Monday, May 6, 2013
မြွေလေး
ကျနော် တောထဲတုန်းက တိရစ္ဆာန်လေးတွေ မကြာခဏရတယ်။ မုဆိုးတွေနဲ့ ရဲဘော်တချို့က တောလိုက်ပြီး ပြန်လာကြ ရင် တောကြောင်၊ မျောက်တွေ ရလေ့ရှိတယ်။ တခါတလေ တောကြောင်ပေါက်တွေ၊ မျောက်လေးတွေပါ ရလာတတ် တယ်။ ကျနော်ကလဲ ငယ်ငယ်ကထည်းက
တရိစ္ဆာန်ချစ်သူဆိုတော့ တောကောင်ပေါက်တွေကို မွေးသပေါ့။
ဒီထဲမှာ မျောက်လေးတကောင်နဲ့ မြွေတကောင်ကိုတော့ သတိရပေါဗျာ။
မြွေကတော့ ကျနော်ချစ်တဲ့ တိရစ္ဆာန်ထဲမှာပါတယ်။ သူတို့ဟာ တည်ငြိမ်တယ်။ အေးချမ်းတယ်လေ။ မြွေတွေထဲမှာ စပါး ကြီးမြွေနဲ့ မြွေဟောက်က သိပ်ကျက်သရေရှိတယ်။ ကျနော့်အိမ်မှာ မွေးထားချင်တယ်။ ဒါပေမယ့် ဒီဆန္ဒက မပြည့်ဝနိုင် သေးဘူး။ တနေ့ တောထဲသွားရင်း စပါးကြီးမြွေပေါက်စတကောင် ကောက်ရတယ်။ ကျနော် လွယ်အိတ်ထဲထည့်ပြီး မွေး ထားတယ်။ အရွယ်က ကျပ်ဝိုင်းလောက်ရှိပြီး အရှည်က ၂ ပေလောက်ပဲ ရှိတာပါ။ စပါးကြီးမြွေတွေကို အကြီးကြီးတွေ တွေ့ဖူးပေမယ့် ခုလို အကောင်ငယ်လေးကို မတွေဖူးတော့ ကျနော် သိပ်ပျော်တယ်။
သူကိုယ်ဟာ ရွှေရောင်အကွက်ကြီးတွေနဲ့ လှတယ်။ သူခေါင်းက ရှည်လျှားလှပြီး တခါတခါမှာတော့ ကျယ်ပြောတဲ့ သူပါး စပ်ကို အားပါတရာ ဟပြီး သမ်းဝေနေတယ်။
အချိန်တော်တော်များများမှာတော့ သူဟာ ကျနော့်လွယ်အိတ်ထဲမှာ ခပ်ခွေခွေပဲနေတယ်။ တခုခုကို လေးလေးနက်နက် စဉ်းစားနေဟန်ရှိတယ်။ ကျနော်နဲ့ မြွေလေးဟာ သွားလေရာအတူတူပေါ့။ (ဒီအချိန်မှာ ကျနော်မှာ မျောက်လေးတကောင် လဲ မွေးထားပြီးပြီ သူနာမည်က ထွေးညို၊ မျောက်မလေး။ သိပ်ချစ်ဖို့ကောင်းတယ်။ နောက်မှ သူ့အကြောင်းပြောပြမယ်။ )
သူက အိပ်ချိန်ဆိုရင် ကျနော်အိပ်ရာဘေးမှာ ခပ်ခွေခွေအိပ်နေတယ်။ တောထဲဆိုတော့ မီးမရှိဘူး။ ကျနော်ပြန်လာရင် လက်နှိပ်ဓါတ်မီးကို ထွန်းပြီး သူ့ကိုရှာလိုက်ရင် သူ့မျက်လုံးဟာ ရဲရဲတောက်ပြန်ကြည့်နေတယ်။ အမြဲတမ်း အသင့်ဖြစ်နေ တတ်တဲ့ သူ့အကျင့်ကို ကျနော် သဘောကျနေတယ်။
အခန်းထောင့်တနေရာရာမှာ ခွေနေလေ့ရှိတယ်။ ဘယ်မှ မသွားဘူး။ သူ့ကိုကြည့်ပြီး ဒီနေ့ ရာသီဥတုကို ပြောနိုင်သမို့ သိပ်ကို အဖေါ်ရသပေါ့။ ပူရင် သူကအခန်းထောင့်မှာ အေးရင် ကျနော့် ခေါင်းအုံးပေါ်မှာ ခပ်ခွေခွေ အိပ်နေတယ်။ အပ် ကျသံတောင် မကြားရဘူး။ သူအိပ်နေတာ သိပ်ကြည့်လို့ကောင်းတယ်။ ကျနော်က ခေါင်းအုံးပေါ်ကို လှဲချလိုက်လို့ ပျော့ စိစိ ဖြစ်နေရင် သူခေါင်းအုံးပေါ်မှာ ရှိနေတယ်ဆိုတာ သိလိုက်ပြီ။ ဒါဆိုရင် ဒီည အေးမယ်။ စောင်ကို ယူခြုံလိုက်တယ် လေ။ သူအရွယ်ရောက်လာတော့ သူ့ကိုယ်သူ ရမ်ဘိုလို့ အောက်မေ့ရှာမယ်။ မြွေစိတ်ဝင်ပြီး ကျနော့်ကို အားလေးဘာ လေး စမ်းတယ်။
ကျနော် အိပ်ပျော်နေတုန်း အသက်ရှူကြပ်ပါတယ်အောက်မေ့တယ်။ ဘာဟုတ်မလဲ သူကလည်ပင်းကို ညှစ်ပြီး အားစမ်း နေတာကိုး။ အဲဒါဆို သူအမြီးကနေ ဆွဲပြီး ဖြေလိုက်ရုံပါပဲ။ ခြေရင်းဘက်ကို တွန်းရွေ့ပြီး အိပ်ရတယ်။
ကိုယ်တော်မြတ်က လူကို ဟိုကျော် ဒီကျော် ကျော်နေသေးတယ်။ တခါတလေ ခြေထောက်ကိုပတ်ပြီး ညှစ်တယ်။ ဒါမျိုး ဆိုရင်တော့ အညောင်းလေးဘာလေး ပြေသပေါ့လေ။
ကျနော့် ရဲဘော်တွေက တခါတလေမှာ ကျနော့်ဆီကပိုက်ဆံကို အလစ်မှာ လာနှိုက်လေ့ရှိတယ်။
(နောက်ပြောင်တဲ့အနေနဲ့ လုပ်ကြတာပါ။) တောထဲက ကရင် လက်ဘက်ရည်ဆိုင်မှာ အကျော်ဆိုင်မှာ သူတို့ စားကြဖို့ပါ။ သူတို့ ခိုးပြီးဘယ်လိုစားလိုက်တယ် ဘယ်လို ၀ါးလိုက်တယ်ဆိုတာကို နောက်ပိုင်းမှာ မသိမသာကြွားတယ်။ ရယ်စရာ မောစရာအဖြစ် နောက်ကြတယ်။ ကျနော့်ကို အ တယ်ပေါ့လေ။
အခုမြွေလေးရလာတော့ ကျနော်က မြွေလေးကို ကျောပိုအိတ်ထဲထည့်ထားတယ်။ ကျနော် အိပ်နေတုန်း၊ သူတို့ ကျနော့် ကျောပိုးအိတ်ကို နှိုက်လိုက်တော့ မြွေလေးကို စမ်းမိတယ်။ ဒီအခါမှာ ဘာပြောကောင်းမလဲ ကျွက်ကျွက်ညံ အော်ကြ တယ်လေ။ ဒီတခါတော့ ကျနော် ရယ်ရတဲ့အလှည့်ပေါ့။ သူတို့ လန့်သွားတာကိုကြည့်ပြီး ရယ်ရတာ သိပ်အရသာရှိတယ်။ မြွေလေးရကတည်းက ကျနော့်အဖို့ လုံခြုံမှု အပြည့်ရှိသလို ခံစားရတယ်။
………………………..
တနေ့တော့ မြွေလေးနဲ့လမ်းခွဲဖို့ ဖြစ်လာတယ်။
သိတဲ့အတိုင်းပဲပေါ့ဗျာ။ ကျနော်တို့ ရဲဘော်တွေက တိရိစ္ဆာန်သိပ်မချစ်ကြဘူး။ ကျနော့်ကို သံအမတ်ကြီးတယောက်က ပြောဖူးတယ်။ မင်းတို့ ဗမာတွေက ခွေးတွေကို သိပ်မချစ်ကြဘူးနော်တဲ့။ သူနဲ့ ကျနော်က ခွေးချစ်ပုံတူကြတော့ သူရင်ဖွင့် တာပေါ့ဗျာ။
သူပြောသလိုပဲ ကျနော်တို့ ရဲဘော်တွေကို ကျနော်ချစ်ပါတယ်။ ဒါပေမယ့် ဒီကောင်တွေက ခပ်လှုပ်လှုပ်အကောင်ဆိုရင် စားဖို့သာသိကြတာကိုး။ ဒီကြားထဲမှာ မြွေကြတော့ ကြောက်ကြတယ်ဗျ။ ကျနော့်ရုံးခန်းကို ခါတိုင်းလို စွပ်ကယ်စွပ်ကယ် မလာဝံ့ကြတော့ သူတို့ မြွေလေးကို ရန်လုပ်ကြတယ်။
အစည်းဝေးလုပ်နေချိန် ကျနော့် မြွေလေးက လွယ်အိပ်ထဲကထွက်လာရင် ပြေးတဲ့ကောင်ပြေးကြ၊ အော်ကြနဲ့ ရှုပ်နေ တယ်။ တယောက်ကဆိုရင် ရန်သူသာ သူ့ကိုမိသွားရင် မြွေနဲ့တာတို့လို့ကတော့ အကုန်ဖေါ်မိတယ်လို့တောင် ဆိုသဗျ။
သူတို့ ပူညံပူညံလုပ်ကြတော့ ကိုအောင်သူငြိမ်းက တနေ့မှာ ကျနော် မြွေကိစ္စကိုဆွေးနွေးတယ်။ သူကလဲ မြွေကို ခပ်လန့့် လန့်ရှိတယ်။ ခင်ဗျား မြွေကို လွှတ်လိုက်ပါဗျာတဲ့။ ဟိုရဲဘော်တွေ စိတ်မချမ်းမသာ ဖြစ်နေကြတယ်တဲ့။ ကျနော်လည်း ရင်ကွဲပက်လက်ဖြစ်။ အများဆန္ဒဆိုတော့ နောက်ဆုံးမှာ မြွေလေးကို ကျနော် တောထဲကို ပြန်လွှတ်ဖို့ ဆုံးဖြတ်လိုက်ရ တာပေါ့။
တနေ့မနက် အစောကြီးမှာ သူ့ကိုအစာကျွေးပြီး ကျနော် ချောင်းစပ်မှာ ပြန်လွှတ်ပေးလိုက်တယ်။
နံနက်ခင်းမှာ နေရောင်ခြည်က သိပ်ကိုလှနေတယ်။ အလင်းတန်းက သစ်ရွက်တွေကိုဖြတ်ပြီး ကနွဲ့ကလျ ဆင်းလာတယ်။
စမ်းချောင်းက ရေသံကို ကြားနေရတယ်။ ကျနော် မျက်နှာသစ် ကျောပိုးအိတ်ထဲက မြွေလေးကိုထုတ်ပြီး လွတ်ပေးလိုက် တယ်။
မြွေလေးဟာ ခါတိုင်းလိုပဲ သူ့ကိုပြန်ခေါ်မယ်လို့ ယူဆပုံရတယ်။ သောင်ပြင်မှာ မလှုပ်မယှက်ငြိမ်နေတယ်။ နောက်တော့ ကျနော်က သူ့ကို တွန်းနှိုးသတိပေးလိုက်တဲ့အခါမှာ သစ်ရွက်ခြောက်တွေကိုဖြတ်ပြီး သူရင်ဆိုင်ရမယ့် ကမ္ဘာသစ်ကို တရွေ့ရွေ့ပဲ ထွက်သွားပါတော့တယ်။
ကျနော်တို့ ပြန်မဆုံဖြစ်ကြတော့ဘူး။
မိုးသီးဇွန်
Labels:
8888,
မိုးသီးဇွန်,
ဖြတ်သန်းမှု,
အက်ဆေး,
အမှတ်တရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment