ကနုဟန်ဆွန်ဆိုတာ နော်ဝေးလူမျိုး၊ ကမ္ဘာကျော်စာပေပညာရှင်ကြီး ဖြစ်တယ်။ စာပေနိုဘယ်လ်ဆုကို ၁၉၂၀ ခုနှစ်က ရခဲ့တယ်။ ဒီနေ့ ဆော်ရီယာယ်လစ်ဇင်ဝါဒ၊ ရိုမန်တစ် စာပေသစ်တို့ရဲ့ ခေါင်းကိုင်ဖခင်ကြီးလို့လည်း အသိအမှတ်ပြုထား တယ်။ ကမ္ဘာကျော်စာရေးဆရာကြီးတွေဖြစ်ကြတဲ့ ဟင်နရီမေလာ၊ မက္ကဇင်ဂေါ်ဂီ၊ အားနက်စ်ဟဲမင်းဝေး စတဲ့ ကမ္ဘာ ကျော် ပုဂ္ဂိုလ်ကြီးများဟာ ဟန်ဆွန်ရဲ့
နောက်လိုက်တွေလို့ ဆိုကြတယ်။ သူတို့ကိုယ်တိုင်လည်း ထုတ်ဖော်ဝန်ခံခဲ့ဖူး တယ်။ ဟဲမင်းဝေးက “ကနုဟန်ဆွန်က ကျနော့်ကို စာရေးဖို့ သင်ပေးခဲ့တာပါ” လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးတယ်။
အမှန်တော့ ကျနော် သူ့အကြောင်းလဲ မကြားဖူးဘူး၊သူ့စာလည်း မဖတ်ဖူးဘူး။ နော်ဝေးစာပေဆိုင်ရာ သင်ခန်းစာတခု ကျောင်းမှာသင်တော့ “ဗစ်တိုးရီးယား” ဆိုတဲ့ ရုပ်ရှင်ကားတကားပြတယ်။ အဲဒီကားရဲ့ မူရင်းစာရေးဆရာ ဟန်ဆွန်ရဲ့ အကြောင်း စာတမ်းငယ်ရေးခိုင်းလို့ လိုက်လံရှာဖွေရာက အင်မတန်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးတဦးအဖြစ်တွေ့ခဲ့ရပြီး သူ့ ဘ၀ကလည်း စိတ်ဝင်စားစရာကောင်းလို့ မိတ်ဆွေများကို ပြန်ဖောက်သည်ချတဲ့အနေနဲ့ ရေးတာပါ။
သူဟာ ၀တ္တုရှည်ကြီးပေါင်း ၂၀၊ ၀တ္တုတိုတွေ၊ ကဗျာပေါင်းချုပ်နဲ့၊ ခရီးသွားဆောင်းပါး၊ သတင်းစာခေါင်းကြီး၊ ပြဇာတ် စတဲ့ စာပေမျိုးစုံကိုလည်းရေးတယ်။ ပြီးတော့ အဲဒီခေတ်က ဘယ်သူမှမရေးသေးတဲ့သရုပ်မှန်တို့၊ ရိုမန်တစ်တို့ စတဲ့စာပေသစ် တွေကို ရေးခဲ့သူဖြစ်တော့ ကျမ်းတစောင်ပေတဖွဲ့ ရေးရမယ့်သူပါ။ ကျနော်ကတော့ သူ့ဘ၀ ကောက်ကြောင်းလောက်ပဲ ပြောပြတဲ့သဘောပါ။
ငယ်ဘဝ
ဟန်ဆွန်ကို နော်ဝေးအလယ်ပိုင်း Lom (လွမ်) ဆိုတဲ့မြို့မှာ ၁၈၅၉ ခုနှစ် သြဂုတ်၎ရက်မှာမွေးတယ်။ ဆင်းရဲတဲ့ မိသားစုကပေါက်ဖွားလာပြီး ၃နှစ်သားအရွယ်မှာ နော်ဝေးမြောက်ပိုင်းဟာမာရွိုင်းမြို့ကို ပြောင်းရွှေ့အခြေချခဲ့တယ်။ သူ့ဦးလေး အိုလ်ဆင် (Olsen) က နည်းနည်းအဆင်ပြေတော့သူ့လယ်မြေမှာ မိသားစုလုပ်ကိုင်စားသောက်တယ်။ ဟန်ဆွန် ၉ နှစ်သားမှာ သူ့ရဲ့အကူအညီလိုတာကြောင့်ဦးလေးကမွေးစားတယ်။ ကျောင်းမသွားရတော့ဘူး။ ဟန်ဆွန့် စာသင်ရက်စုစုပေါင်း (၂၅၂) ရက်ပဲရှိတယ်။
စည်းကမ်းတင်းကြပ်တဲ့ ဘာသာရေးတယူသန် ဦးလေးက သူ့ကို ရိုက်နှက်ဆုံးမလေ့ရှိသလို ထမင်းအငတ်ထား ဒဏ် ပေးလေ့ရှိတယ်။ သူ့ရဲ့ အလွန်နာမည်ကြီးတဲ့ မွတ်သိပ်မှု ( Hunger) မူရင်း (Sult) ၀တ္တုမှာ ငတ်မွတ်လွန်းလို့ ရူးမ လောက် ခံစားရတဲ့ လူငယ်တယောက်ရဲ့ခံစားချက်တွေကို ရေးထားပြီး ဦးလေးဆိုတဲ့ အသံကြားတာနဲ့ တုန်လှုပ် ခြောက် ခြားရတယ်လို့ဝတ္တုရဲ့ဇာတ်ကောင်က ပြောခဲ့တယ်။
သူအသက် ၁၄ နှစ် (၁၈၇၄) မှာ ဦးလေးအိမ်ကနေ မွေးဇာတိ Lom မြို့ကို ထွက်ပြေးတယ်။ ဖိနပ်တိုက်၊ ကုန်စိမ်းရောင်း၊ ရဲအကူ၊ လက်ထောက်ကျောင်းဆရာ စတဲ့အလုပ်နဲ့ ကြုံရာကျဘမ်း လုပ်ခဲ့တယ်။
၁၈၇၇ ခု သူအသက် ၁၇ နှစ်သားမှာ စာစရေးတယ်။ စီးပွားရေးသမား အားရပ်စ်မူဇားလ် (Erasmus Zahl) ရဲ့ အကူအ ညီနဲ့ စာအုပ်တွေထုတ်နိုင်ခဲ့တယ်။ သူပထမဆုံးရေးတဲ့ The Enigmatic မူရင်း (Den Gaadefulde) နော်ဝေးမြောက် ပိုင်း ချစ်ပုံပြင်က မအောင်မြင်ပေမဲ့ ၁၈၉၀ မှာထုတ်တဲ့ Hunger ကတော့ လူအများရဲ့ အသိအမှတ်ပြုခံရတယ်။
အဲဒီကာလက နော်ဝေးနိုင်ငံဟာ အင်မတန်ဆင်းရဲပြီး နိုင်ငံသား ၆ သိန်းလောက် အမေရိကားမှာသွားရောက် အလုပ် လုပ်ကိုင် အခြေချခဲ့တယ်။ အဲဒီထဲမှာ ဟန်ဆွန် ပါတယ်။ သူက ၂ ကြိမ်လောက်သွားခဲ့တယ်။ အကြီးအကျယ်ဖျားလို့ နော်ဝေးမှာပြန်သေမယ်ဆိုပြီး ပြန်လာတယ်။ မသေလို့ နောက်တခါ အမေရိကားသွားပြန်တယ်။ ဟိုမှာ အောက်ခြေသိမ်း အလုပ် အကုန်လုပ်တယ်။ နောက်တော့ ဥရောပပြန်လာပြီး ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင်မှာ ပြောင်းရွေ့အလုပ် လုပ်တယ်။ နောက်ပိုင်း သူရေးတဲ့စာအုပ်တွေအောင်မြင်ပြီး စာပေနဲ့သာ အသက်မွေးတော့တယ်။ ၁၉၂၀ မှာတော့ စာပေဆိုင်ရာ နိုဘယ်လ်ဆုကို ရရှိခဲ့တယ်။
နိုင်ငံရေးအမြင်နဲ့ ရပ်တည်မှု
စာပေလောကမှာ ဘုရားတဆူလို သြဇာကြီးမားလာတဲ့ ဟန်ဆွန်ဟာ သူ့ရဲ့ နိုင်ငံရေးအယူဝါဒနဲ့ နိုင်ငံရေးရပ်တည်ချက် ကတော့ အတော်လေးထွေပြားတယ်လို့ဆိုရမယ်။ဘ၀ရပ်တည်ရေးအတွက် အမေရိကားသွားပြီးနောက် သူဟာ Anarchist (မင်းမဲ့ဝါဒ) တဦး ဖြစ်သွားခဲ့တယ်။ အဲဒီမှာနေတုန်း ဗြိတိသျှတွေရဲ့ တောင်အာဖရိကမှာဆင်နွှဲခဲ့တဲ့ ဘိုးဝါး စစ်ပွဲအကြောင်း သိခွင့်ရပြီး ဗြိတိသျှနယ်ချဲ့ကိုလိုနီဝါဒကို ရွံမုန်းသွားတယ်။ ဒီမိုကရေစီကိုလည်း မကြိုက်ပြန်ဘူး။ နောက်ပိုင်းမှာ ကွန်ဆာဗေးတစ်တဦး ဖြစ်သွားပြန်တယ်။
သူဟာ စက်မှုတော်လှန်ရေးကိုလည်း ဆန့်ကျင်ခဲ့သူပါ။ စက်မှုတော်လှန်ရေးကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက် ပျက်ဆီးစေလိမ့်မယ်လို့ ကြိုတင်ပြောခဲ့သူပါ။ လူသားဟာ မိခင်ကမ္ဘာမြေကြီးနဲ့ ယှဉ်တွဲပြီး သဘာဝနည်းလမ်းနဲ့ အသက် ရှင်နေထိုင်နိုင်တယ်လို့ ယုံကြည်ခဲ့သူပါ။
သူက ဗြိတိသျှတို့ရဲ့ နယ်ချဲ့ဝါဒဟာလူမျိုးငယ်တွေ၊ နိုင်ငံငယ်လေးတွေကို အနိုင်ကျင့်ဗိုလ်ကျတဲ့ဝါဒဖြစ်တယ်လို့ ပြင်းပြင်း ထန်ထန်ခံယူခဲ့တယ်။ ဒါကြောင့် ပထမကမ္ဘာစစ်ဖြစ်တော့ ဂျာမန်တွေကို ထောက်ခံအားပေးခဲ့တယ်။ တပြိုင်နက်တည်း မှာပဲ သူဟာ ကွန်မြူနစ် ရုရှားကိုလည်း မုန်းတီးခဲ့သူလို့ ဆိုပါတယ်။ နောက်ပိုင်းမှာ သူဟာ ဖခင်ကြီးစိုးရေးဝါဒ(Patriach) ကို ပြောင်းလဲယုံကြည်လာခဲ့တယ်လို့ ဆိုတယ်။
၁၉၃၀ ၀န်းကျင်မှာ နော်ဝေးလင်္ကျာနိုင်ငံရေးပါတီတွေနဲ့ သတင်းစာတွေက ဥရောပ ဖက်ဆစ်ဝါဒကို ထောက်ခံအားပေး ခဲ့တယ်။ အဲဒီမှာ ဟန်ဆွန်က အကဲဆုံး။
၁၉၄၀ မှာ ဒုတိယကမ္ဘာစစ်က နော်ဝေးကိုရောက်လာတယ်။ နော်ဝေးမျိုးချစ်လူငယ်တွေက ဂျာမန်တွေကို စတင်ပုန် ကန်တယ်။ ဗြိတိသျှတွေဆီမှာ သင်တန်းတက်ပြီး နော်ဝေးမှာ ဂျာမန်တွေကို ဗုံးခွဲ တိုက်ခိုက်တာ၊သတင်းတွေစုပြီး မဟာမိတ်ဗြိတိသျှဆီပို့တာတွေလုပ်တယ်။ ဂျာမန်တွေကလည်း တော်လှန်သူတွေကိုရက်ရက်စက်စက်နှိပ်ကွပ်တယ်။
ဟန်ဆွန်ကတော့ ဂျာမန်တွေမလာခင်ကတည်းကထောက်ခံနေသူဆိုတော့ ဂျာမန်တွေဝင်တာနဲ့ နော်ဝေးပြည်သူတွေ မခုခံကြဖို့၊ ဂျာမန်နဲ့ အပြည့်အ၀ပူးပေါင်းဖို့၊ နယ်ချဲ့ ဗြိတိသျှ ဗိုလ်ကျမှုအဆုံးသပ်ပြီး နိုင်ငံတိုင်းချစ်ကြည်ငြိမ်းချမ်းမှုကိုဦးဆောင်သွားမဲ့ ဂျာမန်တွေကို ထောက်ခံကြဖို့ လှို့ဆော်စည်းရုံးပေးတယ်။
ဂျာမဏီဖက်ဆစ်ဒါဏ်ကို ခါးဆီးခံနေရတဲ့ နော်ဝေးပြည်သူတွေဟာ သူတို့ချစ်ခင်တဲ့ စာပေနိုဘယ်လ်ဆုရှင်ကြီးကို ဒေါသ အကြီးအကျယ်ပေါက်ကွဲတယ်။ လူငယ်တွေဟာ သူ့စာအုပ်တွေကို လမ်းမပေါ်မီးရှို့ပွဲတွေလုပ်ပြီး သူ့အတွေးအခေါ်နဲ့ ရပ်တည်ချက်ကို ဆန့်ကျင်ကြတယ်။
အသက်၈၀ အရွယ် ဟန်ဆွန်ဟာ ဂျာမန်တွေခိုင်းလို့ ၀ါဒဖြန့်နေတာ မဟုတ်ပါဘူး။ ဘယ်လောက်ထိ ရေလိုက်လွဲသွား လဲဆို သူ့ရဲ့စာပေနိုဘယ်လ်ဆုတံဆိပ်ကြီးကိုတောင် နာဇီပါတီကို လှူဒါန်းလိုက်ပါတယ်။ အဓိပတိကြီး ဟစ်တလာနဲ့ လည်း တွေ့ဆုံလိုက်သေးတယ်။ ဂျာမန်တွေကတော့ သူဟာ မိမိတို့ရဲ့ ကြီးမြတ်တဲ့ မဟာမိတ်ဆွေကြီးလို့ ကောင်းချီးပေး ခဲ့တယ်။ သူဟာ ဟစ်တလာနဲ့တွေ့တဲ့အခါ အကျဉ်းကျနေတဲ့ နော်ဝေးမျိုးချစ်တော်လှန်ရေးသမားတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဓိပတိကြီးက သူ့ကို နိုင်ငံရေးဆွေးနွေးခွင့် မပေးပါဘူး။ သူတို့ ၀ါဒဖြန့်ချိရေးအတွက်သာ အသုံးချခဲ့တယ်။
တရားခွင်မှာ
ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ ၁၉၄၇ မှာ နော်ဝေးအစိုးရက စစ်ကြီးအတွင်း ဂျာမန်တွေကို ကူညီပံ့ပိုးခဲ့သူများအပေါ် ရုံး တင်တရားစွဲပါတယ်။ အဲဒီအချိန်မှာ ဟန်ဆွန်ဟာ တရားရုံးတောင် မတက်နိုင်တော့တဲ့ ဇရာအိုကြီးဖြစ်နေပါပြီ။ စိတ်ပိုင်း ဆိုင်ရာချို့ယွင်းမှုတွေကြောင့်လည်း ထောင်မချနိုင်ခဲ့ဘူး။ (သူမသေခင် သူ့အတ္ထပ္ပတ္တိကို ရေးသွားနိုင်ခဲ့လို့ စိတ်ဝေဒနာ မရှိဘူးလို့လည်း ပြောကြပါတယ်) ဒါပေမဲ့ နော်ဝေးနိုင်ငံနစ်နာစေခဲ့မှုအတွက် နော်ဝေးခရိုနာ ၃သိန်း ၂သောင်း ၅ထောင် လျှော်ကြေးပေးရပါတယ်။
နော်ဝေးမှာ ကနုဟန်ဆွန် အပါအ၀င် သူနဲ့ပတ်သက်တဲ့ စာကြည့်တိုက်တွေ ပန်းခြံတွေကို တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ထိုက်တန်တဲ့ ချီးမြှောက် လွမ်းဆွတ် တမ်းတမှုတွေတော့ မရတော့ဘူး။ သူဟာ ၁၉၅၂ ဖေဖ၀ါရီ ၁၉ မှာ သူ့ရဲ့ နော်ဝေး တောင်ပိုင်း နော်လ်ဟုမ်း အိမ်တော်မှာ ကွယ်လွန်ခဲ့တယ်။ နှစ်ပေါင်း ၇၀ ကျော်စာရေးခဲ့တဲ့ ကမ္ဘာကျော် စာပေ နိုဘယ်လ် ဆုရှင်ကြီးက နုဟန်ဆွန်ရဲ့ ဘ၀နေ၀င်ချိန်ဟာ ခြောက်သွေ့ ညှိုးငယ်လွန်းပါတယ်။
အောင်စံအေး
၂၂၊ မေလ ၂၀၁၃
ကိုးကား..
wikipedia,sult(Hunger)
Brodre I krig (Film)
Victoria (film)
Knut Hamsun senter.
No comments:
Post a Comment