Saturday, June 1, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၂ဝ)


အင်ဖားထောင်ထဲက ဘဝ

“ပါလီ.. ပါလီ.. ပါလီ”

နံနက် နေရောင်နဲ့အတူ စူးစူးဝါးဝါး အော်လိုက်တဲ့အသံကြောင့် အဆောင်အသီးသီးက အကျဉ်းသားတွေ ကမန်းကတန်း နဲ့ပဲ ကသဲ မယ်တော်ကြီး နတ်ကွန်းနားက မြေကြီးတွေနဲ့ ပေကျံမဲညစ်နေတဲ့ အဝတ်စုတ်အပိုင်းအစတွေကို အလုအယက်
ပြေးကောက်ကြတယ်။ တချို့ကလည်းရေပုံးတွေကိုင်ပြီး ထောင်ရဲတွေ ခွဲခြမ်းသတ်မှတ်ပေးတဲ့ မြေကွက်တွေကို ရေစို အဝတ်နဲ့ ပွတ်တိုက်ရပါတော့တယ်။ “ပါလီ” ဆိုတာ မြေကြီးတွေကို ရေစိုအဝတ်နဲ့ပွတ်တိုက်ပြီး မြေကျံတဲ့ အလုပ်ကို ပြောတာပါ။ အကျဉ်းဆောင် ပတ်ပတ်လည်နဲ့ နံရံ ဘေးတလျှောက်မြေကြီးမှန်သမျှ ပါလီ လုပ်ရတယ်။ မနက်တိုင်း မပျက်မကွက် လုပ်ရတယ်။ ထောင်ထဲက မြေမှန်သမျှပြောင်ရှင်း ညီညာနေတာပဲ။ အကျဉ်းသားတွေ ပုံမှန်အလုပ်ဆိုလို့ နေ့စဉ် မြေကြီးကျံရတာရယ်၊ စားပြီးသားပန်းဂံခွက်ယောက်တွေ ဆေးကြောရတာရယ်၊ မိမိတို့အခန်း တမန်သလင်းကို အစာမစားခင်တကြိမ်၊ အစားစားပြီးတကြိမ် ရေစိုအဝတ်နဲ့ ပွတ်တိုက်သန့်ရှင်းရတာပဲ ဖြစ်တယ်။ အဲဒါတွေအားလုံးကို အစုအဖွဲ့နဲ့ တာဝန်ခွဲလုပ်ရတာပါ။ အကျဉ်းသားထဲက လက်မှုလုပ်ငန်းကျွမ်းကျင်တယ်ဆိုရင်တောင် ထောင်ထဲက အလုပ် ရုံတွေမှာ အာဏာပိုင်တွေက တရားဝင်ခေါ်ခိုင်းတာမျိုး လုပ်ခွင့်မရှိဘူး။ ကာရကံရှင်အကျဉ်းသားက ကျနော် လက်သမား ပညာတတ်ပါတယ်။ လက်သမားလုပ်ပါရစေလို့ အလုပ်တောင်းလို့ ထောင်ပိုင်ကလည်း လိုအပ်ချက်အရ သဘောတူ တယ်ဆိုရင် ထောင်ကသတ်မှတ်တဲ့ အခကြေးနည်းနည်းပေးပြီး ခိုင်းတတ်ပါတယ်။

တကယ်တော့ ကျနော်တို့ကို ထားတာထောင်ဆိုပေမဲ့ ထောင်အချုပ်သာဖြစ်တယ်။ ပြစ်ဒဏ်အမိန့်ကျ အဆောင်တွေမှာ ထားတာ မဟုတ်ဘူး။ ပြစ်ဒဏ်ကျပြီးသားတွေကို သီးခြား အဆောင်တွေမှာ ချုပ်နှောင်ထားတာ ဖြစ်တယ်။ ပြစ်ဒဏ်ကျ အကျဉ်းသားတွေဆို အလုပ်လုပ်ရင် ပိုက်ဆံရတယ်။ အချုပ်ထောင်က အကျဉ်းသားတွေထက်လည်း အနေအထိုင်၊ အစားအသောက် ပိုချောင်တယ်။ ကျနော်တို့တတွေကတော့ အမှုတန်းလန်းနဲ့ စစ်ဆေးဆဲတွေချည်း စုပြုံထားတာ ဖြစ် တယ်။ ပေ ၂ဝ×၃ဝ အခန်းလေးမှာ လူ အနည်းဆုံး ၂၅ ယောက်ကနေ ၄ဝ နီးပါး ရှိတတ်တယ်။ ကျနော်တို့ထောင်ထဲ ရောက်တော့ ဆောင်းတွင်းကြီးဆိုတော့ လူက ၃ဝ ကျော်ကျော်လေးပဲ။ အများအားဖြင့် လူငယ်တွေ။ တိတိကျကျပြော ရရင် မူးယစ်ဆေးဝါးအမှုနဲ့ တရားစွဲခံရသူတွေနဲ့ မိဘက ဆိုဆုံးမမရတာကြောင့် ရဲနဲ့နားလည်မှုယူပြီး ထောင်ထဲထည့် ထားတာမျိုးလည်း အများကြီးပဲ။ တချို့ မဏိပူရလူငယ်တွေက တက္ကသိုလ် ကောလိပ် ပညာသင်တွေ။ အငေါင်းပါး လို့ နာမည်ပေးထားတဲ့ မူးယစ်ဆေးစွဲနေတဲ့ ကောလိပ်ကျောင်းသားလေးတယောက်နဲ့ ကျနော် ရင်းနှီးတယ်။ သူ့မိဘတွေက ဆေးစွဲနေတဲ့ သူ့ကိုထိမ်းလို့မရတာကြောင့် ရဲကိုငွေပေးပြီး ထောင်ထဲထည့်ထားတာလို့ ပြောတယ်။ ကျနော်က သူ့ကို ပြောပြတယ်။ “ငါတို့နိုင်ငံမှာလည်း ကျောင်းသားလူငယ်တော်တော်များများ ထောင်ထဲမှာ ရောက်နေတယ်၊ ဒါပေမဲ့ ဆေးစွဲလို့မဟုတ်ဘူး၊ နိုင်ငံရေးလုပ်လို့” ဆိုတော့ သူအံ့သြတယ်။ ဒီမှာတော့ လူငယ်တယောက် ထောင်ထဲဝင်လာပြီဆို အများစုက မူးယစ်ဆေးပဲ။ ထောင်ထဲရောက်တာနဲ့ ပုံစံပေးခံရတော့တာပဲ။ ကျနော်နဲ့ ညီညီလွင် စရောက်တဲ့ည၊ အိပ်ရာ ပြင်ပြီး စကားဝိုင်းဖွဲ့နေတုန်း ထောင်အလှည့်ကျ ရဲတယောက်ရောက်လာတယ်။ ဒီက ရဲတွေက လေးပေလောက်ရှည်ပြီး ကျပ်စေ့ဝိုင်းလောက်တုတ်တဲ့ ကြိမ်လုံးကိုင်လေ့ရှိတယ်။ ရဲက ကျနော့ကို အရင်ခေါ်တယ်။ သံတိုင်တွေကြားကနေ လက်နှစ်ဘက်ကိုဆန့်ပြီး အပြင်ဘက်ထုတ်ခိုင်းတယ်။ ကျနော်က ထုတ်ပေးတော့ အင်္ကျီလက်ရှည် နှစ်ဘက်လုံး လက် မောင်းအထိ ပင့်တင်ခိုင်းတယ်။ ကျနော်လည်း ဘာအပြစ်မှမရှိဘဲ လက်ဝါးဖြန့်ပြီး ကြိမ်လုံးစာကျွေးတော့မယ် ထင်နေ တာ။ သူက ကျနော့လက်နှစ်ဘက်လုံး လက်ကောက်ဝတ်နဲ့ လက်ဖျံတလျှောက် လက်မောင်းရင်းထိ သေသေချာချာ လိုက်ကြည့်တယ်။ အမှန်တော့ အပ်ပေါက်ရာတွေကြည့်တာ။ ဘိန်းဖြူထိုးသူတွေဆို အပ်ရာတွေက ထင်းကနဲပဲ။ ကျနော် တို့ နှစ်ယောက်လုံးကိုဘာမှ မလုပ်ဘူး။ လူသစ်ဝင်လာရင် ထိုင်ထလုပ်ခိုင်းတာမျိုးတောင် မခိုင်းခဲ့ဘူး။ အင်း.. အပ်ပေါက် တွေ့ရင်တော့ မချောင်ဘူး။ လက်နှစ်ဘက်လုံးကို သံတိုင်အပြင်ဘက် မှောက်ပြီးထုတ်ခိုင်းတယ်။ ပြီးတော့ သူ့လက်နှစ် ဖက်လုံးနဲ့ ကြိမ်ကို ဆုတ်ကိုင်ပြီး အသားကုန်လွှဲရိုက်တော့တာပဲ။ ဆေးသက် အနုအရင့်အလိုက်ပေါ့။ အနည်းဆုံး ၅ ချက် ကနေ ၁ဝ ချက်ထိ ရိုက်တယ်။ ရဲရိုက်နေတုန်း အထဲကအကျဉ်းသားတွေက “တစ်..နှစ်..သုံး…လေး..” နဲ့ သံပြိုင် အချက် ရေ လိုက်ရေပေးရသေးတယ်။ တချို့ကိုတော့ ခြေသလုံးအနှံ့ အရှိုးရာထပ်ပြီး ယောင်ကိုင်းနေအောင် ရိုက်တာပဲ။ အဲဒါ ရဲအသစ်တယောက်ပြောင်းရင် တခါခေါ်ပြီး အရိုက်ခံရတာ။ ထောင်ထဲဝင်လာစ ဘိန်းစားတွေဆို ရိုက်ခံရလို့ နာတာက တမျိုး၊ ဆေးစွဲတဲ့ဒဏ်ကြောင့် တကိုယ်လုံးကိုက်ခဲပြီး တညလုံး မအိပ်နိုင် မစားနိုင် ငရဲရောက်တော့တာပဲ။ ဘဝတူကိုယ် ချင်းစာသမားတွေက ဆေးရင်းထပြီးကိုက်ခဲ ငြီးတွားနေသူကို ခြေမချိုး၊ ခြေချောင်း လက်ချောင်းတွေဆွဲ ကြွက်သားတွေ ထုထောင်းနှိပ်နယ်ပေးကြတယ်။ ဆေးသမားတွေ လေး ငါးရက်နေပြီးရင် ဆေးပြတ်ပြီး သက်သာသွားတာပဲ။ ဒါကို လုံးဝ မူးယစ်ဆေးပြတ်ပြီ မထင်နဲ့။ မူးယစ်ဆေးမရတောင် “ခိုင်နီး”  လို့ခေါ်တဲ့ ပါးစောင်မှာငုံခဲရင် ရိပ်တိတ်ရိပ်တိတ်နဲ့မူးနေတဲ့ ဆေးပေါင်းလေးတွေရယ်၊ ဆေးရွက်ကြီးအမှုန့်လို ငုံဆေးတွေရယ်ခိုးသွင်းပြီး ငုံတတ်ကြတယ်။ ထောင်ထဲမှာ ဆေးလိပ် လုံးဝမသောက်ရဘူး။ ဘီဒီလို့ခေါ်တဲ့ လက်သန်းလောက်သာရှည်ပြီး တံမြက်စည်းချောင်းလောက်ပဲတုတ်တဲ့ ဆေးလိပ် တလိပ် အခန်းထဲရောက်လာပြီဆို တခန်းလုံးရှုရှိုက်ကြတော့တာပဲ။ ဆေးလိပ်မီး ရှာဖွေပုံကလည်း အံ့မခန်းပါ။ ရှောစောင် တွေက ချည်စအမျှင်လေးတွေကို ခိုင်နီး သံဘူးအခွံသေးသေးမှာ သိပ်ထည့်ပြီး နေ့ရောညပါ အိမ်သာမီးလုံးနား သွားကပ် ထားတယ်။ မီးလုံးအပူရှိန်ကြောင်း ချည်စတွေက ကြွပ်ကြွပ်ရွနေပြီ။ အဲ.. ဆေးလိပ်ရပြီဆိုရင် တယောက်က သမံတ လင်း ခပ်ကြမ်းကြမ်းနဲ့ သံချောင်းတချောင်းကို ပွတ်ပြီးဆွဲတယ်။ နောက်တယောက်က စောစောက လောင်ကျွမ်းဖို့ အ ဆင်သင့်ဖြစ်နေတဲ့ ချည်စလေးနဲ့ ခိုင်နီး ဘူးခွံလေးကိုသံချောင်းခြစ်ပြီး ထွက်လာတဲ့ မီးပွားစတွေရှေ့သွားခံတယ်။ မီးပန်းစနဲ့ ချည်စတွေ့တာနဲ့ ပါးစပ်နဲ့ဖြေးဖြေးချင်းမှုတ်ပြီး မီးမွှေးတယ်။ အဲဒီတော့ ခိုင်နီးဘူးခွံထဲက ချည်စတွေကိုမီးစွဲပြီး ဆေးလိပ်မီးညှိတယ်။ ကျောက်ခေတ်တုန်းက ကမ္ဘာဦးလူတွေ မီးခတ်ကျောက်နဲ့ မီးမွှေးယူနေသလိုပါပဲ။

ထောင်ထဲမှာ မီးခြစ်မဆောင်ရဘူး၊ သံအတိုအစတွေ၊ ပုလင်းကွဲတွေ လုံးဝမတို့မထိရဘူး။ ဒါပေမဲ့လဲ “ပါလီ” လုပ်ရင်း (၁ဝ) ပေမြင့်တဲ့ ထောင်နံရံတွေထိတ်က ပုလင်းကွဲအပိုင်းအစတချို့ကောက်ပြီး လက်သည်း ညှပ်ကြတယ်။ တချို့က ပုလင်း ကွဲနဲ့တောင် ဆံပင်ညှပ်တယ်။ သံဆူးကြိုးကို လိမ်ဖြတ်၊ နေ့စဉ် အချိန်အားသရွေ့တမံသလင်းနဲ့ ပွတ်တိုက်ပြီး အပ်ဖြစ် အောင် သွေးတယ်။ အပ်ပေါက်ဖောက်ပြီး အပ်ကို ထောင်ဒေါ်လာနဲ့ရောင်းတယ်၊ အပ်တချောင်းဆို အနဲဆုံး ၃ ဒေါ်လာ ကနေ ၅ ဒေါ်လာထိ ရတယ်။ ထောင်ဒေါ်လာဆိုတာက မနက်စောစော ဝေတဲ့ ဂျုံနဲ့လုပ်တဲ့ “လိုတီး” ကို ပြောတာ။ မနက်အိပ်ရာထရင် မီးနဲ့ကင်ထားတဲ့  ဂျုံပြားလေးတချပ်နဲ့ လဘက်ခြောက်နည်းနည်း၊ သကြားနည်းနည်း၊ ကရဝေးရွက် ထည့်ကြိုထားတဲ့ ကျငမ်းလို့ခေါ်တဲ့ နို့မပါနီကျင်ကျင် ကျဲတောက်တောက် လက်ဘက်ရည်ဟာ စောစောစီးစီး ဟာနေတဲ့ ဝမ်းမီးငြိမ်းစေဖို့ နတ်သုဓာပဲ။ မှိုင်းကိုင်စက္ကူတချပ်လို ဟိုဖက်ဒီဖက် ဖောက်မြင်ရမတတ် ပါးလျှလျှ လိုတီးဟာ ထောင် တွင်း အလဲအလှယ်၊ အရောင်းအဝယ်ကဏ္ဍမှာ အဓိကကျတဲ့ ဒေါ်လာဖြစ်တယ်။ လိုတီး ၃ ချပ်ဆို ရေချိုးဆပ်ပြာတခဲ၊ ၅ ဒေါ်လာဆို ရှောစောင်ခြုံထည် တထည်၊ ၁ဝ ဒေါ်လာဆို၊ အနွေးထည် ဒါမှမဟုတ် ဂျင်းဘောင်းဘီတထည်၊ အဲလို အမျိုး မျိုး အစားစား ဈေးဖြတ်ကြတယ်။ ကျနော်နဲ့ ညီညီ ရောက်စတုန်းက မနက်ဆို လိုတီးမစားဘဲ အစာအိမ်ဟောင်းလောင်း နဲ့ စောင်လေး၊ ဆပ်ပြာလေး၊ တဘက်လေးတွေစုဆောင်းရတယ်။

နေ့လည်စာကို မွန်းတည့်ချိန်မှာ စားရတယ်။ အစောပိုင်းတွေက ထမင်းကိုကြိုက်ဆွဲ၊ အဝစားရပေမဲ့ ကျနော်တို့ရောက်ပြီး ၂ လ လောက်မှာ ထမင်းလည်းတပန်းကန်ပဲရတယ်။ ထမင်းကို မြန်မြန်နပ်အောင် ပွားအောင် ဆော်ဒါထည့်ချက်ဟန် တူတယ်။ ထမင်းက ပွပြီး ဘယ်လောက်စားစား မကြာခင်ပြန်ဆာတယ်။ စားနေကျဟင်းကတော့ ပဲဟင်းကျဲကျဲတခွက်၊ အာလူးနဲ့ ဟင်းရွက်တချို့ရောချက်တာ တခွက်ပါ။ တပတ်တခါ အသားကျွေးတယ်။ အများနဲ့ ရောချက်တဲ့ ထောင်ထမင်း ဟင်းဆိုတော့လည်း အကောင်းကြီးမဟုတ်ပေမဲ့ သန့်ရှင်းတယ်၊ စားလောက်တယ်။ ထမင်းမြိန်ချင်ရင်တော့ ရွှေလှံဗိုလ် ငြုပ်သီးနဲ့ ဆားနဲ့ကြိတ်ပြီး စားကြတယ်။ ရွှေလှံဗိုလ်ဆိုတာ အင်မတန်မှ ပူလောင် စပ်ဖျင်းတဲ့ ငြုပ်ပါ။ နွားပေါင်တပေါင် ချက်ရင် ငြုပ်သီးတတောင့်ဆို အတော်ပဲလို့တောင် ပြောကြတယ်။ မြန်မာပြည်မှာတော့ ရွှေလှံဗိုလ်ငြုပ်ကို ဟင်းချက်ရင် ဒီအတိုင်း ထည့်ချက်တာမဟုတ် ရေခွက်တခွက်ထဲ ငြုပ်သီးအခြောက်ကို စိမ်ထားပြီးခွက်ထဲက ရေကိုပဲ ဟင်းထဲထည့် ချက်တာလို့တောင် ပြောကြတယ်။ ဒီလောက်စပ်တဲ့ငြုပ်သီးကို ကျနော်တို့ဒုက္ခသည်စခန်းမှာ မီးဖုတ်ပြီး ဆားနဲ့တို့် စားကြ တယ်။ ဝမ်းကိုက်ဝေဒနာဖြစ်တာတောင် အစားကမရပ်။ ရွှေလှံဗိုလ်ငြုပ်ဟာ စွဲတယ်။ သူမပါရင် စားမမြိန်ဘူး။ တခါတ လေ အခန်းထဲ မျက်စေ့လည်ပြီးကြွက်ကလေး တကောင်စ နှစ်ကောင်စ ဝင်လာတတ်တယ်။ အဲဒီအခါ အကျဉ်းသား တချို့ (ကသဲတွေကတော့ ကြွက်မစားဘူး) ကြွက်ကို ပိတ်ဆို့ဖမ်းတယ်။ ကြာကြာမဖမ်းရဘူး မိတယ်။ ကြွက်ကို အရည် ဆုတ် ခေါင်းဖြတ် တုတ်ချောင်းနဲ့သီပြီး အိမ်သာမီးလုံးနား သွားကပ်ထားလိုက်တယ်။ ဒါနဲ့ ရက်အနည်းငယ်လောက်မှာ ကြွက်ကင်ကို စားကြတယ်။ ကျနော်တို့ရောက်တဲ့ကာလက ခေတ်ပျက်တဲ့အချိန်လို့ ပြောလို့ရတယ်။ အရင် ၁၉၈ဝ မတိုင် ခင်အထိ ထောင်ထဲမှာ ကိုယ့်ဖာသာ ဟင်းချက်စားလို့ရတယ်တဲ့။ ထောင်ဖောက်ပြေးမှု ဖြစ်ပြီးတဲ့နောက်ပိုင်း ကိုယ်ပိုင် ချက်စားတာ ခွင့်မပြုတော့ဘူး။ ထောင်ဖောက်ပြေးသူတွေက ဗမာပြည်သားတချို့လည်းပါတယ်။ ရိက္ခာပို့ကား၊ ရေသယ် ကားနဲ့အတူ သံတူရွင်း၊ ဂေါ်ပြားတွေခိုးသွင်းပြီး မြေအောက်လှိုင်ခေါင်းဖောက်ပြီးထွက်ပြေးကြတာလို့ ကသဲ အကျဉ်းသား ဟောင်းတချို့က ပြောဖူးတယ်။

ထောင်ထဲမှာတနေ့တာ ဖြတ်သန်းရတာပျင်းစရာကောင်းပေမဲ့ ကြံဖန်ပြီး စိတ်ပျော်အောင်နေရပါတယ်။ အဆောင်တွေမှာ တနာရီ အထဲဝင်၊ တနာရီအပြင်ပြန်ထွက်ရတာ ဖြစ်တယ်။ တချိန်လုံး အပြင်ထုတ်ထားတာမဟုတ်။ မိုးရွာရင်တော့ အပြင် မထုတ်ဘူး။ အခန်းတခါးဖွင့်ရင် အရင်ဆုံး လုပ်လေ့ရှိတာက ကိုယ့်အဝတ်အစားတွေနဲ့ စောင်တွေကို နေပူလှမ်းကြတာပဲ။ ပြီးတော့ ကိုယ့်အဖွဲ့နဲ့ကိုယ် ဟိုဟိုဒီဒီ ပြောကြပေါ့။ ကျနော်တို့ ဗမာကျောင်းသားတွေက နိုင်ငံရေးစကားတွေ၊ စာအ ကြောင်းပေအကြောင်း ရုပ်ရှင်၊ ဘဝအတွေ့အကြုံ၊ အတင်းအဖျင်းကအစ တနေ့တနေ့ ပြောမကုန်ဘူး။ အာလည်း ကျယ် ကြတယ်။ ကသဲတွေက “ဟေး..ဘားမီးစ် ဘားမီစ်း” နဲ့ကို သတိပေးယူရတယ်။ စကားပြောရင်း ကိုယ့်အင်္ကျီလေးတွေ ကိုယ်စီချွတ်လို့.. သန်းမကြီးတွေ တုပ်ရတယ်။ ကျနော့်ဘဝမှာ ကိုယ်သန်းလို့ခေါ်တဲ့ အဖြူရောင် သန်းမကြီးတွေကို အဲဒီ ကျမှ တအံ့တသြမြင်ဖူးတာ။ ပန်းချီထိန်လင်းရဲ့ မြောက်ပိုင်း အေဘီအက်စ်ဒီအက်ဖ် အကျဉ်းစခန်းက ရေနွေးနဲ့ ပြုတ် သတ်ရတဲ့ ပေါလောပေါ် သန်းမကြီးတွေလောက်မဆိုးပေမဲ့ မဏိပူရထောင်ထဲက ကိုယ်သန်းတွေကလည်း ခေသူမဟုတ် ပါ။ အင်္ကျီဂုတ်တွေ၊ ဂျိုင်းနဲ့ကိုယ်က ကင်းခြေလိုက်ထားတဲ့ အင်္ကျီချောင်ကြို ချောင်ကြားတွေမှာ ခိုကပ်နေတဲ့ သန်းတွေ ဟာ နေ့စဉ်နှိမ်နင်းသုတ်သင်လို့ကို မကုန်နိုင်မခမ်းနိုင်ပဲ။ သန်းဖြူတွေလိုပဲ ဒုက္ခပေးတာက ဂျပိုးပဲ။ အင်ဖားထောင်ဂျပိုးက နံရံပေါ်က ဆေးသုတ်ထားတဲ့ အင်္ဂတေ အခွံနဲ့ အုတ်အကြိုအကြားမှာ အသိုက်ဖွဲ့နေတာ။ နေ့ဆို အိပ်ပြီး ညပိုင်းဆို တပ်စု တပ်ဖွဲ့အလိုက် ချီတက်ပြီး တကိုယ်လုံးသမတယ်။ ဂျပိုးကိုက်လွန်းလို့ လန့်ပြီးတောင်နိုးတယ်။ အိမ်သာမီးရော၊ အခန်းမီး ရော တညလုံး ထိန်ထိန်လင်းနေတော့ တရေးနိုး ဂျပိုးထသတ်သူတွေတောင်ရှိတယ်။ ထောင်ကသန့်ရှင်းတယ်။ အနံ့အ သက်လည်းကင်းတယ်။ ရေကန်ထဲမှာ ရေမပြတ်ဖြည့်ထားတယ်။ ပုံစံခွက်နဲ့ ရေးချိုးစရာမလို။ ကြိုက်သလောက်ချိုး။

ထောင်ထဲမှာ ပုံမှန်ပြုကျင့်တဲ့အရာတခုက ညနေ ၅ နာရီဆို Suching တပ်ဖွဲ့ (ရှာဖွေရေးတပ်) တွေပုံမှန်ရောက်လာတာပဲ ဖြစ်တယ်။ သူတို့က အိန္ဒိယတောင်ပိုင်းမှာနေထိုင်တဲ့ မာဒရာဇီ၊ တေလဂူနဲ့ ကယ်ရီလာ လူမျိုးတွေ။ ကာကီရောင် ယူနီ ဖောင်းဝတ်ပြီး အသားမဲမဲတွေနဲ့ တုတ်ရှည် ကိုယ်စီကိုင်ရင်းလာကြတာပါ။ Suching လာပြီဆို အခန်းထဲက စောင်တွေ၊ အခင်းနဲ့ အဝတ်အစား ပိုင်ဆိုင်တာအားလုံး ပွေ့ချီကိုင်မပြီး အပြင်မှာတန်းစီရပ်ရတယ်။ မိမိစောင်တွေအဝတ်တွေတော့ ကိုယ့်ရှေ့မှာချထား။ သူတို့အဖွဲ့တွေ ထောင်ထဲ ချောင်ကြိုချောင်ကြားမကျန် တုတ်တွေနဲ့ထိုးဆွစစ်ဆေးတယ်။ ပုလင်းကွဲ၊ အပ်၊ သံချောင်း ကြိုး ဘောပင်၊ ခဲတံတွေကအစ စည်းကမ်းနဲ့မညီတာတွေ့ရေ မချောင်ဘူး၊ ရေရေလည်လည် ရိုက်ခံရသ လို ဆဲလ်ခန်း (သီးခြားတိုက်ခန်း) ကိုပို့ပြီး ချုပ်နှောင်တယ်။ သူတို့ကိုယ့်ရှေ့လာရပ်ရင် ပုံစံအတိုင်း ခေါက်ထားတဲ့စောင် တွေ အဝတ်တွေ ခါပြရတယ်။ ပြီးတော့ တကိုယ်လုံး ရှာတယ်။ လက်မြှောက်ပေးရတယ်။ ထောင်ထဲရောက်ပြီး ၄ လ လောက်အကြာမှာ အခန်းထဲက ကသဲတယောက် မတော်တဆတိုက်လိုက်ရာက ကျနော့ရဲ့မျက်မှန် ကျကွဲသွားတယ်။ ကံဆိုးချင်တော့ မှန် ၂ ဖက်လုံး ကွဲသွားတာ။ မှန်တဖက်က လုံးဝသုံးမရတော့အောင် လေး ငါးစိတ်ကွဲသွားပေမဲ့ တဖက် ကတော့ သုံးစိတ်လောက်ကွဲသွားတာ။ ကျနောမျက်စိက ဝါးတရိုက်လောက်ဝေးတဲ့ လူဆိုရင်တောင် မျက်နှာ ဘယ်သူ ဘယ်ဝါ မသဲကွဲဘူး။ တော်တော်ကို မှုန်တာ။ ဒီတော့ နည်းနည်းကြီးတဲ့ မှန်ကွဲစလေးတခုကိုတော့ လွှင့်မပစ်ရက်ဘူး။ လက်ညှိုးနဲ့ လက်မလေးနဲ့ကိုင်ပြီး အဝေးကြည့်မှန်အဖြစ် သုံးရတယ်။ ထောင်အာဏာပိုင်တွေ၊ လူကြီးတွေလာရင် ခိုး ကြည့်ရတယ်။ လသာတဲ့ညတွေဆို ထောင်နံရံကနေတက်လာတဲ့ လပြည့်ဝန်းဝန်းကြီးကို ပြူတင်းပေါက်သံဇကာတွေ ကြားကနေ ကြည့်ရတဲ့အခါ မှန်ကွဲလေးကြောင့် ကြည်ကြည်လင်လင် မြင်ရတာ။ ဒီမျက်မှန်ကွဲလေးနဲ့ပဲ သဘဝအလှတွေ ရှု့မြင်ခံစားပြီး ထောင်ထဲမှာ ကဗျာလေး၊ သီချင်းတွေရေးဖြစ်တာ။ ကွဲနေသောမှန်တစ ဆိုပေမဲ့ ကျနော့အတွက် သိပ်ကို အဖိုးတန်တယ်။ မှန်ကွဲစလေးကို လက်ထဲအမြဲကိုင်ထားရတယ်။ စောစော Suching တပ်တွေ လာပြီဆိုရင်လည်း စည်း ကမ်းအရ မှန်ကွဲကိုအခန်းထဲဝှက်မထားရဲဘူး။ မိလို့ အရိုက်ခံရတာထက် ခန္ဓာကိုယ် အစိတ်အပိုင်းတခုလိုဖြစ်နေတဲ့ မျက် မှန်ကွဲလေးပြန်မရတော့မှာ စိုးရိမ်တာ။  ဒီတော့ မှန်ကွဲလေးကို ကျနော့လက်ခလယ်နဲ့ လက်ညှိုးကြားမှာ ညှပ်ပြီး ရှာဖွေ ရေးရဲတွေ ကိုယ့်နားရောက်တာနဲ့ အမြန်လက်မြှောက်ပေးလိုက်တယ်။ သူတို့က ကျနော့ လက်ချေင်းတွေမှာ အာရုံစိုက်တာ မဟုတ်လို့ တော်သေးတယ်။ ကျနော့ရဲ့သတိကောင်းမွန်မှုကြောင့်လား ဘုရားမလို့လားမသိဘူး၊ မှန်ကွဲနဲ့ ပတ်သက်ပြီး တခါမှ ပြဿနာမတက်ဘူး။ ကျနော်လည်း ထောင်ကလွတ်တဲ့အထိ အဲဒီပုံစံအတိုင်းပဲ ရင်ဆိုင်သွားတယ်။

ညနေ ၆ နာရီ ညစာစားပြီးရင် ည ၉ နာရီဟာ အိပ်ချိန်ပဲ။ မအိပ်ခင်ဝိုင်းဖွဲ့စကားပြော စလိုက်နောက်လိုက်နဲ့။ ပြီးရင် အ ခန်းအပြင်က ထမင်းပန်းကန်နဲ့ ပုံစံခွက်လေးတွေကိုစီပြီး တီးဝိုင်းစတော့တာပဲ။ တခါတလေ ကသဲအဆိုတော်တွေလည်း မူးယစ်ဆေးအမှုနဲ့ ရောက်လာတတ်တယ်။ အဲဒီကျရင် အထူးပွဲပဲ။ တီးဝိုင်းကိုစောစောစတယ်။ သာယာဝတီထောင်က ကိုဝင်းမော်တို့လို ဂစ်တာတွေဘာတွေတော့ လုပ်ခွင့်မရှိဘူး။ ကြိုးတပ်တူရိယာမပါတဲ့ ပါကားရှင်းနဲ့ ပါးစပ်တီးလုံး သက် သက်ပဲ။ နာမည်ကြီး ဟိန္ဒူရုပ်ရှင်ထဲက သီချင်းတွေ၊ ကသဲကားဇာတ်ဝင်သီချင်းတွေနဲ့ ပုံစံခွက် ဗုံသံ၊ ပုံစံပန်းကန်ပြား တာပလာသံ မြူးမြူးကြွကြွနဲ့ပေါ့။

လူတယောက်ဟာ သူအဆင်မပြေတဲ့ဘယ်နေရာပဲ ရောက်နေပါစေ.. အနုပညာနဲ့ ကိုယ်နဲ့တွဲရှိနေရင် စိတ်ကျဉ်းကြပ်မှု တွေကို ကျော်လွှားနိုင်တာပဲ။ ကျနော်ဟာ ထောင်ထဲက တစိမ်းတရံတွေ၊ ဘာသာမတူ၊ စကားမတူ၊ စရိုက်မတူသူတွေ ကြားမှာ ကိုယ့်အနာဂတ်ကို ကိုယ်ဖန်တီးခွင့်မရဘဲ စိတ်ဓာတ်တွေ ပြိုကျနေတာကို ကိုယ့်ရဲ့ခံစားတတ်တဲ့ အနုပညာစိတ် နဲ့ပဲ ထိန်းမတ်ခဲ့ရတာပါ။

ကိုညို
၃၁ မေလ ၂ဝ၁၃

No comments: