ဦးခင်ညွန့်တယောက် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတော့ ဝမ်းသားအားရ ကြိုဆိုသူတွေ ရိုသေလေးစားသူတွေ မြင်တော့၊ မုဒိတာပွားပါသည်။ ထို့အတူ ကျနော်က ဦးခင်ညွန့် သာဓုခေါ်ရအောင်၊ ဦးခင်ညွန့် ပြုပြုသမျှကုသိုလ်တွေထဲ
ကျနော်တို့လို
မလိမ်မိုး မလိမ္မာလေးတွေ ထောင်ထဲမှာ သိက္ခာတော်ရ ဆရာတော်တွေဖူးမျှော်ရလေအောင်
ပင့်ဆောင် ပေးထားခဲ့သော ကျေးဇူးကုသိုလ်။ မုဒိသာလေးပွားလို့ရအောင် သံယာတော်
ဆရာတော်တွေ ဖြတ်သန်းခဲ့တဲ့ ထောင်ချ တဲ့ အမိန့်ချသည့် စစ်ခုံရုံးနှင့်
ထောင်ကျထောင်မှူးရုံးခန်း အဆောင်ထောင်မှူး ရုံးခန်းများကို ကျနော် ဖြတ်ခဲ့တာတွေ
ရေး သားပေးလိုက်မည်။ သို့မှသာ ဆရာတော်တွေ သံဃာတော်တွေ ဖြတ်သန်းခဲ့တာကို
အများပြည်သူ မျက်စိထဲ မြင်နိုင် တွေးနိုင်ပြီး ဘုရားတကာ ကျောင်းတကာ ဦးခင်ညွန်၏
ကုသိုလ်အစုစု သဒ္ဓါထုတို့ကို သာဓုခေါ်နိုင်ပေမည်။
ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့
မြန်မာနိုင်ငံမှာ နဝတ ဆွမ်းကွမ်းအလှူဒါနကို ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို
အ ကျဉ်းချလိုက်သည့်အတွက်၊ သံဃာတော် အရှင်သူမြတ်များမှာ ထောင်တွင်းကျပ်တည်းစွာ
သီတင်းသုံးရခြင်း၊ ဆွမ်းကွမ်း
မပြည့်မစုံဘုန်းရခြင်း၊
ရုပ်ပိုင်း စိတ်ပိုင်း နှိပ်စက်ခံရခြင်းများဖြစ်သော ထောင်ပြောင်းရွှေ့
သီတင်းသုံးရခြင်း၊ ထောင်တွင်း မှာ ပျံလွန်တော်မူခြင်း စသည့် ဦးခင်ညွှန်၏
ကုသိုလ်များကို အမျှဝေပေးပါသည်။
ဦးခင်ညွန့်နှင့်
အတူအားလုံးသော သာဓုခေါ်ဝံ့သူများ သာဓုခေါ်ကြပါလေကုန်…
နိဒါန်းအနေနှင့်
စစ်ခုံရုံးလုပ်ပုံကို ပြောပြမည်။
ကျနော်
ထောင်ကျတော့ စစ်ခုံရုံးအမှတ်(၁) ဒု-ဗိုလ်မှူးကြီးလှရွှေ (ကြည်း)၊
ဗိုလ်မှူးအောင်ရင်(လေ)၊ ဗိုလ်မှူးအေးကို (ရေ) တို့က ကျနော့်အမှုကို စီရင်တာဖြစ်သည်။
တရားစီရင်တာလည်း ပွင့်ပွင့်လင်းလင်း မျှမျှတတရှိပါသည်။ ထောင်ဘူး ထဲကနေ ကျနော်ရယ်၊
မရင်ရင် (လသာ) ကို လက်နက်ကိုင် စစ်သားအခြံအရံတွေ ခြံရံပြီး ရုံးထုတ်လာပါတယ်။ ဒီနောက်မှာတော့
အောက်ပိုင်းတဝက်က အုတ်၊ အပေါ်ပိုင်းက သံဇကာနဲ့ကာထားတဲ့ (၁ဝ) ပေပတ်လည် အပြာရောင်
အဆောက်အဦထဲမှာ ထည့်ထားလိုက်ပါတယ်။ တရားလိုအဖြစ် အမည်မသိအရပ်ဝတ် အာဏာကြီးသူတဦးနဲ့
ဗဟန်းရဲ စခန်းက ရဲအုပ်တဦးရောက်လာပြီးတော့ ကျနော်တို့ကို
“ညီလေးတို့
မင်းတို့ကို စစ်ခုံရုံးက အမိန့်ချမယ် ဝန်ခံလိုက်ရင် မင်းကို ငါးနှစ်၊ ညီမလေးကို
လေးနှစ်ပဲချမှာလို့” စေတနာ ဗလပွနဲ့ လာသင်ပေးတယ်ဗျ။
ကျနော်နှင့်
မရင်ရင်တို့ကတော့ တိုင်ပင်ထားသလိုပါပဲ ဘာမှကို ပြန်မပြောဘဲ ပြုံးပြလိုက်ပါတယ်။
ခဏနေတော့ မသန္တာချို ကိုလည်း ထုတ်လာပြီး ကျနော်တို့ရှိနေတဲ့ အခန်းလေးထဲပဲ
ထည့်လိုက်ပါတယ်။ ကျနော်တို့ တိုင်ပင်ထားတာ က ရုံးထွက်တိုင်း စစ်ခုံရုံးတင်တဲ့နေမှာ
ပျော်ရွှင်စွာနေဖို့နဲ့ အဖြူရောင် ရှပ်အင်္ကျီနှင့် ယောဂီယောင် ယောပုဆိုးတွေ ဝတ် လာဖို့ပါပဲ။
သုံးယောက်လုံး ဖြူဖွေးနေတဲ့ မန္တလေးရှပ်အဖြူ လက်တိုကိုယ်စီနှင့် ယောပုဆိုး၊
ယောထမိန် ဝတ်ထားတဲ့ ပြုံးရွှင်ရယ်မောနေတဲ့ ကြောက်ရွံထိန့်လန့်တဲ့ ဟန်အမူအရာ
အလျဉ်းမရှိတဲ့ လူငယ်သုံးဦးကို စောင့်ကြပ်နေရတဲ့ ဝတ်စုံ ပြည့်နှင့် စစ်သားများက
တအံ့တသြကို ကြည့်ကြပါတယ်။ အဲဒီလိုကို သူတို့ကို အံ့သြစေချင်တာ ကျနော်တို့ ဆန္ဒပါ။
သူတို့ထဲက
အသက်ကြီးကြီး (၂) ရစ်နှင့် တပ်ကြပ်ကြီးက “ကောင်လေးတို့ မင်းတို့ကို အမိန့်ချမှာကွ
ဒီနေ့။ တောင်းပန် လိုက်ပေါ့ကွာ အဘကြီးတွေက သနားမှာပါ ။ မင်းတို့ရုပ်ကလေးတွေ
သနားကမားနဲ့” လို့ပြောလိုက်တာကို မရင်ရင် နှင့် မသန္တာချိုတို့ ရယ်လိုက်တာ
မှတ်မိပါသေးတယ်။ ထိုလူကြီးလည်း ဆက်မပြောတော့ဘဲ ကျနော့်ကို ဆေးလိပ်သောက် လားလို့မေးတော့
ကျနော်လည်း သောက်တယ်ပြောတော့ စီးကရက်တလိပ် ထုတ်ပြီး မီးညှိပေးပါသည်။ ကျနော် အားရ ပါးရ
ဟန်နှင့်ပန်နှင့် ရှိုက်ဖွာတာကို အမတော်နှစ်ယောက်က မျက်စောင်းထိုးလို့
အပိုးပြန်သတ်ရကာ ရှိုးပဲ့ရပါသေးတယ်။
အချိန်ကျတော့
ကျနော်တို့ကို စစ်ခုံရုံးခမ်းမကျယ်ကြီး (နောက်ပိုင်း အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာနှင့်
လွတ်သူများ ကို သြဝါဒပေးသော ခန်းမ) ခေါ်သွင်းလာပါတယ်။ အရှေ့အနောက် ဘယ်ညာရိုက်သံ
ညီညီညာညာနှင့် စစ်သားတွေ ခြုံရံပြီး ဝင်ခဲ့ရတဲ့
အရသာလေး မှတ်မိသေးတယ်။ (ငယ်တော့လည်း ဘဝင်မြင့်တာများ ငါ့တို့ကို ဒီလိုကြီးကြီးကျယ်
ကျယ်တောင် လုပ်ရတယ်ဟ ဆိုပြီး ကြံဖန်ပြီး ဂုဏ်ယူနေတာ စိတ်ထဲမှာ)။ အမှန်က
ငရဲတွင်းထဲကို အခမ်းအနားနဲ့ ပို့ တာပေါ့ဗျာ။
နောက်တော့
စစ်ခုံရုံးအရာရှိတွေရောက်လာတယ်။ နိုင်ငံတော်အလံကို အလေးပြုပြီး ကျနော်တို့ ထိုင်ရတယ်။
ဖတ်လိုက် တာ၊ ပြောလိုက်တာတွေကလည်း စုံလို့။ တခုပဲ တဦးစီ ဖြောင့်ချက်ယူ မျှပုံက “ရဲမင်းထွန်း
နိုင်ငံတော် ဖျက်ဆီးနှောက် ယှက်သော လှုပ်ရှားမှုတွေ လုပ်ရပ်တွေ လုပ်ခဲ့တဲ့မင်းမှာ အပြစ်ရှိသလား”
တဲ့။
ကျနော်က
“မရှိပါ” လို့ ဖြေတော့.. “ ဟေ” တဲ့ ။
နောက်
မရင်ရင် အလှည့်လည်း မရင်ရင်က “မရှိပါ” လို့ဖြေတယ်။
တရားလိုလုပ်သူက
ထပြီး ၁၉၈၉ မှာ စစ်ထောက်လှမ်းရေးဖမ်းဆီးတာကို အကြမ်းဖက်ပြီး ထွက်ပြေးသည်မှ စ၍
ကိုဘိုနီအောင်နှင့် အတူပေါင်းသင်း လှုပ်ရှားသည်အဆုံး ပြန်ဖတ်ပြီး “အပြစ်ရှိပါသလား”
မေးပြန်တယ်။
ကျနော်ကလည်း
“မရှိပါ” ပဲပေါ့။
အမိန့်ချမယ့်
စစ်ခုံရုံးအရာရှိတွေက အခုခုံရုံးခေတ္တနားမယ် တရားလိုကို မင်းတို့သေသေချာချာလုပ်ကွာဆိုတဲ့
အဓိပ္ပါယ်နဲ့ စကားတွေပြောပြီး ခုံရုံးခဏနားလိုက်တယ်။
ဒီတော့မှ
စစ်ထောက်လှမ်းရေးလို့ ထင်ရတဲ့ လူကလာပြီး “မင်းပေးထားတဲ့ ဖြောင့်ချက်လေကွာ
မင်းစစ်ကြောရေး ပြန် သွားမလား” လို့ ချိမ်းခြောက်မေး မေးတော့ မရင်ရင်က ဝင်အော်ရော။
“ကျမတို့က မမှန်ဘူးလို့ ငြင်းနေလို့လား၊ အပြစ် မရှိဘူးပြောတာလေ၊ ဘာအပြစ်လဲ” လို့ ပြန်ပြောပစ်လိုက်တယ်။
ခဏနေတော့ စစ်ခုံရုံး ပြန်စတယ်။ ပြန်ဖတ်တယ်။ အပြစ်ရှိလားဆိုတော့... ကျနော်တို့က “မရှိပါ”
မှ တပြားမှ မလျှော့ဘူး။ ရယ်ဖို့တော့ တော်တော်ကောင်းသားဗျ။ ဘာနဲ့ တူနေလဲဆိုတော့ ရုပ်ရှင်ရိုက်ကွင်းမှာ
ကပ် ကပ် လုပ်သလိုဖြစ်နေတယ်။ သူတို့ကလည်း သူတို့လိုချင်တဲ့ ပုံစံ(အဖြေ) မရမခြင်း
ထပ်ခါထပ်ခါ မေးတယ်။ ကျနော်တို့က “မရှိပါ” ဆိုလိုက်ရင် အရာရှိသုံးယောက်လုံးက ပြိုင်တူ
တရားလိုတွေ ဖက်ကို ကြည့်တယ်။ ကျနော်ဖြင့် ရယ်ချင်လိုက်တာ။
ထောင်ချမှာပဲဗျာ။
တရားသဖြင့် စီရင်တာလည်း မဟုတ်ဘဲနဲ့။ တရားခံပြ သက်သေ၊ တရားခံရှေ့နေ မရှိ၊
ကြားနာသည့် ပရိတ်သတ်မရှိ၊ မိသားစုတောင် မသိတဲ့ တဖက်သတ် စီရင်တဲ့
ဒီတရားစီရင်မှုကိုများ အစီအငေါ် အတိုင်အဖောက်က
တည့်ချင်နေသေးတယ်။
တကယ်ဆို စာအိတ်ဖေါက်ဖတ်ပြီး အမိန့်ကိုချတာပါ။ ဦးခင်ညွှန် ခေတ်ဆိုတော့လည်း အရာရာ
ကို မျှတကြောင်း ပြချင်တဲ့အထာနှင့် ရုပ်ရှင်ရိုတ်ပြတာပေါ့ဗျာ။ ဒီလိုနှင့် စစ်ခုံရုံးပြန်နားရပြန်သည်။
ဒီတခါတော့
အလယ်က ခုံရုံးတရားသူကြီးခေါ်မလား ဘယ်လိုခေါ်မလဲမသိတဲ့
ဒုဗိုလ်မှူးကြီးလှရွှေ
(ကြည်း) မျက်ထောင့်ကြီးနီလို့ “ကောင်လေး မင်းတို့
နိုင်ငံတော်ကလူကြီးတွေက
သက်ညှာပြီး စီစဉ် စဉ်းစားမှာကို မင်းတို့
ဒီလိုမလုပ်နဲ့။
မင်းတို့ဘဝဘဲ ပျက်မှာ။ ငယ်ငယ်ရွယ်ရွယ်နဲ့
တော်တော်မိုက်ကြတာပဲ”
လို့ ပြောတယ်။
ဘေးဘယ်ညာက
လေတပ်နှင့် ရေတပ်က ဗိုလ်မှူးနှစ်ဦးကတော့ ဘာမှမပြောဘူး ရုပ်သေးရုပ်လိုပဲ အလယ်က
ထိုင်ရင် လိုက်ထိုင်တယ်။ ထရင် လိုက်ထတယ်။ စာရွက်ကောက်ဖတ်ရင် ဖတ်တယ်ပဲ လုပ်နေကြတယ်။
ဒီလိုနှင့် နောက်တကြိမ် ပြန်နားတယ်။ ဒီတခါတော့ နည်းနည်းကြာသွားတယ်။ ပြီးတော့ ပြန်စတော့
တရားလို ပြန်ဖတ်တယ်။ ဒုဗိုလ်မှူးကြီးက အပြစ်ရှိလားမေးတော့ “မရှိပါ” ထပ်ဖြေတယ်။
တိုက်ပုံအမဲနှင့် တရားရေးအရာရှိဆိုသူက မတ်တပ်ထရပ်က စစ်ခုံရုံး ဥက္ကဋ္ဌကြီးဆိုလား
သဘာပတိကြီးဆိုလား အစချီလိုက်ပြီး
“ယခုရုံးရှေ့ရောက်
တရားခံရဲမင်းထွန်းနှင့် အပေါင်းပါသည် ၎င်းတို့၏ လွဲမှားသော အယူဆများဖြင့် နိုင်ငံတော်ကို
ဖျက်ဆီးနှောက်ယှက်ခဲ့ပြီး။ အပြစ်မရှိပါဟု ထင်မြင်နေခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍
အရေးပေါ် စီမံချက်ပုဒ်မ ၅(ည) နှင့် မတရားအသင်းဆက်သွယ်မှု ဆိုင်ရာ ပုဒ်မ ၁၇(၁) တို့ဖြင့်
စီရင်ချပေးပါရန် တင်ပြပါသည်” လို့ ပြောလိုက်တဲ့ အခါ မှာတော့ ဒုဗိုလ်မှူးကြီးက
တင်ပြချက်ကို လက်ခံပါကြောင်းနှင့် စီရင်ချက်ချမှတ်ပေးမည်ဟု ဆိုကာ ခဏနားလိုက်ပါ တယ်။
ဒီနောက်မှာတော့
သူတို့ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကျနော့်ကို ၅(ည) ၁၇(၁)နှင့် ထောင်ဒဏ် (၇) နှစ်ကျခံစေဟူ၍
လည်းကောင်း၊ မရင်ရင်ကို ၅(ည) ၁၇(၁)ဖြင့် ထောင်ဒဏ် (၆) နှစ် ကျခံစေဟူ၍ လည်းကောင်း
ချမှတ်ကာ စစ်ခုံရုံး ရုပ် သိမ်းလိုက်ပါတယ်။ အဲဒီ့နေ့က ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၃
ရက်နေ့ပါ။ ကျနော်တို့မှာ အဲဒီတုန်းက နည်းတယ်လို့တောင် ထင်နေသေးသည်။
ဘာလို့လဲဆိုတော့ ကျနော်တို့ ဆက်စပ်အမှုတွဲ ကိုဘိုနီအောင်ကို တသက်တကျွန်း ချထားပြီးပြီ။
ကျနော့်ကို အနည်းဆုံး(၁ဝ) နှစ်လို့ ထင်ကြေးပေးထားကြတာ။
(စစ်ခုံရုံးအပြင်ဆင်
ပြောပြတာက ဦးခင်ညွန့်ရဲ့ စီမံခန့်ခွဲပုံကို မှန်းဆနိုင်စေဖို့ ရေးတာဖြစ်တယ်။
ဆရာတော်တွေ သံဃာ တွေကို ဒီလိုပဲထောင်ချခဲ့တာ မျက်လုံးထဲ မြင်ကြည့်ပါ။)
ထောင်ကျရုံးရောက်တော့
ကိုဇေယျာဝင်း၊ ကိုထွန်းထွန်း၊ ကိုဂျွန်ဂလင်း၊ ကိုသုတအောင်(ကွယ်လွန်) ကိုထွန်းနောင်နှင့်
ကိုဝင်းဇော် တို့ကိုလည်း ငုတ်တုပ်ကလေးတွေ ထိုင်လျက်တွေ့ရပါတယ်။ ထောင်ထဲမှာ
မှောင်နေလို့တောင် ထောင်ကျရုံး ကို မီးမောင်းတွေ ထိုးကာ ထောင်ကျအကျဉ်းသားတွေ မှတ်ပုံတင်ပါတယ်။
ကျနော့်ကို
ထောင်ကျရုံးထောင်မှူးကြီးက သူ့ရုံးခန်းထဲမှာ ခေါ်တွေ့တယ်။ လူရည်သန့် တဦးပါပဲ။ သူက
ကျနော့်ကို ဒီလို ပြောတယ်ဗျ။
“မိုက်လိုက်တာကွာ
မင်းကျောင်းမှာ စာမသင်ဖူးဘူးလား Physics မှာ အလုပ်ဆိုတာ ဘာလဲ” တဲ့။ “အရွေ့” လို့
ကျနော် ပြန်ဖြေတော့ “အေး မင်းဒီနေ့ပြန်ပြောခဲ့တဲ့ စစ်ခုံရုံးက လုပ်ရပ်တွေက အရွေ့မရှိဘူးကွ။
မင်း ထောင်ကျလာရတယ်” “တကယ်ဆို မင်းက ထောင်ငါးနှစ်လောက်ပဲကျမယ်လို့ ငါတို့ထင်တယ်ကွ”
“ဘာပဲပြောပြော မင်းမှန်တယ်ထင်တာကို မင်းရပ်တည်ခဲ့တဲ့အတွက် ချီးကျူးပါတယ်” “
မင်းယုံကြည်ချက်တွေ မင်းစိတ်ဓါတ်တွေကို မေ့လိုက်။ မင်းနဲ့ ငါတို့နဲ့ ရန်သူ မဟုတ်ဘူး။
ငါတို့က လက်ခံ ထိန်းသိမ်းပေးရတဲ့ ဌာန” “မင်းအနေနဲ့ငါတို့ကို ရန်သူလိုသဘောထားပြီး
ဆက်ဆံမယ် ဆို ရင် မင်းမှားသွားမယ်။ ဆန့်ကျင်မယ်ဆိုရင် မင်းအိမ်ပြန်ချိန်
နောက်ကျသွားမယ် ကောင်လေး။ မင်းကို ငါသနားလို့ ဆုံးမ တာ။ ဒီထောင်မှာ
အေးေးအဆေးဆေးနေပါ” “ထောင်အပြင် တန်းမရှိဘူးဆိုတဲ့ အရပ်စကားပုံက မှားတယ်ကွ။ ထောင် အပြင်
တိုက်ရှိတယ် စစ်ခွေးတိုက်” လို့ အစချီကာဆုံးမ စကားကို ရုပ်သန့်သန့် အမည်မသိထောင်မှူးကြီး
ပြောလိုက်တာ မှတ်မိနေပါသေးတယ်။
ထောင်ကျသွားပြီပေါ့ဗျာ
အမည်- ရဲမင်းထွန်း အဖအမည်-ဦးတင်ထွန်းဝေ ထောင်အမှတ် ၅ဝ၈၆ (မျဉ်းစောင်း) စီ။
(မှတ်ချက်။
။ အရင်က ပိုစ့်တခုမှာ ထောင်ကျရက်ကို တနင်္ဂနွေလို့ မှားရေးလိုက်သည်။
ပြန်တိုက်ကြည့်တာ တနင်္လာနေ့ သာဖြစ်ပါသည်။)
ဒီလိုဆက်ဆံမှု
အပြင်ဆင်တွေကို သာသနာပိုင်ဆရာတော်ကြီးတွေ သံဃာတွေ ဖြတ်သန်းရတာကို တွေးကြည့်ပါ မြင်
ကြည့်ပါ
(၃) ဆောင်နှင့်
ထောင်မှူးသိန်းမြင့်
အမှတ်(၅)ဆောင်မှာ
မအေ နှမ အဖွါးပါမကျန် တိုင်းထွာ ဆဲဆို ရိုတ်နှက်ပြီး ထောင်ပုံစံသင်ကြားပေးသည့်
ပုံစံခန်း လူကြီးဗလကြီးနှင့် လူမိုက်များ၏ ထောင်ကျ ပုံစံခန်းကို တညတဖြတ်ကျော်ပြီးနောက်။
အင်္ကျီချွတ် ခါးတောင်းကြိုက်ပြီး ပုံစံရပ်ကာ ထောင်ကျမှတ်ပုံတင်ကို နွားသတ်ရုံလို ရင်ပတ်မှာ
တံဆိပ်ထုပြီး တင်ရပါသည်။ (ဆရာတော် သံဃာတော် တွေလည်း ဒီလို ကျော်ဖြတ်ရပါသည်။
ဘာလိုလဲဆိုတော့ ထောင်ကျလာရင် အကျဉ်းသားသာ ဖြစ်သည်ဆိုတဲ့ ထောင် ဥပဒေ အရ၊ သီးခြား
ဦးစားပေး ဆက်ဆံမှု မပြုပါ)
ကျနော့်ကို
အမှတ် (၃) ဆောင်ပို့လိုက်ပါတယ်။ တန်းစီးသရဲကြီးနှင့် ထောင်မှူးသိန်းမြင့်
အုပ်ချုပ်နေတဲ့ (၃) ဆောင်ကို ကျနော် ရောက်သွားတာတော့ ထောင်မှူးသိန်းမြင့်က ဒီလိုသြဝါဒပေးတယ်
“ထောင်ကျသွားပြီဖြစ်တဲ့
မင်းကို ငါတို့အကျဉ်းဦးစီးက တိုက်ရိုက်အုပ်ချုပ်တယ်။ ထောင်မှာ မင်းသာမင်းနဲ့ဆိုင်တယ်
မင်းအကြောင်းမင်းပြောရမယ်၊ မင်းကိစ္စကလွဲလို့ အခြားအကျဉ်းသားတဦးဦးရဲ့ ကိစ္စဆိုတာ
မရှိရဘူး။ အများဆိုတာ
ထောင်မှာမရှိဘူး။
ရှိခဲ့ရင် ထောင်ဥပဒေနှင့် ဆန့်ကျင်တယ်။ ထောင်ဥပဒေနှင့်ဆန့်ကျင်ရင် အပြစ်ဒဏ်တိုက်(စစ်ခွေး
တိုက်) ကိုရောက်မယ်။ ထောင်မှာ အရှင်တွေ သခင်တွေစသဖြင့် ဘွဲ့ထူးတွေမရှိဘူး (အဲဒီတုန်းက
ဘာကြောင့်ပြောမှန်း မသိဘူး။ ထောင်မှူးရုံးခန်းရှေ့ မြေပြင်မှာ ပုံစံဆွဲထိုင်ပြီး
နားထောင်ရတာ ညောင်းလိုက်တာ။ နောက်မှသိတော့တယ်
ဆရာတော်ကြီးတွေနှင့်
အဘ သခင်အုန်းမြင့်တို့ ရှိနေတာကိုး) ပုံစံအော်ရင် ခေါင်းငုံထားရမယ့် အကျဉ်းသားပဲ
ထောင်မှာ ရှိတယ်။ မင်းတို့ အကျဉ်းသားတွေကို အကျဉ်းသားလိုပဲ ငါတို့ အကျဉ်းဦးစီးက
အုပ်ချုပ်တယ်။ အကျဉ်းသားမဖြစ်ချင်ရင် ထောင်ထဲရောက်မလာနဲ့။ ထောင်ထဲရောက်လာရင် ဘာကြီးပဲဖြစ်ဖြစ်
အကျဉ်းသားပဲ ဟုတ်ပြီလား” စသည်သဖြင့် မိန့် ခွန်းရှည်ကြီးကို မိန့်ဆိုပြီး ကျနော်တို့
စောင်နဲ့ ပါလာတဲ့ အဝတ်အစားကို ရှာဖွေပြီး ပုံစံပုဆိုး ပုံစံအင်္ကျီသာ ဝတ်ဆင် ရမည်ဖြစ်ကြောင်းနှင့်
အရပ်ဝတ်များကို ဝတ်ဆင်ပါက အပြစ်ဒဏ်ကျခံရမည် ဖြစ်ကြောင်းကိုပါ သတိပေးပါတယ်။
ထောင်မှူးရုံးက
အခန်းသတ်မှတ်ပေးလိုက်တော့ ကျနော်က အမှတ် (၄) ခန်းကို ရောက်သွားပါတယ်။ ထောင်ထဲမှ
ထုံး စံအတိုင်း နိုင်ငံရေးအမှုအချင်းချင်း ကြိုဆိုပြီး အားပေးစကားပြောကြတယ်။
အဲသည့်မှာ အဘဦးအုန်းမြင့် (သခင်အုန်း မြင့်-လွတ်လပ်ရေးတိုက်ပွဲဝင်)၊
အဘရဲနီသက်ဝင်း (ခ) သံမဏိစိန်လှတို့နဲ့အတူ ကိုမိုးမြင့် (မဆလ ဦးချစ်လှိုင်သား)၊
ကိုမင်းမင်းခန့်
(မွန်ကြီး)၊ ကိုဗညား၊ ကိုစည်သူဝင်း (သာကေတ)၊ ကြွယ် (နဂါးလေး)၊ ကိုမြင့်ထွန်းအောင် (ပြည်)၊
ကိုခင်အောင် (ပြည်) မျောက်ညို (စမ်းချောင်း) တို့နဲ့ လူကြီးတွေဖြစ်သော ကိုသီဟ (ပြည်)၊
ကိုအေးကြည် (မြောက်ဥက္ကလာ)၊ ဦးအောင်ရွှေ (အရေးတော်ပုံပါတီ)၊ ကိုညီမွှေးတို့နှင့်တကွ
နိုင်ငံရေးအကျဉ်းသားများစွာ တွေ့ရပါတော့တယ်။
(ကျနော့်ဘဝအတွက်
အဖိုးတန်လှတဲ့ ဘဝအတွေ့အကြုံတွေ၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းချိန်သမိုင်း၊
ဖဆပလ ခေတ် သမိုင်းတွေကို ထဲထဲဝင်ဝင် သိရှိခဲ့ရတဲ့၊ နိုင်ငံရေးကို ပိုမိုနားလည်လာအောင်
ဘဝနဲ့ရင်းပြီး သင်ကြားခဲ့ရတဲ့ အင်း စိန်ထောင်ကျောင်းရဲ့ အမှတ် (၃)ဆောင်ပါ။)
အခုကျနော်ဖြတ်သန်းရသည်များကို
ထောင်သွင်းအကျဉ်းချတဲ့
ဆရာတော်ဘုရားကြီးများ
ဖြတ်သန်းရမှာ မလွဲပါ။ ဗုဒ္ဓဘာသာထွန်းကားသော
မြန်မာနိုင်ငံမှာ
ဖြစ်သင့် ဖြစ်ထိုက် သည်များလား။ ဒီလို သာသနာပိုင်အဆင့်
ဆရာတော်များကိုလည်း
သံဃာအတုတွေ အယောင်ဆောင်တွေပါလို့ ပြန်ချေပ
အုန်းမှာလား။
ဦးခင်ညွန့်က
ထောင်သွင်းအကျဉ်းချသော ဆရာတော်များ သံဃာတော်များ
အဲဒီ (၃)
ဆောင်မှာပဲပေါ့ဗျာ......
အကျဉ်းသားဝတ်စုံ
အဖြူကို အထက်အောက်ဝတ်ဆင် ထားရသော်လည်း မျက်လွှာချပြီး
ပုတီးစိပ်ရင်း
ထောင်ထဲမှာ စင်္ကြန်လျှောက်နေတဲ့ ပုဂ္ဂိုလ်ကြီး (၃) ဦးကို
အားလုံးထဲမှာ
ထူးခြားစွာ ကြည်ညိုဖွယ်ရာ တွေ့လိုက်ရပါတယ်။ ကျနော်
တော်တော့်ကို
တုန်လှုပ်သွားတယ်ဗျ။ စိတ်ထဲမှာလည်း ဝမ်းနည်းသလိုလို
ကတုန်ကယင်ကြီး
ဖြစ်သွားတယ်။ သူတို့တွေက ဘယ်သူတွေလည်း ဘာဖြစ်လို့
ဒီအထဲရောက်နေရတာလဲ။
အံ့သြမှုနဲ့အတူ စုံစမ်းကြည့်လိုက်တော့
ဆရာတော်သံဃာတော်ကြီးတွေ
ဖြစ်နေတယ်ဗျာ..
တပါးက
အိနြေ္ဒသိက္ခာကြီးမားသည့် ဆရာတော်ကြီးတွေဖြစ်သော
အင်းစိန်ရွာမစာသင်တိုက်က
ဆရာတော်ဦးတိလောကဘိဝံသ၊ နောက်တပါးက ပါဌိကာရီ
စာသင်တိုက်(သာကေတ)
ဆရာတော်ကြီး ဦးအဂိင်္တ။ နောက်တပါးက
ရွှေဘုန်းပွင့်ဆရာတော်
ဘွဲ့တော် ကျနော်မေ့နေပါသည်။ ဆရာတော်ကြီးများဟာ
ထောင်ဝတ်စုံဆင်မြန်းထားရသော်လည်း
သီလ၊သိက္ခာတော်တို့ကြောင့်
ရာဇဝတ်အကျဉ်းသားနဲ့မတူဘဲ
သိသိသာသာကြီးကို ကွဲပြားနေပါတယ်။
(ကျောက်ကုန်းမေဒိနီကျောင်းတိုက်က
အိနြေ္ဒ သိက္ခာကြီးမားသည့် ဆရာတော်ကြီး
ဦးဉာဏ္ဏဝံသ
အမှတ်(၅) ဆောင်မှာ ဖြစ်သည်)
(ကွယ်လွန်သွားသော
ကိုအေးကြည်က သုံးဆောင်မှာ ရွှေဘုန်းပွင့်ဆရာတော်ကို တာဝန်ယူရသည်။)
ဆရာတော်ကြီးများတင်ပဲလားဆိုတော့
မဟုတ်သေးပါဘူး။ ငယ်ရွယ်နုပြိုတဲ့
ဦးဇင်းလေးများလည်း
ရှိကြနေတယ်။(ဘွဲ့တော်တွေ မမှတ်မိတာ ခွင့်လွှတ်ကြပါ)။
ရွှေဘုန်းပွင့်ကျောင်းတိုက်တခုထဲနဲ့တင်
သံဃာအပါးနှစ်ဆယ်ကျော်
ဖမ်းဆီးအကျဉ်းချခံရပါသည်။
ရန်ကုန်တတိုင်းလုံးနှင့် မန္တလေးတိုင်း
အကုန်အပါဝင်
မြန်မာပြည် အနှံ့ ဆရာတော် သံဃာတွေ ဘယ်လောက်လဲ။ ကျနော်
အမှတ်သုံးဆောင်ကို
ရောက်လာတဲ့ အချိန် ထောင်ပြောင်းပါသွားသည့်
ဆရာတော်ကြီးများနှင့်
သံယာများမနည်းဘူးလို့သိရတယ်။
လူရှင်သင်္ချိုင်းကိုရေးတဲ့
ကိုနေလင်းတို့ထောင်ပြောင်းပါသွားတဲ့ အသုတ်ပေါ့။
ကျနော်မှတ်မိတဲ့ ရခိုင်ဦးဇင်းလေးတပါးဆို
ကျနော်တို့ ထမင်းဝိုင်းမှာ
ဘုဉ်းပေးပါတယ်။
တကယ့်ကို ငယ်ရွယ်ပြီး ပိန်ပိန်လေးပါ။ သက်တော်က ၂၅
နှစ်ခန့်
ပါ။ ငယ်ဖြူကိုယ်တော်လေးပေါ့။ ကျနော်တို့က ဦးဇင်းလေးလို့
ခေါ်ပါတယ်။
ရဟန်းမို့ကျနော်တို့က ဦးစားပေးဆွမ်းဟင်းပိုထည့်ရင်
ဘုဉ်းမပေးတော့ဘူး။
ကျနော်တို့နှင့် တန်းတူသာ ဘုဉ်းပါတယ်။
ဆွမ်းဟင်းဆိုလို့လည်း
အထင်မကြီးကြပါနဲ့ဦး။ ထောင်ဝင်စာလာတွေ့ခံရ
မှန်သူတဦးနှင့်
ထောင်ဝင်စာ လာကြဲသူ တဦးနဲ့ ထောင်ဝင်စာမလာသူ
သုံးဦးလေးဦးခန့်က
တအုပ်စုအဖြစ် ထမင်းစားကြတော့ အပြင်ဟင်းလို့ ခေါ်တဲ့
(
အထားခံအောင် ကြော်ထားသည့် ငပိကြော်၊ ငါးခြောက်ကြော်၊ သရပ်သီးသနပ်နှင့်
အသားကြော်
တခုခုကို တဦး ဇွန်းတဝက်ခန့်လောက် မျှစားရတာ) ဦးဇင်းလေးကို
ထည့်ပေးတာပါ။
(၃)ဆောင်ဖြစ်သည့်အတွက် ထောင်ထမင်းကျွေးချိန်က လွဲရင်
အခြားအချိန်တွေမှာ
ထမင်းကို စားသောက်ခွင့်၊ သိမ်းထားခွင့် မရှိဘူး။
ထောင်ဥပဒေအတိုင်း
ကျွေးချိန်မှာ အခန်းအပြင်ဖက် စင်္ကြန်မှာ စားရပါတယ်။
အဲသည့်စနစ်ဟာ
ကျနော့်တို့ သာမန်လူတွေအတွက်က ဘာမှ အခက်အခဲ မရှိပေမယ့်
မွန်းတည့်နောက်ပိုင်းမှာ
ဘုဉ်းမပေးရတဲ့ သံဃာတော်တွေအဖို့မှာ
အတော်ဒုက္ခရောက်ကြရပါတယ်။
အဲဒီတော့ ကျနော်တို့က ညနေစာလာကျွေးတဲ့
ထောင်ထမင်း
ဝါကျင့်ကျင့်ကို ကော်ဇလုံထဲမှာ ပါးပါးလေးခင်း၊ အပေါ်ကနေ
အဝတ်ပိုင်းစ(
အင်္ကျီပိုင်း) ကို ရေဆွတ်ပြီး ရေညှစ်လို့ အုပ်ထားရပါတယ်။
အဲဒါကို
မနက်ထောင်ဖွင့်ချိန်မှာ အာရုံဆွမ်းအဖြစ် သံဃာတော်တွေကို
ထောင်ထမင်း
ဝါကျင့်ကျင့် သိုးနံ့ဝင်လုလုကို ကပ်ကြပါသည်။
ရေချိုးသည့်အခါ
အကျဉ်းသားများ လေးယောက်တတွဲထိုင်ပြီး ရေကန်အပြင်မှာ
တန်းစီရပါသည်။
ရေကန်စောင့်က “တတန်းလာ” လို့အော်လိုက်ရင် ထပြီးရေကန်ဘေးမှာ
ရပ်ပြီး
ဒန်ပန်ကန်ပြားကိုင်ကာ “ခပ်” ဆိုတဲ့ အချိန်ကျမှာ တခါခပ်လို့
ရေချိုးရတဲ့
စနစ်ကို ဆရာတော် သံဃာတော်တွေလဲ လိုက်နာရပါသည်။
ကမ္ဘာပေါ်တွင်
ဗုဒ္ဓဘာသာအထွန်းကားဆုံးဖြစ်သော ကျနော်တို့ မြန်မာနိုင်ငံမှာ
ရဟန်းသံဃာတော်များကို
သတ်ဖို့ အမိန့်ပေးတဲ့ ဦးခင်ညွန့်တို့ နဝတ ကပ်တဲ့
ဆွမ်းကွမ်းအလှူဒါနမို့
လက်မခံဘဲ ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို
ထောင်တွင်းမှာ
လူမြင်သူမြင် တရားဝင် ဦးချခွင့် မရှိပါ။ လူမြင်သူမြင်
ဆွမ်းကပ်ခွင့်
မရှိပါ။ ဒါတွေကို မြန်မာပြည်သူပြည်သားအပေါင်း
သေသေချာချာမှ
သိကြပါ့မလား။
မနက်တခါ
ညနေတခါ ထိုင်ပြီး “ပုံစံ” လိုအော်ရင် ဦးခေါင်းငုံထားရသည့်
ဆရာတော်
သံဃာတော်တွေ အဖြစ်။ ရာဇဝတ်သား အကျဉ်းသားများနှင့်
ကြမ်းတပြေးထိုင်
သီတင်းသုံးကာ။ ဆဲဆိုကြိမ်းမောင်းသံများ ကြားတော်မူနေရသော
အဖြစ်။
ညအချိန်မှာ ကြမ်းပေါ်မှာအကျဉ်းသားများနှင့် တိုးဝှေ့ပြီး အတူ
ကြိမ်းတော်မူရသည့်
အဖြစ်များကို မြန်မာပြည်သူတို့တွေ့ရရင်
ဘယ်လိုခံစားမလဲ။
ငါ..ိုးမသားတွေ
နားထောင်ကြစမ်းလို့ အော်ဟစ် ပြောဆိုနေတဲ့
ထောင်အကျဉ်းခန်းထဲမှာ
သီတင်းသုံးရသည့် သာသနာပိုင်ဆရာတော်တွေ
စိတ်နှလုံးကို
တွေးကြည့်ကြပါဗျာ။ စစ်ဖိနပ်စီးပြီး လမ်းလျှောက်လာတဲ့
ထောင်အာဏာပိုင်တွေနင်းနေတဲ့
ကြမ်းပြင်တပြေးထဲမှာပဲ ထိုင်ပြီး
ခေါင်းငုံ့အရိုသေပေးနေရတဲ့
သာသနာပိုင်ဆရာတော်တွေ အဖြစ် သံဃာတော်တွေ
အဖြစ်ကို
တွေးကြည့်ပါ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်သွားလေရာမှာ
လူတကာကို
လက်အုပ်ချီပြီး ခရီးဦးကြိုပြုရန် ညွှန်ကြားထားသည်။
သူလိုသာမန်လူတယောက်တောင်
လက်အုပ်ချီခရီးဦးကြိုပြုခံနေတဲ့ အချိန်မှာ
သာသနာပိုင်
ဆရာတော်တွေ ထောင်ထဲမှာ သီတင်းသုံးနေသည်။
ထောင်ဥပဒေအတိုင်း
အမည်ကို ဦး ကို တပ်မခေါ်တဲ့ အတွက်ဆရာတော်ကြီးတွေ
အမည်ကိုခေါ်တဲ့
အခါမှာ စိတ်မသက်သာဖြစ်ရတာကို တွေးကြည့်ပေါ့။
အကျဉ်းသားအချင်းချင်းနှင့်
ကတော့ ထောင်ဝင်စာလာရင် အမည်လိုက်ခေါ်တဲ့
အကျဉ်းသားတောင်
ဆရာတော်တွေကို အလွတ်ကျတ်ထားပြီး အသာလေး အနားလာပြီး
ဘုန်းဘုန်းဘုရားလို့
ထောင်ဝင်စာ စာရွတ်လာ ကပ်တာတွေတော့ရှိပါသည်။
သို့သော်လည်း
တရားမဝင်ဘူးလေ။
တပတ်တခါ
ထောင်ပိုင်တန်းစီတဲ့ အခါ။ တလတခါ ညွှန်ကြားရေးမှူးလှည့်တဲ့ အခါ
ဆရာတော်တွေမှာ
အကျဉ်းသားတွေ ကြားထဲ တောင့်တောင့်ထိုင်ပြီး ဦးခေါင်းချိုး
အရိုသေပေးရတာကို
ဘာသာတရား ကြည်ညိုလှပါသည် ဆိုသော ဦးခင်ညွန့် ဘာလုပ်ဖို့
သံဃာတွေ
ထောင်ချသေးသလဲ။
ထောင်မှူးသိန်းမြင့်က ထောင်ကျလာရင်
အကျဉ်းသားပဲဆိုပြီး
တောင်ယာရေလောင်းဖို့
လူစာရင်းမှာပါတဲ့ သက်ကြီးဝါကြီး ဆရာတော်တွေ ကိုယ်စား
ကျနော်တို့
လူငယ်တွေနှင့် ရဟန်းပျိုတွေက အလှည့်ကျ ဝိုင်းထမ်းပြီး
လောင်းရတဲ့
အမှတ်သုံးဆောင် ချိုးရေကန်က ပုတ်စော်နံရေတွေကို
သံစည်ပိုင်းပြတ်နှင့်
နွားထမ်းတဲ့ တံဘိုးကို တပ်ထမ်းနေရတဲ့
အချိန်မှာတော့။
ဦးခင်ညွန့်
တယောက် နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ရွှေသက္ကင်္န်း ကပ်တဲ့
ဝေါယဉ်ကြိုးကို
ဖွဖွလေးဆွဲပြပြီး ဘုရားဒကာကြီးအဖြစ် ပြည်သူတွေကို
လုပ်ပြနေတာ
ဦးခင်ညွှန် ကိုယ့် လိပ်ပြာ ကိုယ်လုံသလား။ မထင်ပါဘူး။
သံဃာကိုသတ်တဲ့
အသင်းအဖွဲ့၏ တာဝန်ရှိသူ သံဃာကို ညှင်းဆဲတဲ့ အသင်းအဖွဲ့
တာဝန်ရှိသူ
အမိန့်ပေးသူ ဦးခင်ညွန့် မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင်တယောက်
အဖြစ်
ရဲရဲကြီး ကြွေးကြော် ရဲပါသလား။
အရှက်သိက္ခာကြီးလှတဲ့
ဆရာတော်ကြီးတွေ ကျင်ကြီး ကျင်ငယ်
တောင်မစွန့်ဝံ့တာတဲ့
အင်းစိန်ထောင် မိလ္လာစနစ်မှာ စိတ်မသက်သာ ရှိလှတဲ့
အချိန်။
ရွှေကွပ်ထားတဲ့ ဘိုထိုင်ရေအိမ်နဲ့ ဦးခင်ညွန့် ထိုင်ရင်းနှင့်
တွေးမိလား
သာသနာပိုင်ဆရာတော်ဘုရားတွေ ဘယ်လိုရှိမလဲ ဆိုတာမျိုးလေးပေါ့။
အဲဒီ
၁၉၉၁ ထောင်ပြောင်းကာလမှာ သံဃာတော်တွေကို
ထောင်သွင်းအကျဉ်းချထားချိန်၊ဆရာတော်တွေကို
ခေါင်းစွပ်စွပ်ပြီး
ခြေကျဉ်းခတ်ကာ
ထောင်ပြောင်းနေတဲ့ အချိန်မှာတော့ မြန်မာပြည်သူများရှေ့တွင်
ဦးခင်ညွန့်တယောက်
စမတ်ကျကျ ဝတ်ထားတဲ့ စစ်ဗိုလ်ချုပ်ဝတ်စုံ အပေါ်ကနေ
ယောဂီပတ်ကလေးပတ်လိုက်
၊အဖြုရောင်ပတ်လေးပတ်လိုက်နှင့် ဘုရားဒကာ
ကျောင်းဒကာဘွဲ့ခံနေခဲ့တာကိုရော
ပီတိဖြစ်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေ
ဒီကိစ္စတွေ
အကုန်သိကြပါ့မလား။ အဲသည့်အချိန်မှာ ထောင်ထဲမှာ
ဒဏ်မခံနိုင်လွန်းလို့
ပျံလွန်တော်မူရှာရတဲ့ ဆရာတော်တွေ ရှိနေတယ်ဆိုတာကို
မြန်မာပြည်သူပြည်သားတွေ
သိကြပါ့မလား။
ထောင်ပြောင်း
သံဃာတော်တွေထဲက ကျနော်မှတ်မိတဲ့ ပျံလွန်တော်မူခဲ့ရတဲ့
သရက်တောကျောင်းတိုက်
(လမ်းမတော်)ဆရာတော် ဦးအာစရ(သရက်ထောင်မှာ)ပါ။
ရွေဘုန်းပွင့်ကျောင်းတိုက်က
ဦးဇောတိက (ခြေတဖက် မသန်တဲ့ဆရာတော်)
အင်းစိန်ထောင်
အမှတ်(၅)ဆောင်မှ ပျံလွန်တော်မူသည်။
ကျနော်
ဝတ္တုရေးနေတာ မဟုတ်ပါ။ ကြုံတွေ့လိုက်ရတဲ့ မြန်မာပြည်ဒီမိုကရေစီ သမိုင်းအချိုးကွေ့က
ပုံရိပ်တွေကို လှည့် စားနေသူများအား မီးမောင်းထိုးပြနေခြင်းသာ ဖြစ်ပါသည်။
အခုကျနော်ရေးသည့် အချက်အလက်များကို ကျနော်တ ယောက်ထဲ သက်သေရှိခြင်းမဟုတ်ပါ။
ထိုအချိန်က ခံစားခဲ့သူအားလုံး သက်သေရှိနေတာပါ။ ကျနော်က ဒီအချက်လက် များကို ဖြန့်ဝေပေးတဲ့
သဲတပွင့်သာဖြစ်သည်။ အစဉ်လာကြီးမားတဲ့ သမိုင်းအချိုးကွေ့တွေကို ဖြတ်သန်းမြင်လိုက်ရတဲ့
အရတြရ တိုက်ပွဲဝင် လူငယ်တဦးသာ ဖြစ်ပါသည်။ ကျနော်ရေးနေခြင်းသည် သမိုင်းကို
မြင်လိုက်ရသည့်ဖက်ကနေ သိသမျှကို ရေးပေးနေခြင်းပါ။ ခံယူမှု လက်ခံမှုက တဦးချင်းစီ၏
ပုဂ္ဂလိကခံယူမှု အခွင့်ရေးသာဖြစ်သည်။
ကံဆောင်ရခြင်းနောက်ခံနှင့်
ဦးခင်ညွန့်သို့မေးခွန်းများ
၁၉၉ဝ
ခုနှစ်မှာ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အတွက် မန္တလေးမြို့မှာ ဆွမ်းလောင်းကိုပွဲကို နဝတ
တိုင်းမှူး ဗိုလ်ချုပ် ထွန်းကြည်က သံဃာတော်တွေကို မကြွရဘူးတားမြစ်သည်။ သံဃာထုကလည်း
ဒါဟာဆွမ်းလောင်းတာ ဝိနည်းအရ ရှောင်ဖယ်လို့မရဘူးဆိုပြီး မိန့်ကာ ဆွမ်းခံကြွလေတော့ ရုတ်ပျက်ဆင်းပျတ်
ဖြိုခွင်းပါသည်။ ဆွမ်းသပိတ်များကိုင် ဆောင်ကြွလာတဲ့ သံဃာတော်များကို နဝတ
စစ်အစိုးရက သင်္ကန်းတွေဆွဲချွတ် သပိတ်တွေလွှင့်ပစ်ကာ အကြမ်းဖက် ဖမ်းဆီးတာကို
သံဃာတော်တွေဖက်မှ မခံနိုင်သော ရဟန်းပျိုများက ပြန်လည်တုန့်ပြန် ရိုတ်ပွဲဖြစ်ရာ။ နဝတ
ဖက်မှ
ပစ်ခတ်နိုမ်နင်းမှုများလုပ်သဖြင့်
စက်တင်ဘာလတွင် မန္တလေးတိုင်းမှ ဆရာတော် သံဃာတော်များက ဝိနည်းတော်အ တိုင်း
သပိတ်မှောက် သံဃာကံပြုတော်မူပါသည်။
ရန်ကုန်မြို့မှ
တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ အမှူးပြုသော သံဃာတော်များက အောက်တိုဘာလ (၃)
ရက်နေ့တွင် သပိတ်မှောက် သံဃာကံပြုလုပ်သည်။ အဲဒီအချိန်မှာ ကထိန်ခင်းခြင်းနှင့်
သံဃာ့ စာမေးပွဲပြီးတဲ့ အချိန် ဆိုတော့ နဝတ စစ်အစိုးရ အုပ်စုမှ အဓိကမင်းသားကြီး
ဦးခင်ညွန့် ကျောင်းတိုက်တွေကို လှူဘွယ်ပစ္စည်းများ ကပ်လှူ ပါသည်။ တကယ်ဆိုရင် နှစ်စဉ်
၂ လပိုင်းလောက်မှ ကျင်းပလေ့ရှိသော သံဃာစာမေးပွဲဆု ဆက်ကပ်ခြင်းကို ဦးခင်ညွန့် က
အဲဒီလမှာပဲ ချက်ချင်းလုပ်သည်။ ဆရာတော် သံဃာတော်တွေက အလှူခံခြင်းမပြုလေတော့ ထိပ်တိုက်တွေ့ဆုံ
ခြင်းကို ခံရလို့ ဒေါသသူပုန်ထသူက ဦးခင်ညွန့် ဘယ်လိုကြမ်းရမ်းခဲ့သလဲကို
သူကိုယ်တိုင်မှတ်မိမှာပါ မေးကြည့်ကြပါ။
အဲဒီအချိန်ကျမှ
များလိုက်တဲ့ သံဃာအတုအယောင်အမှုတွေက နေ့စဉ်လိုလို သတင်းစာမှာ ပေါ်ထွက်လာလိုက်တာမှ
ထူးထူးဆန်းဆန်း ဖြစ်နေတော့သည်။ သံဃာ့ကံဆောင်ခြင်းမပြုသော သံဃာတော်အချို့ကို ဦးခင်ညွန့်
တီဗီများ ဆက် ကပ်လှူဒါန်းနေပုံကို နိုင်ငံပိုင်သတင်းစာများ၏ မျက်နှာဖုံးမှာတွေ့ပေမည်။
ကမ္ဘာအေးသို့
နဝတ စစ်အစိုးရဖိအားပေးပြီး သပိတ်လှန်ရမည် အမိန့်ထုက်စေသည်။ ညမထွက်ရ အမိန့်ထုက်ထားသည့်
၁၉၉ဝ ခုနှစ် ဒီဇင်လာလ ၅ ရက်နေ့ညမှ စတင်ပြီး သံဃာတော်များကို ခေါင်းစွပ်
စွပ်ကာဖမ်းဆီးသည်။ စစ်ကားပေါ်ဆွဲ တင်ကာ စစ်ထောက်လှမ်း၏ စစ်ကြောရေးသို့ ပို့ဆောင်စစ်ဆေးသည်။
စစ်ကြောရေးတွင် သံဃာတော်များကို သင်္ကန်း တော်များ အတင်းဆွဲချွတ်ခြင်းအမှုကို ဦးခင်ညွှန်၏
အမိန့်ကြောင့် မလုပ်လျှင် ဘယ်သူလုပ်ရဲပေမည်နည်း။ မာန်ဟုန် ပြင်းပြင်း အာဏာစက်ကြီးမားလှသည့်
ဗိုလ်ချုပ်ခင်ညွှန်ဘဝက ဟန်များမာန်များကို ထိုအချိန်က သတင်းစာများ တီဗီ သတင်းများမှာ
ပြန်ရှာကြည့်ပေတော့။
ဒီတော့
သပိတ်မှောက်ရသည့် သံဃာတော်တွေကို အာဃာတတရားကြီးစွာနှင့် ဖြိုခွင်း အကျဉ်းချသူက နဝတ
အထွေ ထွေအတွင်းရေးမှူး(၁) စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်
ဖြစ်ကြောင်း ကျေးဇူများကို မသိသေးသူများ အမှတ်ရပါစေကုန်။ တိပိဋကဓရ ဆရာတော်
အရှင်သုမင်္ဂလာလင်္ကာရ မြစ်ကြီးနားထောင်မှာ ၉ နှစ်လောက် အကျဉ်းချခံ သီတင်းသုံးရပြီးနောက်
ပြန်လွတ်လာပြီး မကြာခံမှာ ပျံလွန်တော်မူရှာလေသည်။ ထိုသို့ ပျံလွန်တော်မူချိန်ကျမှ
ဦးခင်ညွန့် တယောက်ဘာလို့များ အကျယ်ချုပ်ဘဝနှင့် သွားဖူးတာလဲဆိုတာကို သိချင်သည်
မေးပေးကြပါ။ မိမိမှာ တာဝန်အရ လုပ်ရသည်များ ရှိသည် အစချီသည့် မီဒီယာများမှာ
ဦးခင်ညွှန် ပြောတာကို ပြန်မေးချင်တာက ထိုအချိန်မှာ ဦးခင်ညွန့်
အခြားနည်းလမ်းဖြေရှင်းစရာ
မရှိဘူးလား တကယ်ပဲလား။
-------------------------------------
အချက်အလက်အချို့ကို
ဆွမ်းကြွခါနီး ဖုန်းကိုင်ပေးတော်မူကာ ဖြေကြားပေးသည့် သုံးကြိမ်တိတိ နိုင်ငံရေးအကျဉ်း
သားဖြစ်သည့်တိုင် ပြည်သူဖက်က ရပ်တည်သော ဆရာတော်ဦးပညာဇောတ၏ ကျေးဇူးတော်ကို
ဦးတင်လိုက်ရပါသည်။
အင်းစိန်ထောင်
အမှတ်သုံးဆောင်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ပြည်တွင်းမှာ သီတင်းသုံးတော်မူသည့်
ဦးဇင်းဘုရား ကိုလည်း ဦးတင်လိုက်ပါသည်။ ပြည်တွင်းက အကိုတော်ကြီး (အမှတ်သုံးဆောင်)။
အမေရိကန်ပြည်ထောင်စုရှိ သူငယ်ချင်း ကိုဇေယျာဝင်း၊ ကိုဂျွန်ဂလင်း တို့နှင့်အတူ
ကျနော် သုံးဆောင်မရောက်ခင် ထောင်ပြောင်းခံရတဲ့ ကိုမင်းနိုင် (Buffalo, New York)
တို့အား အချက်အလက်များအတွက် ကျေးဇူးတင်ရှိပါသည်။
----------------------------------------------------
ရေးပေးဖို့
ပြည်သူတွေကိုယ်စား တောင်းဆိုတာကတော့ အကိုချိုတူးဇော် ဖြစ်ပါတယ်။ တချိန်လုံးပြောရုံမက
wall မှာလာရေးသူက မနန္ဒာ ဖြစ်သည်။ ကျနော်တာဝန်ကို ကျနော်ကျေအာင် ရေးပေးလိုက်ပါပြီ။
တခုပြောချင်တာ ဒီစာလုံး တွေကိုရေးတာ လက်နဲ့မဟုတ်ပါဘူး။ နှလုံးသားနှင့်ရေးတာ
စာဖတ်သူတို့ မထင်မှတ်တဲ့ စာလုံးအချို့မှာ ကျနော့် မျက် ရည်ပေါက်တွေရှိပါတယ်။
ရဲမင်းထွန်း
အကျဉ်းထောင်တွင်း
ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ
(ဦးခင်ညွန့်
သာဓုခေါ်စေရန်)
Ye Min
Tun ဖေ့စ်ဘုတ်မှ …
No comments:
Post a Comment