မင်းအောင်လှိုင်ရဲ့ အာဏာနီတည်ဆောက်ရေး လို့ ခေါင်းစဉ်တပ်ထားပေမဲ့ ပုဂ္ဂိုလ်တဦးချင်းကို ဆိုလိုတာမဟုတ်ဘဲ ဗမာပြည်က စစ်အာဏာရှင်စနစ်ရဲ့ ပကတိအခြေအနေကို ပြောနေတာကို သဘောပေါက်ကြမယ် ထင်ပါတယ်။ ၈၈ အာဏာသိမ်းစစ်ခေါင်းဆောင် စောမောင် ပြောခဲ့ဖူးသလို မာရှယ်လော ဆိုတာ အကြီးဆုံးဗိုလ်ချုပ် လုပ်ချင်ရာလုပ်လို့ ရတယ်ဆိုတဲ့စကားအတိုင်း စစ်အာဏာရှင်တွေမှာ စုပေါင်းခေါင်းဆောင်မှုဆိုတာ မရှိဘဲ တဦးတယောက်တည်းရဲ့ သဘောထားတွေ လုပ်ရပ်တွေကသာ အဓိကဖြစ်နေတဲ့အတွက်
လက်ရှိကာချုပ် မင်းအောင်လှိုင်ကို သုံးသပ်ဖွင့်ချရတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ကို မိတ်ကပ်လိမ်းပေးထားတဲ့ ၂၀၀၈ အခြေခံဥပဒေမှာ ပုဒ်မ ၂၃၂-ခ (၂) အရ ကာချုပ်ကို ဗဟိုအစိုးရထဲမှာ ဒုသမတတယောက်နဲ့ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နတလဝန်ကြီး ပေါင်းလေးယောက် ခန့်ခွင့်ပေးထားတယ်။ ဒါ့အပြင် ပုဒ်မ ၂၃၂-ခ (၃) ကိုပါ ကိုင်ထားတဲ့အတွက် တခြားဝန်ကြီးနေရာတွေကိုလဲ ဗိုလ်ကျ ရယူပိုင်ခွင့် ရှိနေတယ်။ ဒီနည်းနဲ့ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ဇေယျာအောင် ကချင်နဲ့စစ်တိုက်တာမှာ ခံရတာများတော့ မင်းအောင်လှိုင်က တိုင်းမှူးရာထူးကဖြုတ်ပြီး ဗဟိုအစိုးရထဲ မီးရထားဝန်ကြီးနေရာ ထိုးထည့်လိုက်တာ ဖြစ်ပါတယ်။ ဇေယျာအောင်ဟာ နောက်တော့ မီးရထားဝန်ကြီးကနေ စွမ်းအင်ဝန်ကြီးဖြစ်သွားပြန်ပြီး ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌတောင် ဖြစ်သွားလိုက်ပါသေးတယ်။ (ဒါပေမဲ့ ကော်မရှင်ဥက္ကဋ္ဌ တပတ်လောက်ဘဲလုပ်လိုက်ရပြီး သမတဦးသိန်းစိန်က ပြန်ဖြုတ်ပစ်လိုက်တာကတော့ ကာချုပ်ရဲ့ အာဏာနီတည်ဆောက်မှုကို တစုံတရာထိခိုက်စေခဲ့ တယ်။)
တိုင်း/ပြည်နယ် အစိုးရတွေထဲမှာတော့ ပုဒ်မ ၂၆၂-က အရ နယ်စပ်-လုံခြုံဝန်ကြီးတွေပဲ ခန့်ခွင့်ရှိပါတယ်။ ဗဟိုအစိုးရ မှာလို တခြားဝန်ကြီးနေရာတွေ ခန့်ခွင့်ပေးမထားဘူး။ ဒါပေမဲ့ ကာချုပ်မင်းအောင်လှိုင်ဟာ အခုလတ်တလောလေးမှာပဲ တပ်မတော်ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးတဖြစ်လဲ နတလ ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာမှာ အတင်းထိုးထည့်လိုက်ပါတယ်။
တကယ်တော့ ဒါဟာ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ အထိ မဆလခေတ်၊ ၁၉၈၈ ကနေ ၂၀၁၀ အထိ နဝတ-နအဖခေတ် တွေမှာ စစ်တပ်အရာရှိကြီးတွေကို အစိုးရဝန်ကြီး နေရာပေးချင်သလိုပေးခဲ့တဲ့ အစဉ်အလာအတိုင်းဘဲ စစ်အာဏာရှင်စနစ်လက္ခဏာကို ဆက်လက်ကျင့်သုံးပုံ၊ ကာချုပ်ရဲ့အာဏာနီတည်ဆောက်ပုံကို ပြသနေတာ ဖြစ်ပါတယ်။ နယ်ဖက်ဝန် ကြီးဌာနတွေ၊ ဒေသန္တရအုပ်ချုပ်ရေးဌာနတွေ၊ ရဲ-လဝက ကအစ ရွေးကောက်ပွဲကော်မရှင်အထိ သောင်းဂဏန်းမဟုတ် တောင် ထောင်နဲ့ချီတဲ့စစ်ဗိုလ်စစ်သားတွေကို ထိုးထည့်ထားတာ ဖြစ်တယ်။ ဒီထဲမှာ မင်နီတားခံရသူတွေ၊ ရာထူး ညောင်းနေသူတွေ၊ ဘီပိုးသမားတွေ၊ ဆေးအဆင့်နိမ့်တွေများပေမဲ့ အရပ်ဖက်ဝန်ထမ်းတွေထဲ အာဏာနီတည်ဆောက် ရေးလဲ အထောက်အကူဖြစ်၊ တပ်ထဲမှာလဲ မကောင်းကျောင်းပို့ပြီး အာဏာနီတည်ဆောက်ရေး အထောက်အကူဖြစ်လို့ တချက်ခုတ်နှစ်ချက်ပြတ် အကျိုးရှိစေပါတယ်။
တပ်တွင်းအာဏာနီတည်ဆောက်မှုရဲ့ နောက်ဆုံးအကွက်ကတော့ ရာထူးရတာ ဖင်တောင်မနွေးသေးတဲ့ တိုင်းမှူး သုံးယောက်ကို ရွှေ့ပစ်လိုက်တာ ဖြစ်တယ်။ အနောက်ပိုင်းတိုင်းက ဗိုလ်ချုပ်ကိုကိုနိုင်ကို အရှေ့အလယ်ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းက ဗိုလ်ချုပ်မင်းနိုင်ကို အနောက်မြောက်တိုင်း၊ အနောက်မြောက်တိုင်းက ဗိုလ်ချုပ်အောင်လင်း ဒွေးကို အနောက်ပိုင်းတိုင်းဆိုပြီး ပတ်ချာလည်ရှောက်ရွှေ့ပစ်လိုက်တာ ကိုယ့်တိုင်းထဲက မြေပုံညွှန်းတွေတောင် အလွတ်ကျက်လို့မပြီးသေး၊ အသားမကျသေးတဲ့ တိုင်းမှူးတွေအနေနဲ့ အခုတခါ နောက်တိုင်းတတိုင်းရဲ့ အချက်အလက်တွေကို အသစ်ကပြန်စ လေ့လာမှတ်သားရမယ့်အခြေအနေ ဖြစ်နေတယ်။ အောင်လင်းဒွေး ဆိုရင် ဒီနှစ် မတ်လကမှ အနောက်မြောက်တိုင်းမှူးဖြစ်လာတာ။
၂၀၁၂ ခု စက်တင်ဘာလတုန်းကလဲ ဒုဗိုလ်ချုပ်ကြီးလှမင်းကို ကာကွယ်ရေးဝန်ကြီးဘဝကနေ ကစထမှူး ပြန်လုပ်ခိုင်း၊ အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ်အောင်ကျော်ဇောကို တောင်ပိုင်းတိုင်းရွှေ့၊ တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ညိုစောကို အလယ်ပိုင်းတိုင်း ရွှေ့၊ အရှေ့အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်ကို မြောက်ပိုင်းတိုင်းရွှေ့စသဖြင့်လဲ လုပ်ခဲ့ သေးတယ်။ နေရာသစ်မှာ ၂ နှစ်မပြည့်ခင် ၂၀၁၄ မတ်လမှာတော့ ညိုစောကို စစ်ထောက်ချုပ်တင်၊ အရှေ့ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးထွတ်ကို အလယ်ပိုင်းတိုင်းရွှေ့ လုပ်ခဲ့တယ်။
တကယ်တော့ ဒီလိုလုပ်တာဟာ ကျန်တဲ့ဗိုလ်ချုပ်တွေကံကြမ္မာ ငါ့တယောက်တည်းအပေါ်တည်နေတယ်ဆိုတာ အားလုံးခေါင်းထဲစွဲမြဲ မီးသေအောင် အာဏာနီတည်ဆောက်တာပဲ ဖြစ်တယ်။ ကာချုပ်ဖြစ်ခါစတုန်းကလဲ ပြိုင်ဖက်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မြင့်အောင်ကို သွားဂါရဝပြုမှုနဲ့ ကစထမှူး ဒုဗိုလ်ချုပ်ကြီး တင်ငွေ၊ ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်ထွန်းသန်းတို့ကို ရာထူးဖြုတ်ပစ်ခဲ့သေးတယ်။ အရှေ့တောင်တိုင်းမှူး ဗိုလ်ချုပ်ထွန်းနေလင်းကိုလဲ ဟိုတိုင်းရွှေ့ ဒီတိုင်းရွှေ့တွေလုပ်ပြီး နောက်ဆုံးတော့ သံအမတ်ရာထူးနဲ့ တောင်အမေရိကတိုက်ကို ပို့ပစ်ခဲ့တယ်။ အလောင်းအလျာတချို့ကို ဖြုတ်ထုတ် အုပ်လုပ်ပြီး လက်ကျန်တွေ ဖိန့်ဖိန့်တုံအောင်လုပ်တာ စစ်အာဏာရှင်တွေရဲ့ မရိုးနိုင်တဲ့ ဂန္ထဝင်မြောက်အာဏာနီတည် ဆောက်နည်းပဲ ဖြစ်တယ်။
ထွန်းနေလင်းတင်မကဘဲ စစ်တက္ကသိုလ်တပတ်စဉ်တည်းက ဗိုလ်မှူးချုပ်ဌေးအောင်၊ ဗိုလ်မှူးချုပ်အောင်ခင်စိုး၊ ဗိုလ်မှူး ချုပ်စိုးနွယ်၊ ဗိုလ်မှူးချုပ်ဇော်ထွန်းတို့ကိုလဲ ယူနီဖောင်းချွတ်ပြီး သံအမတ်ရာထူးနဲ့ အဝေးပို့ထားတယ်။ တပ်ကအရာရှိ ကြီးတွေ စစ်သံမှူးနေရာယူတာ ထုံးတမ်းစဉ်လာဖြစ်ပေမဲ့ ဗမာပြည်ရဲ့ သံအမတ်ရာထူးအများစုကို စစ်ဗိုလ်တွေက သိမ်းကျုံးယူထားတာကတော့ အာဏာနီတည်ဆောက်မှုသက်သက်ပဲ ဖြစ်တယ်။ သံအမတ်ရာထူး စုစုပေါင်း ၃၁ ခုမှာ အနည်းဆုံး ၂၅ ခုကို အရပ်ဝတ်လဲ ဗိုလ်မှူးချုပ်အများစုနဲ့ ဗိုလ်မှူးကြီး ဗိုလ်ချုပ်တချို့က ယူထားတယ်။ ဒီနည်းနဲ့ တပ်ထဲ မှာ ပုခုံးချင်းယှဉ်လာနိုင်တဲ့လူ၊ ဒါပေမဲ့ ပြစ်ချက်လဲမရှိတဲ့အရာရှိကြီးတွေကို ဖယ်ထုတ်ထားနိုင်သလို နယ်ဖက်အစိုးရ ဌာနကိုလဲ ချုပ်ကိုင်ထားပြီးသား ဖြစ်စေတယ်။
၂၀၀၁ ခုနှစ်မှာ နအဖ စစ်ကောင်စီရဲ့ အတွင်းရေးမှူး-၂ လဲဖြစ်၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း) လဲဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်ဦး ရဟတ်ယာဉ်ပျက်ကျတာ ပါသွားပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လစ်လပ်သွားတဲ့ စစ်ဦးစီးအရာရှိချုပ် (ကြည်း) နေရာကို ပြန်မဖြည့်ဘဲလှပ်ထားပြီး ကြည်း-ရေ-လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ရွှေမန်းကိုပဲ အာဏာပိုပေးထားခဲ့တယ်။
၂၀၁၁ မှာ ဦးသန်းရွှေနဲ့ဦးအေး အနားမယူခင် ကာချုပ်၊ ဒုချုပ်၊ ညှိကွပ်တွေကို စိတ်ကြိုက်ရွေးပြီး ချန်ထားခဲ့တယ် (သမတ၊ ဒုသမတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ယောက်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတွေကိုပါ စိတ်ကြိုက်ရွေးထားခဲ့ တယ်)။ အဲ့တော့ ဒီထဲမှာ မင်းအောင်လှိုင် သိတ်သဘောမကျလှတဲ့ ဒုချုပ်စိုးဝင်းနဲ့ ညှိကွပ်လှဌေးဝင်းတို့ကို မချစ်သော် လဲ အောင့်ကာနမ်းခဲ့ရတယ်။ ဒါကြောင့် ပထမဆင့်အနေနဲ့ လှဌေးဝင်းကိုထိန်းဖို့ အာဏာနီတည်ဆောက်တဲ့အနေနဲ့ လူယုံတော် ဗိုလ်ချုပ်မြထွန်းဦးကို ၁၃ နှစ်ကြာလစ်လပ်နေတဲ့ စစ်ဦးစီးအရာရှိချုပ် (ကြည်း) နေရာတင်ပေးလိုက်တယ်။ ဒုချုပ်စိုးဝင်းကိုလဲ ဘာလုပ်ပိုင်ခွင့်အာဏာမှ ရေရေရာရာမပေးဘဲ ထိန်းထားခဲ့တယ်။
ကာချုပ်မင်းအောင်လှိုင်ဟာ သမတ နေရာကို မှန်းခဲ့ပေမဲ့ တိုင်းရင်းသားတော်လှန်ရေးတွေနဲ့ ပြည်တွင်းစစ်ကိစ္စကို ပြတ်အောင်မလုပ်နိုင်လို့ သမတရာထူးယူဖို့ ခက်သွားတယ်။ ဒါကြောင့် အခု အစိုးရဝန်ထမ်းအားလုံးရဲ့ ပင်စင်အသက်ကို ၆၃ နှစ်အထိတိုးဖို့ စီစဉ်နေတယ်။ အဲ့လိုနဲ့ ၂၀၁၈-၂၀၁၉ ခုလောက်အထိ ကာချုပ်ဆက်လုပ်ပြီး ပင်စင်ယူရင်တော့ ပင်ကိုယ်တော်လို့မဟုတ်ဘဲ အဖားတော်လို့သာဒုချုပ်ဖြစ်လာတဲ့ စိုးဝင်းကိုပါ ဆွဲခေါ်သွားမယ့်ပုံရှိတယ် (ပင်စင်အသက် မတိုးလဲ ကာကွယ်ရေးဌာနကောင်စီ အမှုဆောင်အဖွဲ့က ကာချုပ်ကို နောက်ထပ်သုံးနှစ်ကငါးနှစ်အထိ ဆက်လုပ်နိုင်ဖို့ ဆုံးဖြတ်ထားတယ်။) လာမယ့်လေးနှစ်ကာလအတွင်းမှာ လှဌေးဝင်း အပါအဝင် စစ်တက္ကသိုလ် အပတ်စဉ် ၁၉ နဲ့ ၂၄ ကြားက အလားအလာရှိတဲ့ ဗိုလ်ချုပ် အကြီးအသေးတွေကို အစီအစဉ်တကျရှင်းထုတ် အာဏာနီတည်ဆောက်ပြီး အပတ်စဉ် ၂၅ က မြထွန်းဦးကို ကာချုပ်ဖြစ်အောင် လမ်းခင်းပေးမယ့်သဘော တွေ့နေရတယ်။ အခုတောင် မြထွန်းဦး ဆိုတာ မီဒီယာတွေကတင်လို့ နာမယ်ကြီးနေတာ၊ ဘာမှဒါလောက် အရည်အချင်းရှိတာ မဟုတ်ဘူးလို့ ပြောတဲ့ ၂၅ အထက်ဗိုလ်ချုပ်တွေ ရှိနေတယ် (တချို့ဗိုလ်ချုပ်တွေဆို ပက်ပက်စက်စက်ကို ပြောတာ)။
မြထွန်းဦးဟာ ပဒိုမန်းရှာကိုလုပ်ကြံနိုင်ခဲ့လို့ နာမည်ရလာပြီး တပ်ချုပ်ဟောင်းနဲ့ လက်ရှိကာချုပ်တို့ သဘောကျခဲ့တယ်။ စစ်ဝါဒီပီသမှုရှိပြီး မင်းအောင်လှိုင်နဲ့ဆိုရင် အပတ်စဉ်တော်တော်ကွာလို့ သြဇာငြောင်းနိုင်မယ်၊ ထိန်းချုပ်နိုင်မယ်လို့ တပ်ချုပ် အဟောင်းအသစ်တို့က ယူဆပုံရတယ်။ စစ်မြေပြင်တိုက်ပွဲမှာ မဟုတ်ဘဲ တဖက်ခေါင်းဆောင်တယောက်ကို လုပ်ကြံပစ်ခဲ့တဲ့ စစ်ဝါဒီတယောက်ဟာ တိုင်းပြည်အတွက် တပ်မတော်အတွက် အင်မတန်အန္တရာယ်ကြီးမှာ သေချာနေ တယ်။ တကယ်တော့ မြထွန်းဦးဟာ ကကန ကောင်စီ (ကာကွယ်ရေးဌာနကောင်စီ) ဝင် ဗိုလ်ချုပ် ၄၅ ယောက်ထဲမှာ အဆင့် ၄၁ ပဲရှိတယ်။ ဆိုလိုတာက မင်းအောင်လှိုင်နဲ့ သူ့ကြားမှာ ဗိုလ်ချုပ် ၃၉ ယောက်ရှိနေတယ်။
မင်းအောင်လှိုင် အာဏာနီတည်ဆောက်နိုင်ဖို့ ကချင် ၊ ရှမ်း ၊ ပလောင်တို့နဲ့ တကျော့ပြန်ပြည်တွင်းစစ် ဆင်နွှဲခဲ့ရာမှာ စတေးခဲ့တဲ့ ရင်းမှူးတွေ၊ အရာရှိတွေ မနည်းတော့ပါဘူး။ မပြည့်စုံသေးတဲ့စာရင်းအရ
ခလရ ၁၀ (တပ်မ ၈၈)၊
ခမရ ၃၁၇ (တပ်မ ၈၈)၊
ခမရ ၄၁၅ (တပ်မ ၈၈)၊
ခမရ ၄၃၈ (စကခ ၂၁)၊
ခလရ ၂၉၇ (မပခ)၊
ခလရ ၂၆၀ (မပခ)၊
ခလရ ၂၅၅ (တပ်မ ၁၀၁)၊
ခမရ ၅၀၆ (စကခ ၁)၊
ခမရ ၅၀၅ (စကခ ၁)၊
ခလရ ၂၄၁ (စကခ ၁၆)
ခမရ ၃၂၆ (ရမခ)၊
ခမရ ၁၀၅ (တပ်မ ၇၇) တပ်ရင်းမှူးတွေ ကျခဲ့ပြီး၊
မပခ လက်အောက်ခံ
ခလရ ၂၁၊
ခလရ ၃၇၊
ခလရ ၄၇၊
ခလရ ၅၈၊
ခလရ ၂၆၀၊
ခမရ ၄၃၇ နဲ့
ခမရ ၃၁၇ (တပ်မ ၈၈)၊
ခမရ ၁၅ (တပ်မ ၉၉) တို့က ရင်းမှူး သို့မဟုတ် တခြားအရာရှိတွေ၊ စကခ ၂ လက်အောက်ခံ ဗျူဟာမှူး၊ စစ်ဦးစီး-ပ၊ ရင်းမှူး ၂ ယောက်၊ ဒုရင်းမှူး ၂ ယောက်တို့ကို ရာထူးဖြုတ် ထောင်ချခဲ့တယ်။
ရင်းမှူးတွေတောင် ဒါလောက်ထိရင် အခြားအဆင့်တွေဆို ဘယ်လောက်တောင် စတေးနေသလဲဆိုတာ သိသာလှ တယ်။ ကာချုပ်ရဲ့ ခု တမျိုးတော်ကြာတမျိုး ရှုံ့ချီနှပ်ချီအမိန့်တွေကြောင့် ထိခဲ့တာတွေလဲ မနည်းလှဘူး။
လက်ရှိကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တက္ကသိုလ်ကျောင်းအုပ်ဘဝတုန်းက လက်အောက်မှာ အမှုထမ်းခဲ့တဲ့ အရာရှိတယောက်ကလည်း မင်းအောင်လှိုင်ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ အထက်ဖားအောက်ဖိအကျင့်နဲ့၊ အဂတိလိုက်စားမှု ကင်းတဲ့ပုံ၊ စည်းကမ်းပိုင်းတိကျပြတ်သားတဲ့ပုံဖမ်းပြီး နောက်ဖေးပေါက်ကနေ အကြံအဖန်လုပ်တဲ့ ကြောင်သူတော် ကျမှုတွေကို ဖွင့်ချခဲ့ဖူးတယ်။ တကယ်တော့ ဗိုလ်လောင်းဘဝကတည်းက 'ကြောင်ချီး' လို့ နာမယ်ရခဲ့သူ ဖြစ်ပါတယ်။
မင်းအောင်လှိုင်ဟာ စစ်ရေးဘက်မှာ ဘာမှလောက်လောက်လားလား ကြွားနိုင်စရာ စွမ်းဆောင်မှု မရှိခဲ့တော့ သူ ကစထမှူးဖြစ်တဲ့အချိန် ၂၀၀၉ မှာ စစ်ရေးပြင်ဆင်ထားမှုမရှိတဲ့ ကိုးကန့်ငြိမ်းအဖွဲ့နဲ့ တိုက်ခဲ့တာကို သူ့ကိုယ်ပိုင် စစ်ရေး စွမ်းဆောင်မှုအဖြစ် ပြနေတယ်။ တကယ်တော့ တပ်ထဲမှာသိကြတဲ့အတိုင်း စစ်ဆင်ရေးတခုမှာ အနီးကပ်က ခွဲမှူး၊ ရင်းမှူးနဲ့ ဗျူဟာမှူး၊ အဲ့ဒီအထက်ကမှ တပ်မမှူးနဲ့ တိုင်းမှူးဖြစ်ပြီး ကစထမှူး ဆိုတာ လက်တွေ့စစ်မြေပြင်ကွပ်ကဲမှုနဲ့ အလှမ်းဝေးလှတဲ့ ရုပ်ပြပဲ ဖြစ်ပါတယ်။ ကစထမှူးနဲ့စာရင် အဝေးကညှိကွပ် ရွှေမန်းနဲ့ ဒုချုပ်ဦးအေးကတောင် ပိုအရေးပါခဲ့ပါတယ်။ ဒါ့အပြင် ကိုးကန့်အဖွဲ့ကိုလဲ အမြစ်ပြတ်မချေမှုန်းနိုင်ခဲ့တဲ့အတွက် အခုဆို ရှမ်းမြောက်မှာ MNDAA ကိုးကန့် တပ်၊ KIA ကချင်တပ်နဲ့ TNLA တအာင်း(ပလောင်) တပ်တွေဟာ FUA ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အဖြစ် စုဖွဲ့ လှုပ်ရှားနေကြပြီ ဖြစ်တယ်။
သမတကြီးဆိုတဲ့ DSA အပတ်စဉ် ၉ ဆင်း ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်နိုင်ဖို့ဆိုပြီး အဓိကမူ ၂ ချက်ကိုဘဲ 'မှာကြား' ထားတယ်။ အဲဒါတွေက (၁) ပြည်ထောင် စုမှမခွဲထွက်ခြင်း (၂) ပြည်ထောင်စု၏ အချုပ်အခြာအာဏာကို မထိပါးစေခြင်း ဆိုတဲ့ နှစ်ချက်ပဲဖြစ်တယ်။
ဒါပေမဲ့ အဲဒါကို DSA အပတ်စဉ် ၁၉ ဆင်း မင်းအောင်လှိုင်က ချောင်ထိုးပစ်လိုက်ပြီး သူ့ရဲ့ငြိမ်းချမ်းရေးမူ ၆ ချက်ဆိုတာကို အစိုးရအဖွဲ့တို့ လွှတ်တော်တို့ရဲ့ တရားဝင်အတည်ပြုချက် မရှိဘဲ ဇွတ်အတင်းပွဲထုတ်နေတယ်။ မြဝတီဆိုတဲ့ စစ်တပ်ရုပ်သံလိုင်းမှာ နေ့တိုင်း ပြောင်ပြောင်တင်းတင်း လွှင့်နေတယ်။ ဒီ ၆ ချက်ထဲမှာ ဦးသိန်းစိန်ပြောတာနဲ့ လုံးဝကွဲလွဲပြီး တိုင်းရင်းသားတွေ လုံးဝလက်မခံနိုင်တဲ့ အချက်(၅) နဲ့ အချက်(၆) ပါနေတာဟာ ငြိမ်းချမ်းရေးကို ရာနှုန်းပြည့် ဆန့်ကျင်နေတယ်။ အဲဒါတွေက (၅) နိုင်ငံတော်ကထုတ်ပြန်သည့် တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန် (၆) ဒို့တာဝန်အရေး ၃ ပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက် လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန်ဆိုတဲ့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေဖြစ်တယ်။ သဘောကတော့ မင်းအောင်လှိုင်ရဲ့အာဏာနီဟာ သမတအထက်မှာ ရှိနေတဲ့ အဓိပ္ပါယ်ပါပဲ။
သမတ ဦးသိန်းစိန် တရုတ်နိုင်ငံသွားနေတဲ့အချိန်မှာ အမေရိကန် ပစိဖိတ်တိုင်း ဒုတိုင်းမှူး ဒုဗိုလ်ချုပ်ကြီး အန်ထော်နီ ခရတ်ခ်ျဖီးကို နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ မိန့်ခွန်းပြောခိုင်းလိုက်တာကလဲ သမတကို ဒေါက်ဖြုတ်တဲ့ အာဏာနီတည်ဆောက်မှုသက်သက်ပဲ ဖြစ်တယ်။
မင်းအောင်လှိုင်ဟာ အမေရိကန်ကို မျက်နှာချိုသွေးနေတဲ့ တချိန်တည်းမှာ တရုတ်-ပါကစ္စတန်ပူးတွဲထုတ်လုပ်တဲ့ (တခြားဘယ်နိုင်ငံမှ မဝယ်တဲ့) JF-၁၇ တိုက်လေယာဉ်တွေနဲ့ တရုတ်ရဟတ်ယာဉ်တွေဝယ်ဖို့ ကတိပေးပြီး ကျေးဇူးရှင် တရုတ်ကြီး မငြိုငြင်အောင်လဲ လုပ်ပေးနေတယ်။ တရုတ်နဲ့ အမေရိကန် နှစ်ဖက်စလုံးရဲ့ထောက်ခံမှုဟာ သူ့ရဲ့ အာဏာနီတည်ဆောက်ရေးအတွက် အများကြီးအရင်းအနှီးရမှာ ဖြစ်တယ်။
ထိုင်းနိုင်ငံကိုသွားပြီး အာဏာသိမ်းထိုင်းဗိုလ်ချုပ်နဲ့တွေ့တဲ့အခါ သမတဦးသိန်းစိန်တို့ အစိုးရအဖွဲ့ရဲ့ သဘောထား မရှိသေးဘဲ ဒုက္ခသည်တွေပြန်ပို့ဖို့ ကိုယ့်သဘောနဲ့ကိုယ် သဘောတူလိုက်တာ၊ ထိုင်းအာဏာသိမ်းမှုကို ထောက်ခံ ကြောင်းလဲ ကိုယ့်သဘောနဲ့ကိုယ် ပြောလိုက်တာတွေဟာ ဗမာပြည်မှာ သမတထက် ကာချုပ်ရဲ့အာဏာနီက ပိုအရာ ရောက်ပုံကို ပြလိုက်တာဖြစ်တယ်။
မင်းအောင်လှိုင်က ဖက်ဒရယ်ဆိုတာ အပစ်ရပ်ပြီးနောက်မှ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးရမယ့်ကိစ္စလို့ ဇွတ်ပြော နေပေမဲ့ မူ ၆ ချက်ပါ ၂၀၀၈ လိုက်နာရေးကိုတော့ နိုင်ငံရေးဆွေးနွေးပွဲထဲ မထည့်ဘဲ ကြိုတင်စည်းကမ်းသတ် လက်ခံ ခိုင်းနေတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေမှာ တိုင်းရင်းသားတန်းတူရေးပါပြီးသားလို့လဲ လျှောက်ပြောနေတယ်။ တကယ်တော့ ဗမာပြည်နယ်မရှိဘဲ စစ်မှန်တဲ့တန်းတူရေး လုံးဝမဖြစ်နိုင်သလို တမတ်သားမဖယ်၊ ကာချုပ်နဲ့ သမတက ထိုးထည့်ထားတဲ့လူတွေ မဖယ်ဘဲ စစ်မှန်တဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လဲ လုံးဝမဖြစ်နိုင်တာ နိုင်ငံရေးလေ့လာသူ အားလုံးအသိဖြစ်တယ်။
မင်းအောင်လှိုင်တို့ဟာ အပစ်ရပ်စာချုပ်မှာ ပင်လုံမူ/ပင်လုံကတိဆိုတာကိုထည့်ဖို့ အကြောက်အကန်ဆန့်ကျင်ပြီး ပင်လုံ စိတ်ဓာတ်ဆိုတဲ့ လိုသလိုဆွဲယူလို့ရတဲ့ ယေဘုယျစကားလုံးနဲ့ ချွေးသိပ် ညာဝါးဖို့လဲ ကြိုးစားနေတယ်။ ၂၀၀၈ ဥပဒေမှာ ထည့်သွင်းမထားတဲ့ secular နိုင်ငံ (ဘာသာရေးနဲ့နိုင်ငံရေး မရောယှက်တဲ့နိုင်ငံ) ဖြစ်ရေးအခြေခံမူ တိုင်းရင်းသား တွေဘက်ကတင်တာကို ဆန့်ကျင်နေတာကလဲ ဘာသာရေးခုတုံးလုပ်ချင်တဲ့ လက်မည်းကြီးကို ဖော်ပြနေတာ ဖြစ်တယ်။
အပစ်ရပ်စာချုပ်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ဆိုတဲ့စကားလုံး မသုံးဖို့ ကန့်ကွက်နေပေမဲ့ နိုင်ငံတော် ဆိုတဲ့ စကားလုံးကိုတော့ ထည်လဲနဲ့တဖက်သတ် သုံးနှုန်းပြီး အထက်စီးယူနေတယ်။ စစ်တိုက်ယူလို့မရခဲ့တဲ့ တိုင်းရင်းသား နယ်မြေတွေမှာ အပစ်ရပ်စာချုပ်နဲ့ 'တည်ဆဲဥပဒေ'ဆိုတာကို အသုံးချပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေးကိစ္စတွေ ဝင်စွက်ဖို့လဲ လုပ်နေတယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းနေပေမဲ့ တိုင်းရင်းသားတွေကို ပြည်တွင်းပြည်ပ NGO တွေနဲ့ ဆက်ဆံလုပ်ကိုင်ခွင့်မပေးဘဲ လက်ဝါးကြီးအုပ်နိုင်ဖို့လဲ စီစဉ်နေတယ်။
အပစ်ရပ်ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ကိစ္စကို နှစ်ဖက်ပူးတွဲဦးဆောင်ကော်မတီက တာဝန်ယူဖို့ တိုင်းရင်းသားတွေအဆိုပြုတာကိုလဲ လက်မခံဘဲ စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီကပဲ လက်ဝါးကြီးအုပ်ချယ်လှယ်ဖို့ လုပ်နေတယ်။
တိုင်းရင်းသားတွေပါတိုင်း ပြည်ထောင်စုတပ်မတော် မဖြစ်ဘူးဆိုတာ ကလေးကအစ ခွေးကအစသိကြလို့ ဒီနေရာမှာ အကျယ်ချဲ့မပြောတော့ပါဘူး။ မင်းအောင်လှိုင်တို့ကတော့ သူတို့စစ်တပ်ဟာ ပြည်ထောင်စုတပ်ဖြစ်နေပြီလို့ ဇွတ်ပြောနေလေရဲ့။
တိုင်းရင်းသားတွေပြောတဲ့ 'ပင်လုံမူ'အခြေခံတဲ့ (ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ့်) ပြည်ထောင်စုညီလာခံကိုလဲ လက်မခံ ချင်၊ (လွှတ်တော်-စစ်တပ်-ဝန်ကြီးအဖွဲ့အပါအဝင်) အစိုးရတစု၊ တိုင်းရင်းသားတော်လှန်ရေးတစု၊ နိုင်ငံရေးပါတီတစု ကိုယ်စားလှယ်အချိုးညီပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲကိုလဲ လက်မခံချင်ဘဲ ညောင်နှစ်ပင်ညီလာခံတုံးက ရွေးကောက်ခံ ကိုယ်စားလှယ်တစု၊ နိုင်ငံရေးပါတီတစုနဲ့ (တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေ ပါဝင်တဲ့) အခြားဖိတ်ကြားသင့်သူတစုကို စစ်အုပ်စုစိတ် ကြိုက်ရွေးထားတဲ့ အလုပ်သမား၊ တောင်သူလယ်သမား၊ အသိပညာရှင်၊ နိုင်ငံ့ဝန်ထမ်း၊ တိုင်းရင်းသား ကိုယ်စားလှယ် ဆိုတဲ့ ၅ စုနဲ့ဖိခဲ့သလို အခုလဲ အပစ်ရပ်ပြီးလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ (တိုင်းရင်းသားအပစ်ရပ် အဖွဲ့တွေပါဝင်တဲ့) တိုင်းရင်းသားလူမျိုးတစုနဲ့ နိုင်ငံရေးပါတီတစုကို စစ်အုပ်စုစိတ်ကြိုက်ရွေးမယ့် သြဇာခံ အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ ပညာရှင်အဖွဲ့၊ စီးပွားရေးအသင်းအဖွဲ့၊ အရပ်ဖက်လူမှုအသင်းအဖွဲ့ကိုယ်စားလှယ် ၆ စုနဲ့ ဝိုင်းဖိ အားပေးဖို့ ကြံစည်နေပြန်ပါပြီ (ဟိုတုန်းက အခြားဖိတ်ကြားသင့်သူအစုထဲမှာ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေအပြင် စစ်အုပ်စု ခေါင်းခေါက်ရွေးထားတဲ့လူတွေ ရောထည့်ခဲ့သလို အခုတိုင်းရင်းသားလူမျိုးအစုမှာလဲ တိုင်းရင်းသားအပစ်ရပ် အဖွဲ့တွေအပြင် စစ်အုပ်စု ခေါင်းခေါက်ရွေးထားတဲ့ အလိုတော်ရိတိုင်းရင်းသားတွေ ညှပ်ထည့်အုံးမှာဖြစ်တယ်)။
မင်းအောင်လှိုင်ဟာ ၂၀၁၅ မှာ သမတလုပ်ပြီး မြထွန်းဦးကို ကာချုပ်ထားဖို့ ရည်ရွယ်ခဲ့ပေမဲ့ ပြည်တွင်းစစ်အခြေအနေ၊ လယ်သိမ်းမြေသိမ်းအခြေအနေတွေ၊ ၄၃၆ နဲ့ အခြေခံဥပဒေပြင်ဆင်ရေးအခြေအနေတွေက စိတ်မချရသေးတော့ အချိန်မရွေး စစ်တပ်ကအာဏာသိမ်းဖို့ တွက်ထားရပါတယ်။ စစ်တပ်အာဏာသိမ်းရင် ကာချုပ်ကဘဲ အမြင့်ဆုံးနိုင်ငံ့ အကြီးအကဲဖြစ်လာပြီး သမတ က မြောင်းထဲရောက်မှာဖြစ်လို့၊ အခြေအနေတွေတည်ငြိမ်ပြီး စစ်တပ်အာဏာသိမ်းဖို့ မလိုလောက်တော့ဘူးလို့ စိတ်ကူးယဉ်မျှော်မှန်းထားတဲ့ ၂၀၁၈-၂၀၁၉ ကျမှ သမတ လုပ်ဖို့ စဉ်းစားနေတယ်လို့ သိရတယ်။ နို့မို့ရင် ဒေါက်တာမောင်မောင်လိုလွင့်ပြီး မြထွန်းဦးအောက် ပြားပြားမှောက်နေရမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ပစေ၊ ပြည်ထောင်စု သမတမြန်မာနိုင်ငံတော်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ဟာ ထိုင်းဘုရင်ဘူမိဘောအဒူလယာဒက်ရဲ့ ညာလက်ရုံး ထိုင်းတပ်မတော်ရဲ့လက်ရှိဖခင် ဗိုလ်ချုပ်ကြီးဟောင်း ပရင်မ်တင်စူလာနန္ဒာရဲ့ မွေးစားသားအဖြစ် ခံယူထားတယ်ဆိုတာ အခုပွင့်ထွက်လာပါပြီ။ ထိုင်းနိုင်ငံက တာဝန်ရှိသူတွေကလဲ ဝန်ခံလိုက်ပြီ ဖြစ်တယ်။ ဒီတော့ မင်းအောင်လှိုင်၊ သိန်းစိန်၊ ရွှေမန်း နဲ့ မြထွန်းဦးတို့က တိုင်းပြည်နဲ့ တပ်မတော်ကို ဘယ်လိုဆက်ဖျက်ဆီး၊ ဘယ်လိုဆက်လိမ်ကြအုံးမှာလဲ။ တရုတ်၊ ရွတ်ရှား၊ ဘင်္ဂလား နဲ့ ယိုးဒယားတို့ မျက်နှာကို မော့ကြည့်နေရ၊ ချယ်လှယ်သမျှခံနေရတဲ့ ဘဝမှာပဲ ဂိတ်ဆုံးတော့မှာလား။
ဘဝတူအရာရှိတွေကိုနင်း၊ အောက်ခြေတပ်မတော်သားတွေကိုစတေး၊ တိုင်းရင်းသားတွေနဲ့ အလုပ်သမား-လယ်သမား ပြည်သူတွေကိုဖိနှိပ်ပြီး အာဏာနီတည်ဆောက်တာတွေမရှိတဲ့ professional စစ်တပ်ဖြစ်အောင် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားတွေနဲ့ တပ်မတော်သားတွေ အစွမ်းကုန်ဝိုင်းဝန်းကြိုးပမ်းအားထုတ်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။
ဂါမဏိ
No comments:
Post a Comment