြည်သူတွေရဲ့အသက်မွေးမှုကိုဖျက်နှောင့်ယှက်ခံနေရ စားဝတ်နေရေးမပြည့်မဝဖြစ်နေသမျှ ဗမာကျောင်သားတွေရဲ့တိုက်ပွဲတွေ ဆက်ရှိနေအုံးမှာဖြစ်တယ်ဆိုတာကို ဒီနှစ်ကျရောက်တဲ့ ဆဲဗင်းဂျုလိုင်က မီးမှောင်းထိုးပြလိုက်ပြီးဖြစ်တယ်။
အဟောင်းတခုရဲ့နိဂုံးဟာ အသစ်တခုရဲ့နိဒါန်းဖြစ်တယ်။
At the end of one is begin of another.
ရဲဘော်ကျော်သန်း
၉၊ရ၊၂၀၁၄
No comments:
Post a Comment