Wednesday, June 12, 2013

တချိန်တခါက ကျွန်ုပ်တို့ ပအိုဝ်းခေါင်းဆောင်များကို လွမ်းမိသည်

တချိန်တုန်းက ပအိုဝ်းအမျိုးသားခေါင်းဆောင်များဟု ဆိုရာတွင် ကမ္ဘာကျော်ပင်လုံစာချုပ် အခန်း ကဏ္ဍတွင် ဦးဆောင်ခဲ့ သူ သထုံပေး ခေါ် ဆီဆိုင်မြို့စား စ၀်ခွန်ကြည်နှင့် ကိုလိုနီခေတ်ကာလ ဂျီစီဘီအေ အမတ်မှစ၍ ပအိုဝ်း-ကရင်ခေါင်း ဆောင်ကြီးအထိဖြစ်ခဲ့သော
သထုံဦးလှဖေတို့ကို လက်လှမ်းမီသလောက် ဂုဏ်ပြုရေးသား ပူဇော်လိုက်ပါသည်။

စ၀်ခွန်ကြည် (သထုံပေး ခေါ် ဆီဆိုင်မြို့စား)

ကိုလိုနီခေတ်ကာလ ရှမ်းပြည်စော်ဘွားနယ် (၃၃) နယ်တွင် ပအိုဝ်းနယ် ဆီဆိုင်လည်း အပါအ၀င်ဖြစ်သည်။ အဆိုပါ ဆီဆိုင်မြို့စား စ၀်ခွန်ကြည်သည် အင်းစိန် စက်မှုလက်မှု သိပ္ပံကျောင်းမှ မြို့ပြအင်ဂျင်နီယာအောင်ထားသူ ခေတ်ပညာ တတ် ထက်မြက်လှသည့် မြို့စားဖြစ်သည်။ ရှမ်းပဒေသရာဇ်စော်ဘွားအများစုမှာ နယ်မြေကျယ်ပြောခြင်း၊ အခွန်အတုတ် ကောက်ခံငွေတို့ဖြင့် ကြွယ်ဝ ချမ်းသာခြင်းတို့ ကိုယ်စီကိုယ်ငှရှိကြသော်လည်း ဆီဆိုင်ခေါ် သထုံပေးသည် ဧရိယာ စတု ရန်းမိုင် (၅၀၀) ခန့်သာရှိသောကြောင့် နယ်မကျယ်သည့်အပြင် အခွန်အတုတ်ကိုလည်း လူထုထံမှ ကောက်ခံမှုမရှိသ လောက်ဟု ဆိုရပေမည်။

စ၀်ခွန်ကြည်သည် ပင်ကိုယ်စိတ်ထားမှာလည်း နယ်ရှင်မြို့စားကြီးဆိုပေမဲ့ ဟိတ်ဟန်လုံးဝမရှိဘဲ လူထု များနှင့်ဆက်ဆံ ရာတွင် ယဉ်ကျေးသိမ်မွေ့ပြီး မွန်ရည်ပါးနပ်သူဖြစ်သည်။ အင်္ဂလိပ်စကားကို အထူးကောင်းမွန်စွာပြောတတ်သူဖြစ်ရာ အင်္ဂလိပ်အရာရှိများကိုပင် အပြန်အလှန်ပြောရဲ ဆိုရဲရှိကြောင်းသိရှိရပါသည်။ မဟုတ်မခံစိတ်ထားရှိသူဖြစ်သောကြောင့် သြဇာအာဏာကြီးမားသော စော်ဘွားကြီးများကိုပင် မဟုတ်ရင် မဟုတ်သလို အာခံပြောရဲ ဆိုရဲသူဖြစ်သည်။

ဇနီးမှာ မော်လမြိုင်မြို့ သစ်ကုန်သည် သူဌေးကြီးဦးတုံးလုံ၏သမီး ဒေါ်အေးသန့်ဖြစ်သည်။ စီးပွားရေးဘက်တွင် အောင်မြင်သဖြင့် တောင်ကြီးမြို့ရှိ ဗန္ဓုရုပ်ရှင်ရုံကိုပိုင်ဆိုင်ထားသည်။ ရှမ်းပြည်နယ်ရှင်များ တွင် ကိုယ်ပိုင်စီးပွားရေးဖြင့် ကြွယ်ဝချမ်းသာသော ထူးခြားသည့် မြို့စားဖြစ်သည်။

နိုင်ငံရေးအနေဖြင့် သူရေးသားသော ရှမ်းပြည်အမှားတော်ပုံ စာအုပ်သည် ပင်လုံညီလာခံ၏ ရှေ့ပြေး နိမိတ်ဟုပင် ရှမ်း ပြည်နိုင်ငံရေးသမားနှင့် သမိုင်းပညာရှင်များက ချီးကျူးထားသည်။ ထိုစာအုပ်ကို ၁၉၃၅ ခုနှစ် တွင် ရေးသားခဲ့ပြီး ၁၉၄၀ ခုနှစ်-သြဂုတ်လမှသာ ထုတ်ဝေခဲ့သည်။ ရှမ်းပြည်အမှားတော်ပုံစာအုပ်တွင် ရှမ်းပြည် နယ်ရှင်များ စိတ်ဝမ်းအမျိုးမျိုး ကွဲပြားပုံ၊ မညီညွတ်ကြပုံများကို ဝေဖန်ထောက်ပြထားပြီး ရှမ်းပြည်ညီညွတ်ရေး အတွက် လှုံ့ဆော်ထားသည်။ မိမိတို့ ရှမ်းပြည်နယ်ရှင်များညီညွတ်ပါက အင်္ဂလိပ်လက်အောက်မှ သီးခြား ဖယ်ဒရယ်ရှမ်းပြည်နိုင်ငံအဖြစ် ရပ်တည်ထူထောင် နိုင်ကြောင်း၊ ဗမာများနှင့်ပေါင်းပါကလည်း ပြည်ထောင်စုစနစ် အရ ပူးပေါင်းနိုင်ကြောင်း ရေးသားဖော်ပြထားသည်။ ပြည် ထောင်စုဟူသော အသုံးအနှုန်းကို ပထမဆုံး ထုတ်ဖော်ခဲ့သော မြို့စားဖြစ်သည်။ ထို့ပြင် ပင်လုံညီလာခံကြီးအတွက် အခြေခံမူများကို ရှေ့ပြေးချခဲ့သူဟု အများက တင်စားခဲ့ကြသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ရှမ်း-ဗမာ တန်းတူညီမျှရေးကို သူ့ခေတ် သူ့ခါ စကားလုံး အသုံးအနှုန်းများဖြင့် ရေးဖွဲ့ထားသည့် ရှမ်းပြည်အမှားတော်ပုံစာအုပ် ဖြစ်သည်။

၁၉၄၆-မတ်လ ၂၃ မှ ၂၈ ထိကျင်းပသော ပထမ ပင်လုံညီလာခံကြီးဖြစ်မြောက်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့သူ ဖြစ်သည်။ ထက်မြက်သောအတွေးအခေါ်ရှိသူပီပီ ခေတ်ပညာတတ် လူငယ်များကိုပါ တန်းတူ ထားပေါင်းသင်းတတ် မှုကြောင့် ပထမပင်လုံညီလာခံ၏ အခန်းကဏ္ဍတွင် ခေတ်ပညာတတ်လူငယ်များ (နောင်အခါ ရပလ- ရှမ်းပြည် ပြည် သူ့လွတ်မြောက်ရေးအဖွဲ့) အထူးပါဝင်ခွင့်ရခဲ့သည်။

ထိုစဉ်က စော်ဘွားများကောင်စီတွင် ပထမ ရှေ့တန်းတင်ခြင်းခံရသော သူဖြစ်သည်။ ဒုတိယ မှာ မိုင်းပွန် စော်ဘွား စ၀်စံထွန်း ဖြစ်သည်။ သို့သော် ပထမပင်လုံညီလာခံအပြီး ကျန်းမာရေး ချို့ယွင်းလာသောကြောင့် မိုင်းပွန်စော်ဘွား စ၀်စံထွန်းကသာ ရှေ့တန်းရောက်သွားသည်။ မည်သို့ပင်ဆိုစေကာမူ စ၀်ခွန်ကြည် ကျန်းမာရေးကောင်းခဲ့ပါက ဘုရင်ခံ အမှုဆောင်ကောင်စီတွင် တောင်တန်းဒေသဆိုင်ရာဝန်ကြီးဖြစ်မည်မှာ ဧကန် ပင်ဖြစ်သည်။ ရှမ်းပြည်အရေးသာမက ပြည်ထောင်စုအကျိုးအတွက်ပါ အကျိုးပြုမည့် ပအိုဝ်းခေါင်းဆောင် ကြီးပင်ဖြစ်ပါတော့သည်။

သထုံဦးလှဖေ

နယ်ချဲ့အင်္ဂလိပ်ကို ပထမဆုံး နိုင်ငံရေးအန်တုသည့်အဖွဲ့ကြီးဖြစ်သည့် (GCBA) ခေါ် အမျိုးသားတပ် ပေါင်းစုမြန်မာ အသင်းချုပ်ကြီး၏ ဥက္ကဋ္ဌဖြစ်သူ မွန်အမျိုးသား ဦးချစ်လှိုင်ကို လူတိုင်းမမေ့နိုင်ကြပါ။ အချိန်ကာလ မှ ၁၉၃၆ ခုနှစ် အချိန် ကဖြစ်သည်။ ခွဲရေး-တွဲရေး ရွေးကောက်ပွဲနှင့်ပါတ်သက်၍ ဘားအံမြို့နယ်၊ ၀ဲကြီးကျေးရွာ (ပအိုဝ်းအများစုနေထိုင်သော ရွာကြီးဖြစ်သည်) သား မောင်လှဖေသည် ဂျီစီဘီဘီအေ အမတ်လောင်းအဖြစ် ဘားအံအရှေ့ပိုင်း မဲဆန္ဒနယ်မှ ၀င် ရောက်ယှဉ်ပြိုင်ပွဲအတွက် ဦးချစ်လှိုင်ကိုယ်တိုင် ဝေါယာဉ်စီးကာ မဲဆွယ် တရားဟောပေးခဲ့ပါသည်။ ထိုရွေးကောက်ပွဲမှ စ၍ မောင်လှဖေသည် အပြတ်အသတ်အနိုင်ရရှိသွားပြီး သထုံ ဦးလှဖေဟူသော ဂုဏ်ပုဒ်ကိုပိုင်ဆိုင်ခဲ့သည်။ ယင်းနောက် လွတ်တော်ကိုယ်စားလှယ်၊ ပါလီမန်အတွင်းဝန် စသဖြင့် အသက်နှင့်အရွယ် မလိုက်ဖက်လှအောင် တာဝန်ကြီးများကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် (KNU) ခေါ် ကရင်အမျိုးသားအစည်းအရုံး၏ ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ မိမိဒေသ သထုံမှနေ၍ မွန် ကရင်ပြဿနာများကို စီမံကွပ်ကဲခဲ့သူဖြစ်သည်။ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ သည့် ၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ဒုတိယ ပင်လုံညီလာခံကြီးတွင် ကေအဲန်ယူ ခေါင်းဆောင်အနေဖြင့် ဦးလှဖေ တက်ရောက်ခဲ့သည်။ ပင်လုံမှအပြန် တောင်ကြီးမြို့ရှိ လူထုတရားဟောပြောပွဲတွင် ဦးလှဖေလည်း မိန့်ခွန်း ပြောကြားခဲ့ပါသေးသည်။ ထိုစဉ် ကတည်းက ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းလူထုကြီးနှင့် ထိတွေ့ခဲ့သည်။

၁၉၄၈ လွတ်လပ်ရေးရပြီး မကြာခင်မှာပင်သထုံခရိုင်ကို (KNU) မှ သိမ်းပိုက်သောအခါတွင် ဦးလှဖေသည် သထုံခရိုင်၏ လုံခြုံရေး၊ အုပ်ချုပ်ရေးများကို ပူးတွဲတာဝန်ယူရသည်။ သထုံကိုအုပ်ချုပ်နေစဉ် ပအိုဝ်းတပ်ရင်းတခုကို ဖွဲ့စည်းခဲ့သည်။ သို့သော်မကြာလှပါ၊ ကေအဲန်ယူမှ ပအိုဝ်းတပ်ရင်းတခုလုံးကို ဖျက်သိမ်းသောကြောင့် ဦးလှဖေသည် သခင်သန်းထွန်း တို့နှင့်ဆက်သွယ်ကာ ပေါင်းလောင်း (ပျဉ်းမနား-ကြတ်ပြေး) ဘက်မှ တဆင့် ရှမ်းပြည်တောင်ပိုင်းဘက်သို့ ထွက်ခွာလာ ပါသွားတော့သည်။

ရှမ်းပြည်ပဒေသရာဇ်စနစ်ကို ဆန့်ကျင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)ကို ထူထောင်ခဲ့သည်။ တောင်သူဆို သည့်အခေါ်အဝေါ်ကို ဖျက်သိမ်းပြီး ပအိုဝ်းဟုခေါ်ဆိုရန်နှင့် လပြည့် လကွယ် အခါရက်မြတ်များတွင် ပအိုဝ်းအမျိုး သားတိုင်း မိမိတို့ရိုးရာဝတ်စုံများကို ၀တ်ဆင်ကြရန် ဆော်သြခဲ့သူဖြစ်သည်။ ယနေ့ထိတိုင် ကျွန်ုပ်တို့ ပအိုဝ်းအမျိုးသား တို့အတွက် ပအိုဝ်း အခေါ်အဝေါ်နှင့် အနက်ရောင်ဝတ်စုံ ဆင်မြန်းခွင့်ရသော ကျေးဇူးသည် ဦးလှဖေ၏ မျိုးစေ့ချပေးခဲ့ မှုကြောင့်ပင် ဖြစ်သည်။

၁၉၅၈-ခုနှစ်တွင် (ပအမဖ) သည် အစိုးရနှင့် လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ကာ ဥပဒေဘောင် အတွင်း သို့ပြန်ဝင်ခဲ့ သည်။ ၁၉၆၁- တောင်ကြီးညီလာခံအပြီး ပြည်နယ်များညီညွတ်ရေး အလုပ်အမှုဆောင် ကော်မတီ တွင်ပါဝင်ခဲ့သည်။ ၁၉၆၂- မတ်လ အသံလွှင့်ရုံညီလာခံသို့တက်ရောက်ခဲ့ပြီး ဦးနေ၀င်း အာဏာသိမ်းရာတွင် အဖမ်းခံခဲ့ရသည့် တိုင်းရင်း သားခေါင်းဆောင်များတွင် တဦးအပါအ၀င်ဖြစ်သည်။ ဖက်ဒရယ်မူသည် ခွဲထွက်ရေး မူမဟုတ်ကြောင်း ရှင်းတမ်း တစောင်ကို ဦးလှဖေ၊ နိုင်ငွေသိမ်း၊ ဒူဝါးဇော်လွန်း၊ ဦးမောင်ဦးကျော်၊ ပူကျင့်ရှင်းထန်၊ ဦးသာထွန်းတို့နှင့် လက်မှတ်ထိုး ကာ သတင်းစာတိုက်များသို့ပေးပို့ခဲ့သည်။ သို့သော် မည်သည့်သတင်းစာတိုက်မှ လက်မခံခဲ့ကြချေ။

၁၉၆၃-ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့စွဲဖြင့် ဦးနေ၀င်းက ပြည်တွင်းငြိမ်းချမ်းရေးကမ်းလှမ်းချက် ထုတ်ပြန် သောအခါ ပမညတ က ဦးဆောင်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးအထောက်အကူပြု ပြည်သူ့ကော်မတီကိုဖွဲ့စည်းရာ ဗဟို ဥက္ကဋ္ဌအဖြစ် ဦးလှဖေ ကို ခေါင်းဆောင်တင်ခဲ့ကြသည်။ နိုဝင်ဘာ (၁၅)ရက်နေ့တွင် ရန်ကုန်မြို့တော်ခမ်းမရှေ့တွင် ငြိမ်းချမ်းရေး တရားကို ဦးလှဖေသည် နာရီဝက်ကြာ ဟောပြောခဲ့သည်။ သို့သော် ထိုညမှာပင် ငြိမ်းချမ်းရေးပျက်ကြောင်း တော်လှန် ရေးကောင်စီ ဦးနေ၀င်းက ကျေညာကာ ပြည်သူ့ကော်မတီအဖွဲ့ဝင် များကိုပါ ဖမ်းဆီးပါတော့သည်။ ဦးလှဖေလည်း အဖမ်းခံလိုက်ရသည်။ ထောင်မှလွတ်ပြီးနောက် တော်လှန်ရေးတွင် ဆက်လက် လှုပ်ရှားရင်း ပအိုဝ်းအမျိုးသားအတွက် သာမက ရှမ်းပြည်တော်လှန်ရေး၊ ပြည်ထောင်စုအရေးတို့ကိုပါ သယ်ပိုးထမ်းဆောင်ခဲ့သည်။

အထက်ဖော်ပြပါ သထုံမြို့စား စ၀်ခွန်ကြည်နှင့် သထုံဦးလှဖေတို့၏သမိုင်းသည် ယနေ့ထက်တိုင် ကျွန်ုပ်တို့ ပအိုဝ်းမျိုး ဆက်သစ်များ၏ ရင်ထဲတွင် ထာဝစဉ် ရှင်သန်လျှက်ရှိပါသည်။

လက်ရှိ ပအိုဝ်းအမျိုးသားခေါင်းဆောင်ဆိုသူများ

လက်ရှိခေါင်းဆောင်များဆိုရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အမည်ခံထားသည့်သူများကို ဆိုလိုပါသည်။ ဦး အောင်ခမ်းထီလက်ထက်မှစ၍ မြန်မာပြည်သူများ အော့နှလုံးနာသည့် စွမ်းအားရှင်ခေါ် ပြည်သူ့ချဉ်ဖတ် ကြံ့ဖွတ်ကို ဖက် လှဲတကင်းလုပ်ခဲ့သည်။ မယုံလျှင်လက်တွေ့ပြပါမည်။ ကြံ့ဖွတ် စပေါ်သည့် အချိန်ကတည်းက ဦးအောင်ခမ်းထီသည် ရှမ်းပြည်တောင်ပိုင်း ကြံ့ဖွတ်နာယကအဖြစ် တိုင်းမှူး၊ န၀တ ၀န်ကြီးနှင့်အတူ ပါဝင်ခဲ့သည်။ တနိုင်ငံလုံးတွင် ဒေသဆိုင်ရာ စစ်တိုင်းမှူးနှင့်ဝန်ကြီး နှစ်ဦးကသာ နာယက တာဝန်ယူသော်လည်း ရှမ်းတောင်ကြံ့ဖွတ်တခုတည်းသာလျှင် ဦးအောင်ခမ်းထီ ပါဝင်သည့် နာယကသုံးဦးဖြစ် နေသည်။ တိုင်းရင်းသားငြိမ်းချမ်းရေးခေါင်းဆောင်များထဲတွင် ဗိုလ်ချုပ် ခင်ညွန့်ကို ရှိခိုးဦးချ ကန်တော့ခဲ့သူမှာ ဦးအောင်ခမ်းထီ တဦးတည်းသာရှိသည်။ ထိုအချိန်ကတည်းက ကြံ့ဖွတ်လက် ကိုင်ဒုတ် စစ်တပ်လက်ပါးစေအဖြစ် ကျေနပ်သလို ယခုအချိန်ထိ ပြည်သူ့လယ်ယာမြေ၊ ဥယျာဉ်ခြံများကို သိမ်းဆည်းနေ ပါသည်။ ပအိုဝ်း အမည်ခံ လူမျိုးခြားနေ၀င်းထွန်း ပိုင်ဆိုင်သော ပတ္တမြားနဂါး စီးပွားရေးလုပ်ငန်းသည် သက်သေ ဖြစ်ပါ သည်။ သူခိုး ဓမြ နှိမ်နှင်းရန်အတွက် ပေးအပ်ထားသော မီးကျိုးမောင်းပျက် သေနတ်များဖြင့် လူထုအပေါ် ရမ်းကား သည်သာမက NLD ရုံးကိုပင် ခြိမ်းခြောက်နေလေပြီ။

ပအိုဝ်းပြည်နယ်ဆိုပြီး မြို့နယ်ခွဲများချပေးပြီး ဟန်ပြ လုပ်နေသည်။ သက်သေအနေဖြင့်စာရေးသူ နေထိုင်ရာ ကျောက် တလုံးဒေသသည် တိုက်နယ်အဆင့်မျှသာရှိသည်။ မြို့ပြစနစ်များ အကောင်အထည် မဖော်ပေးဘဲ မြို့နယ်ခွဲသတ်မှတ် ထားသည်မှာ သံသယဖြစ်ဖွယ်ရှိသည်။

ကျွန်ုပ်တို့ပအိုဝ်းအမျိုးသားများအတွက် ဂုဏ်ဆောင်ခဲ့သော ရှေးရှေးကခေါင်းဆောင်များ၏ နမူနာကိုမယူဘဲ မြန်မာပြည် သူလူထုကြား ပအိုဝ်းဆိုလျှင် မျက်နှာမပြ၀ံ့လောက်အောင် လုပ်နေသော ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ကို ယနေ့ ပအိုဝ်းလူထုနှင့် မျိုးဆက်သစ်များ ဆန့်ကျင်တိုက်ဖျက်ဖို့ရန် အချိန်တန်လေပြီ။

ခွန်အောင်ခမ်းကီ (ကျောက်တလုံးကြီး)

1 comment:

richard said...

I am disgusting and awful Aung Khan Htee really.