Monday, September 29, 2014

မေ့ပျောက်၍မရနိုင်သော ပြည်သူ့တပ်မတော်ရဲ့အောင်ပွဲ (အပိုင်း ၆)

29 September 2014 | အောင်တင်ထွန်း | နေ့သစ်

“မင်းရန်အောင်” ပထမအဆင့် စစ်ဆင်ရေးမှာ မိမိတို့စခန်းအချို့ လက်လွတ်ဆုံးရှုံးရမှုအတွက် ထိုးတက်လာတဲ့ ရန်သူရဲ့ တန်ပြန်တော်လှန်ရေး မာန်စွယ်ကိုလဲ ရိုက်ချိုးလိုက်နိုင်ခဲ့တယ်။ အောင်ပွဲအချို့နဲ့ယစ်မူးနေတဲ့ ကစထ မှူး ဗိုလ်ချုပ်ထွန်းရီ ရမခ တိုင်းမှူး ဗိုလ်မှူးချုပ်လှဦး (၇၇) တပ်မမှူး ဗိုလ်မှူးကြီးချစ်ဆွေ စတဲ့ တပ်မှူးကြီးများအားလုံး တုန်လှုပ်သွားကြတယ်။ မူလက ဒုတိယအဆင့် ထိုးစစ်အတွက် ပြင်ဆင်ထားမှုအား

လုံးကို ရပ်ဆိုင်းလိုက်တယ်။ မော်ဖါ ကျိုင်းတုံဒေသတွင်း ဖြန့်ကျဲထားတဲ့ ရန်သူတပ်များအားလုံးကို ချက်ခြင်းစုစည်းလိုက်တယ်။ စု စခန်းတွေကို ခွဲစခန်းတွေအဖြစ် ခွဲစခန်းတွေကို စစ်ကြောင်းစခန်းတွေအဖြစ် စုစည်းပြီး တမျက်နှာလုံး ခံစစ်အတွက်ပြင်ဆင်မှုတွေ အမြန်လုပ်ဆောင်ရတဲ့အထိ ရန်သူဟာ ကြောက်ရွံ့တုန်လှုပ်သွားခဲ့တယ်။

မန်ခူး-မန်ခါဒေသမှာ ခလရ (၃၃) တရင်းလုံး ဖွဲ့စည်းပုံပျက်လောက်အောင် ချေမှုန်းခံရလို့ လက်စားခြေဖို့ ချက်ချင်းပြင်ဆင်ခဲ့တဲ့ ရမခ ရဲ့ထိုးစစ်စီမံကိန်း (ဗျူဟာ ၂ ခု၊ တပ်ရင်း ၅ ရင်း) ကို ဖျက်လိုက်ရပြီး ခံစစ်ပြင်ဆင်လုပ်ဆောင်ရတဲ့အထိ ဂယက်ရိုက်ခဲ့တယ်။

ဒီတိုက်ပွဲတပွဲထဲနဲ့ မိမိတို့ဟာ စစ်မျက်နှာတခုလုံး အချိန် (၂) လနီးပါး လက်ဦးမှုမဲ့နေရာမှ စစ်ရေးလက်ဦးမှုကို ပြန်လည်ရရှိခဲ့ပါတော့တယ်။

ပါတီရဲ့ လက်နက်ကိုင်တော်လှန်ရေး ခရီးကြမ်းကြီးမှာ အတက်အကျရှိစမြဲပါပဲ။

ယခုလို ဒီရေနိမ့်နေချိန်မှာ မိမိတို့အောင်ပွဲရ တိုက်ပွဲများသမိုင်းအတွင်းမှာ ဒီ မန်ခူး-မန်ခါ တိုက်ပွဲကြီးဟာ ဘယ်တော့မှ မေ့ပျောက်နိုင်မှာမဟုတ်ဘဲ ထာဝစဉ် ဥဒါန်းတွင်နေပါလိမ့်မယ်။

မှတ်စုများ ...

တိုက်ပွဲအတွင်း သုံပန်းများအဖြစ် အဖမ်းခံရပြီး ပြန်လွှတ်ပေးလိုက်သူများအကြောင်း အကျဉ်း

(၁) ဒုဗိုလ်မှူးကြီး သူရစိုးမင်း ၊ မိမိတို့ ပြန်လွှတ်လိုက်ပြီးနောက် သူရဘွဲ့နဲ့ စစ်ဖက်ရာထူးပြုတ်၍ မန္တလေး စစ်ဖက်တရားရုံးက ထောင်ချ၊ ထောင်ကလွ့တ်ပြီး (၂) နှစ်အတွင်း ကွယ်လွန်သွား။ တရားရင်ဆိုင်စဉ် အတူအဖမ်းခံရသူအားလုံးကိုယ်စား တာဝန်ယူသွား။ ထို့ကြောင့် ကျန်အရာရှိများ တပ်ထဲပြန်ရောက်။

(၂) ဗိုလ်ကြီးညိုဝင်းမြင့် ၊ စစ်တပ်ထဲပြန်ရောက်ပြီး ဒုဗိုလ်မှူးကြီးဖြစ်လာ။ နယ်စပ်စည်ပင်ဌာနပြောင်းလာ။ ရခိုင်ပြည်နယ် တိုင်းနယ်စပ် စည်ပင်ညွှန်ကြားရေးမှူးဖြစ်လာ။ ၂၀၁၁ ရှမ်းမြောက်တိုင်းနယ်စပ်စည်ပင်မှူးဖြစ်လာ။ ၂၀၁၂ လောင်ကိုင်းမှာဖျား ကွယ်လွန်။

(၃) ဗိုလ်ကြီးသန်းဌေးလွင်။ စစ်တပ်ထဲပြန်ရောက်။ အလယ်ပိုင်းတိုင်းမှာ ဒုဗိုလ်မှူးကြီးအဖြစ် တပ်ရင်းမှူးဖြစ်လာ။ နောက်အရပ်ဖက်သို့ ပြောင်းရွှေ့သွား။

(၄) ဗိုလ်ညီထွန်း။ စစ်တပ်ထဲပြန်ရောက်။ အဆင့်ဆင့်ရာထူးတက်ပြီး ၊ဗိုလ်မှူးချုပ်ဖြစ်လာ။ D.S.A ကျောင်းအုပ်ကြီးဖြစ်၊ ၀န်ထမ်းရွေ့းချယ်ရေး ကော်မတီအဖြစ် အရပ်ဖက်ပြောင်း။

(၅) ဒုဗိုလ် တင်ထွဋ်ကျော်။ စစ်တပ်ပြန်ရောက်။ ဗိုလ်မှူးရာထူးအထိရောက်။ စစ်ကိုင်း နယ်စပ်စည်ပင်လ/ထ ညွှန်မှူးအဖြစ် ပြောင်းရွှေ့သွား။

(၆) ဗိုလ်မှူးစန်းမောင် (ထွက်ပြေးပြီး လွတ်သွားသူ) ။ ၁၉၇၈ မတ်လ နောင်လှိုင်ပန်ဖန်တိုက်ပွဲ မိမိတို့လက်မှခွဲ (၅) မှူးအဖြစ်နဲ့ ပထမအကြိမ် လွတ်မြောက်ခဲ့။ မန်ခါ တိုက်ပွဲတွင် စစ်ကြောင်း (၂) အဖွဲ့မှူးအဖြစ် ထပ်မံထွက်ပြေးလွတ်မြောက်။ နောက်ရာထူးအဆင့်ဆင့်တက်ပြီးနမခတိုင်း (မုံရွ့ာ) မှာ ဒုတိုင်းမှူးဖြစ်လာ။ နောက် သစ်မှောင်ခိုမှုနဲ့ပြုတ်။

အောင်တင်ထွန်း
၂၀၁၄-၇-၂၀ ရက်နေ့

No comments: