Wednesday, July 30, 2014

သူရဦးရွှေမန်း၊ ဦးအောင်ဇင်၊ လွှတ်တော်ရုံး ဘယ်သူမရိုးမဖြောင့်လုပ်သလဲ

Written by စည်သူအောင်မြင့်

ပြီးခဲ့တဲ့ ဇူလိုင်၂၄ ရက်က ကျင်းပတဲ့ ၃၄ ရက်မြောက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပုဇွန်တောင် အမတ် ဦးအောင်ဇင်က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် စနစ်တခု ဖော်ဆောင်ပေးရေးအဆို တခုတင်ပါတယ်။ အဲဒီအဆိုကို လွှတ်တော်မှာ ဆွေးနွေးဖို့ မဲခွဲ ဆုံးဖြတ်ပါတယ်။ သတင်းကို အစိုးရပိုင်သတင်းစာတွေနဲ့ ပုဂ္ဂလိကပိုင်သတင်းစာ၊ ဂျာနယ်တွေမှာ ဖော်ပြကြပါတယ်။ ဦးအောင်ဇင် တင်ပြတဲ့ အဆိုအပေါ် ၃၅ ရက်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမတ် ၁၀ ယောက်ဆွေးနွေးပါတယ်။

၃၆ ရက်မြောက် ပြည်သူ့လွှတ်တော်အစည်းအဝေးအစီအစဉ် စာရွက်ထွက်လာတဲ့အခါ နဂိုအစီအစဉ်တွေမှာပါခဲ့တဲ့ အဆိုနဲ့ ကွဲလွဲဖော်ပြထားတာကို အမတ်တွေ တွေ့ကြရပါတယ်။ ဒီအခါ အင်န်အယ်လ်ဒီအမတ် ဒေါ်ခင်ဌေးကြွယ်နဲ့ ဒေါ်ခင်စန်းလှိုင်တို့က
အဆိုကွဲလွဲ ဖော်ပြထားမှုနဲ့ ပတ်သက်ပြီး ရှင်းလင်းပေးဖို့ လွှတ်တော်ကို တင်ပြကြပါတယ်။

ဒီလိုနည်းနဲ့ သူရဦးရွှေမန်းက ရုံးအဖွဲ့ကို ခေါ်၊ သူ့ဖိုင်တွေကို ပြန်လှန်ရုံမက အရင်ဦးအောင်ဇင်လွှတ်တော်တွင်း အဆိုတင်စဉ် ရိုက်ကူးထားတဲ့ အသံဖိုင်ကို ပြန်ဖွင့်ပြစသဖြင့် အလုပ်ရှုပ်သွားစေပါတယ်။ ဖြစ်စဉ်ကို တခုစီ ပြန်စိစစ်ကြည့်ရင် ပြည်သူ့လွှတ်တော်ထဲမှာ မရိုးမဖြောင့်မှု တခုကို သွားတွေ့ရပါတယ်။ ဘယ်လို မရိုးမဖြောင့်မှုလဲ၊ ဘယ်သူက မရိုးမဖြောင့်လုပ်တာလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဇူလိုင် ၂၄ ရက် ၃၄ ရက်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးမကျင်းပခင် အမတ်တွေကို အစည်းအဝေး အစီအစဉ်စာရွက်တွေ ကြိုတင်ဖြန့်ဝေပါတယ်။ အဲဒီအစီအစဉ် နံပါတ်(၇) မှာ ပုဇွန်တောင်အမတ် ဦးအောင်ဇင်တင်မယ့် အဆိုကို ခုလိုဖော်ပြထားပါတယ်။ “မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲကျင်းပမည့် စနစ်တခုကို ဖော်ဆောင်ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း” အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း ဆိုပြီးဖြစ်ပါတယ်။ နောက်ပိုင်း အငြင်းပွားစရာဖြစ်လာမယ့် အဲဒီအဆိုဟာ ဦးအောင်ဇင်က သူတကယ်တင်မယ့်အဆိုနဲ့ အမတ်တွေကို ဖြန့်ဝေထားတဲ့ အစီအစဉ်မှာ ပါတာ ကွဲလွဲနေတယ်ဆိုတာသူ အဆိုတင်စဉ်မှာ လုံးဝ (လုံးဝ) မပြောဆိုခဲ့ပါဘူး။ အလားတူ အစီအစဉ်မှာ ပါတာနဲ့ အဆိုတင်တဲ့ဆီမှာ ကွဲလွဲနေရင် အသေးစိတ်ကအစ ထောက်ပြတတ်တဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ဦးအောင်ဇင်ရဲ့အဆိုနဲ့ ပတ်သက်ပြီး ကွဲလွဲနေတယ်ဆိုတာ လုံးဝထောက်ပြတာမျိုး မလုပ်ခဲ့ပါဘူး။

ဒီလိုနည်းနဲ့ အဲဒီအဆိုပါ စာသားအတိုင်း လွှတ်တော်အတွင်း ဆွေးနွေးခဲ့ပါတယ်။ ကန့်ကွက်တင်ပြခွင့်ရတဲ့ ကျောက်ဖြူအမတ် ဦးဘရှိန်ကလည်း အဲဒီအဆိုစာသားအပေါ်မူတည်ပြီး ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ရဲ့ တရားဝင် Facebook စာမျက်နှာမှာလည်း အဆိုကို အမတ်တွေကို ဖြန့်ဝေထားရာမှာ ပါတဲ့အတိုင်းပဲ ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ နောက်ပိုင်း အစိုးရပိုင် မြန်မာ့အလင်းနဲ့ ကြေးမုံ၊ ဒီမိုကရေစီတူဒေး အပါအ၀င် တခြားပုဂ္ဂလိက သတင်းစာဂျာနယ်တွေ၊ လွှတ်တော်ချယ်နယ်လို Facebook စာမျက်နှာမှာလည်း အဲဒီအဆိုစာသားအတိုင်း အတိအကျ ဖော်ပြခဲ့ကြပါတယ်။ မှားယွင်းတယ်ဆိုတဲ့ အကြောင်းလုံးဝ မပေါ်ပေါက်ခဲ့ပါဘူး။

အလားတူ ၃၅ ရက်မြောက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလည်း အမတ် ၁၀ ယောက်ဟာ ဦးအောင်ဇင်တင်ထားတဲ့ အဆိုအပေါ်မူတည်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ သတင်းဌာနတွေအားလုံးဟာလည်း အဲဒီအတိုင်းဖော်ပြခဲ့ကြပါတယ်။ ၃၆ ရက် မြောက်အတွက် အစည်းအဝေးအစီအစဉ် ဖော်ပြထားရာမှာတော့ ဦးအောင်ဇင် တင်ထားပြီး၊ လွှတ်တော်က လက်ခံ၊ အမတ်တွေ ဆွေးနွေးနေကြတယ်ဆိုတဲ့အဆိုဟာ မတူတော့ပါဘူး။ ကွဲလွဲမှုရှိသွားပါပြီ။ သူ့အဆိုခုလိုဖြစ်သွားပါတယ်။ “ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့် ဒီမိုကရေစီစနစ်ကို ပိုမိုဖော်ဆောင်နိုင်သော အချိုးကျကိုယ်စားပြုစနစ်ကို အခြေခံသည့် ရွေးကောက်ပွဲနည်းလမ်းကို ပြည်သူ့လွှတ်တော် ရွေးချယ်တင်မြှောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ပေးရေး”ဆိုပြီး ဖြစ်သွားပါတယ်။ နဂိုအဆိုနဲ့ အတော်ကွဲလွဲသွားပါတယ်။ နဂိုအဆိုမှာ ရွေးကောက်ပွဲစနစ်တခု ဖော်ဆောင်ပေးဖို့ဖြစ်ပြီး၊ အခုအဆိုမှာတော့ အချိုးကျကိုယ်စားပြုစနစ် PR ဆိုပြီး တိတိကျကျ ထည့်သွင်းထားပါတယ်။

ဒီလိုနဲ့ ၃၆ ရက်မြောက်နေ့ ရောက်လာပါတယ်။ အစည်းအဝေး စတော့လည်း ဒီကိစ္စ သူရဦးရွှေမန်းက မပြောသလို၊ ဦးအောင်ဇင်ကလည်း မဟပါဘူး။ အစည်းအဝေးအစီအစဉ် နံပါတ်(၉) အရ စပြီး ဆွေးနွေးတော့မယ်လို့ သူရဦးရွှေမန်းက ပြောလိုက်တဲ့အချိန်ကျမှ အင်န်အယ်လ်ဒီ အမတ် ဒေါ်ခင်ဌေးကြွယ်က ဒီကိစ္စ ထပြီး ပြောဆိုတာပါ။ အဆိုဘာကြောင့် ကွဲလွဲတာလဲ၊ အဲလိုကွဲလွဲရင် အသစ်သဘောပြန်တင်သင့်တယ် ဆိုပြီး လွှတ်တော်လုပ်ထုံး လုပ်နည်းတွေနဲ့ ပြောလိုက်ပါတယ်။

ဒီအခါ ဦးအောင်ဇင်နဲ့ သူရဦးရွှေမန်းတို့ ရှင်းရပါတော့တယ်။ ရှင်းရာမှာ ဦးအောင်ဇင်က အထစ်ထစ် အငေါ့ငေါ့ဖြစ်နေပြီး သူရဦးရွှေမန်းက ဇာတ်လမ်းတခုလုံး အားလုံးကို သိနေတဲ့ပုံမျိုး ထွက်ပါတယ်။ တကယ်လည်း သူအားလုံး အလုံးစုံအသေးစိတ်ကအစ သိပါတယ်။ သူတို့ နှစ်ယောက် ပြောဆိုကြတာတွေကလည်း တယောက်နဲ့ တယောက် မတူပါဘူး။ အဆိုနှစ်ခု ကွဲလွဲနေတာနဲ့ ပတ်သက်ပြီး ဦးအောင်ဇင် တိတိကျကျ ပြောတာက “ပထမဦးဆုံး ကျွန်တော်တင်တဲ့ အဆိုကို ရုပ်သိမ်းပြီးပါပြီ။ ကျွန်တော်တင်တာနဲ့ မကိုက်ဘူးဆိုပြီးတော့ ပြန်ပြင်ပြီးတော့ တင်တာပါ”လို့ ဆိုပါတယ်။ မရှုပ်ထွေးပါဘူး။ သူရဦးရွှေမန်း ရှင်းတာကတော့ ဒီအဆိုကို ဦးအောင်ဇင်လက်မှတ်ထိုးပြီး ၂၀၁၄ ခုနှစ်၊ ဇွန်လ ၅ ရက်က တင်ထားတယ်။ အဲဒီမှာ ဖော်ပြထားတာ အခု ၃၆ ရက်နေ့မြောက် အစီအစဉ်မှာ ပါတဲ့အတိုင်းပဲလို့ ဆိုပါတယ်။ PR လို့ ဖော်ပြထားတဲ့အဆိုပါ။ ကြားထဲမှာ ၃၄ ရက်နေ့မြောက် အစီအစဉ်မှာပါတဲ့ ကနဦးအဆို ဘယ်ကရောက်လာတယ် သူ မပြောပါဘူး။

“ဒါနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ မှတ်ယူပြီးတော့”လို့လည်း ထည့်ပြောပါတယ်။ မှားနေတယ်ဆိုပြီး ရုံးအဖွဲ့ဝင်တွေကို “လိုအပ်တဲ့ ဆိုဆုံးမမှုတွေ ပြုပြီးသွားပါပြီ” လို့ ဆိုပါတယ်။ ရုံးအဖွဲ့က ဘယ်လို မှားပြီး ဘာတွေဆုံးမခဲ့သလဲ သူမပြောပါဘူး။ အဲဒီကနဦးအဆို အစည်းအဝေးအာဂျင်ဒါထဲ ဘယ်လိုရောက်လာသလဲ သူ မပြောပါဘူး။

ဒီအတွက် သူရဦးရွှေမန်းက ၃၄ ရက် မြောက်နေ့မှာ ဦးအောင်ဇင် ကနဦးတင်တဲ့အဆို အသံဖိုင်ကို ပြန်ဖွင့် ပြပါတယ်။ ဖွင့်မပြခင် ပြောတာက အာဂျင်ဒါမှာ မည်သို့ ပင်ရေးသားဖော်ပြစေကာမူ ဦးအောင်ဇင်တင်ခဲ့တဲ့ အဆိုကိုသာ အတည်ယူရမယ် ဆိုပြီးတော့ ဖြစ်ပါတယ်။ အလွန့်အလွန် ထူးဆန်းတာက ဦးအောင်ဇင်က အဲဒီအဆိုတင်ရာမှာ အခုအငြင်းပွားနေတဲ့ အဆို နှစ်ခုစလုံးကို ထည့်ပြောသွားတဲ့အချက်ပါပဲ။ အပြည့်အစုံကတော့ ခုလိုပါ။

“ကျွန်တော် တင်သွင်းမယ့်အဆိုကတော့ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှု ရှိမည့် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲ ကျင်းပမည့် စနစ်တခုကို ဖော်ဆောင်ကျင့်သုံးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးနိုင်ရေး အဆို လွှတ်တော်ကို တင်သွင်းမှာဖြစ်ပါတယ် ခင်ဗျာ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား၊ ကျွန်တော်ကတော့ ရန်ကုန်တိုင်း ပုဇွန်တောင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင် ဖြစ်ပါတယ်။ ဒီနေ့ ဒီအဆို တင်ပြခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်တော်တင်ပြမယ့် အဆိုကတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့် ဒီမိုကရေစီစနစ်ကို ပိုမိုဖော်ဆောင်နိုင်သော အချိုးကျ ကိုယ်စားပြုစနစ်ကို အခြေခံသည့် ရွေးကောက်ပွဲ နည်းလမ်းကို ပြည်သူ့လွှတ်တော် ရွေးချယ်တင်မြှောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ပေးရေးအဆိုပဲ ဖြစ်ပါတယ်”အသံဖိုင်ကို ဖွင့်ပြပြီးနောက် သူရ ဦးရွှေမန်းက ဦးအောင်ဇင် တင်ခဲ့တဲ့အဆိုဟာ ခုနောက်ဆုံး အစည်းအဝေးအစီအစဉ်မှာ ပြင်ဆင်ထားတဲ့ ၃၆ ကြိမ်မြောက်က အတိုင်ဖြစ်တာမို့ ကွဲလွဲမှု မရှိဘူး။ ဒါကြောင့် အဆိုကို အသစ်ပြန်ပြင်တင်စရာလည်း မလိုဘူး။ ရှေ့မှာ ဆွေးနွေးပြီးသွားသူတွေလည်း ပြန်ဆွေးနွေးစရာ မလိုဘူးဆိုပြီး အဆုံးအဖြတ်ပေးခဲ့ပါတယ်။

ဖတ်ရတာ စိတ်ရှုပ်မသွားပါနဲ့ စာဖတ်သူများ ခင်ဗျား။ လွှတ်တော်ထဲက ဒီအခြေအနေကိုကြည့်ရင် အင်န်ဒီအက်ဖ် ဦးအောင်ဇင်ဟာ ပီအာရ်နဲ့ပတ်သက်ပြီး အဆိုတင်တာဟာ သူ့တယောက်တည်း၊ သူ့ပါတီ တခုတည်း ကိုယ်ပိုင်သဘော ဟုတ်ဟန် မတူပါဘူး။ အဆိုစကားလုံး တိတိကျကျကိုလည်း သူတယောက်တည်း ရွေးချယ်တာ ဟုတ်ပုံမရပါဘူး။

သူရဦးရွှေမန်း အားလုံး သိပုံရပါတယ်။ တိုင်ပင်ပြီး၊ လမ်းညွှန်မှုခံယူပြီး လုပ်ကိုင်ဆောင်ရွက်တယ်ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီဖြစ်စဉ်မှာ ပေါ်ပေါက်ခဲ့တာကတော့ ပြည်သူ့လွှတ်တော်ထဲမှာ မရိုးဖြောင့်မှု ရှိနေတယ်ဆိုတဲ့ ကိစ္စပါ။

တကယ်ဆို လွှတ်တော်မှာ တင်တဲ့အခါ အဆိုစကားလုံစာသား တိတိကျကျ အလွန်အရေးကြီးပါတယ်။ နောက်ပိုင်း အဆိုရှင်ကိုယ်တိုင် အဲဒီအဆိုကို ဘယ်လိုပဲ ချဲ့ထွင်ကွန့်မြူး ရှင်းလင်းသည်ဖြစ်စေ၊ အဲဒီအဆို စကားလုံးစာသားအတိုင်းပဲ အတိအကျအရေးယူဆောင်ရွက်ရတာမျိုး ဖြစ်ပါတယ်။ နဂိုအဆိုမှာ ပီအာရ်ဆိုတဲ့ စကားရပ်မပါပါဘူး။ နာမည်ပျက်နေတဲ့ ပီအာရ်ဆိုတာ ထည့်ရင် တမျိုးဖြစ်ကောင်း ဖြစ်လာနိုင်တယ်ဆိုပြီး အဆိုကို ပါးပါးနပ်နပ် တင်ပြခဲ့ပုံရပါတယ်။ နောက်နှစ်ရက်လောက်ကြာမှ အဆိုထဲမှာ ပီအာရ်ကို ပြောင်ပြောင်တင်းတင်း ထည့်မထားရင် ဆွေးနွေးမှု လမ်းလွဲနိုင်တယ်၊ ထည့်ကို ထည့်ထားမှဖြစ်မယ် ယူဆပြီး ခပ်တည်တည်ပဲ ပြောင်းခဲ့ပုံရပါတယ်။ ဒါကို ဦးအောင်ဇင်က ၀န်ခံပါတယ်။ သူရဦးရွှေမန်းကတော့ ရုံးအဖွဲ့ကြောင့် အဆိုစာသား မမှန်ဖြစ်ရတာလို့ အပြစ်ပုံချပါတယ်။ သေချာတာကတော့ သူတို့ နှစ်ယောက်စလုံးက ဒေါ်ခင်ဌေးကြွယ်တို့ မတင်ပြခင်အချိန်ထိ ဒီအဆို ကွဲလွဲမှုကိစ္စကြီးကို ရေငုံနှုတ်ပိတ်နေခဲ့ကြတာပါ။

အလွန့်အလွန်သေချာတာကတော့ ပြည်သူ့လွှတ်တော်ထဲမှာ မရိုးဖြောင့်မှုရှိနေတယ်ဆိုတာပါ။ ဘယ်သူတွေ မရိုးမဖြောင့် လုပ်နေကြသလဲဆိုတာ လွှတ်တော်ထဲရောက်နေတဲ့ ရိုးသားတဲ့ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားနိုင်ဖို့ ပြည်သူတွေ ဝေဖန်ပိုင်းခြားနိုင်ဖို့ သုံးသပ်တင်ပြလိုက်ရပါတယ်။

No comments: