Friday, May 17, 2013

ဗိုလ်မှူးကြီးအတွက် စာမလာ သတင်းမကြား (၂)

ကွက်လပ်ကြီးထဲရောက်တော့ မိုးဖွဲဖွဲကျလာပြန်တယ်။ ဘိလိယက်ခုံပိုင်ရှင်က ဗိုလ်မှူးကြီးကို ဆိုင်ခန်းတံခါးပေါက်ကနေ တွေ့လိုက်လို့ လှမ်းအော်နှုတ်ဆက်လိုက်တယ်။ 'ဗိုလ်မှူး၊ ခဏလောက်နေပါအုံး။ ကျနော်
ထီးတလက်ငှားပေးလိုက် မယ်။'

ဗိုလ်မှူးကြီးကလှည့်မကြည့်ဘဲ ဖြေလိုက်ပါတယ်။ 'ကျေးဇူးပဲ။ ဒီအတိုင်း ကိစ္စမရှိပါဘူး။'

အသုဘအခမ်းအနားက ဘုရားရှိခိုးကျောင်းထဲက ထွက်မလာသေးပါဘူး။ အင်္ကျီအဖြူ လည်စီးအနက် ဝတ်ထားတဲ့ အမျိုးသားတွေဟာ အိမ်တံခါးဝ ကျဉ်းကျဉ်းရှေ့မှာ ထီးတွေဆောင်းလျက် စကားပြောနေကြတယ်။ အဲဒီထဲက တယောက်က ဗိုလ်မှူးကြီးကို ကွက်လပ်ကြီးထဲက ရေကွက်ငယ်လေးတွေ ခုန်ကျော်ပြီး လျှောက်လာတာ တွေ့သွား တယ်။

'မိတ်ဆွေကြီး၊ ဒီအောက်လာခဲ့' လို့လှမ်းအော်လိုက်တယ်။
အဲဒီလူက သူ့ထီးအောက်မှာ နေရာဖယ်ပေးလိုက်တယ်။
'ကျေးဇူးဘဲ သူငယ်ချင်း' ဗိုလ်မှူးကြီးက ပြောလိုက်တယ်။

ဒါပေမဲ့ ဗိုလ်မှူးကြီးဟာ ဖိတ်ခေါ်ချက်ကို လက်မခံလိုက်ပါဘူး။ သူဟာ သေသူရဲ့ အမေကို ဝမ်းနည်းစကားပြောဖို့ အသု ဘရှင်အိမ်ထဲ တိုက်ရိုက်ဝင်သွားတယ်။ ပထမဆုံး သူသတိထားမိတာက ပန်းပေါင်းစုံရဲ့ အနံ့တွေ။ အဲဒီနောက်မှာ အပူ ငွေ့တွေ ခံစားလိုက်ရတယ်။ အိပ်ခန်းထဲ ပြွတ်သိပ်ဝင်နေတဲ့ လူအုပ်ထဲ ဗိုလ်မှူးကြီး တိုးဝင်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ တစုံတယောက်က သူ့ကျောကနေ တွန်းထည့်လိုက်တော့ အံ့အားသင့်နေတဲ့မျက်နှာတွေကျော်ဖြတ်ပြီး အခန်းနောက် ဖက်ဆီ ရောက်သွားတဲ့အခါ သေလူရဲ့ နှာခေါင်းပေါက်ကျယ်ကျယ်တွေနဲ့ တည့်တည့်ဖြစ်သွားတော့တယ်။

အဲဒီမှာ သေလူရဲ့အမေဟာ ယပ်တောင်တချောင်းနဲ့ ယင်ကောင်တွေ လူသေအခေါင်းနားမလာအောင် မောင်းနေရှာ တယ်။ အနက်ရောင်ဝတ်ထားတဲ့ တခြားအမျိုးသမီးတွေကတော့ မြစ်ထဲမှာရေစီးနေတာကို ကြည့်နေတဲ့မျက်နှာမျိုးနဲ့ လူသေအလောင်းကို အသုဘရှုနေကြတယ်။ ရုတ်တရက်ဆိုသလို အခန်းနောက်ဖက်က အသံတသံထွက်လာတယ်။

ဗိုလ်မှူးကြီးဟာ အမျိုးသမီးတယောက်ကို ဘေးဖယ်၊ သေလူရဲ့အမေနောက်ကို ကပ်သွားပြီး သူမပုခုံးပေါ် လက်တ ဖက်တင်လိုက်တယ်။

'ကျနော် အင်မတန် စိတ်မကောင်းပါဘူးခင်ဗျာ' လို့ ပြောလိုက်တယ်။

သူမက လှည့်မကြည့်။ ပါးစပ်ဟလိုက်ပြီး အော်ညည်းလိုက်တယ်။ ဗိုလ်မှူးကြီး လန့်သွားတယ်။ ပုံသဏ္ဌာန်မဲ့လူအုပ်ကြီး ကလည်း အသံတုန်တုန်နဲ့ ဝိုင်းအော်ကြပြီး ဗိုလ်မှူးကြီးကို အလောင်းနားကပ်သွားအောင် တွန်းသလိုဖြစ်နေတယ်။ ဗိုလ်မှူးကြီးဟာ လဲမသွားအောင် ထိန်းကိုင်စရာရှာပေမဲ့ နံရံကို မစမ်းမိ။ နံရံဖက် လက်လှမ်းတော့ လူခန္ဓာကိုယ်တွေ ပဲတွေ့နေပါတယ်။ တစုံတယောက်က သူ့နားနားကပ်ပြီး အသံတိုးတိုးနဲ့ ငြင်ငြင်သာသာပြောလာတယ်၊ 'သတိထားနော် ဗိုလ်မှူးကြီး။' လှည့်ကြည့်လိုက်တော့ လူသေကို မျက်နှာချင်းဆိုင်တွေ့ရတယ်။ ဒါပေမဲ့ ဗိုလ်မှူးကြီးဟာ လူသေကို မမှတ် မိ။ ဘာလို့လဲဆိုတော့ ပိတ်ဖြူတွေပတ်ထားပြီး လက်ထဲမှာ တန်ပိုး(ခရာ) တခုကိုင်ထားတဲ့ လူသေဟာ တောင့်တောင့် ကြီးနဲ့ လှုပ်ရှားနေပြီး ဗိုလ်မှူးကြီးလိုဘဲ အူတိအူကြောင်ဖြစ်နေလို့ပါ။ ဗိုလ်မှူးကြီးက ဆူညံနေတဲ့လူအုပ်ထဲကနေ ခေါင်း မော့ပြီး အသက်ရှူဖို့ကြိုးစားတဲ့အခါ ပိတ်ထားတဲ့ခေါင်းတလားက ပန်းပုံပေါ်ကလျှောဆင်းပြီး တံခါးပေါက်ဆီ ခုန်ထွက် သွားတာ တွေ့ရတယ်။ ပန်းတွေကလဲ နံရံနဲ့ညပ်ပြီး ကြေမွကုန်တယ်။ ဗိုလ်မှူးကြီးဟာ ချွေးပြန်လာပြီး အဆစ်အမြစ်တွေ ကိုက်ခဲလာတယ်။ ခဏနေတော့ သူဟာ လမ်းပေါ်ပြန်ရောက်နေတာ သိလိုက်ရတယ်။ ဘာကြောင့်လဲ ဆိုတော့ မျက်စိ ကို မိုးရေစက်တွေ လာမှန်လို့။ အဲဒီမှာ တယောက်က သူ့လက်မောင်းကို ဖမ်းဆွဲလိုက်ပြီး ပြောတယ်။

'သူငယ်ချင်း၊ မြန်မြန်လာ၊ မင်းကို ငါစောင့်နေတာ။'

အဲဒီတယောက်က သေလူရဲ့ ခေါင်းကိုင်ဖခင် ဆားဘာ့စ် ဖြစ်တယ်။ သူ့ပါတီမှာ နိုင်ငံရေးနှိပ်ကွပ်မှု မခံရဘဲ လွတ်ကျန် နေပြီး မြို့ထဲမှာ ဆက်လက်နေထိုင်နေတဲ့ တဦးတည်းသော ပါတီခေါင်းဆောင်ဖြစ်တယ်။ 'ကျေးဇူးပါ၊ သူငယ်ချင်း' လို့ ဗိုလ်မှူးကြီးကပြောပြီး နှစ်ယောက်သား ထီးဆောင်းရင်း တိတ်တိတ်ဆိတ်ဆိတ် လျှောက်လာတယ်။ တီးဝိုင်းက ဈာပန တေးသွား တီးမှုတ်လိုက်တယ်။ တီးဝိုင်းထဲမှာ တံပိုး(ခရာ) မပါတာ ဗိုလ်မှူးကြီး သတိထားမိလိုက်ပြီးတော့ သေလူဟာ တကယ်သေပြီဆိုတာကို ပထမဆုံးအကြိမ်အဖြစ် သေချာမှတ်ယူလိုက်မိတယ်။

'သနားစရာပုဂ္ဂိုလ်ဘဲဗျာ' ပါးစပ်ကရေရွတ်မိတယ်။

ဆားဘာ့စ်က ချောင်းဟန့်လိုက်တယ်။ သူဟာ ထီးကို ဘယ်လက်နဲ့ကိုင်ထားပြီး ထီးလက်ကိုင်က သူ့ခေါင်းနဲ့ တန်းတူ နီးပါးအထိ မြှောက်ထားရတယ်၊ သူ့အရပ်က ဗိုလ်မှူးကြီးလောက်မမြင့်လို့ပါ။ ကွက်လပ်ထဲကနေ မသာရထား ထွက် သွားတဲ့အခါ သူတို့နှစ်ယောက် စကားစပြောကြတယ်။ ဆာဘားစ်က မျက်နှာမကြည်မရွှင်ဖြစ်နေတဲ့ ဗိုလ်မှူးကြီးဘက် လှည့်ပြီး ပြောတယ်၊ 'သူငယ်ချင်း၊ မင်း ကြက်ဖကြီးက ဘာထူးလဲ။'

'ရှိနေတုန်းပဲကွ' ဗိုလ်မှူးကြီးက ဖြေလိုက်တယ်။

အဲဒီအခိုက်မှာဘဲ လှမ်းအော်လိုက်သံတခု ကြားရတယ်၊ 'ဒီလူတွေ လူသေနဲ့ ဘယ်ကိုသွားနေတာလဲ'။

ဗိုလ်မှူးကြီးက မော့ကြည့်လိုက်တယ်။ ဘားတိုက်လသာဆောင်ပေါ်မှာ လူကောင်ကြီးကြီးမြို့တော်ဝန်ကို တွေ့ရတယ်။ မြို့တော်ဝန်ဟာ အတွင်းခံအနွေးထည် ဝတ်ထားပြီး မုတ်ဆိတ်ရိတ်မထားတဲ့ပါးတွေက ဖောင်းနေတယ်။ တီးဝိုင်းသမား တွေ ရပ်လိုက်တယ်။ ခဏနေတော့ ဗိုလ်မှူးကြီးက မြို့တော်ဝန်ကိုလှမ်းအော်ပြောနေတဲ့ ဘုန်းတော်ကြီး ဖာသာ အိန်ဂျယ်လ့်အသံကို မှတ်မိသွားတယ်။ ထီးပေါ်မိုးစက်တွေ ရိုက်ခတ်နေတဲ့အသံကြားမှာ သူတို့နှစ်ယောက် အပြန်အ လှန်ပြောတာတွေကို နားစွင့်ကြည့်တယ်။

'ဘာလဲ' ဆားဘာ့စ်ကမေးတယ်။

'ဘာမှမဟုတ်ပါဘူးကွာ' ဗိုလ်မှူးကြီးကဖြေတယ်။ 'အသုဘချတာ ပုလိပ်ဘားတိုက်ရှေ့က မဖြတ်ရဘူးတဲ့။'
'ငါ မေ့သွားတယ်ကွ' ဆားဘာ့စ်က အလန့်တကြားပြောတယ်။ 'ငါတို့ဟာ စစ်အုပ်ချုပ်ရေးအောက်မှာ ဆိုတာကို ငါ အမြဲမေ့ မေ့သွားတယ်။'
'ဟာကွာ၊ ဒါ သူပုန်ထတာမှ မဟုတ်တာ' ဗိုလ်မှူးကြီးက ပြောတယ်။ 'ဒါက ဂီတဆရာငမွဲတယောက် သေတဲ့ဥစ္စာ။'

အသုဘရထားက လမ်းကြောင်းပြောင်းလိုက်တယ်။ ဆင်းရဲသားရပ်ကွက်တွေကဖြတ်သွားတဲ့အခါ မိန်းမတွေ ထွက် ကြည့်ကြတယ်၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လက်သည်းတွေကိုက်ရင်း။ နောက်ခဏမှာတော့ သူတို့တတွေ လမ်းမလယ် ထွက်လာပြီး ဂုဏ်ပြုစကား၊ ကျေးဇူးစကား၊ နှုတ်ဆက်စကားတွေ အော်ကြတယ်၊ သူတို့ကြည့်ရတာ လူသေဟာ အ ခေါင်းထဲကနေပြီး သူတို့ပြောတာကို နားထောင်နေတယ်လို့ ယူဆပုံဘဲ။ ဗိုလ်မှူးကြီးဟာ သုဿန်ထဲမှာ မအီမသာဖြစ် နေတယ်။ အလောင်းသယ်လာသူတွေကို လမ်းပေးဖို့ ဆားဘာ့စ်က ဗိုလ်မှူးကြီးကို ဝင်းထရံဘက် တွန်းလိုက်တဲ့အခါ ဗိုလ်မှူးကြီးက ပြုံးနေတဲ့သူ့ကို မျက်နှာထားတင်းတင်းနဲ့ ပြန်ကြည့်တယ်။

'သူငယ်ချင်း၊ ဘာဖြစ်လို့လဲ' ဆားဘာ့စ်ကမေးတယ်။
ဗိုလ်မှူးကြီးက သက်ပြင်းချတယ်။ 'အောက်တိုဘာလ ရောက်ပြီလေ။'

သူတို့ဟာ လာလမ်းအတိုင်း ပြန်ခဲ့ကြတယ်။ လူတွေရှင်းသွားပါပြီ။ ကောင်းကင်က တအားကို ပြာနှမ်းနေတယ်။ မိုးရွာဖို့ မရှိတော့ဘူးလို့ ဗိုလ်မှူးကြီးက တွေးမိတယ်။ နေရထိုင်ရတာလည်း ပေါ့ပါးသွားသလို ခံစားရတယ်။ ဒါပေမဲ့ စိတ်ထဲမှာ တော့ မရွှင်သေးဘူး။ သူ့အတွေးတွေကို ဆားဘာ့စ်က ဖြတ်လိုက်တယ်။

'မင်း ဆရာဝန်နဲ့ ပြအုံး။'
'ငါ နေကောင်းပါတယ်ကွ' ဗိုလ်မှူးကြီးက ပြောတယ်။ 'ပြဿနာက အောက်တိုဘာလရောက်ပြီဆိုရင် ငါ့ဗိုက်ထဲမှာ အကောင်မျိုးစုံဝင်နေသလိုဘဲ။'

ဆားဘာ့စ်က 'အာ' လို့ဘဲ ဆိုလိုက်ပါတယ်။ ဆားဘာ့စ်အိမ်ပေါက်ဝ ရောက်တော့ သူတို့နှုတ်ဆက်ပြီး ခွဲကြပါတယ်။ ဆားဘာ့စ်အိမ်က နှစ်ထပ်အိပ်အသစ်၊ ပြတင်းပေါက်တွေမှာ သံပန်းတွေနဲ့ကာထားတယ်။ ဗိုလ်မှူးကြီးလည်း ကိုယ့် အိမ်ဆီ ဦးတည်လိုက်တယ်။ သူ့အခမ်းအနားဝတ်စုံကို ချွတ်ပစ်ချင်နေပြီ။ ခဏကြာတော့ အိမ်ပြင်ပြန်ထွက်လာပြီး လမ်းထိပ်က ကုန်စုံဆိုင်လေးသွား၊ ကော်ဖီတထုပ်နဲ့ ကြက်ဖကြီးအတွက် ပြောင်းဖူးစေ့ ပေါင်ဝက် ဝယ်တယ်။

ဗိုလ်မှူးကြီးဟာ ကြာသပတေးနေ့ဆိုရင် ပုခက်ထဲမှာဘဲ ကွေးနေချင်ပေမဲ့ အခုတော့ ကြက်ဖကြီးကို ပြုစုပေးခဲ့ပါတယ်။ သူ့ကျန်းမာရေးကလည်း ရက်တချို့ ဆက်ဆိုးနေတယ်။ ဒီအပတ်အတွင်း သူ့ဗိုက်ထဲမှာ ပိုးတွေ ထပ်ပွားလာတယ်။ ည တော်တော်များများ အိပ်မရဘဲ ကုန်ခဲ့တယ်၊ ပန်းနာသည်မိန်းမရဲ့ အဆုတ်တွေက တရွှီရွှီအသံကလည်း ညဘက်တွေမှာ သူ့ကို နှိပ်စက်တယ်။ ဒါပေမဲ့ ဒီအောက်တိုဘာလဟာ သောကြာနေ့ နေ့လည်မှာတော့ အပစ်အခတ်ရပ်စဲပေးခဲ့တယ်။ ဒါကို အခွင့်ကောင်းယူပြီး သြဂတ်စ်တင့် အဖော်တွေဖြစ်တဲ့ အပ်ချုပ်ဆိုင်အလုပ်သမားတွေနဲ့ ကြက်တိုက် ဝါသနာအိုး တွေ ရောက်လာပြီး ကြက်ဖကြီးကို လာကြည့်ကြတယ်။ ဗိုလ်မှူးကြီးဟာ အခြေအနေကောင်းနေတယ်။

ဧည့်သည်တွေပြန်သွားပြီး အိမ်မှာ လင်မယားနှစ်ယောက်ဘဲကျန်တဲ့အခါ ဗိုလ်မှူးကြီးက အိပ်ခန်းထဲပြန်ဝင်တယ်။ မိန်းမက နေကောင်းလာပါပြီ။

'သူတို့ ဘာပြောလဲ' မိန်းမက မေးတယ်။
'တအား စိတ်ထက်သန်ကြတယ်' ဗိုလ်မှူးကြီးက သူမကို ပြောပြတယ်။ 'အားလုံးက ကြက်ဖကြီးဘက်ကအောဖို့ ပိုက်ဆံ စုနေကြလေရဲ့။'
'ဒီလောက်ရုပ်ဆိုးတဲ့ကြက်ဖဆီမှာ သူတို့ ဘာများမြင်နေသလဲ မသိပါဘူးတော်' မိန်းမကပြောတယ်။
'ကျမတော့ ဒီကြက်ဖကြည့်ရတာ ပုံမကျ ပန်းမကျနဲ့။ ခေါင်းကသေးပြီး ခြေထောက်ကကြီးနေတယ်လေ။'
'ဒီတခရိုင်လုံးမှာ ဒီကြက်က အကောင်းဆုံးပဲလို့ သူတို့ပြောနေတယ်ကွ' ဗိုလ်မှူးကြီးက ပြန်ဖြေတယ်။
'ဒီကောင်က ပီဆို ၅၀ လောက်တန်တယ်။'

အခုလိုဆင်ခြေပေးတာက ကြက်ဖကြီးကို ဆက်မွေးထားဖို့ သူ့ဆုံးဖြတ်ချက်မှန်ကြောင်း လျှောက်လဲရာရောက်တယ်လို့ ဗိုလ်မှူးကြီးက သေချာပေါက်ယုံကြည်နေတယ်။ တကယ်တော့ ဒီကြက်ဖကြီးဟာ သူ့သားရဲ့ အမွေအနှစ်တခုဖြစ်တယ်။ သူတို့သားဟာ လွန်ခဲ့တဲ့ကိုးလက ကြက်တိုက်ပွဲအတွင်း တရားမဝင်စာစောင်တွေ ဝေနေတုန်း ပစ်သတ်ခံခဲ့ရတာ ဖြစ်တယ်။ 'အယူမှားကို ဈေးကြီးပေးနေတာ' မိန်းမကပြောလိုက်တယ်။ 'ပြောင်းဖူးကုန်ရင် ကျမတို့ ကိုယ့်အသားကိုယ် လှီးပြီး ကျွေးရလိမ့်မယ်။' ဗိုလ်မှူးကြီးဟာ ဘီဒိုထဲက ဖျင်ကြမ်းဘောင်းဘီဖြူကို ရှာရင်း အကြာကြီးစဉ်းစားနေတယ်။

'လနည်းနည်းဘဲ ကျွေးရတော့မှာပါကွာ' သူက ပြောတယ်။
'ဇန်နဝါရီမှာ ကြက်ပွဲတွေရှိတာ ငါတို့သိပြီးသားပဲ။ အဲဒီကျရင် ရောင်းလို့ ဈေးပိုရနိုင်တယ်။'

ဘောင်းဘီတွေက မီးပူတိုက်ဖို့ လိုနေတယ်။ မိန်းမက ဘောင်းဘီတွေကို မီးဖိုပေါ်တင်ပြီး မီးသွေးနဲ့ဖုတ်ထားတဲ့ မီးပူနှစ် လုံးနဲ့ တိုက်ပေးတယ်။

'ဘာလို့ အပြင်သွားဖို့ လောနေရတာလဲ' သူမကမေးတယ်။
'စာလာမယ်လေ။'
'အော်… ဒီနေ့ သောကြာနေ့ ဆိုတာ ကျမ မေ့သွားတယ်' သူမက မှတ်ချက်ချရင်း အိပ်ခန်းထဲ ပြန်ဝင်သွားတယ်။ ဗိုလ်မှူးကြီးဟာ ဘောင်းဘီကလွဲလို့ အားလုံးဝတ်စားပြီးနေပြီ။ သူမက သူ့ဖိနပ်တွေကို ကြည့်လိုက်တယ်။
'ဒီဖိနပ်တွေက ပစ်ထုတ်ဖို့ကောင်းနေပြီ' သူမကပြောတယ်။
'သားရေဖိနပ်တွေ ဝတ်ပါလား။' ဗိုလ်မှူးကြီးက စိတ်ညစ်သွားတယ်။

'အဲဒါတွေက မိဘမဲ့ကလေးစီးတဲ့ ဖိနပ်နဲ့တူတယ်ကွ' သူက ကန့်ကွက်တယ်။
'အဲဒီဖိနပ်စီးတိုင်း ကိုယ့်ကိုကိုယ် အရူး ထောင်ကထွက်ပြေးလာတဲ့လူလိုလို ထင်မိတယ်ဟ။'
'ကျမတို့သား မရှိတော့တဲ့အခါ တကယ်လည်း အားကိုးရာမဲ့တွေဘဲလေ' မိန်းမက ပြောတယ်။

ဒီတခါလည်း မိန်းမက သူ့ကို နားချလိုက်နိုင်ပါတယ်။ ဗိုလ်မှူးကြီးဟာ သင်္ဘောဥသြတွေ မဆွဲခင်မှာ ဆိပ်ကမ်းဘက်ကို လျှောက်သွားတယ်။ သားရေပြောင်ချောရှူးဖိနပ်၊ ခါးပတ်မပါ ဖျင်ကြမ်းဘောင်းဘီဖြူ နဲ့ ကော်လာဖြုတ်ထားတဲ့ ရှပ် အင်္ကျီကို လည်ပင်းမှာ ကြေးကြယ်သီးတပ် ဝတ်ထားတယ်။ သူဟာ ဆီးရီးယားလူမျိုးမိုးဇက်ရဲ့ ဆိုင်ထဲကနေ သင်္ဘော တွေ ဆိုက်တာကို လှမ်းကြည့်တယ်။ သင်္ဘောတွေပေါ်က ခရီးသည်တွေ ဆင်းလာကြတယ်။ ၈ နာရီလောက် မလှုပ် မယှက် စီးလာရတော့ တောင့်တောင့်ကြီးတွေ ဖြစ်နေကြတယ်။ ခရီးသည်တွေကတော့ ထုံးစံအတိုင်း နယ်လှည့်ဈေး သည်တို့၊ လွန်ခဲ့တဲ့တပတ်လောက်က မြို့ကထွက်သွားတဲ့ခရီးသည်တွေ ပြန်လာတာတို့ ဖြစ်ပါတယ်။

နောက်ဆုံးသင်္ဘောကတော့ စာပို့သင်္ဘော။ ဒီသင်္ဘော ကမ်းကပ်တာကို ဗိုလ်မှူးကြီးက သောကစိတ်နဲ့ မသက်မသာ ကြည့်နေတယ်။ သင်္ဘောခေါင်မိုးပေါ်မှာ မီးခိုးခေါင်းတိုင်တွေနဲ့ တွဲချည်ထားပြီး ဆီစိမ်ပိတ်စနဲ့ ထုပ်ထားတဲ့ စာအိတ်ထုပ် ကို တွေ့ရတယ်။ ၁၅ နှစ်တိုင်တိုင် စောင့်ခဲ့ရတာဟာ သူ့ထိုးထွင်းအသိကို ထက်မြက်စေခဲ့တယ်။ ကြက်ဖကြီးကတော့ သူ့စိုးရမ်ပူပန်မှုကို ထက်မြက်စေခဲ့တယ်။ စာတိုက်ဗိုလ်ဟာ သင်္ဘောပေါ်တက်သွားပြီး စာအိတ်ထုပ်ကြီးကို ကြိုးဖြည်၊ ပုခုံးပေါ်ထမ်းတင်လိုက်တဲ့အချိန်ကစပြီး ဗိုလ်မှူးကြီးဟာ စာတိုက်ဗိုလ်ကို မျက်ခြေအပြတ်မခံတော့။

ဆိပ်ကမ်းနဲ့အပြိုင်သွားနေတဲ့ လမ်းကလေးအတိုင်း စာတိုက်ဗိုလ်နောက်ကလိုက်သွားတယ်။ အဲဒီလမ်းမှာ အရောင်အ သွေးစုံ ကုန်ပစ္စည်းအမျိုးမျိုးပြထားတဲ့ စတိုးဆိုင်လေးတွေ ဆိုင်ခန်းလေးတွေ ရှုပ်ထွေးနေတယ်။ ဒီလို စာတိုက်ဗိုလ် နောက်ကလိုက်တိုင်း ဗိုလ်မှူးကြီးဟာ ထိတ်လန့်မှုနဲ့အင်မတန်ကွဲပြားပြီး ထိတ်လန့်မှုလိုပဲဖိစီးလှတဲ့ စိုးရိမ်ပူပန်မှုကို ခံစားရတယ်။ စာတိုက်မှာတော့ ဆရာဝန်လေးက သတင်းစာတွေပါမှာကို စောင့်နေတယ်။

'ငါ့မိန်းမက မေးခိုင်းလိုက်တယ်ကွ။ မင်းကို ငါတို့အိမ်ထဲမှာ ရေနွေးပူနဲ့ ပက်လိုက်မိသလားတဲ့' ဗိုလ်မှူးကြီးက ပြောလိုက် တယ်။

ဆရာဝန်လေးဟာ အသက်ငယ်ငယ်ဖြစ်ပြီး နက်ပြောင်တဲ့ဆံပင်နဲ့ ဖြစ်တယ်။ သူ့သွားတွေ စီစီရီရီလှနေပုံက မယုံနိုင်စ ရာကောင်းတယ်။ ဆရာဝန်က ပန်းနာသည်ရဲ့ ကျန်းမာရေးအခြေအနေကို မေးပါတယ်။ ဗိုလ်မှူးကြီးဟာ စာတိုက်ဗိုလ် က စာတွေကို အံခွက်ကလေးတွေထဲထည့်နေတာကို မျက်ခြေပြတ်မခံကြည့်နေရင်း ဆရာဝန်လေးကို အသေးစိတ် အစီရင်ခံပါတယ်။ စာတိုက်ဗိုလ်ရဲ့ ပျင်းရိပျင်းတွဲလှုပ်ရှားမှုကို ဗိုလ်မှူးကြီးစိတ်တိုလာတယ်။

ဆရာဝန်လေးဟာ သူ့စာတွေကို သတင်းစာထုပ်နဲ့အတူ ယူလိုက်တယ်။ ဆေးကြော်ငြာစာရွက်တွေကို ဘေးတဖက် ဖယ်လိုက်ပြီးတော့ ပုဂ္ဂိုလ်ရေးစာတွေကို အပေါ်ယံလျှောက်ကြည့်လိုက်တယ်။ အဲလိုကြည့်နေချိန်မှာ စာတိုက်ဗိုလ်က စောင့်နေတဲ့တခြားလူတွေကို စာတွေဝေပေးနေတယ်။ ဗိုလ်မှူးကြီးဟာ သူ့နာမယ်အစအက္ခရာနဲ့ကိုက်တဲ့ အံခွက်ကို ကြည့်နေတယ်။ အဲဒီမှာ အပြာရောင်အနားသတ်နဲ့ လေကြောင်းစာအိတ်တလုံးတွေ့တော့ ဗိုလ်မှူးကြီး ပိုစိတ်လှုပ်ရှား လာတယ်။

ဆရာဝန်က သတင်းစာတွေပေါ်က ချိတ်တံဆိပ်ကို ချိုးလိုက်တယ်။ သူက သတင်းခေါင်းစည်းတွေ ဖတ်နေတုံး ဗိုလ်မှူး ကြီးက အံခွက်လေးပေါ်က မျက်လုံးမခွာဘဲ စာတိုက်ဗိုလ် သေတ္တာရှေ့လာရပ်မယ့်အချိန်ကို စောင့်နေတယ်။ ဒါပေမဲ့ လာမရပ်ပါ။ ဆရာဝန်က သတင်းစာဖတ်နေတာကို ရပ်လိုက်တယ်။ ဗိုလ်မှူးကြီးကို လှမ်းကြည့်လိုက်တယ်။ ဒီ့နောက် ကြေးနန်းရိုက်ခုံရှေ့ထိုင်နေတဲ့ စာတိုက်ဗိုလ်ကို ကြည့်လိုက်ပြီး ဗိုလ်မှူးကြီးကို ထပ်ကြည့်လိုက်ပြန်တယ်။

'ကျနော်တို့ သွားတော့မယ်' ဆရာဝန်က ပြောလိုက်တယ်။
စာတိုက်ဗိုလ်က လှည့်မကြည့်။
'ဗိုလ်မှူးကြီးအတွက် ဘာမှမပါဘူးဗျ' လို့ ပြောလိုက်တယ်။
ဗိုလ်မှူးကြီးဟာ ရှက်သွားတယ်။
'ငါလဲ ဘာကိုမှမျှော်မနေပါဘူးကွာ' ဗိုလ်မှူးကြီးက လိမ်ပြောလိုက်တယ်။ သူဟာ ဆရာဝန်ဆီကို ကလေးဆန်ဆန်လှည့် ကြည့်လိုက်တယ်။
'ဘယ်သူမှ ငါ့ဆီ စာမရေးပါဘူး။'

သူတို့တတွေဟာ တိတ်တိတ်ဆိတ်ဆိတ်ဘဲ ပြန်လာကြတယ်။ ဆရာဝန်ကတော့ သတင်းစာတွေကိုဘဲ အာရုံစိုက်နေ တယ်။ ဗိုလ်မှူးကြီးကတော့ သူ့အကျင့်အတိုင်း အကြွေစေ့ကျပျောက်လို့ ဟိုရှာဒီရှာလုပ်တဲ့လူတယောက်လိုမျိုး လမ်း လျှောက်လာတယ်။ အဲဒီနေ့ခင်းဟာ လင်းထိန်နေတယ်။ ကွက်လပ်ထဲက ဗန္တာပင်တွေမှာ နောက်ဆုံးလက်ကျန် ရွက် ခြောက်တွေ ကြွေကျနေပါတယ်။ ဆရာဝန့်ရုံးခန်း တံခါးဝကို ရောက်တဲ့အခါ မှောင်စပျိုးလာပြီဖြစ်တယ်။

(ဆက်ရန်)

ဂါမဏိ
၃၁-၃-၂၀၁၃
မူရင်း ... စာပေနိုဘယ်ဆုရ ကိုလမ်ဘီယာ စာရေးဆရာကြီး Gabriel Garcia Marquez ၏
No One Writes to the Colonel ဝတ္ထု

No comments: