Tuesday, May 7, 2013

ပြန်လည် ဆုံဆည်းကြရာဝယ်

(၁)

အချိန်က (၁၉၉၇) ခုနှစ်၊ နေရာက ဆူးလေဘုရားအနီးမှာပါ။

ဒီတုန်းက ရန်ကုန်မှာ ကွန်ပျူတာသင်တန်းတက်ရင်း၊ စာတိုပေစလေးတွေ ရေးဖြစ်ခဲ့ပါတယ်။ စာစောင်တခုမှာ လစဉ်ရေး ခွင့်ရတာကြောင့်၊ ရေးထားတဲ့စာမူလေးတွေကို ဆူးလေဘုရားအနီးက လမ်းဘေးလက်နှိပ်စက်ရိုက်တဲ့ အစ်မကြီးတွေ ဆီမှာ လက်နှိပ်စက်ရိုက်ခိုင်းပြီး၊ စာပေတိုက်ကို သွားပို့နေကျပါ။ ပြီးတဲ့အခါ စာပေတိုက်က မိတ်ဆွေများနဲ့ လက်ဖရည် သောက်ရင်း
စကားပြောပြီး၊ ဆူးလေ-ပန်းဆိုးတန်းတ၀ိုက်က စာအုပ်အဟောင်းဆိုင်တွေမှာ စာအုပ်မွှေ၊ အဟောင်းဆိုင် က ဦးလေးကြီးများနဲ့ စကားပြောနှုတ်ဆက်ပြီးမှ အိမ်ကို ပြန်လေ့ရှိပါတယ်။

ဒီလိုနဲ့ တနေ့တော့ ဆူးလေဘုရားအနီးမှာ သီလရှင်အိုကြီးတပါးနဲ့ သက်တော်ဆယ်နှစ်ကျော်လောက်ပဲ ရှိမယ့် သီလရှင် ဆရာလေးတပါးတို့ လမ်းကူးဖို့ ခဲယဉ်းနေတာ တွေ့ရပါတယ်။ လူကူးမျဉ်းကြားနေရာလဲ မဟုတ်လေတော့ လမ်းပေါ်ခြေ လှမ်းတိုးလိုက်၊ ကားတွေကလဲ လာလိုက် (ရန်ကုန်မှာက လူကူးမျဉ်းကြားမှာတောင် ကားနဲ့ လူ အပြိုင်လုကြရတာပါ)၊ ခြေလှမ်းနောက်ဆုတ်လိုက် ဖြစ်နေကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဆရာလေးတို့ကို မျဉ်းကြားရှိရာခေါ်သွားပြီး၊ လမ်း ကူးပေးရင်း၊ အကျိုးအကြောင်း လျှောက်ထားတော့ နယ်ကနေ ရန်ကုန်တက်လာကြတာမှန်း သိရပါတယ်။ မသွားတတ်၊ မလာတတ်နဲ့ ဘုန်းကြီးကျောင်းတကျောင်းကိုသွားဖို့ ဘတ်စ်ကားတွေကို လိုက်မေးနေကြတာပါ။ ဒါနဲ့ပဲ အဲဒီနေ့က ထုတ် လာတဲ့ စာမူခလေးနဲ့ တည်းခိုရာကို တက္ကစီလေးငှားပေးလိုက်ပါတယ်။ သွားရင်းလာရင်း ဒီလိုအဖြစ်လေးတွေက ကြုံ တတ်တာကြောင့် နောက်ပိုင်းကျတော့လဲ မေ့မေ့ပျောက်ပျောက်ပါပဲ။

ဒါပေမယ့် ဒီသီလရှင်နှစ်ပါးကို မထင်မှတ်ပဲ ပြန်လည်ဆုံဆည်းခဲ့ရပါတယ်။ ဒီတခါ ဆုံဆည်းရတဲ့ နေရာကတော့ ဒေးစွန် ပါ မှာပါ။ တခါတရံ ကျမရဲ့ စိတ်ထဲမှာ ပုတီးစိပ်အဓိဌာန်ဝင်လိုစိတ် ဖြစ်လာတဲ့အခါ မြန်မာပြည်က ဘုရားတွေကို လိုက်ဖူးပြီး၊ ပုတီးစိပ်လေ့ရှိပါတယ်။ အလွန်ဆုံး ကိုးရက်ကနေ (၂၇) ရက်အထိပါ။ တခါတုန်းကတော့ ဗိုလ်တထောင် ဘုရားမှာ (၄၅) ရက်တိတိ၊ ရက်ရှည် အဓိဋ္ဌာန်ဝင်ခဲ့ဖူးပါတယ်။ ဒီလိုနဲ့ (၂၀၀၁) ခုနှစ်ထဲက ကာလတခုမှာတော့ ဒေးစွန် ပါမှာ ပုတီးသွားစိပ်လိုစိတ်ဖြစ်လာတာကြောင့် ရန်ကုန်ကနေ ထွက်သွားလိုက်ပါတယ်။ အရင်တုန်းက ရောက်ဖူးပေမယ့်၊ ပုတီးစိပ်အဓိဋ္ဌာန်တော့ မ၀င်ဖူးခဲ့ပါဘူး။ ဒီလိုနဲ့ ရောက်သွားတော့ ခရီးကပဲ ပမ်းလို့လားမသိ၊ ဘုရားပေါ်ကို မရောက်ခင် မှာပဲ ခေါင်းမူးလာပါတယ်။

ဘုရားတည်ထားတဲ့ တောင်ပေါ်ကို တက်ရာလမ်းတလျှောက်မှာ သီလရှင်မြေစိုက်တဲလေးတွေ ရှိပါတယ်။ ဒါကြောင့် သီလရှင်တဲက တိုင်လေးကို အားပြုပြီး၊ မှီထားလိုက်ချိန်မှာ သီလရှင်လေးတပါးက တဲလေးပေါ်ကို တက်ပြီးနားဖို့ လာ ခေါ်ပါတယ်။ ဒီသီလရှင်လေးဟာ ရန်ကုန်ဆူးလေဘုရားအနီးမှာ တွေ့ခဲ့ဖူးတဲ့ သီလရှင်လေးမှန်း အစပိုင်းမှာ မမှတ်မိခဲ့ပါ ဘူး။ သီလရှင်အိုကြီးကို တွေ့ရတော့မှ မှတ်မိသွားပါတယ်။ သီလရှင်လေးကတော့ ကလေးမှတ်ဉာဏ်ကြောင့်လား မသိ။ ကျမကို မှတ်မိနေပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ဆုံစည်းကြရတာကြောင့် အားလုံးပဲ ၀မ်းသာခဲ့ရပါတယ်။ တဦး မေတ္တာ၊ တဦးမှာ...။

(၂)

အချိန်က (၁၉၉၉) ခုနှစ်၊ နေရာက မန္တလေး ရွှေမြို့တော်ကြီးမှာပါ။

ဒီတုန်းက မန္တလေးမှာ ကျောင်းသွားတက်ဖြစ်ခဲ့ပါတယ်။ မန္တလေးသားတွေအတွက်တော့ မသိဘူး။ ကျမလို တောင်ပေါ် သူတယောက်အတွက်တော့ မန္တလေးရဲ့ နေက အတော်ကို ပူပါတယ်။ ကျမတို့ခေတ်တုန်းက တက္ကစီတွေကလဲ တော် တော်န    ည်းပါတယ်။ စက်ဘီးတွေကလဲများ၊ ဆိုင်ကယ်တွေကလဲများတော့ အိမ်ကကားကိုလဲ တာရှည်မယူထားရဲ ပါဘူး။ တခါတရံ လိုရင်ပဲ ကားမောင်းသမားနဲ့ ကားကို တောင်ကြီးကို လှမ်းမှာဖြစ်ပါတယ်။ စက်ဘီးကျတော့လဲ မစီး တတ်ပြန်ဘူး။ ဆိုင်ကယ်ကျတော့လဲ မေမေက စိတ်မချ။ ဒါကြောင့် မြို့ထဲမှာ ဟိုနားဒီနားသွားရင် ဆိုက်ကားကို အားပြု ရပါတယ်။ ကိုယ့်ဝန်တာကို သူများကို သယ်ဆောင်ခိုင်းရတာကြောင့် ဆိုက်ကားဆရာတွေကိုတော့ အားနာမိသလို ရှိ သား။ ဒါပေမယ့်လဲ အထက်ပူ၊ အောက်ပူနဲ့မို့ အားနာနာနဲ့ပဲ စီးရပါတော့တယ်။

ဒီလိုနဲ့ တနေ့မှာ ကိစ္စတခုရှိတာနဲ့ ဆိုက်ကားစီးပြီး၊ အပြင်ထွက်ပါတယ်။ မန္တလေးမှာက တချို့နေရာတွေမှာ လူအရမ်း များပေမယ့်၊ လူပြတ်တဲ့လမ်းတွေလဲ ရှိပါတယ်။ ဒီလို လူပြတ်တဲ့ လမ်းတနေရာမှာ အဒေါ်ကြီးတယောက် အထုပ်အပိုး တွေနဲ့ လမ်းပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတာ တွေ့ရပါတယ်။ ဒီလောက် နေပူကြီးထဲမှာ ဒုက္ခပါပဲ ဆိုပြီး၊ ဆိုက်ကား ဆရာကို ရပ်ခိုင်း၊ အကျိုးအကြောင်းမေးတော့ ဘူတာကြီးသွားမလို့တဲ့။ ဆိုက်ကားစီးဖို့လဲ ပိုက်ဆံမရှိလို့ တပြစီ နားနား ပြီး လမ်းလျှောက်နေတာပါတဲ့။ ဒါနဲ့ပဲ စီးလာတဲ့ ဆိုက်ကားဆရာကို လမ်းကြောင်းပြောင်းပြီး၊ ဘူတာကြီးဘက်ကိုပဲ ပို့ခိုင်း လိုက်ရပါတယ်။ ပြီးတော့မှ ကိုယ်လိုရာခရီး ဆက်သွားဖြစ်ခဲ့ပါတယ်။ ဒီလိုတွေ ကြုံရဆုံရ ဆိုတော့လဲ မေ့မေ့ပျောက် ပျောက် ပါပဲ။

ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဒီအဒေါ်ကြီးနဲ့ တခါပြန်ဆုံခဲ့ရပါတယ်။ ဒီတခါဆုံတာကတော့ အုန်းချောဘက်မှာပါ။ အုန်း ချောရွာကြီးကို သဘောကျတာကြောင့် နေ့ချင်းပြန်ခရီး သွားလည်ဖြစ်ခဲ့တာ အကြိမ်ကြိမ်ပါပဲ။ အုန်းချောကိုသွားလေ့ ရှိတာက ဈေးသည်တွေနဲ့ ကုန်သည်တွေ များပါတယ်။ ကျမကတော့ အလည်သွားတာဆိုတော့ ရှေ့ခန်းရတဲ့ ဒိုင်နာ ကားကို စောင့်စီးပြီး၊ ခရီးသွားဖြစ်ခဲ့ပါတယ်။ တခါတလေတော့လဲ သူငယ်ချင်းတချို့ အဖော်လိုက်ပါတယ်။

နောက်ပိုင်းမှာ ဒိုင်နာကား ဆရာတယောက်နဲ့ ရင်းနှီးသွားတာကြောင့် ကျမတို့ သူငယ်ချင်းတွေအတွက် ကားဦးစရာ၊ စောင့်စီးစရာ သိပ်မလိုတော့ပါဘူး။ မန္တလေးတက္ကသိုလ်ထဲမှာ သူ့အမျိုးသမီးက အစားဆိုင်ဖွင့်ထားပြီး၊ ကားစပယ်ယာ က လဲ သူ့ယောက်ဖဖြစ်တာကြောင့် အုန်းချောဘက် ကားမထွက်ခင် တကူးတကကို အဆောင်မှာ လာကြိုပေးပါတယ်။ ညနေပိုင်း သူ့ကားပြန်ထွက်ချိန်နဲ့ ညှိပြီး၊ ရွာထဲသွားလည်လို့ ရတာကြောင့် ကျမအတွက်ကတော့ အတော် အဆင်ပြေ သွားပါတယ်။

ဒီလိုနဲ့ ရွာထဲသွားလည်ဖြစ်ချိန် တရက်မှာ နို့ထမင်းရောင်းတဲ့ အဒေါ်ကြီးတယောက်တွေ့တာနဲ့ နို့ထမင်းဝယ်စား ဖြစ်ပါ တယ်။ မန္တလေးဘက်၊ ကျွဲဆည်ကန်ဘက်၊ အမရပူရဘက်၊ စစ်ကိုင်းဘက်တွေမှာ ဒီလိုပဲ မုန့်ပဲသရေစာလေးတွေကို အိုး ထဲမှာထည့်ပြီး ဈေးလှည့်ရောင်းသူတွေ ရှိပါတယ်။ အိုးထဲမှာပါလာတဲ့ အစားအစာတွေက အမျိုးအစားလဲ စုံပါတယ်။ ကျမကတော့ အစားကြိုက်သူဆိုတော့ တွေ့ရင်တွေ့တဲ့နေရာမှာ လှမ်းခေါ်ပြီး ၀ယ်စားတော့တာပဲ။

ဒါနဲ့ စားပြီး၊ ပိုက်ဆံပေးတော့ မယူပါရစေနဲ့၊ ကျေးဇူးပြန်ပြုတာလို့ ဆိုပါတယ်။ အစက မမှတ်မိပါဘူး။ သူပြန်ပြောပြတော့ မှ ဘူတာကို လိုက်ပို့ပေးခဲ့ဖူးတဲ့ အဒေါ်ကြီးမှန်း မှတ်မိသွားရပါတော့တယ်။ ပိုက်ဆံကိုလဲ တောင်းတောင်းပန်ပန်နဲ့ ပေး လိုက်ရပါတယ်။ တနေ့လုပ်၊ တနေ့စားတွေရဲ့ ဘ၀မှာ ဒီနေ့ရောင်းရငွေဟာ နောက်တနေ့ရဲ့ အရင်းအနှီး ဖြစ်နေတတ် တာ မဟုတ်ပါလား။ ဒါပေမယ့် ကျေနပ်အောင် နို့ထမင်းတပွဲတော့ ကျသင့်ငွေထဲ ထည့်မတွက်ဘဲ စားပေးလိုက်ရပါ တယ်။ မေတ္တာတရားတို့ ရောယှက်နေခဲ့သော နို့ထမင်းတပွဲ...။

(၃)

အချိန်က (၂၀၀၁) ခုနှစ်။ နေရာက တောင်ကြီး ရန်ကုန် အဝေးပြေးကားလမ်းမ။

ရန်ကုန်မှာ စာမေးပွဲတခု ဖြေစရာရှိတာကြောင့် တောင်ကြီးကနေ ရန်ကုန်ကို ကားစီးသွားဖြစ်ခဲ့ပါတယ်။ ကျမရဲ့ဘေးမှာ တော့ အသက်သုံးဆယ်အရွယ် အမျိုးသမီးတယောက် စီးလာပါတယ်။ တောင်ကြီး ရန်ကုန်ကားတွေက နေ့လည်ဆယ့် နှစ်နာရီ ၀န်းကျင်မှာ ထွက်လေ့ရှိပါတယ်။ ညနေပိုင်းမှာ လက်ဖရည်သောက် ခဏနားပြီး၊ ည ရှစ်နာရီလောက်မှာတခါ ညစာစားဖို့ ထပ်နားလေ့ရှိပါတယ်။ အဲဒီကနေ ဆက်ထွက်လာလိုက်တာ သန်းခေါင်ကျော်မှ တခါ ထပ်နားလေ့ရှိပါတယ်။ ကားစထွက်စ ကတည်းက အဲဒီအစ်မရဲ့ မျက်နှာက သိပ်မကောင်းလှဘူး။ ပင်ပန်းပြီး နွမ်းနေသလိုပဲ။ လက်ဖရည် သောက် နားတုန်းကလဲ ဆင်းတာမတွေ့ရဘူး။ ညစာစားချိန်တုန်းကလဲ အအေးပုလင်း တပုလင်းပဲ မှာသောက်တာတွေ့ ရတယ်။

ဒီလိုနဲ့ ကားပြန်ထွက်ပြီးနောက်ပိုင်းကျတော့ နေမကောင်းဖြစ်နေတာမှန်း အတော်ကိုသိသာနေပြီ။ အဖျားတက်နေတာပဲ။ ဆရာဝန်သမီးဆိုတော့ ခရီးသွားရင် ဆေးတွေဆောင်သွားတတ်တာ အကျင့်ပါနေပြီမို့ ကျမရဲ့ လက်ထဲမှာ ဆေးတချို့ ပါပါတယ်။ ဒါပေမယ့်လဲ ကော်ဖီနဲ့ဖြစ်ဖြစ် ဆေးတိုက်မှ ဖြစ်မယ်ထင်တာကြောင့် ညသန်းခေါင်ကျော်နောက်ပိုင်း ကားရပ် ချိန်ကျတော့ အဖျားတက်နေတဲ့ အစ်မကိုတွဲဆင်းပြီး ဆိုင်ထဲမှာ ကော်ဖီမှာ၊ ဆေးတိုက်ရပါတယ်။ နေမကောင်းချိန်ဆို တော့ စကားတော့ အများကြီး မပြောဖြစ်ကြပါဘူး။ ၀န်ထမ်းဆိုတာရယ်၊ ရန်ကုန်ကို အလုပ်တာဝန်တခုနဲ့ သွားတယ်ဆို တာလောက်ပဲ ပြောဖြစ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ (၂၀၀၂) ခုနှစ်ရောက်တော့ နိုင်ငံခြားကို မဖြစ်မနေ ထွက်ဖို့ အခြေအနေတခုက လှုံ့ဆော်ထားလိုက်ပါပြီ။ ဒါကြောင့် D-form အတွက် အခွန်ကင်းရှင်းကြောင်း စာကို တောင်ကြီးက အခွန်ရုံးမှာ သွားယူရပါတယ်။ အချိန်က သိပ်မရတာကြောင့် ကားလမ်းခရီးကို ကြိုက်ပေမယ့် မသုံးဖြစ်တော့ပါဘူး။ လေယာဉ်နဲ့ပဲ ခရီးသွားရပါတယ်။ ဒါပေမယ့် ဟဲဟိုးလေဆိပ်ရောက်တော့ ကျမမှာ မျက်လုံးပြူးစရာ ကိစ္စတခု ကြုံရပါတယ်။ ပုံမှန်ပဲလား၊ သတင်းအရလားတော့ မသိ။ အဲဒီမှာ ရှာဖွေရေးတွေ လုပ်နေပါတယ်။ ကျမရဲ့ လက်ဆွဲအိတ်ထဲမှာက မိတ်ဆွေတယောက်ပေးလိုက်တဲ့ စာ စောင်တခု။ ဒီတုန်းက နိုင်ငံရေးအခြေအနေအရ ဒီစာစောင်လက်ဝယ်ရှိမှုဟာ ကျမရဲ့ ဘ၀ကို တစုံတရာ ပြောင်းလဲမှု ဖြစ်သွားစေနိုင်ပါတယ်။

အဲဒီမှာပဲ ယူနီဖောင်းဝတ် အမျိုးသမီးတယောက်က ကျမကို လာခေါ်ထုတ်သွားပါတယ်။ အစပိုင်းမှာ ဒီအမျိုးသမီးကို ကျမ မမှတ်မိပါဘူး။ အခန်းတခုထဲကို ခေါ်သွားချိန်မှာ ကျမ စိတ်လျှော့ထားလိုက်ပါပြီ။ ကြုံသမျှ ရင်ဆိုင်ရုံပဲ ရှိတော့ တာပေါ့လေ။ ဒါပေမယ့် အခန်းထဲကို ရောက်တော့ သူက မေးပါတယ်။ သူ့ကို မှတ်မိလားတဲ့။ တခါတုန်းက ရန်ကုန် ခရီးမှာ ညီမလေးကိုယ်တိုင် ကော်ဖီပူကို မှုတ်ပေးပြီး၊ ဆေးတိုက်ပေးခဲ့တာလေတဲ့။ ဘာပဲပြောပြော ဒီအချိန်အထိ ကျမရဲ့ ရင်ထဲမှာ တဒိတ်ဒိတ်ရှိနေဆဲပဲ။ သူက ဆက်ပြောပါတယ်။ ဘာမှစိတ်မပူနဲ့။ ညီမလေးမူပျက်နေတာကို အတွေ့အကြုံအ ရ အစ်မ ရိပ်မိပါတယ်တဲ့။ ဒီမှာက မူးယစ်ဆေးဝါး ရှာဖွေနေကြတာ။ ညီမလေးက ရာဇ၀တ်မှုကျူးလွန်မယ့်လူ မဟုတ် ဘူးဆိုတာ အစ်မ ယုံပါတယ်တဲ့။ နောက်ဆိုရင် အသွားအလာ သတိထားပါတဲ့။ ကျမရဲ့ အိတ်ကို သူခဏ ယူထားလိုက် ပြီး၊ လေယာဉ်ပေါ်တက်ခါနီးမှာ ပြန်လာပေးသွားတယ်။ စာစောင်တော့ မပါလာတော့ဘူး။ ရန်ကုန်လေဆိပ်ရောက်ချိန် အထိ ကျမရဲ့ စိတ်ထဲမှာ အိပ်မက်မက်နေသလို ခံစားနေရဆဲ...။

(၄)

အချိန်က (၂၀၀၄) ခုနှစ်၊ နေရာက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာပါ။

ဒီနိုင်ငံမှာ ထူးခြားတာတခုက သက်ကြီးရွယ်အို အများစုက ကျန်းမာတယ်ဆိုရင် သူတို့အိမ်မှာပဲ ကိုယ့်ဘာသာကိုယ် နေကြတာပါ။ သားသမီးတွေက အသက်ဆယ့်ရှစ်နှစ်ကျော် အရွယ်ရောက်ရင် အိမ်က ထွက်ပြီး၊ ကိုယ့်ဘာသာကိုယ် အိုးအိမ်ထူထောင်ကြပါတယ်။ မိသားစုဘ၀ တည်ဆောက် ကြပါတယ်။ နီးရင်တော့ တလတခါ၊ ဝေးရင်တော့ တနှစ်တခါ ခရစ်မတ်ကာလမှာ မိဘတွေကို ပြန်လာတွေ့ကြပါတယ်။ မိဘများကို သားသမီးတွေက လုပ်ကျွေးတယ်ဆိုတာ မရှိပါဘူး။ လက်ဆောင်တွေ ၀ယ်ပေးတာ၊ အပန်းဖြေခရီးခေါ်သွားတာလောက်ပဲ ရှိပါတယ်။ သက်ကြီးရွယ်အိုများကို အဓိက စောင့်ရှောက်တာကတော့ နိုင်ငံတော်ပါပဲ။

ပင်စင်စားဖြစ်သွားချိန်မှာ အလုပ်လုပ်ချိန်တုန်းက အလုပ်ရဲ့ ပင်စင် အစီအစဉ်တွေ ရှိထားရင် အလုပ်ပင်စင်ခံစားခွင့်၊ မဟုတ်ရင်လဲ နိုင်ငံတော် ပင်စင်ခံစားခွင့် ရှိပါတယ်။ ဒီတော့ သက်ကြီးရွယ်အို များကလဲ သူတို့ဘာသာနေပြီး၊ ကျန်းမာ ရေးမကောင်းရင်တော့ သူနာပြုများနဲ့ စောင့်ရှောက်သူများရှိတဲ့ care homes များမှာ သွားနေကြပါတယ်။ ဒီလိုနေချိန် တွေမှာ သူတို့ရဲ့ အိမ်ကို ရောင်းပြီး၊ စောင့်ရှောက်ခ ပေးကြပါတယ်။ သားသမီးတွေက စောင့်ရှောက်ခပေးတယ်ဆိုတာ ကတော့ ခပ်ရှားရှားပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ပန်းစည်းလေးတွေ၊ ကတ်လေးတွေ အချိန်မှီပို့ပေးတာ၊ မြေးမြစ်တွေခေါ်ပြီး အလည်လာတာ၊ ဓာတ်ပုံလေးတွေ ပို့ပေးတာ၊ ခရစ်မတ်နေ့လည်စာ လာစားတာလေးတွေနဲ့ မိဘ-သားသမီးကြားက တွယ်နှောင်မှုလေးတွေတော့ ရှိနေတတ်ပါတယ်။

ဒီလိုနဲ့ တနေ့မှာ ကျမသူငယ်ချင်းရှိတဲ့ လန်ဒန်မြောက်ပိုင်းကို အလည်သွားရင်း လမ်းမှာ အသက်ရှစ်ဆယ်အရွယ် အဖွား တယောက် ဈေးဝယ်တွန်းလှည်းလေးကို ဖြည်းဖြည်းချင်းတွန်းပြီး၊ တရွေ့ရွေ့သွားနေတာ တွေ့ရပါတယ်။ အတော်လဲ မောနေပုံပေါက်ပါတယ်။ ဆောင်းတွင်းရဲ့ အေးစက်စက် လမ်းတလမ်းပေါ်မှာ အဖွားအိုတယောက်နဲ့ လူငယ်တယောက် နှစ်ယောက်ထဲ လမ်းလျှောက်နေချိန်မှာ ဒီလိုအခြေအနေမျိုးကို မြန်မာစိတ်ရှိတဲ့ လူငယ်တယောက်က ဘယ်လို ဥပေက္ခာ ပြုနိုင်မှာတဲ့လဲ။ ဒါနဲ့ပဲ အဖွားကို ကူညီဖေးဖရင်း သူ့အိမ်လေးဆီကို အရောက်ပို့ပေးခဲ့ပါတယ်။

အိမ်ရှေ့ရောက်တော့ အဖွားက အိမ်ထဲမ၀င်သေးပဲ ကျမကို လက်ကလေးကိုင်ထားပြီး၊ အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောပါတယ်။ အဖွားက အိမ်ထဲကိုလဲ အလည်ခေါ်ပါတယ်။ လက်ဖရည်သောက်ဖို့ပါ။ အဖွားနှစ်ယောက်နဲ့ ကြီးပြင်းလာ တဲ့ ကျမအတွက်တော့ ရေခြားမြေခြားမှာ အဖွားတယောက်ရဲ့ ဒီလို ကြင်နာယုယမှုခံရတာ တကယ့် ထီပေါက်တာပါပဲ။ ဒါနဲ့ပဲ အိမ်ထဲ အတူ ၀င်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဈေးဝယ်လာတဲ့ ပစ္စည်းတွေကို ကူသိမ်းပေးပြီး၊ လက်ဖက်ရည်သောက် စကားပြောဖြစ်ကြပါတယ်။

ဆယ့်ငါးမိနစ်လောက်ကြာတော့ အဖွားရဲ့ သားဖြစ်သူ ရောက်လာပါတယ်။ တခါတလေ အလုပ်ဆင်းချိန်မှာ အမေကို လာဝင်ကြည့်တတ်တယ်တဲ့။ အသက်လေးဆယ်ကျော်၊ ငါးဆယ်ဝန်းကျင် လူတယောက်ပါပဲ။ အင်္ဂလိပ်လူမျိုးတွေက သီးခြားနေတတ်သူတွေပါ။ လူတွေကိုလဲ သိပ်ယုံတတ်ကြတာ မဟုတ်ပါဘူး။ ဒါပေမယ့်လဲ အဖွားက အကျိုးအကြောင်း တွေ ပြောပြတော့ ကျေးဇူးတင်စကား ဆိုပါတယ်။ မြန်မာပြည်ကဆိုတော့ မြန်မာပြည်အကြောင်းလေးတွေတောင် ပြော ဖြစ်လိုက်ကြပါသေးတယ်။ နောက်ပိုင်းကျတော့လဲ အလုပ်တွေကတဘက်၊ ကျောင်းကတဘက်နဲ့ မေ့မေ့ပျောက်ပျောက် ပါပဲ။

ဒါပေမယ့် တိုက်ဆိုင်ချင်တော့ ဘဏ်အလုပ်တခုရဲ့ အင်တာဗျူးမှာ အဲဒီလူကို ပြန်တွေ့ရပါတော့တယ်။ ဘဏ်အလုပ် အတွက် စာမေးပွဲတွေ၊ အင်တာဗျူးတွေ အဆင့်ဆင့်ဖြေရပါတယ်။ ပထမဆုံး လျှောက်လွှာတင်၊ ပြီးရင် သင်္ချာနဲ့ analytical skills စာမေးပွဲတွေကို အွန်လိုင်းကနေ ဖြေရပါတယ်။ အဲဒါအောင်ရင် တယ်လီဖုန်းနဲ့ အင်တာဗျူး၊ ပြီးရင်တခါ လူတွေ့အင်တာဗျူး၊ နောက်တော့ တခါ မြို့တမြို့ (ဘဏ်အလိုက်မြို့က ကွဲပြားပါတယ်) ကို သွားပြီး၊ လူအများနဲ့ စုပေါင်းလုပ်ဆောင်တတ်တဲ့ အရည်အချင်းတွေ၊ ဆုံးဖြတ်ချက်ချတဲ့ အရည်အချင်းတွေအတွက် စစ်ဆေးခံရပါတယ်။

သူတို့စစ်ဆေး အကဲဖြတ်တာတွေထဲမှာ လူတွေကို အုပ်စုခွဲပြီး၊ အကြောင်းအရာတခုကို ဆွေးနွေးခိုင်းတာတွေ၊ အလုပ် တခုတွဲလုပ်ခိုင်းတာတွေလဲ ပါဝင်ပါတယ်။ ပြီးရင်တော့ အင်တာဗျူးဘုတ် အဖွဲ့နဲ့ နောက်ဆုံး တွေ့ဆုံရပါတယ်။ တပတ် လောက်အခါကျရင်တော့ အရွေးခံ ရမရကို အကြောင်းကြားလေ့ရှိပါတယ်။ ရှေ့ပိုင်းအဆင့်ဆင့်ကလဲ အရေးကြီးတယ် ဆိုပေမယ့်၊ နောက်ဆုံး အဆင့်ဖြစ်တဲ့ အင်တာဗျူးဘုတ် အဖွဲ့ကတော့ အရေးကြီးဆုံးလို့ ဆိုရပါလိမ့်မယ်။ အဲဒီဘုတ် အဖွဲ့ထဲမှာ တခါက ဆုံဖူးခဲ့တဲ့ အဖွားရဲ့ သားဖြစ်သူ ပါလာတာကတော့ ကျမရဲ့ ကံကြမ္မာပဲ ထင်ပါရဲ့။ အင်တာဗျူးခန်း ထဲကနေ အားလုံးကို နှုတ်ဆက်ထွက်ခွာချိန်မှာ သူလှမ်းကြည့်လိုက်တဲ့ အကြည့် တချက်နဲ့တင် အလုပ်ခန့်စာကို စောင့် စရာ မလိုတော့ဘူးဆိုတာ ကျမ ကြိုသိသွားခဲ့ပါပြီ။

နိဂုံး

မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ ဖြတ်သန်းရတဲ့ လူ့ဘ၀ဟာ ခရီးတခုကို သွားနေရတာနဲ့ အတူတူပဲလို့ ကျမယူဆမိပါ တယ်။ ဒီခရီးလမ်းပေါ်မှာ လူအများနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ တချို့လူတွေကို ခေတ္တခဏသာ ဆုံဆည်းရတတ်ပါတယ်။ တချို့လူတွေကိုတော့ ဘ၀တလျှောက်လုံးမှာ ကြုံတွေ့ရတတ်ပါတယ်။ ခေတ္တဆုံတွေ့ပြီး၊ နောက်ပိုင်းအတန်ကြာမှ မမျှော် လင့်ဘဲ ပြန်ဆုံရတတ် တာတွေလဲ ရှိပါတယ်။ ဘ၀ခရီးလမ်းကို ဖြတ်သန်းခဲ့စဉ်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ တရားတွေ ကိုင်စွဲမိတဲ့ အခြေအနေတွေလဲ ရှိခဲ့သလို၊ သူတော်စင်တယောက်မဟုတ်တဲ့အတွက် လောဘ၊ ဒေါသ၊ မော ဟ၊ မာန်မာနတွေ ကိုင်စွဲသွားမိတဲ့ အခြေအနေတွေလဲ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ဆက်ရမယ့် ဘ၀ ခရီးမှာတော့ မေတ္တာတရားကို အခြေခံ ဆုံတွေ့ကြရပြီး၊ တိုက်တိုက်ဆိုင်ဆိုင် ပြန်လည် ဆုံဆည်းရချိန်တွေမှာလဲ မေတ္တာ တရားကို အခြေခံသော ဆုံဆည်းမှုများရှိတဲ့ ခရီးတခုကိုပဲ ဆက်လက်ဖြတ်သန်းခွင့် ရပါစေလို့ ဆုတောင်းမိပါရဲ့။

ခင်မမမျိုး
(၆၊ ၅၊ ၂၀၁၃)

No comments: