Tuesday, September 30, 2014

ဒီမနက်ခင်း ကြားလိုက်ရတဲ့ ကရင်ပြည်နယ်ထဲက တိုက်ပွဲသတင်း

30 Sept 2014

ကရင်ပြည်နယ် ကော့ကရိတ်မှ နဘူးသွားတဲ့ ကားလမ်း ရင်ကွဲတောင် တပ်စခန်းကုန်းမှာ တပ်စွဲထားတဲ့ ခလရ ၂၃၀ ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ ဒီကနေ့ မနက်မိုးမလင်းခင် အချိန်မှာ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာဟာ ကော့ကရိတ် နဘူးကားလမ်းပေါ်မှာ တည်ရှိနေပြီ အစိုးရစစ်တပ် ခလရ ၂၃၀ ကို ဝင်ပစ်သွားတာဟာ ဒီအေဘီအေ တပ်ဖွဲ့ဝင်တွေ
မဟုတ်ကြောင်း မြဝတီ ဒီကေဘီအေ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စိုးမြင့် က အခုလို ပြောပါတယ်။

“အခု ဝင်ပစ်သွားတယ်ဆိုတဲ့ နေရာဟာ ကျနော်တို့ ဂွင်မဟုတ်ဘူး ၊ ကျနော်တို့ တပ်ဖွဲ့ဝင်တွေလည်း မရှိဘူး၊ ကျနော့်အမြင်တော့ ထင်ယောင်ထင်မှားတွေ ဖြစ်ကုန်အောင် လိုက်ဖန်တီးနေတယ်လို့ပဲ ထင်တယ်။ မနေ့ညကလည်း မြဝတီ သင်္ဃန်းညီနောင် တံတားကျိုးကို ၂ ခါ လာပစ်တယ်။ ပြည်သူလူထုကြားထဲမှာ ကျနော်တို့ အဖွဲ့ကို သိက္ခာကျအောင် လုပ်နေတာဖြစ်တယ်။ မြဝတီမြို့ဝန်းကျင်မှာ ကရင်လက်နက်ကိုင်အဖွဲ့က ကျနော်တို့ တဖွဲ့တည်းရှိတာ မဟုတ်ဘူး၊ KNU ၊ KNU\KNLA (PC) ၊ KPGF ၊ KNDF ဆိုတာတွေလဲ ရှိတယ်။ မြိုင်ကြီးငူဂွင် မီဇိုင်းနဲ့ ကျိုက်မရောဘက်တွေမှာ ဖြစ်နေတာတွေကတော့ ကျနော်တို့ ဒီကေဘီအေ အဖွဲ့နဲ့ ဖြစ်တယ်ဆိုတာ သေချာတယ်။ ကျန်တဲ့ ပစ်ခတ်မှုတွေကတော့ ကျနော်တို့ အဖွဲ့မဟုတ်ဘူး” လို့ ပြောပြတယ်။

စက်တင်ဘာ ၂၉ ရက် မနေ့က ကော့ကရိတ်မြို့နယ် ဟောင်သရောမြစ်ကို ဖြတ်ပြီး မြောက်ကြာအင်းမှ တောင်ကြာအင်းကို ကူးလားတဲ့ အစိုးရစစ်တပ်တတပ်လည်း လှေဆိပ်မှာလည်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီတရက်ထဲမှာတင်ပဲ နေ့လည်ဘက် ဘားအံမှ ကော့ကရိတ်သို့ ထွက်ခွာလာတဲ့
လိုင်းကား နေ့လည် ၁း၃၀ နာရီလောက်က သာမညအလွန် သာယာကုန်းနှင့် ဒူရိန် ရာဘာခြံနားအရောက်တွင် ကားနှင့် ပေ ၂၀ ခန့်အကွာ အမည်မသိအဖွဲ့တဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတလုံးပေါက်ကွဲ
ခဲ့ပြီး ကားပေါ်ပါခရီးသည်အချို့ လက်နက်ကြီးအစထိမှန်ကာ ဒဏ်ရာရခဲ့တယ်။

No comments: