ကမ္ဘာ့အကြီးဆုံးတဲကြီး
၁၉၇၇ ခုနှစ်၊ မေလအကုန်ဇွန်လဆန်းလောက်မှာကျနော်ဝနယ်က ပန်ဆန်းကိုရောက်ပါတယ်။ ရောက်တော့ မြင်မြင် သမျှလိုလိုဟာ အထူးအဆန်းချည်းပဲဖြစ်နေပါတယ်။ ဗမာပြည်တခြားဘယ်နေရာမှာမှမရှိတဲ့ လူ့ဘ၀ပတ်ဝန်းကျင် တခု ဖြစ်ပါတယ်။ ဘာသာစကားစုံ၊ တိုင်းရင်းသားအ၀တ်အစားကလည်းအမျိုးစုံ-အသွေးစုံ၊ တလွှားလွှားမြင်တွေ့နေရတဲ့ ကြယ်နီတပ်ဦးထုပ်နဲ့ ယူနီဖောင်းအစိမ်းတွေအပါအ၀င် ကြယ်နီဦးထုပ်ဆောင်းပြီး အဖြူရောင်ဂျူတီကုတ်တဖားဖားနဲ့ သွားလာနေတဲ့
ဆေးရုံဝန်ထမ်းတွေကိုလည်း သတိထားမိတယ်။ နောက်ပြီးအဆောက်အဦတွေထဲမှာ အရင်ကမတွေ့ဖူး တဲ့ ရွှံ့ကာသက်ကယ်မိုးအဆောက်အဦတွေ၊ မြေအုတ်နဲ့ဆောက်ထားတဲ့ နီကျင်ကျင်အဆောက်အဦတွေ၊ လယ်ကွင်း တွေ အကြားမှာဖြတ်စီးဆင်းနေတဲ့ချောင်းကလေးနဲ့ သူ့ရဲ့ကမ်းတဖက်တချက်မှာ ပတ္တီးဖြူဖြူတွေကိုလျှော်ပြီး နေလှမ်း ထားတဲ့ မြင်ကွင်း၊း ကိုယ့်လည်ပင်း ဒီဂရီ၃၆၀လည်နေတာကိုမှတ်မိပါသေးတယ်။ ဒီအထဲမှာ ကျနော့်ကိုအထူး အံ့သြ သွားစေတာကတော့ အရှေ့မြောက်စစ်ဌာနချုပ်ရဲ့ အစည်းအဝေးခန်းမကြီးပဲဖြစ်ပါတယ်။ အဲဒီတုန်းက ဗမာပြည်ကွန်မြူ နစ် ပါတီဗဟိုဟာ ပန်ဆန်းကိုပြောင်းမလာသေးပါဘူး။ နောက်ပြီး ဒီအစည်းအဝေးခန်းမကြီးကို ဆောက်ပြီးတာကလည်း သုံးနှစ်လောက်ပဲရှိပါသေးတယ်။
ဒီလိုနေရာမှာ ဒါလောက်ကြီးတဲ့ ဒီလိုအဆောက်အဦမျိုးကိုတွေ့မယ်လို့ ဘယ်တုန်းကမှမအောက်မေ့မိတာ အမှန်ပါပဲ။ အလျားမီတာ ၄၀၊ အနံမီတာ ၁၅ မီတာလောက် ရှိမယ်ထင်ရတဲ့ အစည်းအဝေးခန်းကြီးဟာ ပြည်မမှာတွေ့နေကျ ဇာတ် ရုံကြီး တရုံလောက်ရှိပါတယ်။ ငယ်ရင်နည်းနည်းပဲဖြစ်မှာပါ။ နံရံနေရာမှာအမြင့် လေးပေလောက်အထိ မြေအုတ်စီ ဆောက်ထားပြီး အဲဒီအထက်မှာတော့ ၃"-၁" ပျဉ်တွေကို လက်ကြားယှက်ရိုက်ထားပါတယ်။ ပေလေးငါးဆယ်မြင့်တဲ့ အမိုးကြီး ကတော့ သက်ကယ်ပျစ်ပေါင်း ထောင်နဲ့ချီပြီးတင်ထားတာပါ။ ဒီခန်းမကြီးရဲ့အရှေ့ထိပ်မှာစင်မြင့်ရှိပါတယ်။ အုတ်ကို ဘောင်လုပ်ပြီး မြေကြီးတွေထည့်သိပ်ထားတာမျိုးပါ။ အဲဒီအပေါ်မှာမိန့်ခွန်းတွေပြောကြ၊ သီဆိုကပြကြ စတာ တွေ လုပ်ကြပါတယ်။
ဒီအဆောက်အဦကြီးကို ကျနော်က ဘာကြောင့် ဒါလောက်မှတ်မှတ်ရရ ဖြစ်နေရတဲ့အကြောင်းက အောက်ပါ ကိစ္စတွေ ကြောင့်လို့ ပြောရမှာပါ။
ကျနော်လက်နက်ကိုင်တော်လှန်ရေးဒေသကို ရောက်ပြီးနောက် ၂နှစ်အကြာ၊ ၁၉၇၉ခုနှစ်ဟာ ကျနော်တို့ပါတီ တည်ထောင်တဲ့အနှစ်လေးဆယ်မြောက်ဖြစ်ပါတယ်။ ဒါကြောင့်အဲဒီနေ့ကိုအထိမ်းအမှတ်ပြုတဲ့အနေနဲ့ လွတ်မြောက်တဲ့ ဒေသမှာ အားကစားပွဲတွေ၊ ဟောပြောပွဲတွေ၊ အဆိုအကပွဲတွေကျင်းပပါတယ်။ အားကစားပွဲတွေမှာ အနိုင်ရသူတွေကို ဆုပေးတော့ ဒီခန်းမကြီးထဲမှာပဲ အခမ်းအနားနဲ့ပေးပါတယ်။ ကျနော်တို့ရဲ့စပယ်တောစခန်းက ဗော်လီဘောဒုတိယဆု ရလို့ ကျနော်တက်ယူရတယ်လို့ မှတ်မိနေပါတယ်။
အဲဒီနောက်တော့ ပါတီအနှစ်လေးဆယ်မြောက်မွေးနေ့ကိုပဲ ဂုဏ်ပြုတင်ဆက်တဲ့ မိုးသောက်ကြယ်နီကဇာတ်ကြီးပါ။ ဒေသခံတိုင်းရင်းသားပေါင်းစုံ ရဲဘော်တွေရော၊ မြို့ကလာတဲ့ လူတွေပါ ပါဝင်သူကျား-မ သရုပ်ဆောင်စုစုပေါင်း တရာ ကျော်လောက်ရှိမယ် ထင်ပါတယ်။ ဂီတာဘက်မှာတော့ မြန်မာဆိုင်းဝိုင်းကြီးလည်းပါ၊ တယောဝိုင်း၊ ဂီတာဝိုင်းလည်း ပါတဲ့ ခေတ်မီစုပေါင်းစပ်ပေါင်းတီးဝိုင်းလို့ဆိုရမလားမသိပါ။ ဒီအထဲမှာ တကယ်တမ်း သဘင်ဂီတနဲ့ အသက် မွေးဝမ်းမှု ပြုခဲ့သူဆိုလို့ ဆိုင်းဆရာကြီးရဲဘော်ဦးသက်ရှည်နဲ့ မန္တလေးကကိုထွန်းခိုင်တို့ပဲပါပါတယ်။ နှစ်လ သုံးလ ကြိုတင် ဇာတ် တိုက်လေ့ကျင့်ရတဲ့ (အဲဒီအတိုင်းအတာအရ) အော်ပရာကြီးတခုလို့ပြောရင်ရမယ့် ဧရာမ ကဇာတ်ကြီး ဖြစ်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီပေါ်ပေါက်ပြီးနောက် သမိုင်းကိုနောက်ခံပြုထားတဲ့ ဒီကဇာတ်ကြီးမှာ အဆိုအကတွေကို သင့် တော်သလို ညှပ်ထားပါတယ်။ ဒါ့အပြင် ၁၉၅၀ စုနှစ်များအစောပိုင်းတုန်းက ပါတီမှာနာမည်ကြီး လူကြိုက်များခဲ့တဲ့ “သမုဒ္ဒရဘုမ္မာ” ပြဇာတ်ကိုလည်း ထည့်သွင်းထားပါတယ်။ ဒီပြဇာတ်ရဲ့ကျောရိုးဟာ စတာလင်ရဲ့ဆိုဗိယက်ယူနီယံ ကွန်မြူနစ်ပါတီ(ဘော်ရှီဗစ်) သမိုင်းစာအုပ်ထဲမှာပါတဲ့ ဂရိပုံပြင်ထဲက ဘီလူးကြီးအန်းတီးယပ်စ် (Antaeus)ရဲ့ ဇာတ် လမ်းကိုမြန်မာမှုပြုထားတာ ဖြစ်ပါတယ်။ မိခင်မြေကြီးနဲ့ ထိလိုက်တိုင်းအားအင်တွေတိုးလာတဲ့ အန်းတီးယားဟာ သူ တကာနဲ့ နပမ်းသတ်ရာမှာ သူကချည်းနိုင်ခဲ့ပေမဲ့ သူ့ရဲ့လျှို့ဝှက်ချက်ကိုသိနေတဲ့ ဟာကျူလီနဲ့သတ်တဲ့အခါမှာတော့ဟာ ကျူလီက သူ့ကိုမြေကြီးနဲ့လွတ်အောင်အရင် မြှောက်လိုက်တဲ့အတွက် အားအင်တွေဆုံးရှုံးသွားပြီး ရှုံးနိမ့်သွားတာကို ဇာတ်အိမ်ဖွဲ့ထားတာပါ။ ရည်ရွယ်ချက်ကတော့ ပါတီကေဒါတွေ၊ ပါတီဝင်တွေကို မိခင်နဲ့တူတဲ့ ပြည်သူလူထုရဲ့ ကျေးဇူး ကို မမေ့ဖို့၊ မြေကြီးနဲ့တူတဲ့ ပြည်သူလူထုနဲ့ကင်းကွာရင် အရှုံးနဲ့ရင်ဆိုင်ရတယ်လို့ ပညာပေးတာဖြစ်ပါတယ်။ အဲဒီအချိန် က ပန်ဆန်းမှာ ရလလဖ၊ ကလလတ၊ အက်စ်အက်စ်ပီပီစတဲ့ တပ်ပေါင်းစုတပ်ဖွဲ့တွေလည်း အမြောက်အများရောက် နေတော့ အင်မတန်စည်ကားလှတယ်လို့ ပြောရမယ့်အချိန် ဖြစ်ပါတယ်။ ပွဲပြတ်ပွဲငတ်နေသူတွေ ချည်းမို့အားပေးခြင်း အထူးခံရပါတယ်။ အရပ်သားလူထုကိုရော ကိုယ့်တပ်ဖွဲ့ သူ့တပ်ဖွဲ့ တလှည့်စီ ကပြရတာဆိုတော့ သုံးညလောက်ကရ တာ မှတ်မိနေပါတယ်။
အော် … မေ့လို့။ ဒီသမုဒ္ဒယဘုမ္မာပြဇာတ်မှာ ကွယ်လွန်သွားတဲ့ စာရေးဆရာနိုင်ဝင်းဆွေက ဟတ္ထိဗလ(အန်းတီးယပ်စ်)၊ ကျနော်က သမုဒ္ဒယဘုမ္မာအဖြစ် သရုပ်ဆောင်ကြပါတယ်။
ဒီအဆောက်အဦကြီးထဲမှာ ပုံမှန်မဟုတ်ဘဲကျင်းပခဲ့ရတဲ့ အခမ်းအနားတခုကတော့ ပါတီအရံဗဟိုကော်မတီအဖွဲ့ဝင် ရဲဘော်ဦးကြည်ပြိုင် ကွယ်လွန်တဲ့အခါနဲ့ ရဲဘော်ဦးမောင်မောင်စိန်တို့ ကွယ်လွန်တဲ့အခါတို့မှာ ဈာပနအခမ်းအနားတွေ ဖြစ်ပါတယ်။ ရဲဘော်ဦးကြည်ပြိုင်ရဲ့ ဈာပနအခမ်းအနားက အရင်ဖြစ်ပါတယ်။ ဒီအခမ်းအနားကို အဲဒီတုန်းက ပန်ဆန်း မှာရှိနေတဲ့ ပါတီရဲ့တပ်ဖွဲ့တွေနဲ့ နောက်ပိုင်းဌာန အသီးသီးအပြင် မဟာမိတ်အဖွဲ့တွေနဲ့ အင်ဒိုနီးရှားပါတီ၊ ထိုင်းပါတီ တို့က သ၀ဏ်လွှာတွေ၊ ပန်းခွေတွေ ပို့ကြတာမို့ အင်မတန်မှခမ်းနားတဲ့ ဈာပနတွေဖြစ်ခဲ့ရပါတယ်။ တောပန်းတွေ၊ ၀ါး ရွက်တွေ၊ ထင်းရှူးခက်တွေနဲ့လုပ်ထားတဲ့ ပန်းခွေတွေကိုနောက်ခံပြုပြီး အစီးအစဉ်ကြေညာနေတဲ့ ရဲဘော်စန်းမောင်က ရှိုက်ကြီး တငင်ငိုနေတဲ့ပုံဟာ ကနေ့အထိ မျက်စေ့ထဲကမထွက်ပါဘူး။ ရဲဘော်ဦးမောင်မောင်စိန်ရဲ့ဈာပနဟာလည်း အလားတူပဲ အလွန်လေးနက်၊ အဓိပ္ပာယ်ရှိခဲ့ပါတယ်။
၁၉၇၈ ခုနှစ်မှာ ပါတီဗဟို ပန်ဆန်းကိုပြောင်းလာပြီးနောက် ချက်ခြင်းလုပ်တဲ့အလုပ်က ဗဟိုကော်မတီအစည်းအဝေး ပြန်ထိုင်ပြီး လက်တွေ့လုပ်ငန်းတွေချမှတ်တာပါ။ အဲဒီအထဲကတော့ အထူးခြားဆုံးကတော့ ဗမာပြည်မှာ ပါတီစုံဒီမိုကရေ စီ စနစ်ပေါ်ပေါက်ဖို့ တောင်းဆိုတိုက်ပွဲဝင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တာပါ။ ဒါဟာ နောင်ရှစ်လေးလုံး အရေး တော်ပုံကြီးအပါ လူထုလှုပ်ရှားမှုတွေမှာ ထိပ်တန်းတင်ကြတဲ့တောင်းဆိုချက် ဖြစ်လာပါတယ်။ အဲဒီ ကြွေးကြော်သံကို ၁၉၇၈ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာကျရောက်တဲ့ ပါတီအနှစ် (၅၀) မြောက်နေ့ လူထုအစည်းအဝေးကြီးမှာ ကြေညာခဲ့ပါတယ်။ အဲဒီ လူထုအစည်းအဝေးကြီးကို ဒီအစည်းအဝေးခန်းမဆောင်အနားက ဘော့လုံးကွင်း (စစ်ရေးပြ ကွင်း) ကြီးထဲမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒီဗဟိုကော်မတီအစည်းအဝေးကချမှတ်လိုက်တဲ့ စိတ်ဓာတ်နဲ့အညီ ကွန်မြူနစ်ပါတီဟာ လုပ်ငန်းအရပ်ရပ်ကို အကောင် အထည်ဖော်ရင်း ၁၉၈၅ ခုနှစ်မှာပြည့်မြောက်တဲ့ ဗမာပြည်တခုလုံးသူ့ကျွန်ဘ၀ရောက်တဲ့ (ပါတော်မူတဲ့) အနှစ် တရာ ပြည့်နဲ့ ဒီသမိုင်းကာလတလျှောက်မှာပေါ်ပေါက်ခဲ့တဲ့ ဗမာာပြည် ပြည်သူတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများကို ဂုဏ်ပြုတဲ့ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုပြပွဲကြီးကို ကြီးကျယ်ခမ်းနား စွာကျင်းပခဲ့ပါတယ်။ သုံးရက်လောက် (အတိ အကျ မမှတ်မိတော့ပါ) ပြသတဲ့ အဲဒီသမိုင်းပြပွဲကြီးကိုလည်း ဒီပန်ဆန်း အစည်းအဝေးခန်းမဆောင်ကြီးထဲမှာပဲ ကျင်းပ ပါတယ်။ အဓိကအားဖြင့် ဓာတ်ပုံတွေ၊ သမိုင်းဝင်ပစ္စည်းတွေ၊ ပန်းချီကားတွေ ကိုပြသပါတယ်။ အဲဒီမှာ လှံစွပ်တပ် ရိုင်ဖယ်ကိုကိုင်ထားတဲ့ ဂျပန်တော်လှန်ရေးတပ်သားရဲ့ ရွှံ့ရုပ်ထုကိုဒေသလူထုက အကြိုက်ဆုံးဖြစ်တာလည်း မှတ်မိ နေပါတယ်။
ဒီအဆောက်အဦကြီးနဲ့ ပတ်သက်ပြီးကျနော်တို့အကြားမှာ ရယ်ရယ်မောမောပြောစမှတ်ပြုတဲ့စကားတခုကတော့ ကေအိုင်အို ဥက္ကဋ္ဌ ဦးဘရန်ဆိုင်းရဲ့ မှတ်ချက်ပါ။ ဦးဘရန်ဆိုင်းတို့ ဦးဇော်မိုင်းတို့က အဲဒီတုန်းက ဗကပခေါင်းဆောင် တွေနဲ့ ပုဂ္ဂိုလ်ချင်းလည်းအရမ်းရင်းနှီးနေကြတော့ လူကြီးချင်း တယောက်နဲ့တယောက် နောက်ပြောင်လေ့ရှိကြပါတယ်။ သူတို့ ပန်ဆန်းကိုလာတဲ့တခေါက်မှာ အရှေ့မြောက်စစ်ဒေသခေါင်းဆောင်တွေက သူတို့ကိုလှည့်ြ့ပရင်း ဒီအဆောက် အဦကြီးကို ရောက်သွားတော့ ဦးဘရန်ဆိုင်းက- “ကမ္ဘာပေါ်မှာ အကြီးဆုံးတဲကြီးပဲ” လို့ ဟာသဖောက်လို့ အားလုံး ရီကြရပါတယ်။
ဒီလိုနဲ့ ၁၉၉၀ ခုနှစ်ထဲမှာ လိုင်စင်မှာရှိတဲ့ ကေအိုင်အိုဌာနချုပ်ကို ကျနော်တာဝန်နဲ့ရောက်သွားတော့ သူတို့ဌာနချုပ် ထဲမှာလည်း ခုနက ကမ္ဘာ့အကြီးဆုံးတဲကြီးလောက်မကြီးပေမဲ အလားတူ အစည်းအဝေးခန်းမတဲကြီးတလုံးတွေ့လို့ ကျနော့်ဖာသာပြုံးမိပါသေးတယ်။
ဖိုးသံ (လူထု)
No comments:
Post a Comment