Thursday, May 23, 2013

“သမ္မတကြီး ထွက်မပြေးနဲ့”

ပြီးခဲ့တဲ့စနေနေ့က မြန်မာ့တသွင်ဆန်း ဒီမိုကရေစီစနစ် ဖော်ဆောင်နေတဲ့ သမ္မတဦးသိန်းစိန်ရဲ့ နှစ် (၅၀) အတွင်း ပထမ ဆုံး အမေရိကန် ခရီးစဉ်မှာ (တကမ္ဘာလုံးက ဒီမိုကရေစီနိုင်ငံတွေနှာခေါင်းရှုံ့သွားစေနိုင်လောက်တဲ့ )သမိုင်းတွင်မဲ့ စကား တခွန်းပြောသွားပါတယ်။ ဒီစကားကြောင့် မြန်မာသမ္မတကြီးဟာ မပြောသင့်တာကိုပြောတယ်၊ အင်မတန် ထုံထိုင်း န လွန်းတဲ့ သနားစရာ သတ္တ၀ါလေးပါလားလို့လည်း သတင်းစာဖတ် ကမ္ဘာ့ပြည်သူက တထိုင်တည်း မှတ်ချက်ချကြပါ တယ်။ ငါတို့ သမ္မတကြီးကွလို့ မြှောက်ထိုးပင့်ကော် သာကူးတွေရော၊ နိုင်ငံရေးသိက္ခာကို ရသမျှအောက်ထစ်ဈေးနဲ့ အသနားခံ ပြည်တော်ဝင်ပြီး စစ်ရာထူးပြုတ် ခေါင်းပေါင်းတွေဆီ ပါးယက် နားယက်လုပ်နေတဲ့
ဒီမိုကရေစီ ကပ်းပါးပိုးတွေ လည်း ကိုယ့်မျက်နှာကိုယ့် ပေါင်ကြားထဲဝှက်ထားရမလိုလို ဖြစ်သွားကြတယ်။ သမ္မတကြီး ဘာပြောသွားလဲ စာဖတ်သူ တွေ သိထားပြီး ဖြစ်ပါတယ်။

“နိုင်ငံရေးလုပ်ငန်းစဉ်မှာ တပ်မတော်က ပါဝင်ခွင့် မရှိဘူးလို့ ဒီလိုပြောလို့ ဒါတော့ မမှန်ဘူးလို့ ကျနော် ထင်ပါတယ်။ တပ် မတော်က နိုင်ငံရေးနဲ့ ကင်းကွာလို့တော့ မရပါဘူး။ အစဉ်အလာ ရှိခဲ့ပါတယ်။ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ၂၅% ဆိုတာ က လွှတ်တော်ထဲမှာ လောလောဆယ်မှာတော့ ရှိသင့်ရှိထိုက်တယ်” ဆိုတဲ့ ဒီမိုကရေစီကို ဗြောင်စော်ကားတဲ့စကား လေး၊ ထပ်ပြီးစိန်ခေါ်တဲ့ စကားပါ။ မင်းတို့ဖာသာ ဘာပြောပြော ငါတို့ကတော့ မြန်မာ့နိုင်ငံရေးကို လက်ဝါးကြီးအုပ်ထား မှာပဲလို့ အာဏာရူးတွေရဲ့ ဇာတိရုပ်ကို ဆွဲခွာပြလိုက်တာ ဖြစ်တယ်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးနေပါပြီဆိုတဲ့ သမ္မတကိုယ်တိုင်က စစ်အာဏာရှင်အနံ့အသက် မစင်သေးဘူးဆိုတာ ပြသတာ ဖြစ်တယ်။ သမ္မတကိုယ်တိုင်က ဇာတိ စိတ်မဖျောက်နိုင်တော့ ကျန်ယူနီဖောင်းချွတ်တွေဆို ပိုဆိုးပေါ့..။ နောက်တခွန်း ရှိသေးတယ်။ မြန်မာမိသားစုတွေနဲ့ တွေ့ ဆုံတဲ့ပွဲမှာ၊ ဒီမိုကရေစီကို ပျက်ရယ်ပြုလိုက်တဲ့စကား။ ဗမာပြည်မှာ ဆန္ဒပြတာဟာ စီးပွားရေး လုပ်ငန်းလိုဖြစ်လာတဲ့ အကြောင်းပါ လှောင်ပြောင်လိုက်တာပါ။

“ကဲ.. ဆန္ဒပြကြမယ်။ ၃၀၀၀ ပေးမယ်ဆိုတော့ အကုန်ပါသွားတာပဲ။ ဈေးဆစ်လိုက်သေးတယ် ကလေးကတော့ ၃၀၀၀၊ လူကြီးကတော့ ခုနကလို ၅၀၀၀၊ ဆန္ဒပြတာလည်း အလုပ်အကိုင်ဖြစ်နေတယ်”.. အော်..ဒီမိုကရေစီရဲ့ အခြေခံ လုပ် ဆောင်ချက်ကိုတောင် အသိအမှတ်မပြုနိုင်၊ ပျက်ရယ်ပြုစော်ကားနေသူက သမ္မတကြီးကိုယ်တိုင်ဖြစ်နေတော့ ဗမာပြည် သူတွေက နိုင်ငံတကာအဆင့်မီအောင်ဘယ်ကို ဦးတည်ပြီး ဘယ်လို လျှောက်ကြမှာလဲ။

ဦးသိန်းစိန်ကို ဆန္ဒပြတဲ့အချိန် သမ္မတအဖွဲ့ထဲက ယူနီဖောင်းချွတ်တယောက်က “ခင်ဗျားတို့ဗျာ.. သမ္မတကြီးက တိုင်း ပြည်နဲ့ ပြည်သူတွေအတွက် ဒီလောက်ကောင်းအောင်လုပ်ပေးနေတာ ဆန္ဒမပြသင့်ပါဘူးကွာ” လို့ပြောသတဲ့။ အော်.. ဖြစ်မှဖြစ်ရလေ၊ မမြင်ဖူးလို့ မူးကို မြစ်ထင်နေသူတွေလို့သာ အော်ညည်းချင်တော့တယ်။ သမ္မတရဲ့ ရပ်တည်ချက်ဟာ သာမန် ပြည်သူတွေထက် တပ်မတော်ခေါင်းဆောင်ဟောင်းတွေနဲ့ သူတို့အသိုင်းအ၀ိုင်းတွေ အကျိုးစီးပွားကို ပိုပြီးအကာ အကွယ်ပေးနေတယ်ဆိုတာ သိပ်သိသာပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူအများထောက်ခံ အတည်ပြုထားတာ ဖြစ်တယ်။ သော့ခတ်ထားတဲ့ သံမဏိမျိုးဟုတ်ပါ ဘူး။ သူ့မှာ ပြင်ဆင်နိုင်တဲ့ amendment ပါပြီး လုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ ဒီလုပ်ထုံးလုပ်နည်းတွေအတိုင်း ကျနော် တို့ ပြင်ဆင်လို့ရပါတယ်” လို့ သမ္မတက မြန်မာတွေနဲ့တွေ့ဆုံပွဲမှာ ပြောသွားတယ်။

ခက်ပါ့။ ဒီအစိုးရဟာ လိမ်ရင်းလိမ်ရင်း မိမိလိမ်စင်ကြီးကို မိမိဖာသာ အဟုတ်ထင်သွားကြပြီ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁၂) မှာ ပြင်ဆင်ခြင်းနဲ့ပတ်သက်ပြီး ရေးထားတာ သိတ်မရှုတ်ထွေးပါဘူး၊ ရှင်းရှင်းလေး အဓိပ္ပါယ်ပေါက်နိုင်ပါ တယ်။ တကယ်တမ်းပြင်မယ်ဆိုပြင်ဖို့ မလွယ်အောင်လုပ်ထားတာ အားလုံးသဘောပေါက်တယ်။ အမြီးသဘောပဲ ရှင်းပြ ပါရစေ။

ပုဒ်မ ၄၃၃ အပိုဒ် (က) မှာ ရေးထားတာက အခြေခံဥပဒေပြင်မယ်ဆိုရင် တင်သွင်းမယ့်အဆိုကို မူကြမ်းအနေနဲ့ ပြည် ထောင်စုလွှတ်တော်ကို တင်သွင်းရမှာ ဖြစ်တယ်။ အဲဒီ ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ်၂၀ ရာခိုင်နှုံးသဘော တူတင်ပြလာမှ၊ လက်ခံဆွေးနွေးမယ့်အဆင့်ရောက်မှာ။ ၂၀ ရာနှုံး မပြည့်ရင် လှည့်ကြည့်မှာမဟုတ်ဘူး။ ကြံ့ဖွတ်နဲ့ ကြံ့ ဖွတ်မဟာမိတ်တိုင်းရင်းသားတွေရယ်၊ ကြံ့ဖွတ် နို့သက်ခံရယ်၊ ယူနီဖောင်းဝတ် မိုးကျရွှေကိုယ်တော်တွေရယ်မပါဘဲ အ တိုက်အခံ ဒီမိုကရေစီအင်အားက ၁၂ ရာခိုင်နှုံးတောင်မပြည့်ဘူး။ ဒါတောင် အခြေခံဥပဒေရဲ့အားလုံးကို ပြင်လို့မရသေး ဘူး။ အဲဒီ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (က) မှာ ဥပဒေရဲ့ အခန်းပေါင်း (၉၅) ခုလောက် သီးခြားသတ်မှတ်ထားတာ ရှိသေး တယ်။ အဲဒါတွေပြင်မယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုံးက သဘောတူလက်ခံမှ တဲ့..။ ၂၀ ရာနှုံး တောင် မဟုတ်တော့ဘူး။ လက်ခံရုံနဲ့လည်း မပြီးသေးဘူး၊ ပြင်ဖို့အတွက်ဆို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲက ကျင်းပရအုံး မှာ..၊ ပြီးတော့ မဲပေးခွင့်ရှိသူ အာလုံးရဲ့ တ၀က်ကျော်နဲ့မဲရမှ ပြင်ဆင်ရမှာ။ သမ္မတ ဦးသိန်းစိန် နိုင်ငံတကာခရီးစဉ်တိုင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဥပဒေ လုပ်ထုံးနည်းအတိုင်း ပြင်ဆင်နိုင် ပါတယ်လို့ ပြောလေ့ရှိပါတယ်။ လွယ်လွယ်တော့ မထင်လိုက်ပါနဲ့။ သမ္မတက သူတို့ ရပ်တည်ချက်နဲ့ ပတ်သက်ရင် တချက်ကလေးမှ အလျှော့မပေးဖူးပါဘူး။ ကိုယ့် ဒီမိုကရေစီအင်အားစုတွေကသာ ရက်ရက်ရောရော ဖြစ်နေကြတာ။

တကယ်တော့ သမ္မတ ဦးသိန်းစိန်ရဲ့ကြံ့ဖွတ်အစိုးရဟာ ပြည်သူရဲ့ ယုံကြည်မှုနဲ့ မဟုတ်ဘဲ မဲခိုးတက်လာတဲ့အစိုးရပီပီ တိုင်းပြည်နဲ့ပြည်သူအပေါ် လေးနက်ယုံကြည်မှု မရှိပါဘူး။ ဒီမိုကရေစီခေတ်မို့ ဒီမိုကရေစီ သံယောင်လိုက်နေပြီး ကိုယ့်စ ကားနဲ့ အလုပ်ပေါ်မှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ခိုင်ခိုင်နဲ့ ယုံကြည်မှုရှိသူတွေ မဟုတ်ပါဘူး။ နှစ် ၆၀ လုံးလုံး ဒီလို လူ ညစ်တွေနဲ့ပဲ ကြုံခဲ့ရတာတော့ မြန်မာပြည်သူတွေ နိုင်ငံရေးကံဆိုးမိုးမှောင်ပဲ။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်နိုင်ငံရေးလမ်းကြောင်းပေါ်ရောက်တာနဲ့ ဗိုလ်ပြုတ်တွေ သိက္ခာပြောင်လက်လာပြီလို့ အထင်ရောက်နေတယ်။ စင်ပေါ်တက်ပြီး က မှ ချိုမိုင်မိုင်တွေ ထွက်လာပါတယ်။ မနှစ်က ပြည်သူ့လွှတ်တော် နာယက ကြီး သူရရွှေမန်းနဲ့အဖွဲ့ အိန္ဒိယလွှတ်တော်ထဲ သွားလေ့လာတယ်။ အိန္ဒိယမှာ လွှတ်တော်အမတ်တွေကို မိမိတို့ဒေသ ဖွံ့ဖြိုးရေးလုပ်ဖို့ ဆိုပြီးရူပီး၂ ကုဋေ မတည်ပေးပါတယ်။ သူရရွှေမန်းက အဲလိုအရာတွေတော့နှစ်ခြိုက်တယ်။ အတုယူ တယ်။ ဗမာပြည်ရောက်တော့ လွှတ်တော်ကိုယ်စားလှယ်တွေကို သိန်း ၁၀၀ စီထောက်တယ်။ ဒီလို ကိုယ့်စည်းရုံးရေး တည်ဆောက်တဲ့ အရာတွေပဲ အတုယူသင့်တာမဟုတ်ပါဘူး၊ ဒီမိုကရက်တစ်ကျင့်စဉ်နဲ့ အတွေးအကြံတွေပါ ယူသင့်ပါ တယ်။ ရှိနေတဲ့ အာဏာရှင်စရိုက်လက္ခဏာတွေကို တိုက်ချွတ်ဆေးကြောနိုင်တဲ့ ဒီမိုကရက်တစ်စိတ်ဓာတ်နဲ့ အတွေးအ ခေါ်တွေပါ အိန္ဒိယကနေယူလာသင့်တယ်။ အိန္ဒိယမှာ မိမိတို့ပြည်သူတွေ နစ်နာချက်တွေကို အစိုးရ၀န်ကြီးတွေ၊ လွှတ် တော်ကိုယ်စားလှယ်တွေကအစ ဦးဆောင်ပြီး ဆန္ဒပြတောင်းဆိုတယ်။ လူထုရှေ့က ရပ်တယ်။ ဗမာပြည်မှာတော့ နိုင် ငံရေးသမားတွေဆန္ဒပြတာ မတွေရဘူး။ ပြည်သူတွေက မိမိအခွင့်အရေးအတွက် မိမိတို့ဖာသာ တောင်းဆို တိုက်ပွဲဝင် နေရတယ်။ အမတ်တွေ၊ နိုင်ငံရေးသမားတွေက ဆန္ဒပြသူတွေနဲ့ မပတ်သက်ရဲဘူး။ ဆန္ဒမပြဖို့တောင် သွားတားကြ တယ်။ အတော်ဟုတ်တဲ့ နိုင်ငံရေးသမားတွေ။

သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်ဟာ ဒီမိုကရေစီစိတ်ဓာတ်တွေ၊ ကျင့်စဉ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အစီအစဉ်ထက် ဆန်ရှင်ပိတ်ဆို့မှု အလုံးးစုံ ရုတ်သိမ်းရေး၊ စီးပွားအထောက်အပံ့နဲ့ ရင်းနှီးမြှုပ်နှံရေးကိစ္စတွေက ပိုမိုအဓိကကျတယ်။ ဒါ ပေမယ့် ဦးသိန်းစိန်ပြောခဲ့သလို စိန်ခေါ်ချက်တွေကကိုတော့ ဆက်ရင်ဆိုင်ရအုံးမယ်။ ရိုးသားစွာ အပြောင်းအလဲ မလုပ် ချင်လို့ကတော့ စိန်ခေါ်ချက်က ဒုနဲ့ဒေးပါ။

သမ္မတ အိုဘားမားက အိမ်ဖြူတော်သတင်းစာရှင်းပွဲမှာ အခုလိုသတိပေးခဲ့တယ်။ “တခြားနိုင်ငံတွေမှာ ဖြစ်သလိုပဲပေါ့ ဒါက အားလုံးလေးလေးစားစားနဲ့ လုပ်မယ်ကိုင်မယ်ဆိုလို့ရှိရင် စီးပွားရေးအရရော၊ နိုင်ငံရေးအရာရော အားလုံး အဆင် ပြေပြေနဲ့ တခါတည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်လို့ရှိရင် အောင်မြင်မှာပါ” တဲ့။ အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီက ဘာမှမလုပ်သေးတာထက်စာရင် နည်းနည်းလုပ်တာကိုတော့ အားပေးရမယ်ဆိုတဲ့သဘောထား ရှိပါတယ်။ ဒါပေမဲ့ အ တိုက်အခံ ရစ်ပါဗလစ်ကင် ပါတီအမတ်တချို့ကတော့ ဦးသိန်းစိန်ကိုခေါ်တာ သိပ်စောလွန်းတယ်လို့ ဝေဖန်နေပါတယ်။ ရော်ကဖဲလား စင်တာက အမေရိကန် ပြည်ပဆက်သွယ်မှု နိုင်ငံရေးစီးပွားရေးပညာရှင် Joshua Kurlantzick က မြန်မာ ပြည်မှာ အသားအရောင် လူမျိုးခွဲခြားမှု Apartheid ဖြစ်နေပြီလားလို့ မေလ ၁၆ ရက်နေ့က စာတမ်းတစောင်မှာ ဖော်ပြခဲ့ တယ်။ အမေရိကန်ကို အလည်ရောက်နေတဲ့ ၄ ရက် ခရီးအတွင်းမှာလည်း ယခင်ကရင်းနှီး မြှုပ်နှံမှုလုံးဝ မရှိတဲ့ အနေအ ထားကနေ-ဆန်ရှင်ကို တစိတ်တပိုင်းရုတ်သိမ်းခဲ့မယ်ဆိုလျှင်တောင် စစ်ဆေးခံနိုင်တဲ့ကဏ္ဍတွေမှာ သုညအဆင့်ကနေ ၃၃% လောက်ထိ တက်သွားနိုင်မှာ ဖြစ်ပြီး၊ ဒီမိုကရက်တစ်မကျတဲ့ လုပ်ပုံကိုင်ပုံတွေကို သိသာစွာ ဖယ်ရှားပေးနိုင်မှသာ၊ အမေရိကန်နဲ့ အပြည်အ၀ ဆက်ဆံနိုင်မှာဖြစ်တယ်လို ဆိုပါတယ်။ ခြုံပြောရရင် လက်ရှိ ဦးသိန်းစိန်ပြောတဲ့ ရီဖေါင်းဟာ မလုံလောက်သေးဘူး။ နောက် ၆ လ အတွင်း လက်တွေ့ပြနိုင်မှ အမေရိကန်ကို အယုံသွင်းနိုင်မှာလို့ သုံးသပ်ထားပါ တယ်။

့အမေရိကန်ကတော့ မြန်မာအစိုးရက ဒီထက်ပိုပြီး လုပ်ပေးလို့ရတာတွေ အများကြီးကျန်သေးတယ်လို့ ထင်မြင်နေတယ်။ တကယ်လည်း သမ္မတ ဦးသိန်းစိန်မှာ ၀ှက်ဖဲတွေ ရှိနေတယ်။ အခုလို အပြောင်းအလဲဆိုတာကလည်း နိုင်ငံတကာဖိအား တို့၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေရဲ့ တွန်းအားတို့ဆိုတာကို ဦးသိန်းစိန်ကBBC နဲ့ အင်တာဗျူးတခုမှာ ငြင်းပယ် ခဲ့ဖူးတယ်။ “ဒါဟာ အရင်အစိုးရရဲ့ လမ်းညွှန်မြေပုံအရ သူ့အချိန် ရောက်လာလို့ ဖော်ဆောင်ရတဲ့ အပြောင်းအလဲတခုပါ” လို့ ၀န်ခံခဲ့ဖူးတယ်။ သမ္မတဦးသိန်းစိန်ဟာ သူ့အတွေးအခေါ်နဲ့သူ လွတ်လပ်တဲ့ ဆုံးဖြတ်ချက်နဲ့ မြန်မာ့သမိုင်းတွင်မယ့် အပြောင်းအလဲသစ်ကို ဖော်ဆောင်နေတာ မဟုတ်ပါဘူး။ စစ်အာဏာရှင်ခေတ်ကတည်းက တဆင့်စီလုပ်ဆောင်ရမယ့် စီမံကိန်းအတိုင်း သူ့ကဏ္ဍအလိုက် တဖြေးဖြေးချင်း အာဏာရှင် ရုပ်ပြောင်နာမ်ခွာ ဒီမိုကရေစီအသွင်ပြောင်းရေး လုပ် ဆောင်နေတာ ဖြစ်တယ်။ အတုမှ အတုစစ်စစ်ပါ။ အတုမှန်းသိအောင် သက်တမ်း ၂နှစ်ကျော်အတွင်း စကားထဲကရော၊ လက်တွေလုပ်ဆောင်မှုတွေကပါ ဇာတိပြခဲ့ပြီး ဖြစ်တယ်။

ဦးသိန်းစိန် အစိုးရဟာ ယခင် စစ်အစိုးရအမွေခံပီပီ လက်ဝါးရိုက်ပေါ်လစီတွေရှိနေတာကြောင့် အနှစ် ၂၀ ကျော် ဖျက် ဆီးမှုရဲ့ တရားခံတွေကို ကာကွယ်နေရတယ်။ အနာဂတ်တိုင်းပြည်ရဲ့ဓနဥစ္စာနဲ့ အာဏာကို စနစ်တကျထိမ်းသိမ်းထားဖို့ သေသေသပ်သပ် လုပ်ဆောင်နေပါတယ်။

တိုင်းပြည်ရဲ့ အဓိကကျတဲ့ စီးပွားအရင်းအမြစ်၊ အဆက်အသွယ်လုပ်ငန်းရပ်တွေကို ယခင် အာဏာသိမ်း စစ်ဗျူရိုကရက် တွေကသာ လက်ဝါးရိုက် ကိုင်တွယ်ထားဆဲ ဖြစ်တယ်။

မကြာသေးခင်ကထွက်လာတဲ့ ၀ီကီလစ်ခ်သတင်းမှာ ကမ္ဘာ့ကြွယ်ဝမှုရဲ့ ၂၅ ရာခိုင်နှုံးလောက် ရင်းနှီးမြှုပ်နှံထားတဲ့ အင်္ဂ လန်က ကေမန်ကျွန်းနဲ့ ဗာဂျင်ကျွန်းတို့က ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီးပွားလုပ်ငန်းရဲ့ ဘဏ်စာရင်းနာမည် တ ချို့မှာ မြန်မာနိုင်ငံက ဦးအေးဇော်ဝင်း နာမည် တွေ့ရပါတယ်။ သူ့ရဲ့ လက်ပွားနာမည်တွေအများကြီးနဲ့ စာရင်းတွေတွေ့ ရတယ်။ အလားတူ မြန်မာကုမ္မဏီသေးသေးတွေအယောင်ပြပြီး ဘန်ကောက်၊ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင်၊ အင်္ဂ လန်မှာလည်း ကြားခံအဆင့်သုံး လေးဆင့်ခံပြီး ငွေစုထားတာကို သိရတယ်။ သတင်းတခုအရ G8 လို့ခေါ်တဲ့ စက်မှု ထိတ်သီး နိုင်ငံတွေထဲက ဂျာမဏီနဲ့ ပြင်သစ် ဦးဆောင်ပြီး လျှို့ဝှက်ဘဏ်စာရင်းတွေနဲ့ပတ်သက်လို့ ဥပဒေထုတ်သွား မယ့် အကြောင်းလည်း သိရတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကားခရီးဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ဝိဥာဉ် ကို ပြန်လည်အသက်သွင်းဖို့ ခြေလှမ်းသာ ဖြစ်တယ်။ ဒါပေမဲ့ သမ္မတရဲ့ အထင်နဲ့ လက်တွေ့စပ်ဟတ်ချင်မှ ဟတ်မိမှာပါ။ သူ တောင်းဆိုတာရနိုင်ဖို့ သူလုပ်ပေးရ မယ့်တာဝန်တွေ ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ သမ္မတ ဦးသိန်းစိန်အစိုးရအဖို့ ဒီမိုကရက်တလမ်းကြောင်းပေါ် ပီပီပြင်ပြင် လျှောက်ဖို့ တွန်းပို့တာကို ခံလိုက်ရတယ်လို့ မြင်ပါတယ်။ အမေရိကားရဲ့ တွန်းထိုးခံဖို့လာတဲ့ ခရီးစဉ်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရက်တစ်စံနှုံးနဲ့အညီ မောင်းနှင်ရမယ့်လမ်းကို ဦးသိန်းစိန်အစိုးရ မလွဲမသွေ လျှောက်ရတော့မယ်။ ရှောင်လို့မရပါ။ ၀ါရှင်တန်က VOA စီစဉ်တဲ့ တွေ့ဆုံပွဲမှာ ပွင့်လင်းရဲတင်းတဲ့မေးခွန်းတွေ ထိတ်တိုက်တွေ့ရလို့ သမ္မတ ဦးသိန်းစိန် ရင်ဘတ်က မိုက်ကရိုဖုံးတောင်ဖြုတ်ဖို့မေ့ပြီး ပွဲမပြီးခင် ထွက်ပြေးသွားရပါတယ်။ အလားတူပွဲလည်း သမ္မတကြီး ထွက် ပြေးဖူးတယ်။ အော်စလိုမှာဆန္ဒပြမှုနဲ့ ထိတ်တိုက်တွေ့လို့ ထိတ်လန့်သွားတဲ့ သမ္မတဟာ နောက်တနေ့ မြန်မာမိသားစု တွေနဲ့ အမေးအဖြေလုပ်မယ့်အစီအစဉ်တောင် မလုပ်ရဲဘဲ ထွက်ပြေးဖူးတယ်။ သမ္မတ ဒီတခါတော့ ထွက်ပြေးမနေပါနဲ့။ နှုတ်လည်းကျွံ ဘ၀လည်းကျွံ တိုင်းပြည်လည်းကျွန်တပိုင်းဖြစ်နေပြီမို့ ဒီမိုကရေစီယဉ်ကျေးမှု စည်းအပြင်ကို ထွက်ပြေးဖို့ တော့ မကျိုးစားပါနဲ့လို့ဘဲ သတိပေးချင်ပါတယ်။

ကိုညို (အော်စလို)
၂၃ မေ ၂၀၁၃

No comments: