Monday, May 6, 2013

သွေးစုပ်မျှော့နှင့် အက်ဆစ်ကောင်းကင်


မြန်မာပြည်တွင် ကမ္ဘာ အရှည်လျားဆုံးသော မျှော့ကြီးတကောင် ဇွန် (June) လ (၂၇) ရက်နေ့မှ နှစ်ပေါင်း ၅ဝ စာချုပ် ဖြင့် စတင်သွေးစုပ်ယူတော့မည့် စာချုပ်ကြီး အသက်ဝင်တော့မည်။ ၎င်းမျှော့ကြီး၏ အရှည်သည် ကီလိုမီတာ ၇၇၁ ကီ လိုမီတာရှိပြီး မိုင်အကွာဝေးအရ ၄၇၉ မိုင်ရှည်လျားသော
ဧရာမ အရှည်လျားဆုံးမျှော့ကြီးဖြစ်၏။

၎င်းသွေးစုပ်မျှော့ကြီး၏ ကိုယ်လုံးထည်မှာ ၃၂ ပေ လုံးပတ်ရှိပြီး ပုလဲရောင်အဆင်းရှိကာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ နယ် ရန်းဗြဲကျွန်း (Yanbye Island) မှ တရုတ်ပြည်၊ ယူနန်ပြည်နယ် ကူမင်းမြို့ (Kunming) သို့ အကွေ့အကောက် ချိတ်ဆက် အတက်အဆင်း အငုတ်အလျှို အဖုထစ်ပေါင်း ၂၅၆၁ ခုဖြင့် အဆင့်ဆင့် ချိတ်တွယ်တုပ်ဆက်ကာ ဆက် သွယ်ထားသော မဟာ့မဟာ အာဂ ဂက်စ်ပိုက်လိုင်းကြီး ဖြစ်သည်။

၎င်းမျှော့ကြီးမှ တနေ့လျှင် မြန်မာပြည် ရခိုင်ပြည်နယ်မှ သဘာဝဓါတ်ငွေ့ အရည် (၄ သိန်း ၄ သောင်း) ဘာရယ်(Barral) (ဂါလံအားဖြင့်) ဂါလံပေါင်း ၁၃ သန်း ၈ သိန်း ၆ သောင်း ဂါလံမျှ စုပ်ယူပေးပို့မည်ဖြစ်သည်ဟု အတိကျသိရသည်။

ဘာရယ် (Barral) ဟုခေါ်သော Gas ဂါလံပီပါ တိုင်ကီတလုံးတွင် ၃၁.၅ ဂါလံအား အမေရိကန်ဒေါ်လာငွေ ၈ဝ ဖြင့် ၁ဝ နှစ် စာ မထမ စာချုပ်တွင် ချုပ်ဆိုထားကာ အမေရိကန်ဒေါ်လာငွေ တနေ့လျှင် ၃၅ သန်းမှ သန်း ၄ဝ ထိ ရရှိမည်ဖြစ်ပြီး တလလျှင် အမေရိကန်ဒေါ်လာ သန်း ၁၂ဝဝ နီးပါးရမည်ဟု သိရပြီး တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်းပေါင်း တသောင်းကျော်မျှ ရရှိမည်ဖြစ်သည်။

ထိုမျှ အဆမတန်းကြီးမားသော ရခိုင်ဒေသမှဝင်ငွေများမှာ သန်းပေါင်း ၅ဝ ကျော်ရှိသော မြန်မာပြည်သူလူထု၏ တဦး ချင်းအား တနှစ်လျှင် အမေရိကန် ဒေါ်လာ ၆,၄၈ဝ (မြန်မာငွေလက်ရှိ ၁ ဒေါ်လာလျှင် ၈၅ဝ ကျပ်နှင့် ညီမျှသော တန် ဘိုးအရ နိုင်းဆသော် ၅၅ သိန်း) ခန့် အစိုးရမှ ဆန္ဒရှိလျှင် ပူပန်စရာမလိုဘဲ ထောက်ပံ့ငွေအဖြစ် နှစ်စဉ် ထုတ်ပေးနိုင်လေ သည်။

သို့သော် ယခုလာမည့် ဇွန်လတွင် စတင်စုပ်ယူတော့မည်ဖြစ်သော မျှော့ကြီးမှ ရရှိငွေအလုံးအရင်းတို့သည် မြန်မာပြည် သူတရပ်လုံးအတွင် တပြာသားမှာ မရရှိနိုင်သည့်အပြင် မြန်မာပြည်သူများ၏ ဝင်ငွေမှ တရုတ်အစိုးရအား အကြွေးပေး ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

ယခု အရှည်ဆုံးဖြစ်သော ဂက်စ်ပိုက်လိုင်းအား မြန်မာပြည် ရခိုင်ပြည်မှ တရုတ်ပြည်သို့သွယ်တန်းသော ကုန်ကျစရိတ် အားလုံးအား တရုတ်ဘက်မှ (China National Petroleum Corporation, CNPC) မှာ အမေရိကန်ဒေါ်လာ သန်း ၁ ထောင် ၅ဝဝ ခန့်အား အကုန်ကျခံတည်ဆောက်ပြီး၊ ဂက်စ်ပိုက်လိုင်းအတွက် ဖြတ်သန်းရာတွင် အသုံးပြုနေရာယူရသော မြေနေရာ အဆောက်ဦပျက်စီးစေမှုအားလုံးတို့အတွက် အမေရိကန်ဒေါ်လာ ၇ သိန်းခန့်သာ တရုတ်ဘက်မှာ နစ်နာ ကြေးအဖြစ် နှစ် ၅ဝ စာ လျော်ကြေးအဖြင့် အသုံးပြုခွင့်ပေးသည်ကို နေပြည်တော်မှ လိုလိုလားလားလက်ခံခဲ့ပြီး အချို့ နေရာများအား အဓမ္မဖယ်ရှားခိုင်းပြီး သိမ်းပိုက်အသုံးပြုခဲ့သည်ဟု ဆိုသည်။

ဂက်စ်ပိုက်လိုင်းတလျောက်အတွက် ၃ မိုင်ဝန်ကျင်ခန့် ဂက်စ်ပိုက်လိုက်လုံခြုံရေးများ ချထားရေးအတွက် တရုတ်ပြည်မှ တရုတ်ပြည်သူ့တပ်မတော် တပ်အင်အား ၅၅ဝဝ ခန့် လာရောက်ချထားရန် တောင်းဆိုမှုအား နေပြည်တော်မှ ငြင်းပယ် ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် ရဲအပါဝင် ပြည်သူ့စစ်များကိုပါ ဒေသအလိုက် တင်းကြပ်စွာ အစောင့်များချထားနိုင်ရန် လက် နက်အပြည့်စုံအင်အား ၂ သောင်း ၈ ထောင်ခန့်မျှ အသုံးပြုမည်ဖြစ်ပြီး တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ခန့် သုံးစွဲမည်ဟု သိရသည်။

နိုင်ငံတကာမှ သဘာဝ အရင်းမြစ်များ စောင့်ကြည့်လေ့လာရေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာများအား အသေးစိတ်စောင့် ကြည့်နေသော ဂါဘီကိုးလင်းစ် (Gabe Collins) ၏ တင်ပြချက် စာတမ်းတွင် နှစ်ပေါင်း ၅ဝ စာချုပ်သည် မြန်မာ့ကမ်း လွန် ရခိုင်ဒေသမှ သဘာဝဓါတ်ငွေ့ အရင်းမြစ်အားလုံး ကုန်ခန်းသွားစေသော အခြေနေထိသို့ပင်ရှိကြောင်း ထောက်ပြ ထားသည်။

မြန်မာပြည်မှ တရုတ်ပြည်သို့ စုပ်ယူတင်ပို့မည်ဖြစ်သော သဘာဝဓါတ်ငွေ့ပမာဏသည် တရုတ်ပြည်၏ ယနေ့ကြီးမား ကျယ်ပြန့်လွန်းသော စက်မှုလုပ်ငန်းများနှင့် ဒေသတွင်းနေထိုင်နေသူများအဖို့ ၂ဝ ရာနှုန်းထိ ဖူလုံမှုရရှိမည်ဟု ပညာရှင် စာတမ်းအတွက် ရေးသားနေသော နယူးမန်း (Newman) က တိတိကျကျ အညွှန်းကိန်းများဖြင့် ဖေါ်ပြထားသည်။

တရုတ်ပြည်မှ မြန်မာ့သဘာဝဓါတ်ငွေ့များအား ပြန်လည်သန့်စင်ထုတ်လုပ်မည့် အလွန်ကြီးမားသော ရေနံချက်စက်ရုံနှင့် သဘာဝဓါတ်ငွေ့ သန့်စင်စက်ရုံကြီးများအား မြန်မာနှင့်ထိစပ်လျှက်ရှိသော ယူနန်ပြည်နယ် ကူမင်းမြို့၏ မြောက်ဘက် ၅၅ မိုင်အကွာတွင် တည်ဆောက်ပြီးစီးသလောက် ဖြစ်နေသည်။ ၎င်းစက်ရုံကြီးများမှ ထုတ်လွှတ်လာမည့် ကာဗွန်ဒိုင်နှင့် လေထုထဲတွင် အဆိပ်ဖြစ်ပေါ်စေနိုင်သော ဓါတုအဆိပ်ငွေ့မိးခိုးထုများသည် မြန်နိုင်ငံတောင်တန်းဒေသနှင့် မန္တလေး တိုင်း စစ်ကိုင်းတိုင်းတို့အထိပင် ရှောက်ရှိပျံ့နှံ့ပြီး မိုးအဖြစ် တဖန်ပြန်လည်ရွာချပါက ဒေသခံမြန်မာပြည်သူများ၏ ၈ဝ ရာနှုန်းမှာ အချိန်ကြာလာသည်နှင့်အမျှ ရောဂါဆန်းများခံစားရပြီး လူ့သက်တမ်းများ တဖြေးဖြေးယုတ်လျော့ တိုတောင်း လာမည် ဖြစ်ကြောင်း (Global Health Watch) ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ကြည့်မှု ဆိုင်ရာအဖွဲ့က ဆိုထားပြန် သည်။

ဖေါ်ပြပါ သက်သေခံချက်လုံးအား ခြုံကြည့်ပါက မြန်မာ့သယံဇာတတို့အား တိုင်းတပါးသို့ လက်သိပ်ထိုးကာ ပွင့်လင်းမြင် သာမှု အတိလင်းမရှိသော လက်ရှိအစိုးရ၏ အကြီးအကျယ်မှားယွင်းသော အပြုအမူများကြောင့် ပြည်သူများ အတွက် အထောက်ကူပြု ခံသာစရာမရှိသည့်အပြင် မိမိ တိုင်းပြည် ပြည်သူ၊ ပြည်သားများအပေါ်သို့ ကျရောက်လာနိုင်သော ဘေးဒုက္ခဆိုးကြီးများပါ ပြည်သူများအဖို့ နောက်ဆက်တွဲခံစားရကာ ယနေ့ ပြည်သူများနှင့် နောင်အနာဂတ်တွင် မွေးဖွား လာမည်ဖြစ်သော ပြည်သူ ပြည်သားများအဖို့ သွေးစုပ်မျှော့၏ လက်အတွင်းဝယ် ကျရောက်နေကြရပြီး အက်ဆစ် မိုး ကောင်ကင်အောက်တွင် ကျန်းမာအသက်ရှည်နိုင်ရန် မလွယ်လွန်းလှပါတကား။

ဂိုလ်ရှယ်လေး
မတ်လ ၆ ရက် ၂ဝ၁၃၊

No comments: