Monday, May 6, 2013

တနိုင်ငံလုံးရဲ့ ကိစ္စမျိုးမှာ တဦး တယောက် တဖွဲ့ တပါတီက သင်ပုန်းချေလို့ရရင် ကောင်းလေစွပေါ့


ဟုတ်ကဲ့။ တနိုင်ငံလုံးရဲ့ ကိစ္စမျိုးမှာ တဦး တယောက် တဖွဲ့ တပါတီက သင်ပုန်းချေလို့ရရင် ကောင်းလေစွပေါ့။

ကိုဌေးကြွယ်ရဲ့ အမေရိကန်ပြည်ထောင်စုခရီး
မောင်စွမ်းရည်၊ ဗီအိုအေ၊ မေ ၃၊ ၂၀၁၃
(ဗီအိုအေ၊ ဧပြီ ၁၂၊ အစီအစဉ်ကို ပြန်လည်ကူးယူတင်ပြသည်)

ရဲဘော်နဲ့ မိတ်ဆွေများခင်ဗျား

ဒီနေ့ ကျနော်ပြောချင်တာကတော့ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ်တယောက် အမေရိကန်ပြည်ထောင်စုကို
ဗမာလူထုပရိသတ်နဲ့ တွေ့ဆုံဆွေးနွေးသွားတဲ့အကြောင်း ဖြစ်ပါတယ်။

နယူးယောက်ဆွေးနွေးပွဲကို နယူးယောက်မှာရောက်ရှိနေထိုင်တဲ့ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုနေတင်မြင့်က ဦးဆောင်စီစဉ်ပါတယ်။ ကျနော် မောင်စွမ်းရည်က လူကြီးတယောက်အနေနဲ့ အဖွင့်အမှာစကား ပြော ကြားခွင့်ကြုံပါတယ်။

ပြီးတော့ ကိုဌေးကြွယ် စကားပြောပါတယ်။ ကိုဌေးကြွယ်ဟာ မျက်နှာအမြဲ ပြုံးချိုနေပြီး ရည်မွန်ယဉ်ကျေးတဲ့ လူငယ်တဦး ဖြစ်ပါတယ်။ စကားပြောတာလည်း ချိုသာပျော့ပြောင်းပါတယ်။ သူဟု ရန်ကုန် စမ်းချောင်း အထက ၁ ကျောင်းသား ဟောင်းတဦး ဖြစ်တယ်ဆိုတာ သိရတော့ ကျနော်ပြုံးမိတယ်။ ကျနော်ကလည်း စမ်းချောင်း အထက ၁) ကျောင်းဆရာ ဟောင်းတဦးပေကိုး။ မကြာသေးခင်ကလဲ စမ်းချောင်း အထက(၁)က ကျောင်းသားဟောင်းတဦးဖြစ်သူ ကိုလှမောင်ရွှေ လည်း သမ္မတအကြံပေးအဖွဲ့ဝင် ၀န်ကြီးများနဲ့အတူ နယူးယောက်မြို့ကို ရောက်လာပါသေးတယ်။ ကျနော် ပြုံးမိတာက စမ်းချောင်း အထက(၁) လို့ခေါ်တဲ့ ကြံတောနားကကျောင်းက ကျောင်းဆရာတယောက်နဲ့ ကျောင်းသား ၂ယောက်တို့ အမေရိကန်ပြည်ထောင်စုမှာ ကြံကြံဖန်ဖန် ဆုံမိကြပုံကို တွေးမိလိုက်လို့ပါ။

ပြီးတော့လည်း ဒီကျောင်းသား ၂ဦးဟာ တကျောင်းတည်းက ဖြစ်ပေမယ့် တဖက်တလမ်းစီ ဖြစ်နေကြပါတယ်။ ယာယီ လို့ပဲ ဆိုကြပါစို့နော်။ ကဗျာဆန်ဆန် ပြောရရင် "ထောင်ချ"တဲ့ ဘက်နဲ့ "ထောင်ကျ" တဲ့ဘက်လို့ ပြောရမှာပါ။ ဒါပေမယ့် ခုတော့ "ထောင်လွှတ်တဲ့ဘက်" နဲ့ ထောင်လွတ်တဲ့ဘက်" လို့ပဲ ပြောရင်လည်း ရနေပါပြီ။ ကိုလှမောင်ရွှေကတော့ အိမ် ကို အလည်လာသွားလို့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောခွင့်ကြုံလိုက်ရပါတယ်။ ကိုဌေးကြွယ်ကိုတော့ ခဏတဖြုတ်ပဲ တွေ့ဆုံချိန်ရတဲ့အတွင်းမှာ အမှတ်တရဓာတ်ပုံတွဲရိုက်ချင်သူတွေက တိုးဝှေ့နေကြလို့ စကားပြောချိန် မရလိုက်ပါဘူး။ သူကလည်း ခရီးဆက်ရဦးမှာကိုး။

နယူးယောက်မြို့မှာ ဗမာလူထုကို သူပြောခဲ့တာတွေကတော့ တခြားမြို့တွေမှာ သူပြောခဲ့တာတွေနဲ့ အတူတူပဲလို့ ထင်ပါ တယ်။ တခြားမြို့တွေမှာ သူပြောတာတွေကိုလည်း အင်တာနက်မှာ တင်ထားတာကို တွေ့နေရပါတယ်။ သူပြောသွား တာတွေက ဗမာပြည်ကြီး ငြိမ်းချမ်းသာယာဝပြောအောင် ဗမာပြည်သူတွေအားလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းဆောင် ရွက်ကြဖို့နဲ့ တိုင်းရင်းသားတွေအားလုံး စည်းလုံးညီညွတ်ကြဖို့ပဲ ဖြစ်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သင်ပုန်းချေရေး လိုအပ်ပုံကိုလည်း ပြောသွားပါသေးတယ်။

သင်ပုန်းချေတယ်ဆိုတာ အင်မတန်ကြီးကျယ်မွန်မြတ်တဲ့ ကိစ္စပါ။ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တွေက သင် ပုန်းချေတဲ့ အမူအရာ အပြောအဆိုတွေကို တကယ်ပဲ ပြသနေကြပါတယ်။ တခြား ရှစ်လေးလုံး ကျောင်းသားခေါင်း ဆောင်တွေလည်းပဲ ကမ္ဘာလှည့်ပြီး တသံတည်း ပြောဆိုရကြလို့ ၀မ်းသာရပါတယ်။ မင်းကိုနိုင်တို့တတွေလည်း မကြာခင် အမေရိကန်ပြည်ထောင်စုကို လာကြဦးမယ်လို့ ကြားသိရပါတယ်။ သူတို့တတွေဟာ ထောင်အကြိမ်ကြိမ်ကျပြီး ထောင်ဆို တဲ့ ဘ၀တက္ကသိုလ်ကြီးက နိုင်ငံရေးသင်တန်းတွေ ပို့ချလိုက်လို့ အထူးရင့်ကျက်နေကြပုံရပါတယ်။ တဖက်က ထောင်ချ သူ၊ ထောင်လွှတ်သူတွေကလည်း နှစ်ပေါင်းများစွာ သူတို့ဖိနှိပ်လာခဲ့တာတွေကို လွန်တယ်ဆိုတာ သိကြမှာပါ။ ဦးနှောက် ကြီးတဲ့လူသားတွေပဲကိုး။ သူတို့ရေးတဲ့ အခြေခံဥပဒေကို ကြည့်ရင် ဗိုလ်ချုပ်တွေ စိတ်မလုံပုံကို တွေ့ရပါမယ်။ ဒါပေမယ့် သံဝေဂရပုံတော့ မပေါ်ဘူး။ အခြေခံဥပဒေထဲမှာကိုပဲ အချိန်မရွေး နောက်ထပ်တဖန် စစ်တပ်က အာဏာသိမ်းခွင့်ကို တရားဝင် ထည့်သွင်းရေးဆွဲထားလေရဲ့။

သမ္မတကြီးကို ဘီဘီစီသတင်းထောက်တဦးက "အတိတ်က အမှားတွေကို ၀န်ခံတောင်းပန် မှာလား" လို့ မေးတော့ ရိုးသားဖြောင့်မတ်တယ်လို့ နာမည်ကြီးတဲ့ သမ္မတကြီးက ရှင်းရှင်းပဲဖြေလိုက်တယ်။ "ကိုယ့်အလုပ်ကို လုပ်ကြတာပဲလေ" တဲ့။ ဒါပေါ့လေ။ သူတို့က စစ်သားတွေဆိုတာ ပြောရင်လည်း တည့်တည့်ပဲ။ ပစ်ရင်လည်း တည့်တည့်ပဲ မဟုတ်လား။ ပြောအားရှိပေတာပေါ့။ လက်နက်ရှင် အာဏာရှင်တွေကိုး။

ကျနော်တို့ ဗိုလ်ချုပ်တင်ဦးကတော့ သူတာဝန်ယူခဲ့တဲ့အချိန်တုန်းက မှားယွင်းတဲ့လုပ်ရပ်တွေကို ဖွင့်ဟတောင်းပန်သွားခဲ့ ပါပြီ။ ခွင့်လွှတ်တာ၊ တောင်းပန်တာ၊ သင်ပုန်းချေတာတွေဟာ လူယဉ်ကျေးတွေ အလုပ်ပါပဲ။ နှစ်ဦးနှစ်ဖက် သဘောထား ကြီးကြရင် ကောင်းတာပါပဲ။ တဦးတယောက်၊ တဖွဲ့တပါတီကပဲ သင်ပုန်းချေပြီး တချို့က ကမ္ဘာမကျေဘူးလို့ ပြောကြ တုန်းပါပဲ။ သင်ပုန်းချေခွင့်ဟာ လူတိုင်းမှာ ရှိသလို၊ ကမ္ဘာမကျေခွင့်ဟာလည်း လူတိုင်းမှာ ရှိတာပဲလေ။ ကမ္ဘာသမိုင်းနဲ့ ဗမာ့သမိုင်းမှာတော့ စစ်အာဏာရှင်အစိုးရရဲ့ ရက်စက်မှုတွေဟာ အရှိအတိုင်း မှတ်တမ်းတင် ကျန်ရစ်ခဲ့မှာပါ။ အမဲကွက် တွေဟာ အဖြူကွက်တွေ မဖြစ်နိုင်ပါဘူး။

ဟုတ်ကဲ့။ တနိုင်ငံလုံးရဲ့ ကိစ္စမျိုးမှာ တဦး တယောက် တဖွဲ့ တပါတီက သင်ပုန်းချေလို့ ရရင် ကောင်းလေစွပေါ့။ ဘာပဲဖြစ် ဖြစ် ယဉ်ယဉ်ကျေးကျေးနဲ့ လူကြီးပြော ပြောရရင် သင်ပုန်းချေယဉ်ကျေးမှု ထွန်းကားသလို တဖက်ကလည်း ၀န်ခံ တောင်းပန်တဲ့ ယဉ်ကျေးမှု ထွန်းကားပါစေသတည်းလို့ ဆုတောင်းလိုက်ပါတယ်။

မောင်စွမ်းရည်
ဧပြီ ၁၂၊ ၂၀၁၃

http://moemaka.blogspot.com/2013/05/maung-swan-yi-ko-htay-kywe-trip-to-usa.html?option=com_content&task=blogsection&id=9&Itemid=57


No comments: