Thursday, May 30, 2013

“လက်ခမောင်းခတ်သံ တညံညံ”

အကြမ်းဖက် လက်တဆုတ်စာ တွေက လစဉ်လိုလို် ဘာသာရေးပဋိပက္ခတွေ ဖန်တီးနေတာ တကယ့်ကို အစီ အစဉ်ကျကျပါပဲ။ အရင်က နယ်စပ်အရပ်မျက်နှာ အသီးသီးက တိုင်းရင်းသားလူမျိုးစုအသီးသီးနဲ့ နှစ် (၆၀) နှစ် (၄၀) နှစ်(၂၀) ပြည်တွင်းစစ်တွေအမျှင်မပြတ်မွေးထားခဲ့တယ်။ တိုင်းပြည်က မွဲပြာတယ်။ ပြည်သူက ပြောင် ပြောင်ရောင်ရောင် မရှိ၊ အမျော်အမြင်နည်းတဲ့ စစ်ခေါင်းဆောင်လက်တဆုတ်ကြောင့်
တပ်မတော်ဟာပြည်သူ့ ချဉ်ဖတ်ဖြစ်ခဲ့တယ်။  တကမ္ဘာလုံးက သီးမခံနိုင်ပြီဆိုတဲ့အခါ ဒီမိုကရေစီနိုင်ငံသစ်ထောင်မယ်လို့ ကြွေးကြော် လိုက်တယ်။ နိုင်ငံရေးအပြောင်းလား ဗျူဟာအပြောင်းအလဲလား မရှင်းမလင်းဖြစ်နေချိန်မှာပဲ ရခိုင်ဘက်မှာ မူဆလင်ကို စစ်မျက်နှာဖွင့်လိုက်တယ်။ ရခိုင်ပြည်နယ်ဟာ အနောက်ဘက်ဒေသ ဘာသာရေးခံတပ်ကြီးလို ဖြစ်နေတာပါ။ ရခိုင်တိုင်းရင်းသားတွေဟာ လူမျိုးကွဲ ဘာသာကွဲတွေနဲ့ ခေတ်၂ခေတ်လုံး အေးအတူပူအမျှ နေခဲ့တယ်။ လွတ်လပ်ရေးရပြီးကတည်းက အဲဒီလောက်ပြင်းထန်တဲ့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခမျိုး မဖြစ်ဖူးဘူး။ ပဒေသရာဇ်ခေတ်ကအစပြုလို့ စစ်အာဏာရှင်ခေတ်အထိ ဗမာကိုလိုနီဝါဒကို ဆန့်ကျင်တော်လှန် ကြလို့ ကြွေးကြော်နေတဲ့ မျိုးချစ်ရခိုင်တွေလည်း ဒီတခါတော့ ဗုဒ္ဒသာသနာအလံတော်အောက်မှာ မြန်မာ့ တပ်မတော်ကြီးကို ကယ်တင်ရှင်အဖြစ် လက်အုပ်ချီ ဂါရ၀ပြုလိုက်တယ်။

ဦးသိန်းစိန်အစိုးရ ငါးသလောက်အပြုံးနဲ့ အောင်ပွဲခံခဲ့တယ်။

သိပ်မကြာဘူး၊ မိတ္ထီလာမှာ တောကြောင်တွေလက်ခမောင်း ခတ်ပြတယ်။ မိတ္ထီလာဟာ အထက်ဗမာပြည်နဲ့ အောက်ဗမာပြည်ရဲ့ ကုန်စည်စီးဆင်းရာ မြေလတ်ပိုင်းရဲ့ မဟာဗျူဟာကျတဲ့မြို့။

ရှေးဗမာမင်းတွေခေတ်ကစလို့ ဒီနေ့အထိ လယ်ယာကိုင်းကျွန်း သီးနှံကုန်စည်တွေ ကိုအထက်အောက် နှစ်ရပ် လုံးဆီ ဒိုင်ခံဖြန့်ဖြူးရာ ကုန်သွယ်ရေးမြို့။ အဲဒီမြို့ကို ဒီပဲရင်းအကြမ်းဖက်မှုဆန်ဆန်အကြမ်းဖက်တွေက စီးနင်း ခဲ့တယ်။ အဲဒီနောက် ပဲခူးတိုင်းကို ကျားကွက်ရွှေ့တယ်။ မြန်မာပြည်အလည်ပိုင်းမြို့တချို့နဲ့ မန္တလေးကို သွေး ထိုးစမ်းတယ်။ တနိုင်ငံလုံးက မွတ်ဆလင်လူမျိုးတွေကို အိပ်မက်ဆိုးတွေမက်စေတယ်။ ဒီကြားထဲ သာသနာ အရေခြုံ အာဏာရှင်လောက်ကောင်တွေ၊ ဒေါက်တိုင်တွေကလည်း ၉၆၉ ဂိုဏ်းတွေဖွဲ့ပြီး တစခန်းထတယ်။ မီးလောင်ရာလေပင့် လုပ်ပေးတယ်။ အနှစ် ၆၀ လောက် အာဏာရှင်အောက်မှာနေခဲ့တဲ့ ပြည်သူတွေဟာ တိမ် တွေလို အရောင်အမျိုးမျိုးပြောင်းပြီး လှည့်စားနေတဲ့ ကြံ့ဖွတ်မာယာကို မရိပ်စားမိဘူး။ တရုတ်ကို ကျေးဇူးဆပ် နေတဲ့ ဓားပြအစိုးရဆီက ဒီမိုကရေစီ မုန့်စိမ်းပေါင်း အလကားရလိမ့်မယ်လို့ပဲ ထင်နေတယ်။ တကျပ်ဖိုးမရ လည်း တမတ်ဖိုးယူမယ်ဆိုတဲ့ အီးယူနဲ့ အမေရိကားကလည်း အခြေအနေအားလုံး မသိချင်ယောင်ဆောင်ပြီး ဆန်ရှင် (စီးပွားပိတ်ဆို့မှု) တချို့ဖွင့်ရင်း လက်ခေါက်မှုတ်ပေးတယ်။

မနေ့ တနေ့ကတော့ ရှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမှာ တောကြောင်အုပ်တွေ ပြိုဆင်းတယ်။ တရုတ် ပြည်နဲ့ ကုန်စည်ကူးသန်းရာမှာ အရေးပါတဲ့ ကုန်သွယ်ရေးမြို့လေးဟာ မီးထတောက်ပြီးခြောက်ခြားနေတယ်။ ဒီကနေ့ထိ အကြမ်းဖက်တွေကို အရေးယူတာ မကြားမိဘူး။

ဒီမိုကရေစီလို့ အော်ရတဲ့အခါ မြန်မာ့လွတ်လပ်ရေးနဲ့ ဖွားဖက်တော် ပြည်တွင်းစစ်ကြီးကို ရပ်ပစ်ရမယ်။ ဒါတောင် ခေါင်းမာပြီး အယုံအကြည်နည်းတဲ့ ကချင်နဲ့ အခုထိ နိုင်ငံရေးဈေးဆစ်တုန်း။ ဘာဘဲဖြစ်ဖြစ် တပ်မ တော်ဟာ အရင်ကလို စစ်မျက်နှာများများမဖွင့်ရဲဘူး။ ဆိုပါစို့ ပြည်တွင်းစစ်ငြိမ်းရင် စစ်တပ်ကိုလျှော့ချရတော့ မယ်။ လူဦးရေတင်မက ဘတ်ဂျက်ပါ လျှော့ချရတော့မယ်။ ပိုဆိုးတာက ရာစုနှစ်တ၀က်လောက် လက်နက် သြဇာနဲ့ ဘုန်းမီးနေလတောက်ပြခဲ့တဲ့ စစ်ခေါင်းဆောင်တွေ စားခွက်အပျောက်မခံချင်တာဘဲ ဖြစ်တယ်။ သူတို့ အပိုင်စီးထားတဲ့ ဦးပိုင်လို ကုမ္ပဏီတွေ၊ မြေယာတွေ၊ အဆောက်အဦနဲ့ သယံဇာတ အရင်းအမြစ်တွေဟာ ပီပြင်တဲ့ ဒီမိုကရေစီစနစ်နဲ့ သဟဇာတ မဖြစ်ဘူး။ ပြည်သူ့ပိုင်ဆိုင်မှုကို အရင်ပုံစံအတိုင်း လက်ဝါးကြီးအုပ်လို့ မရဘူး။ ဥစ္စာဓနပိုင်ဆိုင်မှုတွေ ခွဲဝေပေးရတော့မယ်။ တပ်မတော်သားတွေနဲ့ သူတို့ မိသားစုတွေ စားဝတ်နေ ရေး ဖူလုံအောင်မလုပ်နိုင်ရင် ကိုယ့်တပ်ကိုယ့်ပြန်နင်းလိမ့်မယ်။ ပြီးတော့ ကျဆင်းနေတဲ့ တပ်မတော် ဂုဏ် သိက္ခာနဲ့ လူထုရဲ့ ယုံကြည်မှုပျက်ပြားနေတာကို ပြန်တည်ဆောက်ဖို့ ကျိုးစားရမယ်။

သိတဲ့အတိုင်း စစ်ခေါင်းဆောင်တချို့ဟာ သူတို့တသက် ပေါ၊ ချောင်၊ ကောင်းတွေပဲ အချောင်နှိုက်လာတာ ဆိုတော့ စေတနာအမှန်နဲ့ ပြုပြင်ပြောင်းလဲရေးကိုအားမထုတ်ပဲ သူတို့ စိတ်ထက်သန်တဲ့ အဓိကရုဏ်းတွေက နေ အမြတ်ထုတ်ဖို့ကြံတယ်။

တချိန်က စွမ်းအားရှင် လူရမ်းကားတွေနဲ့ နိုင်ငံအနှံ့ အချက်အခြာကျရာနေရာတွေမှာလူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ အကွက်ကျကျဖန်တီးတယ်။ နဂိုရှိပြီးသား တည်ငြိမ်မှုတွေကိုစိတ်ကြိုက်ဖျက်ဆီးလိုက်တော့ မြို့ခံပြည်သူတွေ အားကိုးရာမဲ့ စိတ်ဓာတ်ခြောက်ခြားကုန်တယ်။အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး ဆိုတဲ့ အာဏာရှင်တွေရဲ့ လက်သုံးစကားကို အကြော်သည် လက်သုတ်လိုပြန်ဖော်ထုတ်တယ်။ ပြည်သူတွေက တပ်မတော်ကို ကျေးဇူးရှင်လို အားကိုးအောင်ဖြတ်လမ်းနည်းနဲ့လုပ်တယ်။

လာမဲ့၂နှစ်အတွင်း ရွေးကောက်ပွဲတခုကို လုပ်ပေးရတော့မယ်။ တသက်လုံးက ဖြောင့်မတ်မှန်ကန်တဲ့စိတ်နဲ့ အာဏာယူရဲသူတွေမဟုတ်တော့ ဒီတချီ ကြံ့ဖွတ်ကွဲမယ်လို့ ပြည်သူကသိထားတယ်။ အဲဒီတော့ အောက်လမ်း နည်းသုံးပြီး စည်းရုံးတယ်။

မြန်မာပြည်မှာ အခုလို ဘာသာရေးပဋိပက္ခတွေ အစပျိုးနေတာ ရည်ရွယ်ချက်ကြီးကြီးတော့ ရှိပုံရတယ်။ တပ်မတော်ကို လူတွေပိုမိုအားကိုးယုံကြည်ဖို့တင်မကဘဲ အတိုက်အခံတွေရဲ့ အားကိုပါဖြိုခွဲချင်တာလည်း ပါနိုင်တယ်။ ဒီထက်ပိုပြီး စိုးရိမ်ရတာက မြန်မာပြည်က ဗုဒ္ဒဘာသာ အစွန်းရောက်တွေနဲ့ မူဆလင်တွေ ထိပ် တိုက်တွေ့မှုတွေက ပြင်ပကမ္ဘာအထိ မျက်စေ့နောက်စရာဖြစ်လာမှာကိုပါ။ အစွန်းရောက်မူစလင် အကြမ်းဖက် မှုကလည်း ကမ္ဘာ့မြို့ကြီးတချို့မှာ ခြိမ်းခြောက်လာတယ်။ ဘာသာရေးအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေ ကို ကမ္ဘာ့ပြည်သူတွေက ဆန့်ကျင်လာတယ်။ မြန်မာပြည်သူတွေမှာ ဘာအကာအကွယ်မှ မရှိပါဘူး။ ဘာလုံခြုံ ရေးစနစ်မှလည်း မရှိသေးဘူး။ တချိန်တုန်းကလည်း ဗုံးတလုံးကွဲပြီဆို၊ အပြစ်မရှိသူတွေပဲ သေကြေခဲ့တယ်။ ဒုက္ခရောက်ခဲ့တယ်။ မဲမဲမြင်ရာ အကုန်ဖမ်း၊ စွတ်စွဲထောင်ချခဲ့တယ်။ နောက်လည်း ဒီလိုပဲ ဖြစ်လာမှာပါ။ ယုဇနပလာဇာ ဗုံးကွဲမှု လက်ချက်တောင် ဖမ်းမမိသေးပါဘူး။ တိုင်းပြည်က မတည်ငြိမ်ရင် ပြည်သူတွေပဲ နစ်နာ တယ်။  

တခုတော့ သတိထားရမယ်၊ ကျနော်တို့နိုင်ငံလို စပ်ကူးမတ်ကူး၊ မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံဟာ ပြင်ပအင် အားကြီးနိုင်ငံတွေရဲ့ အစမ်းသပ်ခံမဖြစ်ဖို့ပါပဲ။ တပါးနိုင်ငံတွေက သူတို့တွေ့ရှိထားတဲ့ နည်းလမ်းသစ်တွေကို ဒီနိုင်ငံမှာလာပြီး အသုံးချတဲ့ လေ့ကျင့်ကွင်းတခုလည်း အသုံးချနိုင်တယ်။ ပဋိပက္ခတွေ ဖြေရှင်းတဲ့နည်းလမ်း ဟာ အဆင်မသင့် ဂွင်မတည့်ရင် ပဋိပက္ခကို အားပေးရာ ရောက်သွားနိုင်တယ်။ အခုဆိုရင် မြန်မာပြည်ဟာ နိုင်ငံတကာအစုံစုံက မျက်နှာဖုံးစွပ် အမျိုးမျိုးနဲ့ ကိုယ့်အကျိုးစီးပွားနဲ့ကိုယ် ခြေရှုပ်နေတာပါ။ ပြည်ပက NGO အဖွဲ့တချို့ဟာ အခုလို လူမျိုးရေး ဘာသာရေးအကြမ်းဖက်မှုတွေကို စံနစ်တကျ မှတ်တမ်းယူထားတယ်။ နိုင် ငံတကာကို အစီရင်ခံစာတွေရေးပို့ပြီး ဖိအားပေးနေတာတွေရှိတယ်။ တိတ်တဆိတ် အရေးယူနေတာ တွေရှိ တယ်။ အဲဒီအချိန်ကျမှ ပြည်တွင်းရေးမှာ ၀င်ရှုပ်နေတယ်ဗျို့လို့ ထပ်ပြီးအော်အုံးမှာလား။ ဒီအရာကို လွယ် လွယ်နဲ့ တားမရပါ။ ပြည်သူတွေ အမြင်မကျယ်ရင်၊ အတွေးအခေါ်ကျဉ်းမြောင်းရင် အန္တရာယ်ဟာ လက်တ ကမ်းမှာပဲ။ ကိုယ့်ဘက်ကခြေကျွံရင် ပြန်နှုတ်ရခက်ကုန်မယ်။ အပ်နဲ့ မထွင်းခဲ့လို ပုဆိန်နဲ့ ပေါက်ရမဲ့ကိန်းကို ကျနော်တို့လည်း လက်ခံမှာမဟုတ်ဘူး။ ကောက်ကျစ်တဲ့ အစိုးရကလည်း ထပ်ခါထပ်ခါ တပ်မတော်ကို ခုတုံး လုပ်ပြီး သြဇာတည်ဆောက်လာအုံးမယ်။ ဒါဆို ရှေ့ကိုချီတဲ့ ဒီမိုကရေစီ မဟုတ်တော့ဘူး။

အရင်ကတော့ ပြည်သူတွေကို သံဒုတ်နဲ့ ရိုက်တယ်။
ကွဲတယ်၊ နာတယ်။
အခုတော့ သံဒုတ်ကို ရာဘာစွပ်ပြီးရိုက်နေတယ်။ ဒဏ်ရာမပေါ်တာဘဲ ရှိတယ်။
ကွဲတယ်၊ နာတယ်။
အတူတူပါပဲ။

ကိုညို (အော်စလို)
၂၈၊မေလ၊၂၀၁၃

No comments: