Tuesday, June 18, 2013

လူထု ဆိုတာ အချဉ် မဟုတ် (ကိုဘ)

ပြောရရင် ၁၉၇၀-၇၃ ကာလတွေဟာ မဆလ အတွက် ကံဇာတာ အတက်ဆုံးအချိန်လို့ပြောလို့ ရမယ်ထင်တယ်။ တော်လှန်ရေးကောင်စီ/မဆလ အနေနဲ့ နိုင်ငံရေးအရလည်း အထိုင်ကျလာပြီ၊ အနက်မှ အညို အညို မှ အဖြူ စတဲ့ နယ်မြေတည်ဆောက်ရေးတွေလည်း စလုပ်လာနိုင်ပြီ။ မြို့ကြီးတချို့မှာသာ မြေအောက် ကျောင်းသားလှုပ်ရှားမှု အနည်းငယ် ရှိနေပေမယ့်လည်း နိုင်ငံရေး လှုပ်ရှားမှုကြီးဖြစ်လာနိုင်တဲ့ အနေအထား
မရှိသေးဘူး။ အဓိက လက်ကျန် မြို့ပေါ်မြေပေါ် နိုင်ငံရေး အင်အားစုအများကလည်း အသစ်ပေါ်လာမယ့် ၁၉၇၄ မဆလ အခြေခံဥပဒေသစ်ကြီး၊ လွတ် တော်သစ်ကြီးနဲ့ အစိုးရသစ်ကြီးမှာ အမတ်တမျိုး၊ အထူးအရာရှိတဖုံဖြင့် ပါဝင်နွှဲဖို့ စိတ်အားထက်သန်နေကြပြီ။ ဒေသ ဆိုင်ရာ ပါတီ၊ ကောင်စီမှာ အကောင်တွေ ဖြစ်နေကြပြီ။

ဒေါက်တာဘိုလေး၊ ဒေါက်တာညီညီ စတဲ့ အရှေ့ပြန်၊ အနောက်ပြန်နိုင်ငံတကာပြန် ပညာရှင်များကလည်း စီမံကိန်းကြီး တွေမှ လက်စွမ်းပြခွင့်ရနေပြီ။ မထောက်ခံတဲ့သူ၊ အာခံမယ့်သူတွေကိုလည်း တောထဲမောင်းပို့၊ ထောင်ထဲပို့၊ တကျွန်းပို့ လုပ်ထားပြီးပီ။ ထောင်ကပြန်လွှတ်လိုက်တဲ့ ဖဆပလ ဟောင်းတော်တော်များများကလည်း အစွယ်ကျိုးကုန်ပြီ။ တချို့ လည်း အကြံကုန်လို့ ဆားချက်ဖို့ပြင်နေကြပြီ။ တကယ့် တိုင်းပြည်ရဲ့ အချိုးအကွေ့ကြီးတခုကို စိတ်တိုင်းကျလုပ်ဖို့ အောကလီး ယား … ပဲ လို့ တောင် ဗိုလ်နေ၀င်းတို့ ကြွေးကျော်လို့ရခဲ့တဲ့ အခြေအနေပေါ့။ ဒါဟာလည်း မဝေးသေးသော အတိတ်ပါ။

သမိုင်းဟာဘယ်တော့မှ ထပ်တူတပတ်ပြန်မလည်တတ်ဘူး… ဒါပေမယ့် တ၀ဲလယ်လယ် ဖြစ်တတ်တယ်ဆိုသလို ဒီနေ့အဖြစ်အပျက်တွေက ရီဆိုင်ကယ် လုပ်ထားတဲ့ ရုပ်ရှင်ကြီး ကြည့်နေရ သလိုပါပဲ၊ (ရှိတ်စပီးယား ပြဇာတ်ကို ၂၁ ရာစု ဇာတ်အိမ်ဆင် ပြီးရိုက်တဲ့ ရုပ်ရှင်ကိုကြည့်တဲ့အခါ ရတဲ့ခံစားမှုမျိုးလို့ ဆိုရမယ်ထင်တယ်။) အညမည မြန်မာ့နည်း မြန်မာ့ ဟန် ဆိုရှယ်လစ်ဝါဒတဲ့၊ မြန်မာ့နည်း မြန်မာဟန် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီတဲ့ ခေတ်မီတိုးတက်သော ဒီမိုက ရေစီ နိုင်ငံတော်တည်ဆောက်ရေးတဲ့။ သူတို့တတွေ ကခဲ့ ကြ၊ ပြခဲ့ကြ၊ ပြောခဲ့ကြတာတွေဟာ ဒီရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်ဆိုသလို နောက်ဆုံးတော့လည်း စစ်အုပ်စု အစဉ်အဆက်ရဲ့ အာဏာစီပွား တရားဝင် ရေရှည် တည်တံ့ရေးဆိုတဲ့ အနှစ်သာရမှာတော့ အတူတူပါပဲ။

တော်လှန်ရေးကောင်စီ မှ အခြေခံဥပဒေနဲ့ဖြစ်လာတဲ့ မဆလအစိုးရဆီသို့ ကူးပြောင်းစဉ်ကာလ အဆင့်ဆင့် တုန်းက လည်း အောက်ခြေအထိဆင်းလုပ်တဲ့ နှီးနှောဖလှယ်ပွဲတွေ၊ နောက် ပွင့်ပွင့်လင်းလင်း ပါတီညီလာခံမိန့်ခွန်းတွေ၊ နှစ်တို နှစ်ရှည်စီးပွားရေး မူဝါဒ အစီရင်ခံစာတွေ၊ … အားလုံးဟာ စနစ်တကျ နဲ့၊ အားရစရာ တွေ နဲ့ ဒို့ခေတ်ကိုတော့ မဝေးတော့ ပါဆိုတဲ့ မျှော်လင်ချက်တွေနဲ့ပေါ့။ နှိုင်းယှဉ် ကြည့်ချင်တယ်ဆိုရင်လည်း မဝေးသေးတဲ့ အတိတ်မို့ ဖတ်စရာ၊ နားထောင် စရာ မှတ်တမ်းမှတ်ရာတွေလည်း အပြည့်ပါ။

အဲဒီ တုန်းကဆို ဦးကြီးတွေကလည်း အပြောင်းအလည်းဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ တက်ကြွလို့၊ ထို့အတူ အလုပ်သ မားတွေ၊ တိုးတက်တဲ့အမြင်ရှိတယ်ဆိုတဲ့ မြို့နေ ပညာတတ်တွေတောင် ပါသေးသဗျာ။ အဲဒီ မဆလ ခေတ်ဦးရဲ့မှိုင်းက ဘယ်လောက်ပြင်းသလည်းဆို အကောင်းဖြစ်ဖို့အပြောင်းတော့ လာပါပြီ ငါတို့လည်း အုတ်တချပ် သဲတပွင့် (အဲဒီတုန်းက သိပ်ခေတ်စားတဲ့ စကားပေါ့) အနေနဲ့ ပါမှဖြစ်တော့မယ်ဆိုပြီး ပါသွားခဲ့ကြတာ။ ဂီတ လုပ်သားတွေကလည်း အလှပြ ကားတွေလှည့်၊ သဘင်လုပ်သား၊ စာပေလုပ်သား တွေ ကလည်း သံချပ်တွေထိုးနဲ့တကယ့်ကို စည်စည် ကားကားကြီး ပေါ့။

ငပလီကမ်းခြေ စံပြလုပ်သား၊ လူရည်ချွန်၊ ၀ ထ က လ သ၊ မြိုင်မြိုင်ဆိုင် တန်ဆောင်တိုင် ခေတ်ပေါ့။ အခု မြင်တွေ့နေရ တာတွေနဲ့လည်း သိပ်မထူးလှပါဘူး၊ သဏ္ဌာန် မတူပေမယ့်လည်း အဲဒီခေတ်က အမြင် အဲဒီခေတ်က အထွာနဲ့ပေါ့။ ဒီနေ့ လိုပဲ စိတ်မကောင်းစရာကတော့ မြို့တွေပေါ်မှာ ပျော် မော် နေကြပေမယ့် တောင်ပေါ်မြေမှာတော့ ချယ်ရီမဝေနိုင်ဘဲ ယမ်းငွေ့တွေ လွှမ်းလို့ပေါ့။

ဒီနေ့ ၂၀၁၂ ရောက်ပြန်တော့လည်း ဘာထူးသလဲ။ ၂၃-၄ နှစ်လုံး စာရင်းမရှိ အင်းမရှိ ဒေသဆိုင်ရာ တိုင်းမှူးက ဌာန ၀န်ကြီးထက် ပိုပါဝါပြနိုင်၊ လုပ်ချင်သလို လုပ်နိုင်ခဲ့တဲ့ န၀တ/နအဖ အောက်မှာနေခဲ့ရလို့ ထင်တယ် အခုလို ခမ်းခမ်းနား နား၊ ပုံစံတကျ၊ စနစ်တကျလေး လုပ်ပြ ကိုင်ပြ တိုင်းပြည်ကိုပြောပြလာတော့ အပြောင်းအလည်းတော့ ဖြစ်လာနေပြီ၊ နောက် သမ္မတ မိန့်ခွန်းမှာ အောက်ခြေက ပြဿနာတွေအထိပါသဟ၊ နောက် ပြောင်းမယ်ဆိုတာလည်း ပါသဗျ …. ဆိုပြီး ဒါမျိုး မမြင်ရ၊ မကြုံရတာတွေ ကြာခဲ့တော့ မျှော်လင့်ကြတယ် ထင်ပါတယ်။ တကယ်တမ်းဆို အခုအပြောတွေက မဆလ ခေတ် က အပြောတွေ ကို တကယ် မမီသေးဘူး လို့တောင်ဆိုချင်တယ်။ အလုံပိတ် အမှောင်ခန်းထဲ မှာ တလက်မ နှစ်လက်မလောက် ပြတင်းပေါက်လေး ဟလိုက်ရင် ပဲ လင်းလင်းထိန် သွားတယ်လို့မျက်စိ ကျင့်သားမရခင် ထင်ယောင် ထင်မှား ဖြစ်တတ်သလိုပေါ့။ (ဒါ့ကြောင့်လည်း ၁၉၈၈ ဒီဘက်ခေတ်မှဖြစ်တဲ့ ကနေ့ခေတ် တက်လူတွေ က ပိုမျှော်လင့်နေတာ သတိထားမိတယ် သူတို့အနာဂတ်ကိုး။)

ဒီလောက်တောင် သိသာမြင်သာနေတဲ့ ပြောင်းလည်းမှုတွေ ဖြစ်နေတာ အဲဒါကို မြင်နေရသားနဲ့ မပြောင်းလဲ ဘူးလို့ ငြင်းချင်တာလားလို့ မေးလာခဲ့ရင် ဒီလိုဖြေချင်ပါတယ်။ ကြိမ်းသေတာပေါ့ ပြောင်းနေပါတယ်၊ ပြောင်းလဲမှုတွေ အခင်းအ ကျင်းအသစ်တွေ မြင်နေရတာပဲ မငြင်းပါဘူး၊ သို့ပေသိ ဘယ်ကိုဦးတည်နေတဲ့ ပြောင်းလဲ မှုလည်း၊ ဘယ်သူတွေ အကျိုး ရှိမယ့် ပြောင်းလဲ မှုလည်း၊ ဘယ်အထိသွားမှာလည်း၊ ဘယ်မှာရပ်မှာလည်း ဆိုတာကိုတော့ မေးခွန်းလေးလေးနက်နက် ထုတ်ရမယ့် ကိစ္စပါ။ အပေါ်ယံ အပြောင်းအလဲလား၊ အနှစ်သာရ အရအပြောင်း အလဲလား။

ဒီနေရာမှာ အပြောင်းအလဲ ဖြစ်နေတာကို သိရုံနဲ့မပြည့်စုံပါဘူး။ ဘယ်လို အပြောင်းအလဲ ဖြစ်နေတာလည်းဆိုတာ သိဖို့ လိုအပ်ပါတယ်။ ဦးသိန်းစိန် ရဲ့စစ်တပိုင်းအစိုးရနဲ့ ကြံ/ဖွံ ပါတီ ဘာတွေဘယ်လိုပဲပြောပြော သူတို့ ကျောထောက်နောက် ခံလုပ်ထားရတဲ့ institution and structure လို့ခေါ်တဲ့ ခေတ်နဲ့စနစ် ကိုယှက်ဖျင် တည်ဆောက်ထားတဲ့ လူမှုစီးပွား နိုင် ငံရေးအာဏာ အဆောက်အဦး နဲ့ပုံသဏ္ဌာန်တွေနဲ့သာ ချိန်ထိုးကြည့်သင့်ပါတယ်။ သမ္မတ၊ လွတ်တော်ဥက္ကဋ္ဌ၊ ၀န်ကြီး၊ ကြံ/ဖွံ အတွင်းရေးမှူးစတဲ့ သူတွေ နဲ့လုပ်သမျှအင်တာဗျူးတွေမှာ ကျနော်တို့ ဒီမိုကရေစီစနစ်ကို မဖြစ်မနေဖေါ်ဆောင် နေပါတယ်။ နောက်ပြန်လှည့်ဖို့လုံးဝမရှိပါဘူး စသဖြင့် ရွန်းရွန်းဝေအောင်ဖြေကြပေမယ့် စစ်တပ်နိုင်ငံရေးမှာ ပါနေတဲ့ ကိစ္စ၊ အခြေခံဥပဒေ ကိစ္စ တွေမှာတော့ အချိန်မတန်သေးဘူး/ပြင်ဖို့မလိုသေးဘူး ဆိုတဲ့ အသံ၊ တိုင်းရင်းသားတွေ အ တွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုရင်လည်း နိုး ဆိုတဲ့အသံ၊ အဲဒီလို တသံထဲ ထွက်နေတာ အကြောင်းမဲ့ မဟုတ်ပါဘူး။

မေးခွန်းတခု နဲ့စကြည့်ရအောင်ပါ။ မဆလ၊ န၀တ၊ နအဖ အစဉ်အဆက်မှာ အာဏာလက်ကိုင်မဲ့သွား၊ အကြောင်းကြောင့် ကြောင့် ဘေးရောက်သွားတဲ့ စစ်ဗိုလ်ချုပ်တွေ ဘယ်နှစ်ယောက် စားရမဲ့သောက်ရမဲ့ ဖြစ်သွားသလဲဆိုတာပါ။ တချို့တ လေကို နောင်ကျဉ်အောင် တခဏထောင်ထဲထည့်ထားရင်တောင်၊ သူတို့ မိသားစု သားသမီးတွေမှာ လုပ်ကွက် စားကွက်တွေ နဲ့ကျန်ခဲ့တာပါ။ သာမာန်အရပ်သားထက် နှာတဖျားအမြဲသာနေပါတယ်။ ဒါဟာ စီးပွားရေးအခွင့်အလမ်း တခုထဲမှာမှမဟုတ်ပါ၊ ပညာရေးအခွင့်အလမ်း၊ လူမှုရေးအခွင့်အလမ်း စတဲ့နယ်ပယ်အစုံမှာပါ။ ဖဆပလ ခေတ်က၀န်ကြီး ဟောင်း တွေ ထဲကတချို့ လို အထည်ကြီးပျက် ဖြစ်ပြီး စားရမဲ့သောက်ရမဲ့ ဖြစ်သွားတာမဟုတ်ပါဘူး။ ပြည်သူလူထု တန်းတူ အကုန်ဆင်းရဲသွားတဲ့ မဆလ ခေတ်မှာလည်း မြန်မာ့ဆိုရှယ်လစ် လူဘောင်ကို အရောက် ချီတက်ပြီး အသီးအပွင့်တွေ ခံစားသွားတာ ဒီစစ်အုပ်ဝင် စစ်ဗိုလ်တွေနဲ့သူတို့အနွယ်တွေပါ။

အာဏာရဗိုလ်ချုပ်တွေ၊ တိုင်းမှူးတွေသာ အစဉ်အဆက် လူပြောင်းသွားမယ်၊ နောက်လူကရှေ့လူရဲ့စုဆောင်းထားတဲ့ ဓနဥစ္စာကို မထိတဲ့အပြင် အကာအကွယ်လည်းပေးပါတယ်။ တိုးပွားသည်ထက် တိုးပွားအောင်လည်း အကူအညီ အပြန် အလှန်ပေးပါတယ်။ ဦးပိုင်လိမိတက် ဆိုတာ အကြောင်းမဲ့ ပေါ်လာ ဖြစ်လာတာမဟုတ်ပါ။ စစ်အုပ်စု ပထမမျိုး ဆက်ဖြစ် တည်လာတဲ့ နောက်ခံစီးပွားရေး အကြောင်းတခုဖြစ်တဲ့ BECD တို့ အင်းဝဘဏ်တို့ကို အမွေဆက်ခံထားတာပါ။ လူပြော များနေတဲ့ ခရိုနီတွေဆိုတာလည်း ၂ ဘက် အကျိုးအမြတ်ရှိလို့ ဒီစစ်အုပ်စု စစ်ဗိုလ်တွေမွေးလို့ ပေါ်လာခဲ့တာပါ။ ဒါတင် မကပါ အာဏာရနဲ့ ခရိုနီ သားပေးသမီးယူ ရွှေနဲ့မြ ဂဟေဆက်ပြီး တိုးတက်နေကြတာကလည်း ခေတ်အဆက်ဆက် သတင်းစာ တွေထဲ မမြင်ချင်မှအဆုံးပဲမဟုတ်လား။ ဒီ စစ်အုပ်စု အစဉ်အဆက် ကမွေးထုတ်လိုက်တဲ့ စစ်ဗျူရိုကရက် အရင်းရှင်လူတန်းစားဟာ တိုင်းပြည်ရဲ့စီးပွားရေး မျက်နှာစာမှာ ကောင်းကောင်းကြီး အထိုင်ကျနေပါပြီ။

ဒီမှာ နောက်ဆက်တွဲမေးခွန်းတခု ထပ်ပေါ်လာပါတယ်။ သူတို့ဘာ့ကြောင့် ဒီလို တိုင်းပြည် ရဲ့ဓန တွေ ကိုစိတ်ကြိုက် ချယ်လှယ်ခွင့် ဝေစားမျှစားခွင့် ရနေတာလည်း။ ဘာ့ကြောင့်အဲဒီလို လုပ်နိုင်တာလည်း။ အဖြေကတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စတဲ့မဏ္ဍိုင်တွေရဲ့လက်အောက်ခံ ဌာနဆိုင်ရာ နှင့် လုပ်ငန်းဆိုင်ရာ အဆင့်ဆင့်မှာ အောက်ခြေတွေ အထိ အခြေခံထားတဲ့ စစ်ဗျူရိုကရေစီ ပုံသဏ္ဌာန် အုပ်ချုပ်ရေး စနစ်၊ နဲ့အဲဒီစနစ်ကို ဖျက်သိမ်းဖို့ကြိုး စားမှုတိုင်းက အကာအကွယ်ပေးဖို့ စပ်တပ် ကိုသူတို့စိတ်ကြိုက်အသုံးပြုနိုင်ခွင့် ရထားတာကြောင့်ပါ။ အရပ်စကားနဲ့ ပြောရရင် သူတို့ရဲ့အစဉ်အဆက် ဓနဥစ္စာတွေ ကာကွယ်ဖို့နဲ့ တိုးပွားအောင်လုပ်ဖို့အတွက် နိုင်ငံရေး ကိုပါလက်ဝါးကြီး အုပ်ရပါတယ်။ နိုင်ငံရေး လုပ်ရပါတယ်။ အဲဒီနိုင်ငံရေးကိုလည်း သေနတ်ကိုင်ပြီး၊ စစ်တပ်ကို ကျောထောက်နောက်ခံ ထားပြီး လုပ်ပါတယ်။

ခေတ်ရဲ့လိုအပ်ချက်အရ ယူနီဖောင်းပဲဝတ်ဝတ်၊ ခေါင်းပေါင်းပဲဆောင်းဆောင်း သေနတ်ကိုင်ပြီး လုပ်တဲ့နို်င်ငံရေးမို့လည်း စစ်ဗျူရိုကရေစီ ပုံသဏ္ဌာန် အုပ်ချုပ်ရေး ကို အသက်သွင်းရပါတယ်။ ဌာန ဆိုင်ရာအဆင့်ဆင့်များ၊ ဖက်စပ် ကုမ္ပဏီများ မှာ ယူနီဖောင်းဝတ်/ချွတ် တပ်ကလူများဖြင့် အလုပ်အတူ လုပ်ဘူးလျှင် အထက်အောက် ခေါင်းနင်းဆက်ဆံသည့် ပိရိ မစ် ပုံစံဖြင့် အမိန့်၊စည်းကမ်း၊ အဆင့် ခွဲခြားပြီး စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာကို ချုပ်ကိုင်ပုံ၊ သြဇာကွန်ယက် ကိုတည်ဆောက် ပုံ စသည်တို့ကိုအလွယ်တကူသဘောပေါက်မှာဖြစ်ပါတယ်။ တကယ့်တော့ အနှစ် ၅၀ ရှိပြီဖြစ်တဲ့ စနစ်အတွင်း ကျရောက်သွားသောအခါ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စနစ်ရဲ့ ဖိအားပေးမှုအလိုအရ မေးခွန်းမထုတ်တော့ဘဲ ယေဘူယျဓမ္မတာလို လိုက်ပါဆောင်ရွက် သွားသည်ကလည်း ကိုင်းကျွန်မှီ ကျွန်းကိုင်မှီ သဘော ဖြစ်နေပြန်ပါတယ်။

အချုပ်ဆိုရရင် ဒီလို တိုင်းပြည်ရဲ့ ဓနတွေကို အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်တွေနဲ့ စိတ်ကြိုက်ချယ်လှယ်ခွင့် ဝေစားမျှစားခွင့် ရနေတဲ့ အတွက် ဒီအခွင့်အရေးတွေကို ဘယ်လိုမှ လက်မလွှတ်ချင်တော့တဲ့ အစဉ်အဆက် စစ်အုပ်စုဟာ လိုအပ်ရင် အရောင်ပြောင်းမှုကိုလုပ်ဖို့ ၀န်မလေးဘူးဆိုတာပါပဲ။ စစ်တပ်လည်းဖြစ်နေ အာဏာလည်းရှိနေတဲ့အတွက် စနစ်တကျနဲ့ ဖြစ်အောင် လည်းလုပ်နိုင်ပါတယ်။ Road Map ဆိုတဲ့ သူတို့ခရီးစဉ်ဟာ တခဏနဲ ကမူးရှူးထိုး လုပ်ခဲ့တာ မဟုတ်ပါ။ စနစ်တကျနဲ့ ရေရှည်အကောင်အထည်ဖေါ်ခဲ့တာပါ။

၁၃၅၀ အရေးတော်ပုံကြီးကြောင့် ခေါင်းပေါင်းဆောင်း တောင်ရှည်ဝတ်ပြီး လွှတ်တော်တက် နိုင်ငံရေးလုပ်တဲ့ မဆလ စနစ်ကြီးပြိုကျခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးအောင်ပွဲ အထိမရောက်ခဲ့တဲ့အတွက် စစ်အုပ်စု နန်းဆက်ဟာ ဆက် လက်ရှင်သန်ခွင့်ရသွားပြီး ထီးနန်းအမွေခွဲ၊ ပြီးတော့ သူတို့ နိုင်ငံရေး မျှခြေပျက်ပြီး တရားဝင်မှုပျောက်ခဲ့ရတာကို ပြန် တည်ဆောက်နိုင်ဖို့ လုပ်ပါတယ်။ မဟာမိတ် အသစ်တွေရှာရတယ်၊ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလည်းနဲ့ လားရာကို လည်း ချိန်ဆတယ်၊ ဥစ္စာဓနသစ်စုဆောင်းရတယ်၊ ခေတ်ကာလနဲ့ ကိုက်ညီမယ့် နိုင်ငံရေးလမ်းကြောင်းသစ်ဖေါက်ဖို့ မြေစမ်းခရမ်းပျိုး လုပ်ရပါတယ်။ စစ်အုပ်စုအကြောက်ဆုံးဖြစ်တဲ့ လူထုရဲ့တက်ကြွမှုနဲ့ နိုင်ငံရေး ရေချိန်မြင့်နေချိန် ကာလ တခုကိုဖြတ်သန်းရတာကြောင့်သာ သူတို့အနှစ် ၂၀ ကျော် ကြာသွားတာပါ။

တကယ်တော့ အမျိုးသားညီလာခံကိုစတင်ကျင်းပတဲ့ ၁၉၉၃ ခုနှစ်ထဲမှာပဲ ကြံ/ဖွံ ကို စတင်ဖွဲ့  စည်းပြီးဖြစ်ခဲ့သလို၊၂၀၀၅ အမျိုးသားညီလာခံမှာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာအာဏာခွဲဝေမှု အသေးစိတ်မူ၊ ဥပဒေပြုရေးဆိုင်ရာ အာ ဏာခွဲဝေမှု အသေးစိတ်မူများကို ချမှတ်ပြီး ချိန်မှာ ကြံ/ဖွံ ကိုနိုင်ငံရေးပါတီအဖြစ်ပြောင်းရေး ကိုလက်တွေ့အကောင် အထည်ဖေါ်ခဲ့ပြီဆိုတာကို မမေ့စေချင်ပါ။ တကယ်ကအမျိုးသားညီလာခံတို့၊ ဆန္ဒခံယူပွဲတို့ လမ်းပြမြေပုံ ၇ ချက်တို့ ဆိုတာ သူတို့ ရည်မှန်းချက်ပေါက်မြောက်အောင် အသုံးချခဲ့တာတွေ ဖြစ်ပါတယ်။

တကယ်တော့ D 5 လို့ခေါ်တဲ့ ၁။ Deny (ငြင်းပယ်ခြင်း) ၂။ Delay (အချိန်ဆွဲခြင်း) ၃။ Deceive (လှည့်စားဖြင်း) ၄။ Disrupt (ရှုပ်ထွေး၍ ကမောက်ကမဖြစ်စေခြင်း) ၅။ Destroy (ခြေမှုန်းခြင်း) စတဲ့စစ်ရေး နည်းပရိယာယ်တွေကို နိုင် ငံရေးမှာ အသုံးပြုပြီး ဒီနေ့ ၂၀၁၂ မှာ NLD သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေ အောက်ခေါင်း လျှိုဝင်လာအောင်၊ လူထုတွေ ကြားထဲမှာလည်း ထင်ယောင် ထင်မှား၊ အကွဲအပြားတွေဖြစ်အောင် လုပ်ခဲ့တာပါ။

အချုပ်ဆိုရရင်တော့ ဒီနေ့ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလည်းတွေ ဟာစစ်အုပ်စုက ဦးဆောင်ပြီးလုပ်တဲ့ အပြောင်း အလည်းဖြစ်သလို သူတို့ ရဲ့control အောက်မှာပဲရှိတဲ့ အပြောင်းအလည်းပါ။ ဒီ့အတွက်လည်း သူတို့ရောက်စေချင်၊ သွားစေချင်သလောက်ပဲရောက်မှာပါ။ သူတို့အတွက်အကျိုးအမြတ် အရှိဆုံးဖြစ်သွားတာကတော့ NLD အပါအ၀င် ဒီမိုကရက်တစ် အချို့ ဟာ သူတို့ဖြစ်စေချင်တဲ့ ပုံစံအောက်ရောက်သွားတာနဲ့ ကမ္ဘာနိုင်ငံရေး အပြောင်းအလဲ (အနောက်နိုင်ငံတွေရဲ့GFC ခေတ်နိုင်ငံရေး နှင့် ဘိုဘားမား အစိုးရ တက်လာခြင်းများ) ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ နိုင်ငံခြားရေးရာပေါ်လစီတွေ နဲ စစ်အုပ်စုရဲ့အရောင်ပြောင်း ဖို့ ဂီယာပြောင်းအရှိန်တင်တဲ့အချိန် အချိန်အခါသင့်ဖြစ်သွားတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် စစ်အုပ်စု မျိုးဆက်သက်တမ်း၇ှည်ဖို့နဲ globalization ဖြစ်စဉ်မှာ သူတို့ရဲ့ဓနဥစ္စာ တွေ တိုးပွားဖို့အတွက် တရားဝင် ပါဝင်ခွင့် အခွင့်အလမ်းတွေ ကို ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ဆောင်နေတဲ့ အပြောင်းအလည်းဟာ အများစုဖြစ်တဲ့ ပြည်သူတွေ အတွက်တော့ နတ်ကရာကျီးမော့ တဲ့ အဖြစ်ထက် ပို့မှာမဟုတ်ပါဘူး။ စစ်အုပ်စု နဲ့သူတို့အနွယ်တွေ၊ ခရိုနီတွေ၊ ရေ၇ှည်တည်တဲ့တိုးတက်မှုကိုဖြစ်စေတဲ့ နိုင်ငံခြားရင်းနှီးမှုပ်နှံမှု ကိုစိတ်မ၀င်စားတဲ့ သယံဇာတမုဆိုး နိုင်ငံတကာ အရင်း၇ှင်တွေ၊ ဖုံ့းကွယ်ထားတဲ့ ရည်မှန်းချက်တွေ နှောင် ကြိုးတွေ နဲ ရောက်လာကြမယ့် INGO တွေ၊ ရေပေါ်စီ နိုင်ငံရေးသမားတွေ စတဲ့ သူတွေရဲ့စုပေါင်းစပ်ပေါင်း စားတော်ခေါ်ပွဲကြီးရဲ့နောက်ကွယ်မှာ အများစု သော ဗမာနိုင်ငံသား လူထုကြီးအတွက်ကတော့ မျှော်လင့်သလို ဖြစ်မလာပဲ အနာဂတ်ပျောက်နေအုံးမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တချို့ က သမ္မတဦးသိန်းစိန် ကိုမျှော်လင့်ချက် ထားချင်နေကြပြီး ဦးသိန်းစိန် ကိုယ်စားပြုထားတာနဲ့ သူ့ကို မွေးထုတ် ပေးထားတဲ့စနစ်ကို မေးခွန်းထုတ်ဖို့မေ့နေကြပါတယ်။ အထက်မှာပြောခဲ့သလိုပါပဲ (စစ်တပ်တပိုင်း အစိုးရ၊ စစ်ဗျူရိုကရေစီစနစ်၊ စစ်အုပ်စု) စစ် ၃ စစ် ဆိုတဲ့ institutions အဆောက်အဦးတွေနဲ့ ယှက်ဖျာတည်ဆောက်ထားပြီး အနှစ် ၅၀ လောက်အခြေတည် ခိုင်မာနေတဲ့ အဆောက်အအုံကြီးကို လူထုအခြေပြုတဲ့ သဘောမဆောင်ဘဲ လူပုဂ္ဂိုလ် တယောက်ရဲ့အစွမ်း၊ အစိုးရတဖွဲ့ရဲ့အစွမ်းနဲ့ ဘယ်လိုကျော်လွှားမလဲ၊ ဆန္ဒရှိရင်တောင် သဘောအတိုင်းလုပ်နိုင်ပါ့မလား ဆိုတဲ့မေးခွန်းဟာ လက်ရှိမှာ အရေးတကြီးမေးသင့်တဲ့ မေးခွန်းလို့ထင်ပါတယ်။ စစ်အုပ်စုဆိုတာ လက်ရှိ တပ်ထဲက ဗိုလ်ချုပ်တွေ၊ ကြံ/ဖွံ ကဗိုလ်ချုပ်(ငြိမ်း)တွေ ချည်းပဲမှမဟုတ်တာ၊ ဟိုးဘက်ခေတ် ဗိုလ်အောင်ကြီးတို့ကစလို့၊ ဒီနေခေတ် စစ်အုပ်စုအတွင်းစည်းကို ပေးဝင်သင့်မသင့် အစမ်းစာမေးပွဲစစ်တဲ့ ရာထူးဖြစ်တဲ့ ဗိုလ်မှူးကြီးအဆင့်မှာ အလှည့်စောင့်နေ သူတွေအထိ ပါတယ်။

ဘာ့ကြောင့်ဆို အတိတ်မှာလည်း မဆလ ၀န်ကြီးချုပ်လုပ်ခဲ့တဲ့ ဗိုလ်ချုပ် စိန်ဝင်း၊ ၀န်ကြီးလုပ်ခဲ့တဲ့ ဦးလွင် (NLD လွင် လေး) သူတို့ ဟာတဦးချင်းအရဲ့ လူကောင်းတွေပါ။ ဒါကို သူတို့နဲ့တွဲလုပ်ခဲ့ဘူးကြတဲ့ အရပ်သားတွေ၊ ပညာရှင်တွေ ကလည်း ဒီအတိုင်းပဲသတ်မှတ်ခဲ့တာပါပဲ။ ဒါပေမယ့် သူတို့ရဲ့ အကောင်းဆုံးဖြစ်အောင် လုပ်မဟဲ့ဆိုတဲ့ သူတို့ရဲ့ ပုဂ္ဂလိကဆန္ဒ ကျိုးပမ်းချက်တွေဟာ အဲဒီ institutions တွေ ရဲ့အတားအဆီးတွေကို မကျော်လွှားနိုင်ခဲ့ဘူး။ ဒါတောင် သူတို့ ခေတ်ပြောင်းဖို့ လုပ်ခဲ့တာမဟုတ်ဘဲ အဲဒီ ခေတ်စနစ်ထဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုပြီး အားထုတ်ခဲ့ ကြတာ။ နောက်ဆုံးတော့ အံဝင်ဂွင်မကျတဲ့ သူတွေအဖြစ်နဲ့ ဖယ်ထုတ်ခံခဲ့ရတာပဲ။ သူတို့ကတော့ ကံကောင်းသူတချို့လို့ ဆိုရမယ့် ထင်တယ်၊ ဘာ့ကြောင့်လည်းဆိုတော့ ကျန်တဲ့ အများစု့ စစ်ဗိုလ်ဖြစ်ဖြစ်၊ ပညာရှင်ဖြစ်ဖြစ်၊ နိုင်ငံရေးသမား ဖြစ်ဖြစ် အဲဒီ institutions ချဉ်ဖတ်အိုးထဲ ရောက်သွားပြီးရင် ရာဘာဖိနပ်တောင် အချဉ်ပေါက်တယ်ဆိုတဲ့အတိုင်း ချဉ်ဖတ်တွေ ဖြစ်ကုန် တာ သမိုင်းမှာ ငြင်းလို့မှမရခဲ့တာကြောင့်ပါ။ ဒါပေမယ့် သူတို့တတွေတောင် အဲဒီ ချဉ်ဖတ်တွေနဲ့ ပတ်သက်ခဲ့တော့ သေတဲ့အထိ မပျောက်နိုင်အောင် အနံ့စွဲခဲ့တာပဲမလား။

ဒီနေ့ ၂၀၁၂ မှာ ပြန်ကြည့်လိုက်ရင်လည်း ပါဝင်ပတ်သက်နေသူတွေ သာပြောင်းသွားတယ် ဒီအချဉ်တည်တဲ့ အိုးကြီး ကတော့ ၁၉၆၂ ကအတိုင်း ဒီအတိုင်းပါပဲ။ အဲဒီထက် အဆိုးဆုံးပြဿနာကတော့ အဲဒီ ချဉ်ဖတ် အိုးကြီးထဲကို ခုန်ချချင် သူတွေ တန်းစီနေတာနဲ့ ကိုယ်ကိုယ်တိုင်တောင် အားမရပဲ လူထုကြီးကိုပါ အဖေါ်ညှိ နေတာပါ ။ ဒါပေမယ့် သူတို့ မသိ တာက လူထုဆိုတာ မျှော်လင့်ချက်ထားတယ် ဒါပေမယ့် သူတို့ မျှော်လင့်ချက်ဆိုတာ စိတ်ကူးယဉ်အိမ်မက် မက်နေတာ မျိုး မဟုတ်ဘူး။ သူတို့ဟာ လက်တွေ့ဘ၀ပေတံနဲ့ပဲ တိုင်းပါတယ်။ ဒါ့ကြောင့်လည်း ၁၉၇၀ ၀န်းကျင်တွေမှာ သူတို့ ဘ၀ တွေအတွက် တကယ်အကောင်းကိုဦးတည်မယ့် အပြောင်းအလဲများ ဖြစ်မလားဆိုပြီး မျှော်လင့်ချက်ထားခဲ့ကြဖူးတယ်။ ဒါပေမယ့် ဆန္ဒဟာ ဘ၀ဖြစ်မလာတဲ့အခါမှာ ၁၉၇၄ အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်းကစလို့ ၁၃၅၀ ပြည့် အရေးတော်ပုံကြီးအထိ ကိုယ်လမ်း ကိုယ်ဖေါက်လို့ မရပ်မနား ချီတက်ခဲ့ကြတာပဲမလား။ ဒါတင်ဘယ်ကမလည်း အဲဒီတုန်းက သမိုင်းတခေတ်သစ်ခဲ့ပြီ၊ ဘာညာဖြစ်ခဲ့ပြီဆိုပြီး လူထုကို မျှော်တော်ယောင်ဘ၀ဆီ တွန်းပိုချင်ခဲ့တဲ့သူတွေ ကိုလည်း ချဉ်ဖတ်အိုးရဲ့အောက်ဆုံးမှာ ဆွေးရိသွားအောင်တော့ ထားပစ်ခဲ့တာ မဟုတ်လား။ ဒါပေမယ့် သနားစရာ ကောင်း လောက်အောင် သူတို့ မသိခဲ့တာကတော့ လူထုဆိုတာ အချဉ်မဟုတ် ဆိုတာပါပဲ။

ကိုဘ
၂၀၁၂ မေလထုတ် ခေတ်မောင်း အတွဲ(၁)၊ အမှတ်(၁)

No comments: