Monday, May 6, 2013

အနှစ်သာရ အားဖြင့်


မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးခဲ့ကြသည်မှာ ယနေ့ထိ တိုင်ဖြစ်သည်။ တောင်သူလယ် သမားတို့၏ ခေတ်အဆက်ဆက်က အိပ်မက်မှာ
လယ်ယာလုပ်ငန်းခွင်တွင်း ပျော်ရွင်ချမ်းမြေ့ချင်ပါသည်။

တောင်သူလယ်သမား တို့သည် နယ်ချဲ့ကို ဆန့်ကျင်ခဲ့ စဉ်က ရှေ့တန်းမှ ပါဝင်ခဲ့သည်။ တောင်သူလယ်သမားတို့၏ ပုန်ကန်မှုသည် မြန်မာ့သမိုင်း၏ မျက်နှာစာ ကမ္ဗည်းတင်ခံခဲ့ရသည်။ ထိုပုန်ကန်မှုသည် အင်္ဂလိပ်တို့ကို အံသြတုန်လှုပ် စေခဲ့သည်။ ခေတ်မီလက်နက်များ မပါဝင်ဘဲ ဓါးလှံတို့ဖြင့် တော်လှန်ခဲ့သော လယ်သမားတို့ကို ၂ နှစ်တိုင်တိုင် ရှင်းလင်း ခဲ့ပြီး ပုလိပ်တထောင်ကျော်ကို အသုံးပြုခဲ့ရသည်။ ထိုပုန်ကန်မှုကို လယ်သမားတို့၏ ဦးဆောင်ဖြစ်သော ဆရာစံကို ကြိုး ပေးကွပ်မျက်ခဲ့မှသာ တောင်သူလယ်သမားတို့၏ ပုန်ကန်မှု ထိမ်းသိမ်းနိုင်ခဲ့သည်။ လယ်သမားတို့၏ ပုန်ကန်မှုကြောင့် အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်ရေး ယိုင်နဲ့ခဲ့သည်။

လွပ်လပ်ရေးရပြီး နောက်တွင်ရေမြေသဘာဝ ကောင်းမွန်သော မြန်မာနိုင်ငံတွင် တောင်သူလယ်သမားတို့ ကြီးပွားတိုး တက်ခဲ့သည်။ “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” နိုင်ခဲ့ကြသည်။ မြန်မာဆန်ကို အခြားနိုင်ငံများသို့ တင်ပို့ နိုင်ခဲ့သည်။ ထိုအချိန်က အရှေ့တောင် အာရှတွင် ရွှေတိဂုံစေတီတော် ကြီးရှိပြီး ဆန်ရေစပါး ပေါများ ကောင်းမွန်သည့် နိုင်ငံအဖြစ် လူသိများခဲ့သည်။ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေးအီဆာဆာကာဝါက “ကျနော်ငယ်ငယ်က ဂျပန်ပြည် မှာ အစားအသောက်အတွက် တော်တော်ဒုက္ခရောက်တဲ့ အချိန်တုန်းက ကမ္ဘာကပို့တဲ့ အကူအညီထဲမှာ မြန်မာက ဆန် တွေပါတယ်။ အဲဒီ့အချိန်က မြန်မာပြည်က ဆန်သာမရခဲ့ဘူးဆိုရင် အခု ကျနော်ဆိုတာရှိမှာ မဟုတ်ဘူး” လို့ ပြောပြခဲ့ တာ ကိုကြားရဖူးသည်။ အဲဒီ့လောက်အထိ မြန်မာ့ဆန်က ထင်ရှားခဲ့ပါသည်။

၁၉၆၂ခုနှစ်တွင် တိုင်းပြည်၏ အာဏာကို သိမ်းယူ ခဲ့သော တော်လှန်ရေးကောင်စီက မတ်လ ၂ ရက်နေ့ကို တောင်သူ လယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့သတ်မှတ်လိုက်ခြင်းက တောင်သူလယ်သမားများအား အလေးထား သည်ဟု ပြသလိုက်ခြင်းဖြစ်သည်။

သို့သော်လည်း လယ်သမားတို့၏ လယ်မြေများကို သိမ်းယူလိုက်ပြီး မြေပြင်၊ ရေပြင်ကို နိုင်ငံတော်ကသာ ပိုင်ဆိုင်သည် ဟုဆို လိုက်ပါတော့သည်။ ထိုလယ် မြေများပေါ်တွင် စိုက်ပျိုးလုပ်ကိုင်သည့် လယ်သမားတို့က နိုင်ငံတော်ကို တာဝန် ကျေစပါး ပေးသွင်းရသည်။

တော်လှန်ရေးကောင်စီ တဖြစ်လဲ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) က တာဝန်ကျေစပါးမပေးနိုင်သော လယ် သမားတို့အား ဖမ်းဆီးထောင်ချသည်။ အကြောင်းအမျိုးမျိုးကြောင့် စပါးအထွက်နည်းပါက လယ်သမားတို့သည် တာဝန် ကျေ စပါးပေးရန်အတွက် အခြားသူများထံမှာ စပါးကို ဈေးကြီးပေးဝယ်ရသည်။ ဆိုရှယ်လစ်စနစ်၏ အနှစ်သာရအဖြစ် ပုဂ္ဂလပိုင်ဆိုင်ခွင့် မရှိပေ။ ထို့ကြောင့် လယ်သမားတို့ သည် ဝမ်းစာစပါး သိုလှောင်ခွင့် မရှိပါ။ ဆန်စပါးစိုက်ပျိုးသည့် လယ်သမားတို့သည် ဝမ်းစာအတွက် စပါးများကို ခိုးဝှက်ကာ သိုလှောင်ကြရသည်။ ထိုခေတ်ထိုအချိန်က တာဝန်ကျေ စပါးအတွက် ဘဝပျက်ခဲ့ကြသော တောင်သူလယ်သမားတို့ အကြောင်းကို အပ်ကြောင်းထပ်မျှ ကြားနေခဲ့ရဖူးသည်။ ဆိုရှယ်လစ်၏ သားကောင်းများ အဖြစ်နာမည်ဆိုးနှင့် ကျော်ကြားလှသည့် ကောင်စီဝင်အဆင့်ဆင့်က လယ်သမားတို့ ဝမ်းစာစပါး ချန်ထားကြောင်းကြားသိရလျှင် ထိုလယ်သမားတို့၏ နေအိမ်များကို ဂျပန်ခေတ်က ကင်ပေတိုင်များကဲ့သို့ ဝင်ရောက်ရှာဖွေခွင့်၊ ဖျက်ဆီးခွင့်ကို တရားဝင်ရရှိခဲ့သည်။ လယ်သမားတို့၏ ဘဝသည် ဆင်းရဲနွမ်းပါးမှုများနှင့်သာ လက် ပွန်းတတီး ရှိနေခဲ့ရသည်။

ပါလီမာန်ဒီမိုကရေစီ ခေတ်က မြန်မာ့ဆန်သည် အရည်အသွေးကောင်းသော ဆန်အဖြစ် တင့်တယ်နေခဲ့ရမှ မဆလ လက်ထက်တွင် အလွန်မှားယွင်းသည့် စီမံကိန်းတခုကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ထိုစီမံကိန်းမှာ လယ်ကွက်များ အ တွင်း မျိုးမတူသော စပါးမျိုးစေ့တို့အား အကွက်ချစိုက်ပျိုးစေခဲ့သည်။ လယ်ယာစိုက်ပျိုးရေးအား မိရိုးဖလာ နည်းများဖြင့် သာ စိုက်ပျိုးနိုင်သေးသည့် လယ်သမားတို့က သဘောမတူခဲ့ပါ။ သို့သော်လည်း အာဏာရှင်၏ အမိန့်အား မလွန်ဆန် နိုင်သောကြောင့် လယ်ကွက်တကွက်အတွင်း မျိုးမတူသော စပါးတို့အား အကွက်ချ စိုက်ပျိုးခဲ့ရသည်။ အကျိုးဆက်အ ဖြစ် အလွန်နာမည်ကြီးခဲ့သည့် ပေါ်ဆန်းမွေးဆန်သည် အခြားစပါးမျိုးများနှင့် ဝတ်မှုန်ကူး ခံခဲ့ရသောကြောင့် အနံ့နှင့် အရသာ ပျက်ဆီးသွားခဲ့ရသည်။

ထို့ထက်ပိုဆိုးသည်မှာ လယ်မြေများကို အစိုးရမှ ပိုင်ဆိုင်သဖြင့် နိုင်ငံတော်စီမံကိန်းများအတွက် လယ်မြေများကို စွန့် လွှတ်လိုက်ရခြင်းပင် ဖြစ်သည်။ အချို့စီမံကိန်းတို့သည် အကောင်အထည်မပေါ်ခဲ့ဘဲ လူပုဂ္ဂိုလ် အချို့ထံရောက်ရှိသွားခဲ့ သည်။

၁၉၈၈ခုနှစ်နောက်ပိုင်းတွင် အာဏာသိမ်းစစ်အစိုးရက နီးစပ်ရာလုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်များကို ပေးခဲ့ခြင်းကြောင့် လယ်ယာမြေများကိုလည်း နိုင်ငံတော်စီမံကိန်းဟု အမည်တပ်ကာ သိမ်းယူမှုများသည် မဆလ အစိုးရလက်ထက်မှာ ထက် ပိုမိုများပြားခဲ့သည်။ ၁၉၉၉ ခုနှစ်များအတွင်းက ပဲခူးတိုင်းတွင် လယ်မြေအသိမ်းခံခဲ့ရသော လယ်သမားတဦးနှင့် မဲဆောက်တွင် ကျမ တွေ့ခဲ့ရသည်။ သူ့အမည်မှာ ဦးမြင့်ဦး ဖြစ်သည်။ သူပြောပြခဲ့သည့် အကြောင်းအရာများက

“ကျနော်က ပဲခူးအပိုင် ကွမ်းခြံရွာကပါ။ ကျနော်တို့မှာ အဘိုးအဘွားတွေလက်ထက်ကတည်းက စိုက်ပျိုးခဲ့တဲ့ လယ်မြေ တွေရှိခဲ့ပါတယ်၊ ကျနော်တို့အဖေ လက်ထက်ရောက်တော့ အဲဒီ့လယ်တွေကို ကျနော်တို့မပိုင်တော့ဘူး၊ ဒါပေမဲ့ လယ် တော့ စိုက်ခွင့်ရခဲ့တယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၁၉၉၄ ခုနှစ်မှာ ပဲတွေဈေးကောင်းရလိုက်တော့ အဲဒီ့နှစ် ကျနော် မင်္ဂလာဆောင်ဖြစ်တယ်။ ကျွန်တော့သားအကြီးကောင်ကို မွေးပြီးနောက်ပိုင်း ၁၉၉၉ ခုနှစ်လောက်မှာ ဖြစ်မယ်၊ ကျနော်တို့လယ်တွေကို အင်းအဖြစ် အစိုးရကသိမ်းလိုက်ပြီး အင်းလေလံတင်တယ်တဲ့။ လေလံအောင်တယ်ဆိုတဲ့ လူ တွေက ကျနော်တို့လယ်တွေကိုဝင်ပြီး ခြံခတ်ကြတယ်။ ပြီးတော့ ကျနော်တို့ကို ငွေ ၁ သိန်း လျော်ကြေးပေးမယ်တဲ့။ ဒါပေမဲ့ ကျနော်တို့က သဘောမတူဘူး။ ဒီလယ်တွေမရှိရင် ကျနော်တို့ ဘာဆက်လုပ်ရမှာလဲ၊ ကျနော် လယ်စိုက်တာအ ပြင် ဘာမှ မလုပ်တတ်ဘူး။ ဒါပေမဲ့ အဲဒီ့အချိန်က အစိုးရကိုလည်း ကြောက်နေရတယ်၊ အစိုးရနဲ့ ပတ်သက်တဲ့ လူတွေကို လည်း အရမ်းကြောက်ရတယ်လေ။ ဒါကြောင့် ကျနော်တို့ ဘာမှမပြောနိုင်ခဲ့ဘူး။ ဒီလိုနဲ့ ကျနော်တို့လယ်တွေကို ခြံခတ် ထားပေမဲ့ ဘာမှလည်းလုပ်တာ မတွေ့ဘူး။ နောက် ၂ နှစ်လောက်ကြာတော့ ကျနော်တို့လယ်အသိမ်းခံရတဲ့ လူတွေကို စာရွက်အလွတ်တရွက်ပေါ်မှာ လက်မှတ်ထိုးခိုင်းတယ်။

ဘာကြောင့်လဲမေးတာလဲ မဖြေဘူး။ ကျနော်တို့ရွာမှာ နဲနဲပါးပါး နားလည်တဲ့ လူတွေက လက်မှတ်မ ထိုးဘူးပြောတော့ အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်တာပေါ့။ ဒါနဲ့ပဲ လက်မှတ်ထိုးပေးလိုက်ရတယ်။ ကျနော် ထိုင်းကိုမလာခင်က ကိုယ့်မှာ လယ်မရှိတော့ သူများ လယ်မှာ အခစားနဲ့လုပ်ရတယ်။ အဆင်မပြေပါဘူး။ ဒါကြောင့် ကျနော်ထိုင်းမှာ အလုပ်လာလုပ် ရတာပါ” လို့ ပြောပြခဲ့သည်။

ဦးမြင့်ဦးနဲ့ ကျမ တွေ့ ဆုံခဲ့တာက မဲဆောက်မြို့ဆေးရုံကြီးမှာ ဖြစ်ပါ။ သူဟာ ထိုင်းကို ရောက်လာပြီးနောက် စိုက်ပျိုးရေး လုပ်ငန်းခွင်ခုဖြစ်သော ကြံစိုက်ခင်းတွင် အလုပ်လုပ်သည်။ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရတာကြောင့် ဘယ်ဘက် ခြေထောက်ကို ဒူးဆစ်မှ ဖြတ်ပစ်ခဲ့ရချိန် ဖြစ်သည်။ အလုပ်ရှင်သဋ္ဌေးက လျော်ကြေးပေးရန် ငြင်းဆန်ခဲ့တာကြောင့် တရားရင်ဆိုင်နေရချိန်လည်း ဖြစ်သည်။ သူက ထိုင်းနိုင်ငံတွင်ရှိသည့် တရားမဝင် အလုပ်သမားများထဲက တဦးဖြစ်ပြီး အခွင့်အရေးများဆုံးရှုံးခဲ့ရသူများထဲက တဦးလည်း ဖြစ်သည်။ ကိုမြင့်ဦးက ကျနော်တို့ လယ်မြေတွေ အသိမ်းမခံရရင် အခုလိုမျိုးဒုက္ခနဲ့ ကျနော်တွေ့ကြုံရမှာ မဟုတ်ဘူး။ အခုတော့ ကျနော်ဆေးရုံက ပြန်ဆင်းရင်ဒုက္ခိတ ဘဝနဲ့ ဘာလုပ်ကိုင် စားသောက်ရမလဲဆိုတာ စဉ်းစားလို့မရလို့ ကျနော်စိတ် ဓါတ်ကျမိတယ်။ တခါထဲသေသွားခဲ့ရင်ကောင်းမှာပဲလို့ အကြိမ် ကြိမ်တွေးနေမိတယ်” လို့ သူက ရင်ဖွင့်ခဲ့သည်။

ကျမတို့ရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်စွာ လုပ်နိုင်ခဲ့သည်။ ထိုင်းဆန်သည် ကမ္ဘာ့ဆန် ဈေးကွက်အတွင်း အောင်မြင်မှုရရှိနေသည်။ ထိုင်းအစိုးရက လယ်သမားတို့အား နည်းပညာမှအစ လယ်ယာ သုံးပစ္စည်း အဆုံး အားလုံးကို ထောက်ပံပေးသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် လယ်သမားတို့ ဆုံးရှုံးခဲလျှင် အစိုးရက ၈ဝရာခိုင် နှုန်း ထောက်ပံကြေးပြန်ပေးခဲ့သည်။ အကယ်၍ နိုင်ငံအဆင့် စီမံကိန်းပြုလုပ်ရန်လိုအပ်လျှင် လယ်ပိုင်ရှင်တို့အားခေါ်ယူ ဆွေးနွေးပြီး လယ်ရှင်ကျေနပ်လျှင် လျော်ကြေးငွေကို တနင့်တပိုးပေးသည်။ လယ်ပိုင်ရှင်မကျေနပ်ပါက ထိုစီမံကိန်းကို အခြားနည်း လမ်းရှာ၍ လုပ်ဆောင်ရသည်။ ထိုသို့သော အကြောင်းများကြောင့်လည်း ထိုင်းနိုင်ငံ၏ လယ်ယာစိုက် ပျိုး ရေးလုပ်ငန်း အောင်မြင်သည်။

ကျမတို့နိုင်ငံအတွင်းမှာတော့ လယ်မြေများကို သိမ်းယူရာတွင် လယ်သမားများ သဘောတူရန်မလိုပါ။ အစိုးရနှင့် သ ဘောထားညီမျှလျှင် လယ်မြေများကို သိမ်းယူနိုင်သည်။ လယ်သမားတို့က မိမိတို့ လယ်ယာမြေအတွက် ဆန္ဒထုတ် ဖော် ပါက တရားစွဲဆိုခံနေကြရသည်။ လယ်ဆည်ဝန်ကြီးက သူ တင်သွင်းသော ပုလဲသွယ် စပါးမျိုးကို စိုက်ပျိုးစေရန် အ တွက် စိုက်ပျိုးရေးဝန်ထမ်းတို့၏ အင်အားကိုသုံးကာ လယ်သမားတို့ အားစိုက်ပျိုးစေသည်။ ထိုစပါးမျိုးသည် ဈေးကြီးပြီး နောက်ထပ် တရာသီတွင် မျိုးမရသောကြောင့် နောက်တကြိမ်စိုက်ပျိုးရန် မျိုးစပါး ထပ်မံဝယ်ယူရပါလိမ့်မည်။ လယ် သမားတို့အတွက် တွက်ခြေမကိုက်ပါ။ သို့သော် လယ်သမားတို့မှာ ငြင်းဆန်ရန်အားမရှိဖြစ်ရပါသည်။ ထိုဝန်ကြီး၏သား တင်သွင်းသော ဓါတ်မြေသြဇာများကို နိုင်ငံဝန်ထမ်းများက လိုက်လံရောင်းချပေးရသည်။ မြန်မာလယ်သမားတို့အတွက် ရွေးချယ်ခွင့်မရကြပါ။ ထို့ကြောင့် မြန်မာလယ်သမားတို့ဘဝ အြေ<ွကးနွံထဲမှာပဲ တဝဲလည်လည်ဖြစ်နေကြရည်။

ကျမတို့ နိုင်ငံတွင် တောင်သူလယ်သမားနေ့ အဖြစ်သတ်မှတ်ခဲ့သည်မှာ နှစ်ပေါင်း ၃ဝ ကျော်ခဲ့ပြီဖြစ်သည်။ ယနေ့ မြန်မာ လယ်သမားတို့၏ ဘဝသည် ပင်လယ်ထဲနေသော ငါးများရေငတ်နေသကဲ့သို့သောအခြေအနေတွင် ရှိနေသည်မှာ ဝမ်း နည်းဖွယ်ရာကောင်းလှသည်။ ကျမတို့နိုင်ငံတွင် ကျေးလက်နေ တောင်သူလယ်သမား ၇ဝ ရာခိုင်နှုန်းရှိသည်။ ထိုသူတို့ ၏ ဆင်းရဲတွင်းမှာ နက်သထက်နက်လာနေသည်။ ထိုသို့သော အခြေအနေများထဲမှာ အာဏာရှိ သူတို့၏ ဖိစီးမှုကိုလည်း လည်စင်း ကာ ခံနေကြရသည်. ဆင်းရဲမွဲတေ မှုကို တိုက်ဖျက်ချင်လျှင် လယ်သမားတို့ဘဝ အဆင်ပြေတိုးတက်စေရန် ကြိုးစားသင့်ပေသည်။ မတ်လ ၂ ရက်နေ့တွင် ကျရောက် လေ့ရှိသည့် တောင်သူလယ်သမားနေ့ကို အနှစ်သာရ ပြည့် ပြည့်ဝဝ ရှိစေချင်သည်။ တောင်သူလယ်သမားတို့ဘဝ သာယာစိုပြောရန် လိုအပ်ပါသည်။

ခင်ငြိမ်းသစ်

No comments: