ကျနော်တို့ ထောင်ထဲရောက်တော့ ဖတ်စရာဆိုလို့ အောင်သန့်မင်း(ဂိုင်စီ)ဆီက အဖုံးတွေပြုတ်ပြီး စာရွက်တွေ ကြေမွတွန့်ခေါက်နေတဲ့ အင်္ဂလိပ်ဂရမ်မာ စာအုပ်အဟောင်းတအုပ် ဖတ်ရတယ်။ စာအုပ်တအုပ်လုံး လွတ်နေတဲ့ ကွက်လပ်တွေမှာ မြန်မာသီချင်းတွေ အများကြီး ရေးထားတယ်။ ပုံနှိပ်စာလုံးတွေ လွတ်နေတဲ့ အပေါ်ပိုင်းနဲ့
အောက်ပိုင်းဘေးဘက်နဲ့ ချောင်ကြားတွေပါမကျန် ညီညီလွင်က သူ အလွတ်ရတဲ့ မြန်မာသီချင်းတွေ အကုန်ရေးထားတယ်။
သင်္ကြန်မိုးကားထဲက သင်္ကြန်သီချင်းတွေ စီးရီးလိုက်ရေးထားသလို ကျနော်တို့ကျောင်းသားဘဝက လက်ဖက်ရည်ဆိုင်တွေမှာ ဖွင့်လေ့ရှိတဲ့ အဆိုတော် ခင်မောင်တိုး၊ စိုင်းထီးဆိုင်တို့ရဲ့ သီချင်းတွေလည်း ပါတယ်။ ခင်မောင်တိုးရဲ့ ကြိုးကြာသံနဲ့ ပန်းခရမ်းပြာ၊ စိုင်းထီးဆိုင်ရဲ့ သဘာဝရဲ့ရင်သွေးငယ်သီချင်းတွေကို ကျနော်တို့ သံပြိုင်ဆိုရင် ကသဲတွေကတောင် ငေးပြီးနားထောင်ကြတယ်။ အခန်းမတူတဲ့ ဗမာတွေအချင်းချင်း အင်္ဂလိပ်ဂရမ်မာ စာအုပ်ကို ငှားကြတယ်။ အင်္ဂလိပ်စာလေ့လာဖို့ မဟုတ်၊ သီချင်းတွေ ဝိုင်းဖွဲ့ဆိုပြီး အပျင်းဖြေတာပါ။
တနေ့ ကျနော်နဲ့ခင်တဲ့ ကသဲသူပုန်တယောက်က “မင်းတို့ အိမ်ပြန်ရတော့မယ်၊ မင်းတို့ပါတီ ရွေးကောက်ပွဲနိုင်တယ်” လို့ လာပြောတယ်။ ပြီးတော့ သတင်းစာ လာပေးတယ်။ အဲဒီကျမှ ၁၉၉၀ ရွေးကောက်ပွဲကို NLD က အပြတ်နိုင်သွားတယ်ဆိုတာ သိရတာပါ။ အဲဒီတုန်းက ကျနော်တို့တတွေ စစ်အစိုးရလုပ်ပေးတဲ့ ရွေးကောက်ပွဲကို မယုံကြည်ဘူး။ ဘာပဲဖြစ်ဖြစ် NLD နိုင်တယ်ဆိုတော့ နည်းနည်းတော့ ပျော်တယ်။
ထောင်ထဲမှာ ကျနော်တို့ကို တလ နှစ်ခါ တရားရုံးထုတ်တယ်။ လူနှစ်ယောက်တတွဲ လက်ထိတ်ခတ်ပြီး ထောင်ပြင်ထုတ်တာပါ။ ကျနော်နဲ့ညီညီက အမှုတွဲဆိုတော့ နှစ်ယောက်တွဲပြီး လက်ထိတ်ခတ်တယ်။ တရားရုံးထုတ်ပြီဆို အဝတ်အစားသန့်သန့် ကောင်းကောင်း ဝတ်ကြတယ်။ ရေမိုးချိုး ဖီးလိမ်းသန့်စင်လေ့ရှိတယ်။ ကသဲတွေကလည်း သူတို့ ဝတ်ကောင်းလှတွေ ငှားပေးတတ်တယ်။ ဒီလူတွေက မဟုတ်တာလုပ်ပေမယ့် သူတို့တရားရုံးကိုတော့ တလေးတစားရှိကြတယ်။
ကျနော်တို့က အင်ဖားအပြင်ဘက် ထောင်ဘယ်လ်(Thoubal)တရားရုံးကို ထုတ်တာဖြစ်တယ်။ တခါတခါ ရုံးးထဲတောင်မဝင်ရဘူး၊ လူပါတယ်ဆိုတာ စာရင်းပြတာနဲ့ လုံလောက်တယ်။ ကျနော်တို့နှစ်ယောက် ထောင်ထဲ အဝင်တခါ၊ အထွက်တခါပဲ တရားရုံးထဲဝင်ဖူးတယ်။ တရားရုံးးထုတ်ရင် အများသူငါ တက်ကြွတယ်။ ဘာလို့လဲဆို ထောင်အပြင်ထွက်ရရင် ဆေးလိပ်တဝကြီးသောက်ရတယ်၊ ခိုင်နီးကို ပါးစောင်အပြည့် ငုံရတယ်။ အပြန်ကျရင် ဆေးလိပ်နဲ့ ခိုင်နီးတွေကို ချောင်ကြိုချောင်ကြားထဲဝှက်လာရင် ထောင်ထဲမှာ စိုပြေတယ်။ အကျဉ်းသားတွေက တရားရုံးထုတ်ရင် ညီညွတ်တယ်။ ထောင်ကားထဲမှာပါတဲ့လူတိုင်း စီးကရက်၊ ခိုင်နီး၊ ဘီဒီ အညီအမျှဝေပေးတယ်။ ငါ့အိမ်ကပေးတာ ငါပိုယူမယ်ဆိုတဲ့စိတ် မထားဘူး။ အကျဉ်းသားအချင်းချင်း ရဲဘော်ရဲဘက်စိတ်တွေ ရှိကြတယ်။
ဒါနဲ့ပဲ ကျနော်နဲ့ ညီညီက စီးကရက်တွေဖွာ၊ ခိုင်နီးတွေငုံနဲ့ မူးနောက်နေတော့တာပဲ။ ကျနော်ဆို ကားမူးတာနဲ့ ခိုင်နီးမူးတာရောပြီး အချုပ်ကားပေါ် အံချလိုက်ရတယ်။ အဲဒီနေ့က ကျနော်တို့ စီးကရက် တယောက်တလိပ်စီရတာ မသောက်ရက်ဘူး။ ညီညီလွင်ဝတ်ထားတဲ့ ဘောင်းဘီရှည်ဂွမှာ စီးကရက် ၂ လိပ်ကိုထည့်ပြီး ဝှက်ထားလိုက်တယ်။ ကျနော်တို့ပြန်တော့ ထောင်တံခါးစောင့် မာဒရာဇီ ကုလားရဲတွေက ဟိုစမ်းဒီစမ်း စစ်ဆေးပေမယ့် မတွေ့ဘူး။ မိလို့ကတော့ အသေအလဲ ရိုက်ပြီး ဒေါက်ခတ်ခံရလိမ့်မယ်။ ညီညီလည်း ကြောက်ကြောက်နဲ့သယ်လာတာ။ အခန်းရောက်တော့ ချက်ချင်းထမင်းစားကြတယ်။
အပြင်ကနေ ထောင်စောင့် ရဲက ကသဲလို... ”ဒီစီးကရက် ဘယ်သူ့ဟာလဲ” လို့ လှမ်းမေးတယ်။ ကျနော်တို့က စကားမတတ်တော့ ရဲကို ဂရုမစိုက်ဘူး၊ မျက်နှာမပျက် ထမင်းစားမပျက်။ ကိုယ့်ဆီက စီးကရက် အခန်းတံခါးဝအဝင် ထွက်ကျနေခဲ့တာလည်း မသိဘူး။ ရဲလည်း ပြန်လစ်သွားတယ်။ နောက်မှ ညီညီက စီးကရက်တလိပ် ပျောက်နေတာကို သိတယ်။ ဒါနဲ့ ကျန်တဲ့ စီးကရက်ကို သွားတိုက်ဆေးတဗူး၊ ရှောစောင်ခြုံလွှာတထည်နဲ့ လဲလိုက်တယ်။ ကျနော်တို့လည်း မီးသွေးခဲနဲ့ သွားတိုက်စရာ မလိုတော့ဘူး။
တနေ့ ထောင်ထဲကို စခန်းက ကျနော်တို့ အဖွဲ့သား ၃ ယောက် ထပ်ရောက်လာတယ်။ သူတို့က ကိုဘရမ်(ကိုသိန်းဌေး) ကိုတင်ဝင်း နဲ့ မီဇိုရမ်စခန်းက ကိုဇင်နိုင်တို့ဖြစ်တယ်။ သူတို့ကိုလည်း အင်ဖားမှာ ရဲကတွေ့ပြီး ဖမ်းထည့်ထားတာ။ ဒါပေမယ့် သိပ်ကြာလိုက်ဘူး။ အိန္ဒိယထောက်လှမ်းရေးက သူတို့ကို အာမခံနဲ့ ပြန်ထုတ်သွားတယ်။ ကိုဇင်နိုင်ပြောလို့သိရတာက ရန်ကုန်နဲ့ မန္တလေးက တက္ကသိုလ် ပါမောက္ခတချို့နဲ့ ဆရာကြီးတချို့ အလုပ်ထုတ်ပယ်ခံရတယ်လို့ သိရတယ်။ အဲဒီမှာ စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင်နဲ့ ကျနော် မန်းတက္ကသိုလ်တက်စဉ် ပါမောက္ခလုပ်ခဲ့တဲ့ ဦးကျော်မြင့်လည်း ပါတယ်လို့ သိရတယ်။ ဆရာတွေအတွက် စိတ်မကောင်းဘူး။
အဲဒီခံစားချက်လေးကို မှတ်သားပြီး သြဂုတ်လ ၈ ရက်၊ ၈ လေးလုံး ၃ နှစ်မြောက်နေ့မှာ အမှတ်တရအနေနဲ့ သီချင်းတပုဒ်ရေးလိုက်တယ်။ ကသဲသူပုန်ပေးတဲ့ ဘောပင်မှင်ချောင်းလေးနဲ့ ရေချိုးဆပ်ပြာပတ်တဲ့ စက္ကူကျောဘက်ကို အသုံးပြုပြီး စာရေးတာဖြစ်တယ်။ ဆပ်ပြာအပတ်စက္ကူတွေ ကျနော်က စုထားတယ်။ ရဲအလစ်မှာ ကဗျာအတို စာအတိုလေးတွေ ရေးပြီး စိတ်ထွက်ပေါက်ရှာရတယ်။ သီချင်းစာသားလေး နည်းနည်းချရေးလိုက်၊ ပေါင်လေးပုတ်ပြီး သံစဉ်လေးငြီးလိုက်၊ စကားလုံးလေးဖြည့်လိုက်နဲ့ နောက်ဆုံးတော့ သီချင်းလေးတပုဒ်ဖြစ်သွားတယ်။ “ဆရာအိုရဲ့ တောက်ခေါက်သံ” ဆိုတဲ့ အဲဒီသီချင်းဟာ ထောင်ကထွက်ပြီး ၄ နှစ်အကြာမှာ တော်လှန်သီချင်းတပုဒ်အဖြစ် အသံသွင်းခဲ့တယ်။
ထူးထူးခြားခြား သြဂုတ်လ တရက်မှာတော့ ထောင်ညွှန်မှူးက ကျနော်တို့ ၈ လေးလုံး ကျောင်းသားအဖွဲ့တွေကို ခေါ်တွေ့တယ်။ အားလုံးပေါင်း ၈ ယောက်။ သူက စာရွက်တရွက်မှာ လက်မှတ်ထိုးခိုင်းတယ်။ ရှေ့နေပါဝါလွှဲတဲ့လက်မှတ်ပါ။ ကျနော်တို့အတွက် ရှေ့နေရပြီ၊ အမှုကို စရင်ဆိုင်ရမယ်လို့ပြောတယ်။ အမှန်တော့ အားလုံးက လွတ်ရက်စေ့နေပြီ။ မြန်မာပြည်ပြန်လွှဲရင် ထပ်ပြီးအဖမ်းခံရမှာစိုးလို့ ဗမာပြည်ပြန်မပို့တော့ဘူး၊ ခက်တာက အိန္ဒိယ တရားဥပဒေအရ နိုင်ငံခြား ခိုးဝင်မှုဟာ အလွန်ဆုံး (၆)လပဲ ချုပ်ပိုင်ခွင့်ရှိတယ်။ ကျနော်တို့အမှုပြတ်ရင် မူလ နိုင်ငံလွှဲလိုက်ရုံပဲ။ ဟိုဘက်မှာ ကျီးထိုးထိုး ခွေးစားစား သူတို့နဲ့မဆိုင်ဘူး။
ဒါပေမယ့် ကျနော်တို့က အစိုးရကိုအာခံတဲ့ သူပုန်တွေဖြစ်နေတယ်။ ပြန်ပို့ရင် အသက်အန္တရယ်ရှိတယ်။ လူ့အခွင့်အရေး ရှုဒေါင့်ကနေကြည့်ရင် ပြန်မပို့သင့်သူတွေ။ ဒါကြောင့် ဒေလီက ရှေ့နေ အန်တီနန်ဒီတာက လူအခွင့်အရေး ရှုဒေါင့်ကနေ ခုခံပြီး ကျနော်တို့ကို ကယ်ထုတ်လိုက်တာဖြစ်တယ်။ တချိန်ထဲမှာ ရှေ့နေပါဝါရတာနဲ့ ကျနော်တို့ကို အာမခံနဲ့ထုတ်ပြီး New Delhi ကို ခေါ်သွားလို့ရအောင်ပါ ကြိုးစားသလို ဒေလီအခြေစိုက် UNHCR အရာရှိနဲ့လည်း ကျနော်တို့အရေး ကြိုတင်ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ထားတယ်။
တလလောက်အကြာ စခန်းက ကိုဂြိုလ်တု မမျှော်လင့်ဘဲ ထောင်ထဲရောက်လာတယ်။ စခန်းကနေ မိုးရေးကိုအဆင်း ဖမ်းမိလို့တဲ့။ ကျနော့်အခန်းထဲမှာပဲ နေရတယ်။ သူပြောပြလို့သိရတာက ဆရာမန်းမြင့်ဆိုင် အိန္ဒိယကနေ ထွက်သွားပြီ။ သူလည်း အိန္ဒိယရဲ့အလိမ်ခံလိုက်တယ်လို့ ယူဆရကြောင်း၊ စခန်းကလူတွေတော့ ခေါင်းဆောင် မရှိတော့ပေမယ့် စိတ်ဓာတ်ကတော့ ခိုင်မာတဲ့အကြောင်း၊ ကိုယ့်ဖာသာ ကျန်းမာရေးကောင်းအောင်နေကြတဲ့အကြောင်း ပြောတယ်။ (ကိုဂြိုလ်တုလည်း တလအကြာမှာ လွတ်မြောက်တယ်လို့ သိရတယ်)။
ထောင်ထဲမှာနေရပေမယ့် ကိုယ့်ဒုက္ခသည်စခန်းက သတင်းအခြေအနေလေးတွေ မကြာမကြာသိရတာလည်း ကံကောင်းခြင်းတမျိုးပဲ။ ကျနော်တို့တတွေကတော့ ထောင်ထမင်း ထောင်ဟင်းစားပြီး လူကတော့ ပြည့်ပြည့်ဖြိုးဖြိုးဖြစ်နေသလို အရင်က ခံစားခဲ့ရဖူးတဲ့ အစာအိမ်ရောဂါလည်း အချိန်မှန်စား၊ အချိန်မှန် အိပ်လို့ လုံးဝ ပျောက်နေပြီ။ ဘယ်အချိန်လွတ်မလဲဆိုတဲ့ မျှော်င့်ချက်နဲ့ပဲ နေထိုင်နေရတယ်။
အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် စက်တင်ဘာ ၁၈ စစ်အာဏာသိမ်းခဲ့တာ ၃ နှစ်ပြည့်မြောက်တဲ့နေ့။ ညနေထမင်းစားပြီး အိပ်ရာတွေခင်းကျင်းနေချိန်၊ ကသဲတန်းစီးက “ဘားမီးစ် ဘားမီးစ်” ဆိုပြီး သံတိုင်တံခါးပေါက်ကနေ အပြင်ကိုကြည့်ရင်း လက်ယပ်ခေါ်တယ်။ ကျနော် ပြေးကြည့်လိုက်တော့ အဆောင် ၂ အဆောင် ၄ မှာ ရှိတဲ့ ဦးဇင်း၊ ချိုစံမောင် နဲ့ ဂိုင်စီတို့ ကိုယ့်ပုံစံခွက်တွေ၊ စောင်တွေ အဝတ်တွေကိုင်ပြီး ထွက်ဖို့ပြင်နေတယ်။ ထောင်ရဲက အခန်းတွေရှေ့ နာမည်တွေရွတ်ပြီးခေါ်နေတယ်။
ညနေအိပ်ခါနီး ၇ နာရီနဲ့ ၉ နာရီအကြား အကျဉ်းသားလွှတ်စာရင်းတွေနဲ့ နာမည်ခေါ်ပြီး ထုတ်သွားတတ်တယ်။ ညီညီလွင်နဲ့ ကျနော်က အမှုတွဲဆိုတော့ အဆောင် ၂ အခန်းထဲက သူ ထွက်မထွက် စောင့်ကြည့်နေတာ..။ ညီညီကိုလည်း မြင်လိုက်ရရော စာမေးပွဲအောင်စာရင်းမှာ ကိုယ့်နာမည်ပါတဲ့အတိုင်း “ FREEDOM” ဆိုပြီး ထခုန်တယ်။ ချက်ချင်း အိပ်ရာတွေသိမ်းလိုက်တယ်။ ကိုယ့်ပိုင်ဆိုင်မှုတွေဖြစ်တဲ့ တဘက်၊ ဆပ်ပြာ၊ သွားတိုက်ဆေးနဲ့ အဝတ်တွေကို ကိုဂြိုလ်တုကို ပေးလိုက်တယ်။ ပြီးတော့ အခန်းတံခါးဝမှာ ထိုင်စောင့်နေတယ်။ မကြာခင် ရဲက လွတ်တဲ့လူနာမည်စာရင်း လာခေါ်တယ်။ တယောက်၊ နှစ်ယောက်၊ သုံးယောက်၊ ကျနော့်နာမည်မပါဘူး။ စောင့်ရတာ ကျနော် စိတ်မရှည်တော့ဘူး။ ထောင်ရဲက ကျနော့်နာမည် မခေါ်ဘဲ လှည့်ထွက်သွားတယ်။
“Hello Hello Please wait please wait” “ကျနော့်နာမည် ကိုညိုပါ၊ ကျနော့်အမှုတွဲကိုခေါ်သွားပြီ၊ ကျနော့်နာမည် ပြန်စစ်ပေးပါအုံး၊ မေ့ကျန်နေတာလားဆိုတာ” ကျနော် အင်္ဂလိပ်လို မေးတယ်။ စာရင်းကိုင်ရဲကလည်း ပြန်ကြည့်ပေးရှာတယ်။ စာလုံးပေါင်းတောင်မေးလိုက်သေးတယ်။ ပြီးတော့ ခေါင်းခါတယ်။ ထောင်ရဲက အခန်းတံခါးကို ဆောင့်ကန်ပြီး သော့ခတ်လိုက်တယ်။
အဲဒီအခိုက်အတန့် တယောက်ယောက်ကများ ကျနော့် မျက်နှာကို အကဲခတ်ကြည့်နေရင် ငို၍ ရယ်၍ မရသောမျက်နှာပုံစံကို တွေ့ရမယ်ထင်တယ်။ စိတ်ဓာတ်အတော်ကျသွားတယ်။ စာရင်းကိုင်ကြီး နောက်တခေါက်လာလေမလားဆိုပြီး တံခါးနားကမခွာသေးဘဲ စောင့်နေတယ်။ အိပ်ချိန်နီးပြီး ဒါပေမယ့် အိပ်ရာ မခင်းသေးဘူး။ စောင်ခေါက်ပုံကြီးကို ပွေ့ထားတုန်း။ ထောင်အမှုထမ်းတယောက်တယောက် စာရွက်ကိုင်ပြီးလျှောက်လာရင် ကိုယ့်နာမည်လာခေါ်မယ့်သူလားဆိုပြီး လည်ပင်းတဆန့်ဆန့်နဲ့။
ကိုဂြိုလ်တုက “လာပါ ဘရောင်းရယ် ငါတယောက်လုံး ကျန်ပါသေးတယ်” လို့ နှစ်သိမ့်တာတောင် မခံနိုင်ဘူး။ ကျုပ်က ကြာပြီဗျ ... လို့ အားတောင်မနာဘဲ ပြန်ပြောလိုက်တယ်။ ကျနော့်နားကို အခန်းရဲ့တန်းစီးနဲ့ ကသဲမိတ်ဆွေတွေ တယောက်ပြီးတယောက် လာအားပေးကြတယ်။ မနက်ဖြန် ထွက်ရမှာပါ၊ စိတ်မပူပါနဲ့ မင်းတယောက်ထဲ ချန်မထားပါဘူးဆိုပြီး နှစ်သိမ့်ကြတယ်။
အခန်းထဲက လူတွေ အားလုံးအိပ်တဲ့အထိ ကျနော် မအိပ်နိုင်ဘူး။ ကျနော်တို့အားလုံး (၈) ယောက်ထဲက ကျနော်တယောက်ထဲ ကပ်ကျန်နေတာ ဘာ့ကြောင့်လဲ၊ ဘာ့ကြောင့် ငါ့ကို မလွှတ်တာလဲဆိုတဲ့အဖြေကို စဉ်းစားလို့မထွက်ဘူး။ ညအိပ်တော့လည်း ကသဲ ရဲကြီး ကျနော့်နာမည်စာရင်းလာခေါ်တယ်လို့ ဂယောင်ချောက်ခြား အိပ်မက်တွေမက်ပြီး ငုတ်တုတ်ထထိုင်မိတာတွေတောင်ဖြစ်တယ်။ တညလုံး ကောင်းကောင်း မအိပ်နိုင်ဘူး။
စက်တင်ဘာ ၁၉ ရက် မနက်ဟာ မိုးသားကင်းစင်ပြီး နေသာတဲ့ လှလှပပ ရာသီဥတုပါ။ ဒါပေမယ့် ကျနော်ကတော့ အထီးကျန်နေတယ်။ ကြေကွဲ ဝမ်းနည်းနေတယ်။ ကိုယ်နဲ့ ခါတိုင်းလို စကားပြောဖော်တွေ မရှိတော့ဘူး။ ကသဲ အကျဉ်းသားတချို့က ကျနော့်ကိုလွှတ်မပေးလို့ မေးခွန်းတွေလာမေးတယ်။ ကိုယ်လည်းမဖြေနိုင်။ ငိုင်တိ ငိုင်တိုင်။ နေ့လည်စာထမင်းကို အသားဟင်း စပယ်ရှယ်နဲ့ ကျွေးမှာမို့ လူတိုင်း ထမင်းစားဖို့ တက်ကြွနေတယ်။
ကျနော်ကတော့ မပျော်ဘူး။ အဓိပ္ပာယ်မရှိဘဲ ထောင်ထဲနေရတာထက်စာရင် တိုက်ရင်း ခိုက်ရင်း သေသွားတာကမှ မြတ်သေးတယ်။ အခုတော့ တော်လှန်ရေးလုပ်ဖို့လာတာ ... ထောင်ထဲ မှာ ဘိန်းစားတွေ၊ သူခိုးဂျပိုးတွေ၊ မုဒိန်းသမားတွေ၊ ဒုစရိုက်သမားတွေနဲ့ အတူတူနေနေရတဲ့ဘဝကို ရွံလာတယ်။ အဆိုးတွေချည်း တွေး၊ အဆိုးတွေချည်း မြင်နေတယ်။ စိတ်ဓာတ်တွေ တစပြီးတစ ကျကျလာတယ်။ မကြာခင် ထမင်း အိုး ဟင်းအိုး တွန်းလှည်းနဲ့ အထမ်းသမားတွေဝင်ဖို့ သံတံခါးကြီးဖွင့်လိုက်တော့ အကျဉ်းသားတွေ ကိုယ့်ပုံစံခွက်ကို ကိုယ် အပြေးသွားယူပြီး အုတ်ကန်က ရေနဲ့ ဆေးကြောကုန်ကြတယ်။ ကျနော်လည်း စိတ်မပါ့တပါနဲ့ ကိုယ့်ပန်းကန် ကိုယ်ဆေးရင်း အင်း ... အဓိပ္ပာယ်မဲ့ အသက်ရှင်ဖို့ ထောင်ထမင်းတနပ် ထပ်စားရအုံးမှာပါလားလို့သာ တွေးနေမိတယ်။
အဲဒီအချိန်မှာ ရဲတယောက် ဝင်လာတာ သတိထားမိပေမယ့် ကျနော်လည်း ကိုယ်နဲ့မဆိုင်သလို ဥပက္ခာပြုထားတယ်။ “ဟေး ... ဘားမီးစ် Release ... Release ” လို့ အခန်းထဲက ကသဲတယောက်ကျနော့်ကို “လွှတ်ပြီ လွှတ်ပြီ” လို့ လှမ်းခေါ်တယ်။ ရဲကလည်း လက်ယပ်ခေါ်တယ်။ အခန်းထဲက ကသဲ မိတ်ဆွေတချို့ ထမင်းစားတန်းစီနေရင်း ပုံစံထမင်းပန်းကန်းတွေနဲ့ ရေခွက်တွေခေါက်ပြီး သြဘာပေးကြတယ်။ ကျနော်လည်း အဝတ်အစား ကမန်းကတန်းလဲ၊ ထမင်းပန်းကန်နဲ့ခွက်တွေ စောင်တွေကိုလုံးထွေးပြီး ရဲနောက်ကနေ လိုက်သွားတယ်။ စပယ်ရှယ် ထမင်းတောင် မစားနိုင်ဘူး။ ထောင်သံတံခါး ၂ ထပ်ကျော်ပြီး ရုံးခန်းထဲ ဝင်တယ်။ ရဲတယောက်က ကျနော့်နာမည်နဲ့ အဖေနာမည် သေချာမေးတယ်။ ကိုယ်ပေါ်က အမှတ်အသားတွေ သေချာစစ်တယ်၊ ရဲအချင်းချင်း တယောက်နဲ့တယောက်ကြည့် ရယ်နေတယ်။
ကျနော့်စိတ်ထဲ တခုခုဖြစ်နေတာနဲ့ မေးလိုက်တယ်။ “ကျနော့်ကို ဘာကြောင့်မနေ့က မလွှတ်တာလဲ” ရဲအရာရှိတယောက်က “မင်းရဲ့နာမည်နဲ့ အမှုတွဲက လွဲနေလို့၊ ငါတို့စာရင်းမှာတွေ့တဲ့ ကိုညိုဆိုတာ မူးယစ်အမှု” တဲ့။ အဲဒီတော့မှ ကျနော် သတိထားမိတယ်။ ထောင်ထဲမှာ ကိုညို နာမည်တူ တယောက်ရှိတယ်။ ဟိုတယောက်က တမူးမှာနေတဲ့ ကိုညို၊ ဘိန်းဖြူသယ်ဆောင်မှုနဲ့ ကျနော့်ထက်အရင် ထောင်ကျနေတာ။ အဲဒီတမူး ကိုညိုနဲ့နာမည်တူလို့ အရင်တခါကလည်း ကျနော့် ငပိကြော်ပုလင်း မှားယူသွားပြီးပြီ။ ဒုက္ခသည်စခန်းကရဲဘော်တွေ ပင်ပင်ပန်းပန်း ထင်းတွေခုတ်ပြီး ကျနော်တို့ထောင်ထဲကလူတွေစားဖို့ ငပိကြော်ပုလင်း လှမ်းပို့တယ်။ အဲဒီ တမူးကိုညိုက သူ့ပုလင်းဆိုပြီး ဖြတ်ခုတ်သွားဖူးတယ်။ ကျနော်ကတော့ ကိုယ့်ဆီ အဲလို အပြင်ကလာပို့မယ့်လူ မရှိဘူးလို့ပဲ မှတ်ထင်ထားတာကိုး ...။
အစားအသောက်ကို မက်တာမဟုတ်ပေမယ့် ကိုယ်လူတွေက ရဲဘော်ရဲဘက်စိတ်နဲ့ ထောင်ထဲက လူတွေကို သတိတရ ထင်းခုတ် ငွေစုပြီး ပို့ပေးတဲ့ ငပိကြော်ကိုတော့ လိုချင်ပါတယ်။ အခု ကျနော် လွတ်မြောက်ပါပြီ။ ကျနော့် စိတ်ဟာ ပေါ့ပါးနေတယ်။ မျက်စေ့ထဲ မြင်မြင်သမျှအရာအားလုံး လှနေတယ်။ စိတ်က မြူးကြွနေတယ်။ လွတ်လပ်မှုရဲ့အရသာကို တကယ်ပဲ အားရပါးရ ခံစားလိုက်ရတယ်။
ကျနော် ကပ်ချင်း(Kakching)မှာ အချုပ်ကျတာက ဒီဇင်ဘာလ ၁၉ ရက် ၁၉၈၉ ခုနှစ်၊ အခုလပြန်လွတ်တော့ စက်တင်ဘာလ ၁၉ ရက် ၁၉၉၀။ စုစုပေါင်း (၉)လ တိတိပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ထောင်ဘူးဝ မထွက်ခင် သံတံခါးကြီးနားမှာ ကုလားထိုင်ပေါ်ထိုင်နေတဲ့ ဆန်နီရှေးဗားကို ထပ်တွေ့ရတယ်။ ထောင်ထဲဝင်ခါစက မင်းဟာ သူခိုးပဲလို့ ကျနော့်ကို စခဲ့တဲ့ တွဲဘက်ထောင်မှူးကြီးကို အထွက်လည်း ဒီနေရာမှာပဲ တွေ့ရပြီ။ ဝတ္တုဆန်တဲ့ တိုက်ဆိုင်မှုပဲ။ ကျနော့်ကိုသူ မှတ်မိတဲ့အပြုံးနဲ့ ပြုံးပြတယ်။ ပြီးတော့ သူ့ထုံးစံအတိုင်း ခပည်တည်နဲ့ “Never come back again here” မင်း ဒီနေရာကို ဘယ်တော့မှ ထပ်ပြီးမလာနဲ့တော့” လို့ ပြောတယ်။ ကျနော်ကလည်း “ အသေအချာပဲ၊ ကျနော် ဘယ်တော့မှ ဒီနေရာ နောက်ထပ်ရောက်တော့မှာ မဟုတ်ဘူး” လို့ ပြန်ပြောလိုက်တယ်။
ထောင်အပြင်ရောက်တော့ ကျနော်တို့ကို နယူးဒေလီကနေလာခေါ်တဲ့ ကိုနေမျိုးအောင် ကို မျက်မှန်ကြီးတကားကားနဲ့ လာကြိုတာ တွေ့ရတယ်။ ကျနော်ထွက်ရတော့မယ်ဆိုတာ သေချာသွားတာနဲ့ ရေကန်လေးထဲ ပစ်ထားခဲ့လိုက်တယ်။ မျက်စေ့တခုလုံး နီရဲနေပြီး မျက်မှန်တပ်မထားတာကို သတိထားမိတဲ့ ကိုနေမျိုးအောင်က “ခင်ဗျား မျက်မှန်ရော” လို့ မေးတယ်။ “ကွဲသွားပြီ” “ရော့ ဒါ တပ်ကြည့်စမ်း၊ ရလား” ကျနော် သူ့မျက်မှန်တပ်ကြည့်တော့ ကြည့်လို့ အားမရတာကလွဲလို့ တော်တော်လေး ကြည်ကြည်လင်လင်မြင်ရတယ်။ “ကောင်းတယ်၊ မြင်ရတယ်” “တပ်ထားလိုက်၊ ကျနော်က မျက်မှန်မပါလည်း မြင်ရသေးတယ်”
ထောင်အပြင်ဘက် တက္ကစီရှိရာလမ်းလျှောက်နေရင်း မျက်မှန်နဲ့ဆိုတော့ ဟိုကြည့် ဒီကြည့် လိုက်ကြည့်တယ်။ ကျနော် ခပ်ဝေးဝေး မြင်ကွင်းတွေမကြည့်ဖြစ်တာ အတော်ကြာပြီ။ နောက်မှာ ကျန်ခဲ့တဲ့ အင်ဖားထောင်နံရံကြီးကို လည်ပြန်ကြည့်ဖြစ်အောင်ကြည့်လိုက်သေးတယ်။ ကျနော် နောက်ပိုင်း သတင်းထောက်ဖြစ်တော့ အင်ဖားထောင်နံရံကြီးကို လှမ်းမြင်တိုင်း တနေ့တော့ ဒီထဲကို ကင်မရာတွေနဲ့လာပြီး မှတ်တမ်း Video (Documentary Film ) လေး ရိုက်ဖို့လာအုံးမယ်လို့ စိတ်ကူးယဉ်ကြည့်ခဲ့ဖူးတယ်။ ကိုလိုနီခေတ် ၁၈၉၀ ကတည်းက ဆောက်ထားတဲ့ အင်ဖားထောင်ကြီးထဲမှာ ကျနော်တို့ဟာ တိုက်တိုက်ဆိုင်ဆိုင် ထောင်ကြီးရဲ့ သက်တမ်း နှစ် ၁၀၀ ပြည့်တဲ့ ရာပြည့်နှစ်မှာ လွတ်မြောက်လာတာပါ။
၈၈ မှာမွေးတဲ့ သာမန်လူငယ်တွေရဲ့ ၂ နှစ်တာ တော်လှန်ရေးခရီးဟာ အဖုအထစ်တွေ၊ အခက်အခဲတွေ၊ အချီးအနှီးသက်သက်တွေနဲ့ ပြီးဆုံးခဲ့တယ်လို့တော့ ကျနော် မထင်ခဲ့ဘူး။ ကျနော်တို့ရဲ့ ဖြတ်သန်းခဲ့မှုတွေဟာ အာဏာရှင်စနစ်အမြစ်ဖြတ်ရေးဆိုတဲ့ တိုက်ပွဲထဲမှာ သေးငယ်တဲ့ အစိတ်အပိုင်းတခု ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် သံမဏိအပ်တချောင်းလို ချွန်ထက်မာကြောပြီး ရဲရဲတင်းတင်း ထွင်းဖောက်နိုင်တဲ့ သေးငယ်မှုမျိုးနဲ့ပါ။
နယ်စပ် ဒုက္ခသည်စခန်းကျဉ်းကျဉ်းလေးနဲ့ ထောင်နံရံထဲမှာ ၂ နှစ်တာဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေဟာ ဒီကနေ့ ၈ လေးလုံး အနှစ်အစိတ်ရောက်လာတဲ့အခါ အိပ်မက်လိုလိုဖြစ်နေပေမယ့် မမေ့နိုင်တဲ့ အိပ်မက်ရှည်ကြီးတခုပါပဲ။ ဖြတ်ခဲ့ရတဲ့ကာလတွေကို လည်ပြန်တွေးရင်း ကျနော်တို့ရဲ့ ပစ္စပ္ပန်တည့်တည့်ကို ပြန်ကြည့်လိုက်တော့ တော်လှန်ခရီးဟာ မပြီးသေးတဲ့ ပန်းချီကားတချပ်လိုပါပဲ။
ကိုယ်ဆွဲလို့ မပြီးခဲ့တဲ့ ပန်းချီကားကို ကိုယ့်ညီငယ် မောင်မယ်မျိုးဆက်သစ်တွေအလှည့်မှာ လှလှပပ ခန့်ခန့်ငြားငြား အပြီးသပ်ရေးဆွဲသွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဒီနေရာမှာပဲ မခန့်ငြား မလှပ မထည်ဝါတဲ့ ကျနော့်ရဲ့ အိန္ဒိယနယ်စပ် ၂ နှစ်တာဖြတ်သန်းမှု (၁၉၈၈-၁၉၉၀) ဘဝအတွေ့အကြုံ ရေးသားမှုကို ရပ်နားလိုက်ပါ့မယ်။ ။
ကိုညို
၀၆၊ ဇွန် ၂၀၁၃
No comments:
Post a Comment