Tuesday, May 7, 2013

ဗိုလ်မှူးကြီးအတွက် စာမလာ သတင်းမကြား

ဗိုလ်မှူးကြီးဟာ ကော်ဖီဗူးအဖုံး ဖွင့်ကြည့်လိုက်တော့ ဗူးထဲ ကော်ဖီတဇွန်းစာလောက်ပဲကျန်တာ တွေ့လိုက်ရတယ်။ သူဟာ ရေနွေးအိုးကို မီးဖိုပေါ်က မ,ယူပြီး ရေတဝက်လောက်ကို မြေသားကြမ်းခင်းပေါ် သွန်ပစ်လိုက်တယ်။ စောစော ကကော်ဖီဗူးရဲ့အတွင်းပိုင်းကို ဓားကလေးတချောင်းနဲ့ချစ်ထုတ်လို့
ထွက်လာတဲ့ နောက်ဆုံးလက်ကျန်ကော်ဖီမှုန့်တွေနဲ့ သံချေးအစအနတွေ ရောထွေးပြီး ရေနွေးအိုးထဲ လောင်းထည့်လိုက်ပါတယ်။

သူဟာ ကော်ဖီအိုး ဆူအောင်စောင့်ရင်း ကျောက်မီးဖိုဘေးမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ပုံစံ၊ အပြစ်ကင်းစင် စွာ မျှော်လင့်နေတဲ့ပုံစံနဲ့ ထိုင်နေတယ်။ ဒါပေမဲ့ သူ့ကိုယ်တွင်းထဲမှာတော့ မှိုတက်နေပြီး အဆိပ်ပွင့်တွေ အမြစ်စွဲနေသလို ခံစားနေရတယ်။ အခုက အောက်တိုဘာလထဲမှာ။ ဒီလိုမနက်ခင်းပေါင်းများစွာကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ သူလိုလူ တယောက် အတွက်တောင်မှ အဲဒီမနက်ခင်းဟာ ခက်ခဲနေပါတယ်။ နှစ်ပေါင်း ၆၀ နီးပါး၊ တနည်းအားဖြင့် ပြောရရင် နောက်ဆုံးအ ခေါက် ပြည်တွင်းစစ်ကြီးပြီးသွားကတည်းက၊ ဗိုလ်မှူးကြီးဟာ စောင့်နေတဲ့အလုပ်ကလွဲပြီး ဘာမှမလုပ်ခဲ့ဘူး။ အောက်တို ဘာလ ဆိုတာကလဲ ဘာမှ သိပ်ထူးထူးခြားခြား ရောက်လာတတ်တဲ့လ မဟုတ်ဘူးလေ။

ဗိုလ်မှူးကြီး ကော်ဖီခွက်ကိုင်ပြီး အိပ်ခန်းထဲဝင်လာတာမြင်တော့ သူ့မိန်းမက ခြင်ထောင်ကို မလိုက်တယ်။ မနေ့ညတုံး က ပန်းနာထခဲ့လို့ အခုမနက်မှာ နုံးချိနေရှာတယ်။ ဒါပေမဲ့ ထထိုင်လိုက်ပြီး ကော်ဖီခွက်ကိုယူလိုက်တယ်။

'အစ်ကို့အတွက်ကော' လို့မေးလိုက်တယ်။
'ကိုယ်သောက်ပြီးပြီ' ဗိုလ်မှူးကြီးကလိမ်လိုက်တယ်။ 'ဇွန်းကြီးတဇွန်းစာ ကျန်သေးတယ်ကွ။'

အဲဒီအခိုက်အတန့်မှာဘဲ ခေါင်းလောင်းထိုးသံတွေ စကြားရတယ်။ ဒီနေ့ အသုဘချမှာကို ဗိုလ်မှူးကြီး မေ့တောင်မေ့နေ တယ်။ သူ့မိန်းမ ကော်ဖီသောက်နေတုန်း သူက အိပ်ရာပုခက်ကို တဖက်ကနေဖြုတ်လိုက်ပြီး တံခါးနောက်မှာရှိတဲ့ တ ဖက်ချိတ်ဆီလိပ်ပြီး ချိတ်လိုက်တယ်။ မိန်းမကတော့ သေသွားတဲ့လူအကြောင်း စဉ်းစားနေတယ်။

'သူက ၁၉၂၂ ခုဖွား' သူမကပြောတယ်။ 'ကျမတို့သားလေးမွေးပြီး တလအတိပဲ။ ဧပြီ ၇ ရက်လေ။'

သူမဟာ တရွှီရွှီ အသက်ရှူနေရတာက တချက်တချက်နားတဲ့အခိုက်တွေမှာ ကော်ဖီကို တကျိုက်ချင်းဆက်သောက်နေ တယ်။ သူမဟာ ဖြူဖတ်ဖြူလျော်နဲ့ အရိုးပေါ်အရေတင်ရုံပဲရှိနေတယ်။ သူမရဲ့ ပြတ်တောင်းပြတ်တောင်းအသက်ရှူ ပုံကြောင့် မေးခွန်းတွေဟာ မေးခွန်းနဲ့မတူဘဲ အတည်ပြုချက်ဆံနေတယ်။ သူမ ကော်ဖီသောက်ပြီးသွားတဲ့အခါမှာလဲ သေသွားတဲ့လူအကြောင်းပဲ ဆက်တွေးနေမိတယ်။

'အောက်တိုဘာလကြီးမှာ မြေကြီးထဲမြှုပ်ခံရတာ မသက်သာဘူး' သူမကပြောလိုက်တယ်။ ဒါပေမဲ့ ယောက်ျားဖြစ်သူက နားမထောင်ပါဘူး။ သူက ပြူတင်းပေါက်ဖွင့်လိုက်တယ်။ အောက်တိုဘာလဟာ လသာဆောင်ပေါ် ရောက်နေပြီဖြစ်ပါ တယ်။ အစိမ်းရောင်ကဲလှတဲ့ ရုက္ခကမ္ဘာနဲ့ မြေပြင်ပေါ် ဟိုတပုံဒီတပုံရှိနေတဲ့ တီကျစ်စာခဲတွေကို ငေးမောရင်း ဗိုလ်မှူး ကြီးဟာ အမင်္ဂလာ လအောက်တိုဘာကို သူ့အူအသဲတွေထဲ ခံစားမိပြန်ပါတယ်။

'ငါ့အရိုးထိအောင် စိုစိမ့်နေပြီဟ' သူက ပြောတယ်။
'ဒါ ဆောင်းရာသီဘဲလေ' အမျိုးသမီးက ပြန်ပြောတယ်။ 'မိုးတွေစရွာကတည်းက ခြေအိပ်ဝတ်အိပ်ပါလို့ အစ်ကို့ကိုပြော နေတာ။'
'ဟ... ငါ ခြေအိပ်မချွတ်ဘဲအိပ်တာ တပတ်ရှိနေပြီ။'

အပြင်မှာတော့ မိုးကတောက်လျှောက်စွေနေတယ်။ ဗိုလ်မှူးကြီးဟာ သိုးမွှေးစောင်ကြီးတထည်ခြုံပြီး ပုခက်ထဲပြန်ကွေး ချင်နေတယ်။ ဒါပေမဲ့ ခေါင်းလောင်းထိုးသံတွေ ကြားနေရတော့ အသုဘအကြောင်း ခေါင်းထဲဝင်လာပြန်တယ်။ 'အင်း  အောက်တိုဘာလကြီးကွာ' သူတီးတိုးရေရွတ်ပြီး အခန်းအလယ်ကို လျှောက်သွားတယ်။ အဲဒီတော့မှဘဲ သူဟာ ကုတင်ခြေရင်းမှာချည်ထားတဲ့ ကြက်ဖကြီးကို သတိရသွားတယ်။ အဲဒီ ကြက်ဖက တိုက်ကြက်ပါ။

သူဟာ ကော်ဖီခွက်ကို မီးဖိုချောင်ထဲယူသွားပြီးနောက်မှာ ဧည့်ခန်းထဲ ပန်းပုလက်ရာထွင်းသစ်သားအိမ်နဲ့ထားတဲ့ ချိန် သီးနာရီကြီးကို သံပတ်ပေးလိုက်တယ်။ ပန်းနာသမားတယောက် အသက်ရှူဖို့ ကျဉ်းလွန်းလှတဲ့အိပ်ခန်းနဲ့ ကျယ်ဝန်းတဲ့ ဧည့်ခန်းက ကွာခြားလှပါတယ်။ ဧည့်ခန်းထဲမှာ စားပွဲခင်းအုပ်ထားတဲ့ စားပွဲလေးတလုံးနဲ့ ထုံးကျောက် ကြောင်ရုပ်က လေးရှိပြီး စားပွဲပတ်လည်မှာ လှုပ်ကုလားထိုင်တောင့်တောင့် လေးလုံးရှိတယ်။ နာရီနဲ့ဆန့်ကျင်ဘက်နံရံ ပေါ်မှာတော့ နှင်းဆီပွင့်တွေ ပြည့်နေတဲ့လှေထဲမှာ ဇာဝတ်ထားတဲ့ အမျိုးသမီးတယောက်ကို မြားနတ်မောင်လေးတွေ ခြံရံထားတဲ့ ပန်းချီကားတချပ် ရှိနေတယ်။

ဗိုလ်မှူးကြီး နာရီတိုက်ပြီးသွားတော့ ၇ နာရီ ၂၀ ရှိနေပါပြီ။ အဲဒီအခါ သူက ကြက်ဖကြီးကိုပွေ့ပြီး မီးဖိုခန်းထဲဝင်၊ မီးဖိုခြေ ထောက်တချောင်းမှာ ချည်၊ ရေခွက်ထဲက ရေကိုလဲပြီးတော့ ဘေးမှာ ပြောင်းဖူးစေ့တဆုပ် ပုံပေးလိုက်တယ်။ ကလေး တသိုက်က ခြံစည်းရိုးပေါက်ကနေ တိုးဝင်လာ၊ ကြက်ဖကြီးဘေးမှာ ဝိုင်းအုံထိုင်ပြီး အသံမထွက်ဘဲ ကြက်ဖကြီးကို ကြည့်ကြပါတယ်။

'အဲဒီအကောင်ကို ကြည့်မနေကြနဲ့' ဗိုလ်မှူးကြီးကပြောပါတယ်။ 'ကြက်ဖတွေကတအားကြည့်ခံရရင် ပိန်သွား တတ် တယ်ကွ။'

ကလေးတွေက တုတ်တုတ်မလှုပ်ပါဘူး။ တယောက်ကဆိုရင် သူ့ဘာဂျာလေးနဲ့ ခေတ်ပေါ်သီချင်းတပုဒ်အလိုက်ကို စမှုတ်လိုက်သေးတယ်။ 'ကနေ့ အဲဒီသီချင်း မမှုတ်နဲ့' ဗိုလ်မှူးကြီးက ကောင်လေးကို ပြောလိုက်တယ်။ 'မြို့ထဲမှာ အသုဘရှိတယ်။' ကောင်လေးက သူ့တူရိယာပစ္စည်းကို ဘောင်းဘီအိတ်ထဲ ပြန်ထည့်လိုက်တယ်။ ဗိုလ်မှူးကြီးလဲ အိပ်ခန်းထဲဝင်သွားပြီး အသုဘသွားဖို့ အဝတ်အစားလဲလိုက်ပါတယ်။

သူ့မိန်းမ ပန်းနာထနေတဲ့အတွက် သူ့အဖြူရောင်ဝတ်စုံကို မီးပူမတိုက်ရပါဘူး။ ဒါကြောင့် အနက်ရောင်ဝတ်စုံဟောင်း ကိုဘဲ ဝတ်ရတယ်။ ဒီဝတ်စုံဟာ သူမင်္ဂလာဆောင်ကတည်းက အထူးအခမ်းအနားတွေမှာဘဲ ဝတ်ခဲ့တာဖြစ်တယ်။ အဲဒီဝတ်စုံကို မနည်းရှာတော့မှ သေတ္တာအောက်ဆုံးမှာ သတင်းစာစက္ကူနဲ့ထုပ်လျက် ပိုးမကိုက်အောင် ပရုပ်လုံးတွေ ထည့်ထားလျက် သွားတွေ့တယ်။ မိန်းမဖြစ်သူကတော့ ကုတင်ပေါ်လှဲရင်း သေတဲ့လူအကြောင်း တွေးနေဆဲ။

'ဒီလူ သြဂတ်စတင်နဲ့ တွေ့ပြီးလောက်ပြီ' သူမကပြောပါတယ်။ 'သားသေသွားပြီးကတည်းက ကျမတို့ကြုံနေရတဲ့အခြေ အနေကို ပြောမပြတာ ဖြစ်နိုင်တယ်။'

'အခုအချိန်ဆို သူတို့နှစ်ယောက် ကြက်ဖတွေအကြောင်း ပြောနေကြရော့မယ်' ဗိုလ်မှူးကြီးက ပြောလိုက်တယ်။

သေတ္တာထဲမှာ ထီးကြီးကြီးတလက်ကိုလဲ သူတွေ့သွားတယ်။ ဒီထီးကို သူ့မိန်းမက ဗိုလ်မှူးကြီးရဲ့ပါတီအတွက် ရန်ပုံငွေ ရှာတဲ့ အောင်ဘာလေထီဖွင့်ပွဲတခုမှာ မဲပေါက်ခဲ့တာဖြစ်တယ်။ အဲဒီညမှာဘဲ သူတို့ဟာ ဗလာပွဲတခု ကြည့်ခဲ့ကြသေး တယ်။ မိုးရွာပေမဲ့ ပွဲမပျက်ခဲ့။ ဗိုလ်မှူးကြီးရယ်၊ ဇနီးဖြစ်သူရယ်၊ အဲဒီတုံးက ၈ နှစ်အရွယ်ဘဲရှိသေးတဲ့ သားဖြစ်သူ သြဂတ်စတင်ရယ်၊ ပွဲကိုအပြီးထိ ထီးဆောင်းပြီးကြည့်ခဲ့ကြတယ်။ အခုတော့ သြဂတ်စတင်လဲ ဆုံးပါးခဲ့၊ အရောင် တောက်တောက် ဖဲသားလဲ ပိုးစားခဲ့ပြီ။

'ကြည့်စမ်းပါအုံးကွာ၊ တို့ရဲ့ ဆပ်ကပ်လူပြက်ဆောင်းတဲ့ထီး ဘယ်လိုဖြစ်ကုန်ပြီလဲ ဆိုတာ' ဗိုလ်မှူးကြီးဟာ သူ့လက်သုံး စကားစုနဲ့ ပြောလိုက်တယ်။ သူ့ခေါင်းထက်မှာ သတ္တုချောင်းလေးတွေဟာ ထူးဆန်းလှတဲ့စနစ်တခုနဲ့ ပွင့်ကားထွက်လာ တယ်။ 'အသုံးကျတာဆိုလို့ မိုးပေါ်ကကြယ်တွေကို ရေဖို့ပဲ ရှိတော့တယ်။'

သူပြုံးလိုက်တယ်။ အမျိုးသမီးကတော့ အလုပ်ရှုပ်ခံပြီး ထီးကိုလှည့်မကြည့်တော့။ 'အားလုံးအနိစ္စပါဘဲတော်' သူမက လေသံနဲ့ပြောတယ်။ 'ကျမတို့လဲ အရှင်လတ်လတ် ဆွေးရိနေပြီလေ။' ဒီ့နောက် သူမဟာ မျက်လုံးတွေမှိတ်ထားလိုက် ပါတယ်၊ ဒါမှဘဲ သေတဲ့လူအပေါ် အာရုံစိုက်နိုင်မှာကိုး။

ဗိုလ်မှူးကြီးဟာ မုတ်ဆိတ်ကျင်စွယ်ကို လက်နဲ့စမ်းလိုက် ရိတ်လိုက် လုပ်ပြီးတဲ့အခါ (မှန်မရှိတာ ကြာပြီဖြစ်လို့ လက်နဲ့ စမ်းရိတ်ရတာ) တိတ်တိတ်ဆိတ်ဆိတ်ဘဲ အဝတ်လဲပါတယ်။ အတွင်းခံဘောင်းဘီရှည်တွေနဲ့ ထပ်တူနီးပါး ကျပ် တောက်နေတဲ့ ဘောင်းဘီတွေကို ခြေကျင်းဝတ်မှာ ခြေမန်းကွင်းနဲ့ စည်းထားပြီး ခါးဆီမှာတော့ ရွှေရောင်ခါးပတ်ကွင်း နှစ်ကွင်းမှာ ပိတ်စနှစ်စကို ခါးပတ်လိုပတ်ပြီး ချည်ထားတယ်။ သူ ခါးပတ်အစစ် မသုံးပါ။ သူ့ရှပ်အင်္ကျီက ဝါညစ်ညစ် အရောင်ဖြစ်ပြီး စတစ်ကော်လာက ကြေးကြယ်သီးဖုလေးကတော့ ဖြုတ်လို့တပ်လို့ရတဲ့ ကော်လာအတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကော်လာအရှင်က စုတ်ပြဲနေတဲ့အတွက် ဗိုလ်မှူးကြီးဟာ လည်စည်း စည်းဖို့အကြံအစည်ကို စွန့်လွှတ် လိုက်တယ်။

သူ လုပ်နေကိုင်နေပုံတွေဟာ အင်မတန့်ကို အလေးပေး တန်ဖိုးထားအပ်တဲ့ လုပ်ရပ်ကို လုပ်သလိုမျိုး ဖြစ်ပါတယ်။ သူ့ လက်ဖျံရိုးတွေဟာ တင်းရင်းပြီး ဖောက်မြင်ရမတတ် အရေပြားက ဖုံးထားတယ်။ လည်ဂုတ်မှာလိုဘဲ အရေပြားပေါ်မှာ အဖြူကွက်တွေရှိတယ်။ သားရေရှူးဖိနပ် မဝတ်ခင် သားရေချုပ်ရိုးကြောင်းမှာကပ်နေတဲ့ ရွှံ့ခြောက်တွေကို ခွာပစ်လိုက် တယ်။ အဲဒီ့အခိုက်အတန့်မှာပဲ သူ့မိန်းမက သူ့ကို မင်္ဂလာဆောင်တုန်းကအတိုင်း ဝတ်စားထားတာကို တွေ့လိုက်မိ တယ်။ အဲဒီတော့မှပဲ သူမယောက်ျား ဘယ်လောက်တောင် အိုမင်းရင့်ရော်သွားပြီဆိုတာကို သတိထားမိတော့တယ်။

'အစ်ကို့ကြည့်ရတာ ပွဲကြီးလမ်းကြီးတခုခုအတွက် ဝတ်စားထားသလိုပဲ' လို့ သူမက ပြောလိုက်တယ်။
'အခု အသုဘက ပွဲကြီးလမ်းကြီးပဲလေ' လို့ ဗိုလ်မှူးကြီးက ပြောပါတယ်။
'ငါတို့ဆီမှာ အခုလို သဘာဝအတိုင်း သွေးရိုးသားရိုးသေတာမျိုး မရှိခဲ့တာ နှစ်တွေမနည်းကြာလှပြီ။ ဒါ ပထမဆုံးပဲကွ။'

ကိုးနာရီကျော်တော့ နေနည်းနည်းပွင့်လာပါတယ်။ ဗိုလ်မှူးကြီး အိမ်ပြင်ထွက်တော့မယ်အလုပ်မှာ မိန်းမက ကုတ်အင်္ကျီ လက်ကို ဆွဲထားလိုက်တယ်။
'ခေါင်းဖီးအုံး' လို့ သူမကပြောလိုက်တယ်။
ဗိုလ်မှူးကြီးဟာ သူ့ရဲ့ မီးခိုးရောင်ဆံပင် ထိုးထိုးထောင်ထောင်ကို အရိုးဘီးနဲ့ဖီးဖို့ ကြိုးစားတယ်။ ဒါပေမဲ့ မထူးပါဘူး။
'ငါလဲ ကြက်တူရွေးနဲ့ တူနေပြီထင်တယ်ဟ။'

မိန်းမဖြစ်သူက သေချာကြည့်ပါတယ်။ သူမအနေနဲ့တော့ ကြက်တူရွေးနဲ့တူတယ်လို့ မထင်ပါ။ ဗိုလ်မှူးကြီးဟာ ကြက်တူ ရွေးနဲ့ တူပုံမရပါ။ တကယ်တော့ သူဟာ ခြောက်ကပ်ကပ် ပိန်ညှော်ညှော်ဖြစ်ပြီး အရိုးတွေငေါထွက်နေပုံက ဝက်အူတွေ မူလီတွေနဲ့ စုတ်ထားသလို ရှိပါတယ်။ သူ့မျက်လုံးတွေရဲ့ ထက်သန်တက်ကြွမှုကြောင့်သာ သူ့ကို ဖော်မလင် ဆေးစိမ် ထားတဲ့ ရုပ်အလောင်းလို့ မထင်ရတာ ဖြစ်ပါတယ်။

'အဲဒီ့ပုံအတိုင်း ကောင်းပါတယ်' လို့ သူ့မိန်းမက အသိအမှတ်ပြုလိုက်တယ်။ သူမယောက်ျား အခန်းထဲကအထွက်မှာ စကားဆက်လိုက်ပါသေးတယ်။ 'ဆရာဝန်ကို မေးလိုက်အုံး၊ ဒီအိမ်ထဲမှာ သူ့ကို ရေနွေးပူနဲ့ လောင်းမိသလားလို့။'

သူတို့ဟာ မြို့အစွန်က ဓနိမိုး အုတ်ကာအိမ်တလုံးမှာ နေတာဖြစ်ပြီး နံရံကထုံးတွေလည်း ကွာကျနေပြီ ဖြစ်ပါတယ်။ ရာသီဥတုက စိုထိုင်းဆများနေဆဲ။ ဒါပေမဲ့ မိုးတော့ရပ်သွားပါပြီ။ ဗိုလ်မှူးကြီးဟာ ဘေးတဖက်တချက်မှာ အိမ်တွေ ပြွတ် သိပ်နေတဲ့ လမ်းကျားလေးတခုအတိုင်း မြို့လယ်ကွက်လပ်ဆီ လျှောက်သွားတယ်။ လမ်းမကြီးပေါ်ရောက်တော့ သူ ချမ်းစိမ့်စိမ့် ဖြစ်လာတယ်။ မြို့ကလေးဟာ မျက်စိတဆုံး ပန်းမွှေ့ရာကော်ဇော ခင်းထားသလိုရှိတယ်။ အနက် ရောင်ဝတ် ထားတဲ့ အမျိုးသမီးတွေဟာ ကိုယ့်အိမ်တံခါးဝတွေမှာ ထိုင်နေကြပြီး အသုဘချလာမှာကို စောင့်နေကြတယ်။

(ဆက်ရန်)

ဂါမဏိ
၃၁-၃-၂၀၁၃
မူရင်း။    စာပေနိုဘယ်ဆုရ ကိုလမ်ဘီယာ စာရေးဆရာကြီး Gabriel Garcia Marquez ၏
No One Writes to the Colonel ဝတ္ထု

No comments: