Monday, May 6, 2013

အိုဇာတာ


ဗုဒ္ဓရဲ့တရားတော်မှာ အိုခြင်း၊ နာခြင်းနဲ့ သေခြင်းတွေကို ဒုက္ခလို့ ဟောကြား တော်မူခဲ့သော် လည်းကျမ ငယ်ငယ်က တော့ ဘာကြောင့် ဒုက္ခလို့ သတ်မှတ်ရမှန်း ရေရေရာရာ
နားမလည်လှပါ။

ကျမရဲ့မေမေက ကျမတို့ကို သူအိုဇာတာကောင်းမည်လို့ ဗေဒင်ဆရာတွေကပြောတဲ့အကြောင်းကို အမြဲပြောတာ မှတ်မိ နေသည်။ မေမေဘာကြောင့် အိုဇာတာကောင်းချင်သည်ဆိုတာကို ကျမတို့ နားမလည်တတ်ခဲ့ပါ။

အိုဇာတာနဲ့ ပတ်သက်ပြီး ကျမ သေချာနားလည်လိုက်သော အဖြစ်အပျက်တခုကို ၁၉၈၅ ခုနှစ်လောက်က ကျမ ကြုံတွေ့ ခဲ့တာကို မှတ်မိနေသေးသည်။ ကျမနဲ့ ဖေဖေ ကုန်တိုက် (၂) ကိုရောက်တဲ့ အချိန်မှာပဲ လမ်းဘေးမှာ ဈေးရောင်းနေတဲ့ ဈေးသည်တွေ လှုပ်လှုပ်ရှားရှားပြေးကြလွှားကြ ဖြစ်သွားသည်။ အဲဒီ့အချိန်က အကြီးအကျယ်လုပ်နေတဲ့ ဂဠုန်စီမံချက်နဲ့
လမ်းဘေးဈေးသည်တွေကို လိုက်လံ ဖမ်းဆီးနေသော စည်ပင်သာယာကလူတွေလာကြခြင်း ဖြစ်သည်။ ဈေးသည်တွေ အားလုံး ကိုယ့်ပစ္စည်းကို သယ်ပြီးပြေးကြသည်။ ဂဠုန်အဖွဲ့က ပစ္စည်းမိလျှင် ပစ္စည်းသိမ်းသည်၊ လူမိလျှင်တော့ လူပါဖမ်း သည်။

ထိုသို့ လူတွေရုတ်ရုတ်သဲသဲ ဖြစ်နေပေမဲ့ အသက်အရွယ်ကြီးရင့်နေတဲ့ အဘွားအိုတဦးကတော့ဖြင့် သူများလို မပြေးနိုင် ရှာပါ။ သူ့ဈေးဘန်းကို မ မနိုင်ခင်မှာပဲ ဂဠုန်အဖွဲ့ဝင်တွေ အဘွားအိုရှေ့ကို ရောက်လာခဲ့သည်။ ဂဠုန်အဖွဲ့ဝင်တွေက အဖွားအို ရောင်းချနေသော သစ်သီးများကို ဖိနပ်နှင့်နင်းခြေလိုက်ပြီး အဖွားကြီးကိုပါ ကားပေါ်သို့ ဆွဲတင်လိုက်သည်ကို ကျမမြင်တွေ့လိုက်ပါသည်။ ရုတ်တရက် ကျမ ဂဠုန်တွေကို ဒေါသထွက်သည်၊ နောက်ပြီး ဒီအဖွားကြီးရဲ့ သားသမီးတွေ ကိုလည်း ဒေါသထွက်မိသည်။

ဒီလောက် အသက်ကြီးနေပြီဖြစ်တဲ့ ကိုယ့်ရဲ့ မိခင်ကိုဘာကြောင့်များ မစောင့်ရှောက်ရတာလဲဆိုတဲ့ အတွေးကြောင့် ဒေါ သထွက်မိခြင်းဖြစ်သည်။ အဖွားကြီးမှာ သားသမီး ရှိ၊ မရှိ ကျမ သေချာမသိပါ။ ကျမရဲ့ မိနစ်ပိုင်းအတွင်းမှာ ဖြစ်ပေါ်လာ တဲ့ အတွေးတွေ၊ ခံစားချက်တွေပဲ ဖြစ်ပါသည်။ ကျမရဲ့ ဖေဖေကတော့ အိုဇာတာမကောင်းတဲ့ အဖွားကြီးပဲလို့ မှတ်ချက် ပြုခဲ့သည်။

မဲဆောက်မှာနေခဲ့တုန်းက ဦးလှဘူး လို့ခေါ်သော အသက် ၈၁ နှစ်အရွယ် အဘိုးတဦးနှင့် ဆုံခဲ့ဖူးသည်။ အဘိုးက စက် ဘီးပြင်သည်။ အရိုးတွေ ပြိုင်းပြိုင်းထနေတဲ့လက်ကလေးနဲ့ ပလာယာတွေကို လှည့်နေတာတွေ့တော့ ကျမ စိတ်မ ကောင်း ဖြစ်ရသည်။ အဖိုးနဲ့ ကျမ အလာပ၊ သလာပ ပြောမိတော့ အဖိုးက "သေရင်တောင် မြန်မာပြည်မှာပဲ ပြန်သေချင် ပါတယ်၊ ဒါပေမဲ့ မြန်မာပြည်မှာ အဖိုးအတွက် နေစရာမရှိဘူး၊ အလုပ်လုပ်ဖို့လည်း မလွယ်ဘူးထင်တယ်၊ ဒီမှာက စက်ဘီး တခါပြင်ရင် ၅ ဘတ်၊ ၁၀ ဘတ်နဲ့ စားဖို့တော့ ဖြစ်နေသေးတယ်၊ ဒါကြောင့် မပြန်ဖြစ်သေးတာပေါ့" လို့ ကျမကို ပြောပြ ခဲ့ဖူးသည်။ အဖိုးကို ထိုင်း-ကရင် ကပြားတဦးက နေဖို့အတွက် ၁၀ ပေပတ်လည် မြေကွက်လေးပေးထားသည်။ အဖိုးက အိမ်ထောင်မပြုတဲ့ လူပျိုကြီးဆိုတော့ အဖိုးမှာ သားထောက်သမီးခံမရှိပါ။ အဖိုးကို စောင့်ရှောက်မည့်လူ မရှိပါ။ ဒါပေမဲ့ အိမ်နားနီးချင်း မြန်မာတွေကတော့ အဖိုးနေမကောင်းလျှင် အချင်းချင်း စောင့်ရှောက်ကြသည်။

ကျမတို့မြန်မာပြည်ကို ပြန်ရောက်ပြီးနောက် ကျမ နေထိုင်တဲ့ လမ်းထိပ်မှာ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ အဖွားကြီးတဦး ဈေးရောင်းနေသည်။ ရာသီပေါ် သီးနှံလေးတွေ ရောင်းချစားသောက်ရသည်။ အဘွားမှာ သား ၂ ယောက်ရှိပေမယ့် ၂ ယောက်စလုံး အရက်သမားတွေချည်းပဲဆိုတော့ အဘွားကတောင်မှ သူတို့ကို ကျွေးမွေးနေရသေးသည်။ တခါတရံ ကျမ ဈေးသွားဝယ်တိုင်းအဖွားက သူ့ရဲ့ အခြေအနေကို ညည်းတွားနေတတ်သည်။ သားသမီးတွေကို အားကိုးလို့မရတဲ့ အကြောင်းနဲ့ သူ့ရဲ့ဝဋ်ကြွေးကျေအောင် သူအမြဲ ဆုတောင်းတဲ့အကြောင်း ကျမကို ရင်ဖွင့်တတ်သည်။ တလအတွက် ၀င်ငွေ ၇ သောင်း ပတ်ဝန်းကျင်ပဲရတယ်လို့ အဖွားက ပြောပြခဲ့ပါသည်။ အဲဒီ့ငွေလေးနဲ့ လောက်ငှအောင် ဖန်တီးနေရလို့ ရံဖန်ရံခါ သူစားချင်နေတဲ့ မုန့်ပဲသရေစာတောင်မှ မစားနိုင်တဲ့အကြောင်းကိုလည်း ပြောပြတတ်သည်။ သူ့ကိုယ်သူ သား ဆိုးအမေလို့ သတ်မှတ်ပြောဆိုတတ်ပါသေးသည်။ ကျမက ဘိုးဘွားရိပ်သာလိုနေရာမျိုးမှာ နေထိုင်သင့်သည်ဟု အကြံ ပေးလိုက်တိုင်း ခါးခါးသီးသီးပဲ ငြင်းဆိုပါသည်။ အဘွားက သူတို့လိုသာမန်လူတွေ ဘိုးဘွားရိပ်သာမှာ နေခွင့်မရှိဟု ထင် နေပါသည်။ သေမှပဲ ၀ဋ်ကျွတ်မယ်ဟုလည်း ယူဆထားပုံရသည်။

ကျမရဲ့ ဖေ့ဘုတ်က မိတ်ဆွေတစ်ဦးဖြစ်တဲ့ ဒေါက်တာ သူရိန်လှိုင်ဝင်းရဲ့ Facebook မှာ ရေးထားတဲ့စာကို ဖတ်မိသူတိုင်း စိတ်မကောင်း ဖြစ်သွားစေခဲ့သည့် ဇတ်လမ်းကတော့ ဆရာ့ရဲ့ ဆေးခန်းကို အသက် ၈၀ ကျော်လောက်ရှိတဲ့ ဆင်းဆင်း ရဲရဲ အဖွားအိုကြီးတဦး ရောက်လာခဲ့သည်။ အဖွားကတော်တော် အသက်ရှူရခက်ခဲနေသည်။ အက်စမာလို့ခေါ်ကြသည့် ပန်းနာရင်ကျပ် ဖြစ်နေသည်။ ဆရာက သူလုပ်ပေးသင့်သည့် ကုသမှုတွေအားလုံးကို လုပ်ပေးလိုက်တာကြောင့် အဖွား ကြီး အသက်ရှူရ သက်သာသွားခဲ့သည်။ သက်သာသွားတော့မှ အဖွားက သူ့ရဲ့ လုံချည်ထဲ ထည့်လုံးထားတဲ့ ငွေ ၁၀၀၀ ကျပ်ကို ထုတ်ပေးပါသည်။ ဆရာက မယူတော့ဘဲ ဘာလို့အခုမှ ဆေးခန်းလာတာလဲလို့ မေးတော့မှ အဖွားက တောင်း ရမ်းစားသောက်နေရတဲ့သူမှန်း သိရသည်လို့ ရေးထားသည်။ ဆရာ့ရဲ့ လူနာက ကလေး ၈ ယောက်မွေးထားခဲ့ပေမဲ့ အခု အချိန်မှာတော့ တယောက်မှ အသက်မရှင်တော့လို့ သူ့မှာ အားကိုးစရာမရှိဘူးလို့ ပြောပြထားသည်။

ဆရာရေးထားတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ကျမ ဆရာ့ထံ ဖုန်းဆက်မေးကြည့်ခဲ့ပါသည်။ ဆရာက "ခိုကိုးရာမဲ့နေတဲ့ အဘိုး၊ အဘွားတွေ ကို ဘိုးဘွားရိပ်သာလို နေရာမျိုးတွေမှာ စောင့်ရှောက်ထား စေချင်ပါတယ်။ ကျနော်နိုင်ငံမှာ အစိုးရ က ထောက်ပံပေးတဲ့ ဘိုးဘွား ရိပ်သာဆိုတာသိပ်မရှိပါဘူး။ အများအားဖြင့်ကတော့ လူမှုကူညီရေး အဖွဲ့အစည်းတွေက ထူထောင်ထားကြတာလေ။ သူတို့ရဲ့ ဂေဟာတွေမှာ ကောင်းကောင်းမွန်မွန် ကျွေးပါတယ်၊ ဒါပေမဲ့ သူတို့ရဲ့ စည်းမျဉ်း စည်းကမ်းတွေကိုတော့ လိုက်နာကြရပါတယ်၊ သူတို့ရဲ့ ဂေဟာတွေမှာ လုပ်ချင်ချင်၊ မလုပ်ချင်ချင် တနေ့လုံး တရား ထိုင် ခိုင်းတာမျိုးတွေရှိတယ်။ လူတိုင်းကတော့ ဘယ်တရား ထိုင်ချင်ပါ့မလဲ။ ဘိုးဘွားရိပ်သာဆိုတာ သက်တောင့်သက်သာ နေထိုင်နိုင်တဲ့ နေရာဖြစ်ရပါမယ်၊ ဒါမှလဲ အဘိုး၊ အဘွားတွေ ပျော်ကြမှာပါ။ တချို့ ဂေဟာတွေက အသက်ကြီးထောင် တွေနဲ့တောင် တူနေသေးပါတယ်။

အခြားနိုင်ငံတွေမှာက ဘိုးဘွား ရိပ်သာဆိုတာ အပန်းဖြေအနားယူရာ နေရာတွေနဲ့ ပိုတူပါတယ်။ ဒါကြောင့်လဲ ကျနော်တို့ ဆီမှာ အဖိုး၊ အဖွားတွေက မနေချင်ကြပါဘူး။ ကျနော့် လူနာတွေထဲက ၂ ယောက် လောက် ရှိတယ်၊ မနေချင်လို့ ပြန် လာတာ။ ကျနော် ဖြစ်စေချင်တာက အစိုးရအနေနဲ့ အဖိုး၊ အဖွားတွေ စိတ်ချမ်းချမ်းသာသာနဲ့ နေထိုင်နိုင်တဲ့ ဘိုးဘွားရိပ် သာတွေ လုပ်ပေးစေချင်ပါတယ်။ အရမ်း တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ မဟုတ်ဘဲ သက်တောင့်သက်သာ အနားယူနိုင် တဲ့ နေရာမျိုးပေါ့။" ဟု ဆရာသူရိန်လှိုင်ဝင်းက ပြောပြခဲ့သည်။

ဆရာ ဆက်ပြောပြတာက" အခုတော့ အစိုးရဆီမှာ သက်ကြီးရွယ်အိုတွေကို အခမဲ့ဆေးကုပေးမည့် အစီအစဉ်တော့ ရှိ နေပြီ၊ ဒါပေမဲ့ ကျနော် ဆေးရုံမှာ အလုပ်လုပ်နေတုန်းက ဆေးရုံကို အရမ်းအသက်ကြီးတဲ့ လူလာတာ သိပ်မတွေ့ရဘူး။ ဘာဖြစ်လို့လဲဆို တော့ သူတို့အနေနဲ့ ဆေးရုံကို သွားကို မသွားနိုင်ကြတော့လို့ပါ။ အကောင်းဆုံးကတော့ ဘိုးဘွား ရိပ် သာတွေ တည်ဆောက်ပြီး သူတို့တွေကို ဘိုးဘွားရိပ်သာတွေမှာပဲ ထားသင့်ပါတယ်။ နောက်ပြီး ပြည်သူလူထုကိုလည်း အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့ အဘိုး၊ အဘွားတွေ အလုပ်လုပ်ကိုင်နေကြတာကို တွေ့တိုင်း ဘိုးဘွားရိပ်သာကို ပို့ သင့်တယ်ဆိုတဲ့အကြောင်းကိုလည်း သိထားအောင် လုပ်သင့်တယ်။" လို့ သူ့အတွေ့အကြုံကို ပြောပြခဲ့ပါသည်။

ကျမက ဆည်းဆာရိပ် ဘိုးဘွားရိပ်သာကို ဦးစီးတည်ထောင်ခဲ့တဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကိုလည်း အသက် အရွယ်ကြီးရင့်တဲ့ သူတွေ အလုပ်လုပ်ကိုင်နေရတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို မေးခဲ့ပါတယ်။ ဆရာမ ဒေါ်သန်းမြင့် အောင်က "လမ်းဘေးမှာ အလုပ်လုပ်နေတဲ့ အဖိုးကြီး၊ အဖွားကြီးတွေနဲ့ ပတ်သက်ပြီးပြောရရင် တအချက်က သူတို့ ၀န် ထမ်းဘ၀က လာတာလားပေါ့၊ ၀န်ထမ်းဘ၀က လာတာဆိုရင်တော့ သူတို့အတွက် သက်ကြီးရွယ်အိုတွေရဲ့ ခံစားခွင့် ပေါ့၊ မဖြစ်စလောက်မဟုတ်ပဲနဲ့ လုံလုံလောက်လောက်ခံစားခွင့် ရသင့်တာပေါ့၊ ဒါမှမဟုတ် ၀န်ထမ်းမဟုတ်ဘူးပေါ့ သာ မန်လက်လုပ်လက်စားတွေဆိုလည်းပဲ ကိုယ့်နိုင်ငံရဲ့ သက်ကြီးရွယ်အိုတွေကို ပြုစု စောင့်ရှောက်မှု ထိုက်သင့်သလောက်
တော့ ရသင့်ပါတယ်၊ သက်ကြီးရွယ်အိုတယောက်ဆိုတာ မပင်မပန်း နေထိုင်စားသောက်နိုင်ခွင့် ရသင့်တယ်၊ အခမဲ့ ဆေးဝါးကုသခွင့်လည်း ရသင့်တယ်ပေါ့။ အဟာရပေါ့၊ သက်ကြီးရွယ်အိုတွေအတွက် အဟာရက အရေးကြီးတယ်။ အဟာရပြည့်ပြည့်၀၀ စားသုံးခွင့် ရှိသင့်တယ်။" လို့ ပြောပြသွားခဲ့ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ နိုင်ငံမှာ ပြည်သူလူထုက ဆင်းရဲကြသည်။ ဆင်းရဲမှုကြောင့် အသက်အရွယ်ကြီးရင့်သူတွေ လည်း အသက်နဲ့မလိုက်တဲ့အလုပ်အကိုင်တွေကို မသေမချင်းလုပ်ကိုင်နေကြရတာကိုက အိုဇာတာ မကောင်းကြခြင်း မည်ပါလိမ့်မည်။ သက်ကြီးရွယ်အိုတွေ အိုဇာတာကောင်းလာဖို့ လူငယ်လူရွယ်တွေအနေနဲ့ ကျိုးပန်းဆောင်ရွက်ဖို့ လို အပ်ပါသည်။

အစိုးရအနေနှင့်လည်း သက်ကြီးရွယ်အိုတွေအတွက် အထောက်အပံ့ပြုပေးနိုင်လျှင် လူအိုများလည်း ကျေးဇူးတင်ကြပါ လိမ့်မည်။

ခင်ငြိမ်းသစ်

No comments: