ရွှမ်း၊ ရွှမ်း၊ ရွှမ်း ... ။
တရွှမ်းရွှမ်းနဲ့
ရိုက်နှက်သံတွေက အရိုက်ခံရသူတွေရဲ့ နှလုံးအိမ်ထဲက သွေးစက်တွေကို တစက်ချင်း
ယိုစီးကျနေစေခဲ့ တယ်။ နှလုံးသားတွေ ကွဲထွက်သွားမှာကို စိုးရိမ်လို့ အရိုက်ခံရသူတွေက
နှလုံးသားတွေကို လက်ဝါးနဲ့ ဖိကာရင်း ဝေဒ နာကို အံကြိတ်ခံစားနေခဲ့ကြရှာတယ်။ ဒါဟာ
ကျောက်ခေတ်မဟုတ်၊ ရောမခေတ် မဟုတ်။ ဒါဟာ
လူသားချင်းစာနာမှု တွေ တိုးပွားလာတယ်ဆိုတဲ့ ကမ္ဘာမြေကြီးထဲက မြန်မာပြည်ဆိုတဲ့ တိုင်းပြည်မှာ။
လူသားချင်းစာနာမှု တွေ တိုးပွားလာတယ်ဆိုတဲ့ ကမ္ဘာမြေကြီးထဲက မြန်မာပြည်ဆိုတဲ့ တိုင်းပြည်မှာ။
ဒီတိုင်းပြည်ကြီးမှာ
ခေတ်တွေအမျိုးမျိုး ပြောင်းခဲ့တယ်။ ခေတ်ပြောင်းချိန်တိုင်းမှာလဲ လူတွေရဲ့ မျှော်လင့်ချက်
ရောင်ခြည် လေးတွေ သန်းခဲ့ရတယ်။ ဒါပေမယ့် ခေတ်တွေကသာ တခုပြီးတခု ပြောင်းလာတယ်။
တရွှမ်းရွှမ်း ရိုက်ခံနေရတဲ့ လူတွေ ရဲ့ ဘ၀ကတော့ ဘယ်တုန်းကမှ မတောက်ပခဲ့ရရှာဘူး။
အဖိနှိပ်ခံ
ပြည်သူလူထု။
ရှေးမြန်မာမင်းတွေ
နိုင်ငံတော်သစ်တည်ဆောက်ကြ၊ အပြိုင်အဆိုင် စစ်မက်ခင်းကြချိန်တွေမှာလဲ သူတို့ရဲ့
အသက်တွေ စတေးပေးခဲ့ကြတယ်။ နယ်ချဲ့ကျူးကျော်စစ် ဖြစ်လာပြန်တော့လဲ ရွှေနန်းတော်တွင်းက
အမတ်မင်းတွေ ဘုရင်ကို အညံ့ခံ ဒူးထောက်ဖို့ သိမ်းသွင်းနေချိန်မှာ ဓားတလက်နဲ့ ဒီမြေ၊
ဒီရေအတွက် အသက်တွေ စွန့်ခဲ့ကြတယ်။ မြန်မာဘုရင်ရဲ့ နန်း တော်ကို သေနတ်တချက်မဖောက်ရဘဲ
သိမ်းလိုက်နိုင်တဲ့အတွက် လူမျိုးခြားနယ်ချဲ့တွေ ဟားတိုက်ရယ်မော၊ မြန်မာ ဆိုတဲ့လူမျိုးကို
အထင်သေးနေချိန်မှာ၊ မနိုင်မှန်းသိပေမယ့် ဒူးမထောက် လက်မမြှောက်တဲ့
မြန်မာ့စိတ်ဓာတ်ကို အသက်စွန့်ပြသပြီး၊ မြန်မာ့ဂုဏ်သိက္ခာကို မြှင့်တင် ပေးခဲ့ကြတယ်။
အမျိုး၊
ဘာသာ၊ သာသနာအတွက် နိုင်ငံရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာတော့လဲ နယ်ချဲ့တွေ နည်းမျိုးစုံနဲ့
ဖိနှိပ်နေ တဲ့ကြားက တခဲနက် ပါဝင်ခဲ့ကြတယ်။ ဒီလှုပ်ရှားမှုတွေကနေတဆင့် ခေါင်းဆောင်တွေ
ပေါ်ထွက်လာတဲ့အခါ ပြည်သူ ထဲက မွေးဖွားလာတဲ့ ပြည်သူ့ခေါင်းဆောင်တွေဆိုပြီး
ဝန်းရံအားပေးခဲ့ကြတယ်။ လိုအပ်လာတဲ့အခါ အသက်တွေ စတေး ပေးခဲ့ကြတယ်။ နယ်ချဲ့က
ခေတ်ပြောင်းအာဏာ တပဲသားနဲ့ မျက်စပစ်လိုက်ချိန်မှာ ခေါင်းဆောင်တွေက အကွဲကွဲ အပြဲပြဲနဲ့
ဖရိုဖရဲဖြစ်သွားတာကို တွေ့လာရတော့လဲ ရရာလက်နက်စွဲပြီး၊ ကိုယ့်အရေးတော်ပုံကို
ကိုယ့်ဘာသာ ဦးဆောင် လာခဲ့ကြရတယ်။ ဒီလိုနဲ့ပဲ ကျောင်းသားသပိတ်တွေ ပေါ်ထွက်
လာခဲ့တယ်။ လယ်သမားသူပုန်တွေ ပေါ်ထွက်လာခဲ့ တယ်။ အလုပ်သမားသပိတ်တွေ ပေါ်ထွက်လာခဲ့တယ်။
နယ်ချဲ့ကို တွန်းလှန်ခဲ့ကြတယ်။ ဖက်ဆစ်ကို တော်လှန် ခဲ့ကြ တယ်။ လွတ်လပ်ရေးကြီးကို
အသက်သွေးချွေးတွေ ပေါင်းစပ်ပြီး ရယူခဲ့ကြတယ်။ တဦးတယောက်၊ တဖွဲ့ထဲက ရယူခဲ့တဲ့ လွတ်လပ်ရေးမဟုတ်။
ပြည်သူ့သွေးစက်ပေါင်းများစွာ မြေခပြီးမှ ရယူခဲ့ရတဲ့ လွတ်လပ်ရေး။
လွတ်လပ်ရေးရပြီ၊
တို့မြန်မာပြည်ကြီး လွတ်လပ်ပြီတဲ့လေ။
ရွာအနှံ့၊
မြို့အနှံ့၊ လယ်ကွင်းပြင်အနှံ့၊ တောင်ယာမြေအနှံ့၊ လုပ်ငန်းခွင်အနှံ့မှာ
သီချင်းသံတွေ လွင့်ပျံနေခဲ့တယ်။ မသ မာသူ နိုင်ငံရေးသမားတွေက နိုင်ငံရေးအာဏာ
ခွက်စောင်းခုတ်လုဖို့အတွက် အဖိနှိပ်ခံပြည်သူတွေဘက်က ရပ်တည် မယ့် ပြည်သူ့ဘက်တော်သားတွေကို
ထောင်ထဲ၊ တောထဲ တွန်းပို့ဖို့ ကြံနေကြတာ အဖိနှိပ်ခံပြည်သူတို့ မသိခဲ့ကြရှာဘူး။
ဒီလိုနဲ့ပဲ လွတ်လပ်ရေးခေတ်ကြီးမှာ ဘ၀တွေ ပျက်ခဲ့ကြရပြန်တယ်။ ခေတ်ပြောင်းချိန်
ဆိုတာတွေကို အကြိမ်ကြိမ်အခါခါ ကြုံကြရပြန်တယ်။ နိုင်ငံရေးခေါင်းဆောင်ကြီးတွေ
တည်မြဲအော်ကြ၊ သန့်ရှင်းအော်ကြ လုပ်နေစဉ်မှာပဲ အကွက်ချောင်း နေတဲ့ကျားက
တော်လှန်ရေးကောင်စီနဲ့ ပွဲသိမ်းကြံသွားလိုက်တာ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီး
မြေခသွားခဲ့ရ တယ်။ လယ်သမားတွေ ကြွေးလည်ပင်း နစ်ခဲ့ရတယ်။ အလုပ်သမားတွေ ထမင်းငတ်
ကြရတယ်။ တိုင်းပြည်မှာ ပေါင်း စားတဲ့ စီးပွားရေးသမားတွေ ကြီးစိုးလာခဲ့တယ်။
စစ်အာဏာရှင် စနစ်ဆိုးကြီး အမြစ်တွယ်လာခဲ့တယ်။
ကြွေးလည်ပင်းနစ်နေလို့
ခေါင်းလေးကို မနည်းဖော်နေရရုံရှိသေး။ နိုင်ငံရေးခေါင်းဆောင်ကြီးတွေက ခေတ်ပြောင်းပြီလို့
ဆိုကြပြန်တယ်။ ပြည်သူ့အရေး၊ လယ်သမား၊ အလုပ်သမားအရေး ကိုယ်စားပြု
တိုက်ပွဲဝင်တယ်ဆိုတဲ့ ခေါင်းဆောင်ကြီး တွေက မြွေအရေခွံလဲသွားတဲ့ မဆလ ခေတ်သစ်ကြီးကို
အားပါတရ ကြိုဆိုထောက်ခံရင်း မျက်စိကန်းသွားကြတာ သူတို့အားပေးထောက်ခံခဲ့တဲ့
ခေတ်သစ်အစိုးရက ရာနဲ့ချီတဲ့ ကျောင်းသားတွေကို ဖမ်းဆီးထောင်ချ၊ သင်္ဘောကျင်းအ လုပ်သမားတွေကို
သေနတ်နဲ့ဝင်ပစ်၊ ထမင်း၀၀လင်လင် စားရဖို့အရေး ဆန္ဒပြသူတွေကို တုတ်နဲ့ဝင်ရိုက်
လုပ်နေတာ တောင် မမြင်လိုက်ကြရှာဘူး။
ဒီလိုနဲ့ပဲ
မဆလ၊ န၀တနဲ့ နအဖ ခေတ်အဆက်ဆက်ရဲ့ ကြိမ်လုံးတွေအောက်မှာ အဖိနှိပ်ခံပြည်သူတွေရဲ့
နှလုံးသွေးတွေ ကတော့ တစက်ပြီးတစက် ယိုစီးကျနေဆဲ။
မကြာပါဘူး။
ခေတ်ပြောင်းသွားပြီလို့ နိုင်ငံရေးသမားတွေရဲ့ ထအော်သံတွေ ပေါ်ထွက်လာပြန်တယ်။
အဲဒီခေတ်ပြောင်းသူတွေလက်ထဲမှာ
ကိုင်ထားတဲ့ လက်ကိုင်တုတ်တွေကို ထအော်သူတွေ မမြင်နိုင်ဘဲ မျက်ကန်းရှာနေ လေရော့သလား။
ကြိမ်ချက်တွေကတော့
လယ်သမား၊ အလုပ်သမားတွေ၊ အဖိနှိပ်ခံပြည်သူတွေရဲ့ နှလုံးသားတွေအပေါ် တရွှမ်းရွှမ်းထပ် ကျနေဆဲ။
အဖိနှိပ်ခံပြည်သူတွေရဲ့ နှလုံးသွေးစက်တွေကလဲ တသွင်သွင် စီးကျနေဆဲ။
ခေတ်က
ဘယ်သူတွေအတွက် ပြောင်းနေတာတဲ့လဲ။
ခင်မမမျိုး
(၂၊ ၃၊
၂၀၁၃)
No comments:
Post a Comment