Tuesday, May 7, 2013

ဘာသာသာသနာကို ခုတုံးလုပ်အသုံးချသော အုပ်စိုးသူများ

ဒီဆောင်းပါးအရှေ့က ကျနော့်ဆောင်းပါးကို ကျနော့်မိတ်ဆွေများက“ခရိုနီရွှေစင်ဆု” ဆောင်းပါးဆိုပြီး သြဘာပေးကြပါတယ်။ သူတို့သဘောထားနဲ့ထင်မြင်ချက်၊ဝေဖန်ချက်တွေလည်း ပေးကြပါတယ်။ အဲဒီလိုပေးကြတဲ့ထင်မြင်ချက်တွေထဲမှာ ယခုလို ဘာသာရေးမုန်းတီးမှုတွေ (အကြမ်းဖက်လူသတ်မီးရှို့မှုတွေ) ဖန်တီးဖြစ်ပေါ်နေချိန်မှာ ဆရာတော် ၂ပါးကို “နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ်” ခါတော်မီ ပေးအပ်ဆက်ကပ်တာနဲ့ ပတ်သက်ပြီး
ကျနော့်ရဲ့ သဘောထားအမြင် ထုတ်ဖေါ်ရေးပါဦးဆိုတဲ့တိုက်တွန်းချက်တခုလည်း ပါဝင်ပါတယ်။

ဘာသာရေး၊ လူမျိုးရေးဆိုတာဟာ အင်မတန်အကဲဆတ်လှတဲ့ကိစ္စ ဖြစ်ပါတယ်။ သို့သော်လည်း ကျနော့်မိတ်ဆွေများ တိုက်တွန်းချက်ကို အလေးမူပြီး ရေးသင့်ရေးထိုက်တယ်လို့လည်း ယုံကြည်ယူဆတဲ့အတွက် ကျနော့်သဘောထားအမြင်ကို ရေးသားတင်ပြလိုက်ပါတယ်။

ပထမအချက်က ပေးတဲ့အချိန်ကာလကို ကြည့်တာပါ။

ယခုလို ဘာသာရေး မုန်းတီးမှုတွေ (အကြမ်းဖက်လူသတ်မီးရှို့မှုတွေ) ဖန်တီးဖြစ်ပေါ်နေချိန်မျိုးမှာ (တကယ်ပဲပေးသင့်တယ်ထားဦး) ခေတ္တခဏ ဆိုင်းထားသင့်ပါတယ်။ အခုဟာက တမင်ရည်ရွယ်ပြီးပေးတာမှန်း သိသာပါတယ်။ မိထ္ထီလာ၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ ဥက္ကံစတဲ့ နေရာဒေသတွေမှာ အကြမ်းဖက်မှုတွေကြောင့် အသက်အိုးအိမ်ထိခိုက်ဆုံးရှုံးရတဲ့ နိုင်ငံသားပြည်သူများအပေါ် စော်ကားတဲ့သဘော၊ မစာနာမညှာတာတဲ့သဘော သက်ရောက်ပါတယ်။ ရိုင်းစိုင်းတဲ့အပြုအမူ ဖြစ်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံသားများဟာ အိမ်နီးချင်းအိမ်မှာနေမကောင်းသူရှိနေရင် ကိုယ့်အိမ်မှာ ရေဒီယို/ကက်ဆက် ကျယ်ကျယ်ဖွင့်ဖို့ဝေးစွ၊ အသံကျယ်ကျယ် ပြောဆိုရယ်မောတာကိုပင် လူကြီးမိဘများက ဆုံးမတားမြစ်ပါတယ်။

တစ်ဖက်အိမ်မှာ ပူဆွေးသောကရောက်နေချိန်မှာ အခြားတအိမ်က သီချင်းဖွင့်ပြီး ကခုန်ရယ်မောနေတဲ့လုပ်ရပ်ဟာ ယဉ်ကျေးသောသူများရဲ့ အပြုအမူမဟုတ်ပါဘူး။ အခုလည်း ဒီသဘောပါပဲ။ အသက်အိုးအိမ်ထိခိုက်ဆုံးရှုံးရတဲ့ မိထ္ထီလာ၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ ဥက္ကံစတဲ့ဒေသတွေက ဘာသာကိုးကွယ်မှုမတူတဲ့ နိုင်ငံသားပြည်သူများအပေါ် ညှာတာစာနာထောက်ထားရမယ် မဟုတ်ပါလား။

ဤမျှလွယ်ကူရိုးစင်းသော လူမှုအသိစိတ်ကိုပင်မထားရှိနိုင်တော့ဘဲ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရဟာ မျက်နှာပြောင်တိုက်ပြီး ဆရာတော် ၂ ပါးကို “ဂုဏ်ထူးဆောင်လက်မှတ်” ပေးအပ်ခဲ့ပါတယ်။

ဆရာတော်တွေ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကူညီကယ်ဆယ်ရေးလုပ်နေခဲ့တာ ကြာလှပြီပဲ။ ဟိုတုန်းက ဆုမပေးခဲ့ဘဲ။ အခုမှ ဘာကြောင့်ပေးရတာလဲ။

ဒုတိယတစ်ချက်က “ဂုဏ်ထူးဆောင်လက်မှတ်” ဆက်ကပ်တဲ့ ဒေါက်တာဆရာတော်၂ ပါးအနက် ဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကမိတ္ထီလာ ပဋိပက္ခမီးတောက်လောင်လို့ မရှေးမနှောင်းမှာ “ဗုဒ္ဓဘာသာဟာ အိမ်ရှင်ဘာသာဖြစ်တယ်၊ ဧည့်သည်ဘာသာတွေက မစော်ကားသင့်ဘူး” ဆိုတဲ့ သဘောပါတဲ့စကားကို မိန့်ကြားခဲ့သူ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ/ သာသနာဟာ အခိုင်အမာသမိုင်းကြောင်း အချက်အလက်တွေအရပြောရရင် မြန်မာတိုင်းရင်းဖြစ်ဘာသာ သာသနာမဟုတ်ဘူး၊ ခရစ် နှစ် ၄ ရာစုပတ်ဝန်းကျင်မှာ မြန်မာနိုင်ငံကိုစတင် ဝင်ရောက်လာတယ် ဆိုတဲ့သမိုင်းအချက်အလက်တွေကို  ဒေါက်တာ ဆရာတော် အသေအချာသိရှိနားလည်တာပေါ့။ ဘိုလိုဟောပြောနေတဲ့ အဓိပတိဆရာတော်ပဲ။ ကျနော်လို ငပမွှားက စာချလို့မဖြစ်ရေးချ မဖြစ်ပါဘူး။

ကျနော်တို့နိုင်ငံဟာ လူမျိုးပေါင်းစုံနေထိုင်ပြီး ခရစ်ယာန်ဘာသာသာသနာ၊ ဗုဒ္ဓဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာတို့သည် လူမျိုးပေါင်းစုံ ပြည်သူများ ကိုးကွယ်ယုံကြည်နေကြသော ဘာသာ သာသနာများ ဖြစ်ပါတယ်။

မည်သည့်ဘာသာသနာကိုမျှ ရည်ရွယ်ချက်တခုခုအတွက်ခုတုံးလုပ် အသုံးမချသင့်ပါဘူး။ ပုံစံမျိုးစုံဖြင့် ခွဲခြားချိုးနှိမ်မှုလည်း မပြုသင့်ပါဘူး။ ဤသို့သောအဆိုပြုချက်ကို ယဉ်ကျေးသော၊  သမာသမတ်ရှိသော မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ကမဆို ညွတ်ညွတ်နူးနူးကြိုဆို လက်ခံကြလိမ့်မည်လို့ ကျနော် လေးလေးနက်နက် ယုံကြည်ပါတယ်။

သို့သော်လည်း ကျနော်တို့နိုင်ငံတွင် တည်ရှိခဲ့ဖူးသောအခြေခံဥပဒေ ၂ ခု(၁၉၄၇/၂၀၀၈)၊ ဖဆပလအစိုးရနှင့် (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရတွေကတော့ ဘာသာရေးကိုခွဲခြားခဲ့ပြီး၊ ခုတုံးလုပ် အသုံးချခဲ့ပါတယ်။ ခွဲခြားတဲ့သဘောထားနဲ့ လုပ်ရပ်များကို တခုချင်း တင်ပြပါမယ်။

ပထမဦးစွာ ၁၉၄၇ အခြေခံဥပဒေနှင့်ဖဆပလအစိုးရခေတ်ကာလကိုကြည့်ပါစို့။

ဖဆပလခေတ်တွင် ဒီမိုကရေစီကိုအလွန်ရိုကျိုးကိုင်းရှိုင်းစွာယုံကြည်ပါသည်ဆိုသော ဝန်ကြီးချုပ်ဦးနုနှင့်စစ်တပ်စိတ်ဓါတ်စစ်ဆင်ရေး ဌာနသည် “ကွန်မြူနစ်ဆန့်ကျင်ရေး” နိုင်ငံရေးဦးတည်ချက်အတွက် ဗုဒ္ဓဘာသာကိုခုတုံးလုပ် အသုံးချခဲ့ကြပါတယ်။ “ဓမ္မန္တရာယ်” ဟူသော စကားသည် ထိုစဉ်က စစ်တပ် စိတ်ဓါတ်စစ်ဆင်ရေးဌာန၏ လက်သုံးစကား ဖြစ်ခဲ့ပါတယ်။ ဆင်းရဲသောလယ်သမား အများစုပြည်သူများကို အဲဒီ “မှိုင်း” တိုက်ခဲ့ကြပါတယ်။

ထို့အပြင် ဝန်ကြီးချုပ်ဦးနု၏ “ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းရေး” ဆိုသည့်ကိစ္စမှာ အင်မတန်ထင်ရှားသော အကြီးစား ဘာသာရေးခုတုံးလုပ်မှုကြီးပင် ဖြစ်ပါတယ်။ ဤလုပ်ရပ်သည် “၁၉၄၇ အခြေခံဥပဒေ”  ပုဒ်မ ၂၁ ။ ပုဒ်ခွဲ (၄) ကို ဝန်ကြီးချုပ်ကိုယ်တိုင်က အတိအလင်းချိုးဖောက်မှုလည်း ဖြစ်ပါတယ်။ တဖက်တွင် ဝန်ကြီးချုပ်ဦးနုသည် ဗလိနတ်စာကျွေးသော နတ်ကိုးကွယ်မှုနှင့် ယတြာချေမှုများကိုလည်း ယုံကြည်စွာ လုပ်ဆောင်လေ့ရှိပါတယ်။

“၁၉၄၇ အခြေခံဥပဒေ” ထဲက “ဘာသာသာသနာရေးဆိုင်ရာ အခွင့်အရေးများ” ဆိုသည်ကို လေ့လာကြပါဦးစို့။

ထိုအခြေခံဥပဒေ၏ ပုဒ်မ ၂၁ ၊ ပုဒ်မခွဲ (၁) နဲ့ (၂) ကို မူရင်းအတိုင်း ရေးသားဖေါ်ပြပါ့မယ်။

၂၁။ (၁) ဗုဒ္ဓဘာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာကြီးဖြစ်သည် ဟု ပြည်ထောင်စု နိုင်ငံတော်က အသိအမှတ်ပြုသည်။

(၂) နိုင်ငံတော်သည် အစ္စလာမ်ဘာသာ သာသနာ၊ ခရစ်ယာန်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤအခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်၌ရှိနေကြသော ကိုးကွယ်ရာဘာသာအချီု့ဟူ၍ အသိအမှတ်ပြုသည်။

စာဖတ်သူများထင်ရှားမြင်သာအောင် စာလုံးမည်းဖြင့်ဖေါ်ပြထားသောစကားလုံးများကိုကြည့်ရုံဖြင့်ထိုစဉ်က ဖဆပလ အုပ်စိုးသူများ၏ ဘာသာကြီးဝါဒနှင့် ခွဲခြားမှုကိုအလွယ်တကူမြင်တွေ့နိုင်ပါတယ်။

ဗုဒ္ဓဘာသာကို “ဂုဏ်ထူးဝိသောနှင့်ပြည့်စုံသောဘာသာကြီးဖြစ်သည်” ဟု သီးခြားခွဲခြားရေးသား အသိအမှတ်ပြုပြီး ကျန် ဘာသာသာသနာများကို နတ်ကိုးကွယ်မှုဖြင့်တတန်းတစားတည်းထားခဲ့သည်ကိုအရှင်းသားတွေ့မြင်ကြရသည်မဟုတ်ပါလား။

“၁၉၄၇ အခြေခံဥပဒေ” ပုဒ်မ ၂၁၊ ပုဒ်မခွဲ (၁) နှင့် (၂) သည် “၁၉၄၇အခြေခံဥပဒေ” ပုဒ်မ ၁၃ တွင်ပြဋ္ဌာန်းထားသည့် အချက်များနှင့် ရှေ့နောက်မညီဘဲ။ ဆန့်ကျင်ကွဲလွဲနေပါတယ်။ အခြေခံဥပဒေ၏ ရှေ့နောက်မညီမှုလည်း ဖြစ်ပါတယ်။

ပုဒ်မ ၁၃။ ဇာတိမရွေး၊ ကိုးကွယ်ရာဘာသာမရွေး၊ ယောင်္ကျားမိန်းမမရွေး၊ လူမျိုးမရွေး၊ နိုင်ငံသားဟူသမျှသည်၊ နိုင်ငံတော်တရားဥပဒေ အရာတွင် အညီအမျှသာဖြစ်သည်။ ဆိုလိုရင်းမှာ နိုင်ငံသားတဦးနှင့်တဦးကို၊ သို့တည်းမဟုတ် နိုင်ငံသားလူတန်းစားတစားနှင့်တစားကို တဖက်သတ်သဘောအတိုင်း ခွဲခြားခြင်းမပြုရ။

“တဖက်သတ်သဘောအတိုင်း ခွဲခြားခြင်းမပြုရ” ဟု မည်သို့ပင်ဆိုထားသော်လည်း ပုဒ်မ ၂၁ (၁) တွင် “ဂုဏ်ထူးဝိသောနှင့် ပြည့်စုံသော ဘာသာကြီးဖြစ်သည်”  နိုင်ငံတော်က ခွဲခြားအသိအမှတ်ပြုထားခဲ့သည် မဟုတ်ပါလား။

ဤသည်တို့မှာ ၁၉၄၇ အခြေခံဥပဒေ၊ ဖဆပလ အစိုးရနှင့် ဝန်ကြီးချုပ်ဝန်ကြီးချုပ် ဦးနုတို့၏ ဘာသာရေးခွဲခြားမှု၊ ခုတုံးလုပ်အသုံးချမှုများ အနက်အချို့ ဖြစ်ပါတယ်။

ယခုတဖန် ၂၀၀၈ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များကိုလေ့လာကြည့်ကြပါဦးစို့

“၂၀၀၈ အခြေခံဥပဒေ” ပုဒ်မ ၃၆၁ နှင့် ပုဒ်မ ၃၆၂ တို့ကို မူရင်းအတိုင်း ရေးသားဖေါ်ပြလိုက်ပါတယ်။

ပုဒ်မ ၃၆၁။   ဗုဒ္ဓဘာသာသာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။

ပုဒ်မ ၃၆၂။ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤအခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်၌ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။

အထက်ပါပြဋ္ဌာန်းထားချက်များသည်  ပုဒ်မ ၃၄၈ နှင့် ရှေ့နောက်မညီဘဲ။ ဆန့်ကျင်ကွဲလွဲနေပါတယ်။

ပုဒ်မ ၃၄၈။ နိုင်ငံတော်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတမြန်မာနိုင်ငံတော်၏မည်သည့်နိုင်ငံသားကိုမျှလူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြ၍ ခွဲခြားမှု မရှိစေရ။

အထက်ပါအတိုင်း ပြဋ္ဌာန်းထားသော်လည်း ပုဒ်မ ၃၆၁နှင့် ပုဒ်မ ၃၆၂တို့တွင် “နိုင်ငံတော်သည်” ဗုဒ္ဓဘာသာဖက်သို့ ဘက်လိုက်၍ “ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်” ဟူသော အကြောင်းပြချက်ဖြင့် ခွဲခြားထားသည် မဟုတ်ပါလား။

“၁၉၄၇အခြေခံဥပဒေ” နှင့် “၂၀၀၈ အခြေခံဥပဒေ” တို့တွင်ပါရှိသော ဘာသာသနာဆိုင်ရာ ပြဋ္ဌာန်းချက်များကို နှိုင်းယှဉ်ကြည့်လျှင် စာလုံးအချို့ ဖြုတ်ပယ်/နေရာရွေ့ပြောင်းခဲ့သည်မှအပ အုပ်စိုးသူများ၏ (ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသော ဘာသာ သာသနာဟူသော) “ဘာသာရေးရှော်ဗင်ဝါဒ” သဘောထားပြောင်းလဲခြင်းမရှိဘူးဆိုတာကို စာဖတ်သူပြည်သူများ အလွယ်တကူ မြင်နိုင်ပါတယ်။

သို့ဖြင့် (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ဘာသာရေး ရှော်ဗင်ဝါဒသဘောထားနှင့် ဒေါက်တာဆရာတော်၏ “အိမ်ရှင်ဘာသာ” သဘောထားသည် ဘာမျှခြားနားခြင်းမရှိတော့ပါ။ “ဆရာဒကာညီညွတ်မှု” ပင် မဟုတ်ပါလော။ ဤအချက်ကပင် “နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ်” ဆက်ကပ်မှုကို အချိန်ကိုက်ဖြစ်ပေါ်စေခဲ့ပါတော့တယ်။

အထက်ပါအချက်အလက်များအပေါ်ကနေ နိဂုံးကောက်ချက် ချကြပါစို့

(ဖဆပလ) အုပ်စိုးသူများနှင့် ကြံ့ဖွံအစိုးရတို့သည် ဘာသာသာသနာကို ခုတုံးအသုံးချခဲ့ကြတယ်။ အသုံးနေချနေကြပါတယ်။ “၁၉၄၇ အခြေခံဥပဒေ” နှင့် “၂၀၀၈ အခြေခံဥပဒေ”တို့တွင် ပြဋ္ဌာန်းထားသည့် ဘာသာသနာဆိုင်ရာ ပြဋ္ဌာန်းချက်များသည် ဘာသာသာသနာများကို တခုနှင့်တခု ခွဲခြားဖေါ်ပြထားပါတယ်။ တန်းတူရည်တူ သဘောမထားပါ။ ထို့အပြင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များသည်လည်း တခုနှင့်တခု ရှေ့နောက်မညီပါ။

ဒီမိုကရေစီသမားကြီး ဝန်ကြီးချုပ်ဦးနုသည် ဘာသာရေးကို ခုတုံးလုပ်အသုံးချခဲ့တယ်။ အခြေခံဥပဒေကို ချိုးဖောက်ခဲ့ပါတယ်။

စစ်ဗိုလ်လူထွက်၊ သမ္မတ (ဗိုလ်) ဦးသိန်းစိန်သည်လည်း ဘာသာရေးကို ခုတုံးလုပ်အသုံးချနေပါတယ်။

ဝန်ကြီးချုပ် ဦးနုနှင့် သမ္မတ (ဗိုလ်) ဦးသိန်းစိန် အကြားခြားနားသည့်အချက်မှာ ဦးနုသည် ကိုလိုနီခေတ် ကျောင်းသားလှုပ်ရှားမှုက မွေးထုတ်ပေးခဲ့သော သခင်နိုင်ငံရေးသမားတစ်ဦးနှင့် နိုင်ငံ့လွတ်လပ်ရေးသမိုင်းတွင် ထင်ရှားအရေးပါခဲ့သူတဦးဖြစ်ပြီး သမ္မတ (ဗိုလ်) ဦးသိန်းစိန်သည် စစ်အာဏာရှင်စနစ်က မွေးထုတ်ပေးလိုက်သော စစ်ဗိုလ်ချုပ်ကြီးတဦးနှင့် (နဝတ-နအဖ)စစ်အုပ်စုက နိုင်ငံရေးစင်တင်ပေးခဲ့သော ဇာတ်ကောင်တဦးမျှသာ ဖြစ်ပါတယ်။

သူတို့ ၂ ဦး၏ ဘုံတူညီချက်မှာ ဘာသာ၊ သာသနာကို ခုတုံးလုပ်အသုံးချမှုပင် ဖြစ်ပါတယ်။

တူမောင်ညို (၂၀၁၃ ခုနှစ်၊ မေလ ၆ ရက်)

ညွန်း

- ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
၁၉၅၇ ခု၊ပြည်ထောင်စုမြန်မာနိုင်ငံပုံနှိပ်ရေးနှင့်စာရေးကိရိယာဌာန၊ ရန်ကုန်မြို့
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ၂
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း
- မြန်မာသမိုင်းပုံ၊ ဒေါက်တာသန်းထွန်း
 ၂၀၀၄ခုနှစ်၊ ဇူလိုင်လ၊ပထမအကြိမ်၊ မုံရွေးစာအုပ်တိုက်

No comments: