Wednesday, October 29, 2014

ကရင်ပြည်နယ်အတွင် အမျိုးအမည်မသိအဖွဲ့တွေ တိုက်ခိုက်မှု

၂၉ စက်တင်ဘာ

ဒီရက်ပိုင်းအတွင်း ဒီကေဘီအေနဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား စစ်ရေးအရ တင်မာမှုတွေ ဖြစ်ပေါ်နေချိန်မှာ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်လာပြီး ချောင်းမြောင်း တိုက်ခိုက်တာတွေ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ခပ်စိပ်စိပ်ဖြစ်နေပြီး၊ ဖြစ်လာတဲ့ အမည်မသိအဖွဲ့ရဲ့ တိုက်ခိုက်တာတွေကို အစိုးရရဲ့ နယ်ခြားစောင့် BGF
တပ်မှူးတွေက ပြစရာအထောက်အထားမရှိဘဲ DKBA အဖွဲ့ လက်ချက်ပါလို့ မီဒီယာတွေမှာ တထစ်ချ သုံးသပ်ပြောဆိုနေတာတွေကလည်း စဉ်းစားစရာ ဖြစ်ပါတယ်။

ကော့ကရိတ် က ကိုအောင်တိုး ရေးထားတဲ့ သတင်းတိုမှာ ...

ယနေ့ နေ့လည် ဘားအံမှ ကော့ကရိတ်သို့ ထွက်ခွာလာသော လိုင်းကား နေ့လည် ၁း၃၀ ခန့်အချိန် သာမညအလွန် သာယာကုန်းနှင့် ဒူရိန် ရော်ဘာခြံနားအရောက်တွင် ကားနဲ့ ပေ ၂၀ ခန့် အကွာ လက်နက်ကြီးတလုံးပေါက်ကွဲခဲ့ပါတယ် ကားပေါ်ပါခရီးသည်အချို့ လက်နက်ကြီးအစထိမှန် ဒဏ်ရာရတယ်။ ကော့ကရိတ်တံတားဦးရပ်မှ ယာဉ်မောင်းအရှည်ကြီး မောင်းနှင်လာတဲ့ကားဖြစ်တယ်။

ဒဏ်ရာအနည်းငယ်ရ လူနာများကို ကော့ကရိတ်ဆေးရုံမှ ဆေးကုသမှုပေးပြီး စိုးရိမ်ရသောလူနာမှာ ကော့ကရိတ် ရေကျော်ကျေးရွာမှ ရွာသားတဦး ဖြစ်ပါတယ်။ လက်မောင်း နောက်ကျောဘယ်ဖက် တွင်လက်နက်ကြီးအစများ ထိမှန်ထားပါတယ်။ ကော့ကရိတ်ဆေးရုံမှ ဆရာဝန်ဆရာများမှ ဓါတ်မှန်ရိုက် ဆေးကုသမှုပေးနေပါတယ်။

“ကျမတို့ကားကို တိုက်ရိုက်ပစ်ထည့်တာတော့ မဟုတ်ဘူး၊ ကားဘေးပေ ၂၀၊ ၃၀ လမ်းဘေးမှာ ပေါက်ကွဲတာပါ၊ အစတွေတော့ ကားဘက်ဆီထိမှန်ကုန်တယ်၊ ဘယ်သူပစ်တယ်၊ ဘယ်ကပစ်တယ်ဆိုတာလည်း မသိရပါဘူး၊ ကားကတော့ မောင်းပြေးလာခဲ့တာ ကော့ကရိတ်
ဆေးရုံအရောက်ပဲ” ကားပေါ်ပါခရီးတဲ့ အမျိုးသမီးကြီးတဦးမှ ပြောပြသွားပါတယ်။

7Day အွန်လိုင်းစာမျက်နှာမှာ တင်ပြထားတာက ဒီလို ...

သာမညအလွန် ခရီးသည်တင်ယာဉ်တစီးကို အမည်မသိလက်နက်ကိုင်တဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကို နယ်ခြားစောင့်တပ် (BGF) အရာရှိတဦးကပြောတာက ...

‘‘DKBA က ပစ်တာ ဒဏ်ရာပြင်းတော့ ကျုံဒိုးဆေးရုံမှာ မရဘူး။ ကော့ကရိတ်ကို သယ်သွားပြီ’’ ဟု BGF (နယ်ခြားစောင့်တပ်) မှ ဗိုလ်မှူး သိန်းဇော်မင်း က ပြောသည်။

ခရီးသည်တင်ကား အပစ်ခံတဲ့ကိစ္စကို
DKBA မြ၀တီဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးစောစိုးမြင့်က ဒီကေဘီအေအဖွဲ့က ပစ်ခတ်တာမဟုတ်ဘူးဆိုတာ သတင်းပေးပို့ချက်တွေအရ သေချာသိရတယ်။

‘‘အခုပဲ ကျွန်တော်တို့ စစ်ဆင်ရေးဂျီဝမ်းနဲ့ ဖုန်းပြောပြီးတာ။ ကျွန်တော်တို့ဘက်က ပစ်တဲ့အနေအထား တခုမှ မရှိတာကိုတော့ အတည်ပြုပြောနိုင်ပါတယ်’’ လို့ ပြောပြပါတယ်။

အမည်မသိလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကိုစိုင်းလတ် ပြောတာက ...

“မြ၀တီမှာတုန်းကလည်း ကရင်လုံချည်ဝတ်ပြီး ခေါင်းပေါင်းဝါပေါင်းထားတဲ့ လူနှစ်ယောက်က ဗိုလ်တိုင်းဂါးနေတဲ့ လူမြင်သူမြင်နေရာကနေ အစိုးရစစ်ယာဉ်တန်းကို လက်နက်ကြီးနဲ့ ပစ်တယ်။ မထိဘူး။ တမင်လွဲအောင်ပစ်သလားပဲ။ အဲလိုပစ်တဲ့အတွက် ကရင်လက်နက်ကိုင်တဖွဲ့ဖွဲ့ကပဲ ပစ်သယောင် လူတွေကိုထင်စေခဲ့တယ်။ ခုလည်း ကော့ကရိတ်နားက ကျုံဒိုးနဲ့ သာမညကြားမှာ အမည်မသိ လက်နက်ကိုင်တဖွဲ့က ခရီးသည်တင် အရပ်သားကားကို ပစ်တယ်။ တိုက်ရိုက်ထိအောင်ပစ်တာတော့ မဟုတ်ဘူး။ ခရီးသည်တွေကို ဒဏ်ရာရရုံလေး ရည်ရွယ်ပုံရတယ်။ အဲဒီပစ်ခတ်မှုကြောင့် ကရင်လက်နက်ကိုင်အဖွဲ့တခုခုက ပစ်သယောင် လူတွေကိုထင်စေခဲ့ပြန်တယ်”

“ကဲ ... ဘာတွေလဲ”

ဒီကေဘီအေနဲ့ မြန်မာအစိုးရစစ်တပ်တွေ ကျိုက်မရောဒေသထဲမှာ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတာတွေ ၂ ဖက် တာဝန်ရှိသူတွေ အဆင်ပြေအောင် ညှိနှိုင်းနေတာတွေ လုပ်နေချိန်မှာပဲ၊ တိုက်ပွဲတွေကတော့ နေ့စဉ်လို့ ထိပ်တိုက်ဖြစ်နေတဲ့ နေရာမှာ ဆက်ဖြစ်နေတယ်။ တဖက်ကလည်း ဒီကေဘီအေနဲ့ ပတ်သက်တဲ့ ဂိမ်းဆိုင်လုပ်ငန်းတွေကို လိုက်ဖမ်းနေတယ်၊ အပစ်ရပ်အဖွဲ့တွေနဲ့ ပတ်သက်တဲ့ အိမ်တွေဝင်ရောက်စစ်ဆေးတယ်။ တချို့နေရာတွေကို ဝင်ရောက်သိမ်းပိုက်ပြီး ပစ္စည်းတွေကို ခွဲဝေယူသွားတာတွေတောင် မြဝတီမြို့မှာ ဖြစ်ခဲ့ပါတယ်။

ဒီလို နောက်ဆက်တွဲ လုပ်ရပ်တွေဟာ အခြေအနေကို ထိန်းနေတာလား ပြေလည်အောင် ညှိနှိုင်းနေတာလား၊ မဟုတ်မခံစိတ်ရှိသူတွေကို ဆွပေးနေလား လားပေါင်းများစွာပါပဲ။

No comments: