Monday, June 24, 2013

တိုက်ပုံဝတ်ကြရပါမယ်


ဟိုတနေ့က ဖျာပုံက အသိတချို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်နေတုန်းမှာ တယောက်က ဒန်ပေါက်သွားဝယ်လိုက်ဦးမယ် ဆိုပြီး ပြောပါတယ်။ အဲ့ဒီမှာတင် နောက်တယောက်က
ထပြောလိုက်တယ်၊ အဲ့ဒီဆိုင်မှာသွားမ၀ယ်နဲ့၊ ဗမာရောင်းတဲ့ ဆိုင်မှာပဲ ၀ယ်တဲ့။

အဲ့ဒီလို မွတ်စလင်ဆန့်ကျင်ရေးအမြင်တွေဟာ ဗုဒ္ဒဘာသာဝင် ဘယ်လောက်များများမှာ ရှိနေပြီလဲဆိုတာ မသိပေမဲ့ ဗုဒ္ဒ ဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကြားမှာ အက်ကြောင်းကြီးတခု ထင်နေပြီဆိုတာတော့ သေချာပါတယ်။ ဒါဟာ ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရှေ့ရေးအတွက် ကောင်းတဲ့လက္ခဏာတရပ်တော့ မဟုတ်ပါဘူး။ ဒီ နိုင်ငံမှာ လူနည်းစုဖြစ်နေတဲ့ မွတ်စလင်တွေရဲ့ အနေအထားကို စာနာမိသလို၊ တခြားနိုင်ငံတွေမှာ လူနည်းစုပြန်ဖြစ်နေ တဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အနေအထားရော ဘယ်လိုများရှိနေမလဲလို့ တွေးနေမိပါတယ်။

ငယ်ငယ်က ဘုရား ဘာလို့ရှိခိုးလဲ မေးရင် ကုသိုလ်ရချင်လို့ လို့ပဲ ဖြေခဲ့ပါတယ်၊ ဘုရားရိုက်မှာကိုလည်း အရမ်းကြောက်ခဲ့ တာပေါ့။ ရွတ်လိုက်တဲ့ ဂါထာတွေလည်း မနည်းမနောပါ။ အဓိပါယ်တော့ တခုမှ နားမလည်ပါဘူး၊ နားလည်ဖို့လည်း မကြိုးစားခဲ့ပါဘူး။ ကျနော့်ရဲ့ ဘာသာတရား ယုံကြည်မှုဟာ အကြောက်တရားကို အခြေပြုတဲ့၊ ကိုယ်ကျိုးရလိုမှုကို ရှေ့ တန်းတင်တဲ့ မျက်ကန်းယုံကြည်မှုတခု ဖြစ်နေခဲ့ပါတယ်။ တကယ်တော့ ကျနော်တို့တွေ မြတ်စွာဘုရားကို ကိုးကွယ်ကြ တာ တန်ခိုးရှင်၊ ဖန်ဆင်းရှင်၊ ကယ်တင်ရှင်တဦးအနေနဲ့ ကိုးကွယ်တာ မဟုတ်ပါဘူး။ ပညာအရာမှာ အတုမရှိသူ၊ လော ကလူသားအပေါင်းပေါ်မှာ တတန်းတည်းသော မေတ္တာတရားကို အနှိုင်းမဲ့လောက်အောင် ထားခဲ့သူ၊ ဘယ်ဟာ မကောင်းမှု၊ ဘယ်ဟာ ကောင်းမှုဆိုတာကို လမ်းညွှန်ပြသခဲ့သူအနေနဲ့ ကိုးကွယ်ယုံကြည်ကြတာပါ။

ဗုဒ္ဒဘာသာဝင်တွေ ကိုးကွယ်အားထားတာက ဘုရား တရား သံဃာ ဆိုတဲ့ ရတနာသုံးပါးပေါ့။ ဘုရားဆိုတာ သစ္စာလေး ပါးကို ကိုယ်တိုင်သိမြင်တော်မူတဲ့ သူလို့ အဓိပါယ်ရတယ်။ တရားဆိုတာက ကံ ကံ၏အကျိုးပေါ့။ သံဃာဆိုတာကတော့ မြတ်စွာဘုရား ဟောကြားခဲ့တဲ့အတိုင်း ကိုယ်တိုင်လည်း ကျင့်ကြံနေထိုင်တယ်၊ အဲ့ဒီတရားတော်တွေ မပျောက်ပျက် အောင်လည်း ထိန်းသိမ်းစောင့်ရှောက်တယ်၊ အများပြည်သူကိုလည်း ဟောကြားပြသပေးတယ်။ ဒီသံဃာတော်တွေ သာမရှိရင် မြတ်စွာဘုရားရဲ့ တရားတော်တွေကို ကျနော်တို့ ဘယ်နာကြားခွင့်ရနိုင်ပါ့မလဲ။ E=mc2 သီအိုရီအတွက် အိုင်းစတိုင်းက အဓိက ဆိုပေမဲ့ ကိုယ့်ကို ပြန်သင်ပေးတဲ့ အတန်းထဲက ဆရာမရဲ့ ကျေးဇူးကလည်း အနှိုင်းမဲ့ဆိုတာ မေ့ ထားလို့ မရပါဘူး။

တချို့ကပြောကြတယ်၊ ဘုန်းကြီးတွေ နိုင်ငံရေး မလုပ်သင့်ဘူးတဲ့။ နိုင်ငံရေးဆိုတာဟာ လွှတ်တော်တက်တာ၊ မဲဆွယ် တာ၊ ရွေးကောက်ပွဲဝင်တာ၊ ဥပဒေပြုတာတွေလို့ပဲ သတ်မှတ်မယ်ဆိုရင်တော့ ဟုတ်တာပေါ့၊ သာသနာနဲ့ ဒါတွေနဲ့ ဘာမှ မှမသက်ဆိုင်တာဘဲ။ ဒါပေမဲ့ နိုင်ငံရေးဆိုတာဟာ နိုင်ငံသားအားလုံးရဲ့ အရေးလို့ ခံယူတတ်မယ်ဆိုရင်တော့ ဒီအယူအ ဆဟာ အင်မတန်မှကို မှားယွင်းသွားပါတယ်။

၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတုန်းက သံဃာတော်တပါးက မိန့်သွားဖူးတယ်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်လို့ပါ တဲ့။ အဲ့ဒီတုန်းက သံဃာတော်တွေဟာ အကြမ်းမဖက်ဘဲနဲ့ တကယ့်ကို ငြိမ်း ငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာပါ၊ ပုဂ္ဂိုလ်ရေးအကျိုးမျှော်ကိုးမှု လုံးဝမပါဝင်ခဲ့သလို၊ ရန်လိုအမုန်းထားမှုတွေလည်း မရှိခဲ့ ပါဘူး။ ပရဟိတအလုပ်တွေ ဆောင်ရွက်နေတဲ့၊ အလှူအတန်းတွေ အမြောက်အများလုပ်နေတဲ့ သီတဂူဆရာတော်ကြီး၊ ဆရာတော် မေတ္တာရှင် (ရွှေပြည်သာ) စတဲ့ ဆရာတော်တွေလည်း စစ်အစိုးရရဲ့ အုပ်ချုပ်မှုတွေ လုပ်ရပ်တွေအကြောင်း ကို ဝေဖန်ကြတာပါပဲ၊ အမျိုးသားရေးစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ် ရှိကြတာပါပဲ။ ဒါပေမဲ့ အစွန်းတော့ မရောက်ကြဘူး။ ဒကာ ဒကာမတွေကို နိဗာန်ရောက်ကြောင်း တရားတွေတင် မဟုတ်ဘဲ ဘ၀နေနည်းတွေကိုပါ ဟောကြ ပြောကြတယ်၊ တိုင်းပြည်လိုအပ်ချက်အရ လူမှုရေးလုပ်ငန်းတွေလည်း လုပ်နေကြတယ်။

ပဲခူးဘက်မှာ ရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ဆရာတော်တပါးကတော့ ပြောဖူးတယ်၊ ဘုန်းကြီးတို့လည်း အေးအေးဆေးဆေး ၀ိပသနာတရားတွေ အားထုတ်ချင်တာပေါ့၊ ဒါပေမဲ့လည်း ကိုယ့်လူမျိုးတွေအတွက် လိုအပ်နေတော့ ဒါတွေလုပ်နေကြရတယ်၊ လူတယောက်ရဲ့တန်ဖိုးကို သူဖြတ်သန်းသွားတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်တွေကို ဘယ်လောက်ထမ်းဆောင်သွားတယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲဆိုတဲ့ ဆရာကြီး ဗန်းမော်တင် အောင် ရဲ့ စကားလိုပေါ့။ ဘုန်းကြီးတို့အားလုံးလည်း တာဝန်ကျေတဲ့သူတွေ တန်ဖိုးမြင့်တဲ့သူတွေဖြစ်အောင် ကြိုးစား ရမှာပေါ့ တဲ့။

ဒီဆရာတော်ကြီးတွေဟာ နိုင်ငံရေးလုပ်နေတာလား ဆို ဟုတ်ပါတယ်၊ နိုင်ငံရေး လုပ်နေတာပါ၊ နိုင်ငံသားတွေရဲ့ အရေး ကို လုပ်နေတာပါ၊ ဘုရားဟောနဲ့ မဆန့်ကျင်သလို၊ မုန်းတီးရေးတရားတွေ မပါပါဘူး၊ ငြိမ်းချမ်းရေး တိုးတက်ရေးကိုပဲ ဟောကြ ပြောကြ ဆောင်ရွက်ကြတာပါ။

နှမြောတွန့်တိုသူကို ပေးကမ်းခြင်းဖြင့် အနိုင်ယူမည်။
အကျင့်ပျက်သူကို အကျင့်ကောင်းဖြင့် အနိုင်ယူမည်။
အမျက်ဒေါသထွက်သူကို မေတ္တာဖြင့် အနိုင်ယူမည်။
လိမ်ညာပြောဆိုသူကို အမှန်တရားဖြင့် အနိုင်ယူမည်။

မြတ်စွာဘုရားက ဒီလိုဟောကြားခဲ့တာပါ။ ဓါးနဲ့ခုတ်သူကို တုတ်နဲ့ပြန်ရိုက်ဖို့ ဟောခဲ့တာ မဟုတ်ပါဘူး။ မြတ်စွာဘုရား ဟောကြားခဲ့သမျှကို အတိုဆုံးပြောပါဆို မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထားလို့ ဆိုရပါမယ်။ ကျနော်တို့ဝါဒရဲ့ အခြေခံအကျဆုံး အယူအဆကတော့ ကံ ကံ၏အကျိုးပါ၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်၊ လှလှလေး ပြောရရင်တော့ ကိုယ့်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာ မည်ပေါ့။ ဒါဟာ တကယ်တော့ မြတ်စွာဘုရား ထုတ်ခဲ့တဲ့ ဥပဒေတရပ် မဟုတ်ပါဘူး၊ မြတ်စွာဘုရား ရှာဖွေတွေ့ရှိခဲ့တဲ့ လောကနိယာမ တခုပဲ ဖြစ်ပါတယ်။ လောကနိယာမ ဖြစ်တဲ့အတွက် ဘယ်ဘာသာ ဘယ်လူမျိုးအတွက်မဆို မှန်ကန်နေ မဲ့ Global teaching ပဲ ဖြစ်ပါတယ်။

တကယ်တော့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ပိုင်ခွင့်ဟာ လူတယောက်ရဲ့ ကိုယ်ပိုင်အခွင့်အရေးတခုပဲ ဖြစ်ပါတယ်။ ဆရာကြီး ဦးဆန်းလွင်ရဲ့ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူတယောက်အကြောင်းစာအုပ်မှာ သူ့ ဘ၀ရဲ့ ဖြတ်သန်းမှုတွေကို တွေ့ရပါတယ်။ ပထမဆုံး အစ္စလာမ်ဘာသာဝင်အဖြစ် မွေးဖွားလာတယ်၊ လေ့လာကြည့် တယ်၊ အဲဒီနောက် ခရစ်ယာန်ကို ပြောင်းတယ်၊ လေ့လာကြည့်တယ်၊ နောက်ဆုံး ဗုဒ္ဒဘာသာကို လေ့လာတယ်၊ နောက် ဆုံးမှာတော့ အသက်ထက်ဆုံး ကိုးကွယ်သွားတယ်။ တကယ်တော့ ဘာသာတရားဟာ ဒီလိုပဲဖြစ်ရပါမယ်၊ ဘာသာတခု ချင်းစီမှာ အနှစ်သာရတွေ ရှိကြတယ်၊ ဒါတွေကို စိတ်တိုင်းကျ လေ့လာ၊ ပြီးရင် ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ရုံပါပဲ။

ကျနော်တို့တွေက ကိုယ့်ဘာသာထဲကို ဘာသာခြားတယောက် ကူးပြောင်းလာတယ်ဆို ဂုဏ်ယူကြတယ်၊ အဲ၊ ကိုယ့် ဘာသာဝင်တယောက် တခြားဘာသာထဲ ပြောင်းသွားရင်တော့ နာလို့မဆုံးဘူး။ ဒါဆို တဖက်ကကြည့်ရင်ရော၊ ဒီဘာ သာရဲ့ ဂုဏ်ယူစရာက နောက်ဘာသာအတွက် နာကျည်းစရာကိစ္စ၊ ကာကွယ်ရမဲ့ကိစ္စကြီး ဖြစ်နေမှာပေါ့။ ဒီလိုသာဆို ဘယ်လိုလုပ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ကြမှာလဲ။ ကျနော်တို့တွေ ဘာသာရေးယုံကြည်မှုကို လူ့အခွင့်အရေး တရပ်လို့ မြင်ရပါမယ်။ ကိုယ်တွေချည်း သီးသန့်နေလို့ မရတော့တဲ့ Globalization Age မှာ ကျနော်တို့တွေ ကမ္ဘာကြည့် ကြည့်တတ်ဖို့လည်း လိုပါတယ်။

တကယ်တော့ ပြင်ပမှာ မုန်တိုင်းဘယ်လောက်ထန်ထန်၊ ကိုယ့်အိမ် ကိုယ့်အဆောက်အဦးကသာ ခိုင်ခံ့မယ်ဆို စိတ်ပူ နေစရာ မလိုပါဘူး။ နောက်ပြီး ဒီပြဿနာရဲ့ အဖြေက မုန်တိုင်းဆီမှာ ရှိမနေပါဘူး၊ အချိန်မရွေး ပြိုလဲသွားနိုင်တဲ့ ယိုင်နဲ့နဲ့ ကိုယ့်အိမ်မှာသာ ပြဿနာအရင်းအမြစ်က ရှိနေတာပါ၊ ဒါကို ဖြေရှင်းကြရမှာပါ။ အဓိကအနေနဲ့တော့ ကိုယ့်ရဲ့ ဘာသာ တရားက ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေနိုင်ဖို့ လိုပါတယ်။ အကြမ်းဖက်မှုနဲ့ တွဲနေတဲ့၊ အစွန်းရောက်မှုတွေနဲ့ ခြယ်သ ထားတဲ့ အယူဝါဒတရပ် ဖြစ်နေလို့ မရပါဘူး။ ကိုယ့်ဘာသာနဲ့ပတ်သက်ပြီးသာ ဂုဏ်ယူတတ်ကြမယ်ဆိုရင် တခြားဘာ သာကို ပြောင်းသွားဖို့ဆိုတာ မဖြစ်နိုင်တော့သလောက်ပါပဲ။ ကျနော့်လေ့လာမိသလောက်လေး ပြောရရင်တော့ တခြား ဘာသာဝင်တွေ ကျနော်တို့ဘက် ဘယ်အချိန်ပြောင်းလာလဲဆို ဘာသာရေးကို သိပံ္ပနည်းကျ ဆန်းစစ်မိတဲ့အခါ ပြောင်း လာလေ့ရှိပါတယ်၊ ဒါ ကိုယ့်ဘာသာမို့လို့ အမွှန်းတင်နေခြင်း မဟုတ်ပါဘူး၊ ဗုဒ္ဓ၀ါဒဟာ သိပံနည်းကျ ၀ါဒဖြစ်တယ်၊ ဝေ ဖန်ဆန်းစစ်မှုကို အလေးထားတယ်ဆိုတာကို အားလုံးက လက်ခံထားပြီးသားပါ။ ကျနော်တို့ဘာသာဝင်တွေ ဘယ်အ ချိန် ဘာသာပြောင်းလဲဆိုရင်တော့ ဘ၀က မှောင်အတိကျနေတဲ့အခါမှာပါ။ ဘာလို့ဆိုတော့ ကိုယ့်ဘာသာဝင်အချင်းချင်း ထဲက ကယ်မယ့်ကူမယ့်သူ မရှိလို့ပါပဲ။

အနာကြီးရောဂါသည်တယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ကို ဖတ်ဖူးပါတယ်၊ သူ ဒီရောဂါဖြစ်တဲ့အချိန်မှာ ဗုဒ္ဒဘာ သာဝင်တွေက အနားတောင် ကပ်မခံတော့ဘူး၊ ၀ိုင်းပယ်ထားလိုက်ကြတယ်၊ အဲ့ဒီအချိန်မှာပဲ ခရစ်ယာန်သာသနာပြု ဘုန်းတော်ကြီးတပါးက ရောက်လာပြီး ကြင်ကြင်နာနာ နွေးနွေးထွေးထွေး ဆက်ဆံတယ်၊ ငွေကြေးကအစ လိုအပ်တာ မှန်သမျှ ကူညီပေးတယ်၊ နောက်တော့ သူတို့ဘာသာထဲ ၀င်မလားလို့ မေးတော့ သူ စဉ်းတောင်စဉ်းစားမနေတော့ဘဲ ၀င်ပစ်လိုက်တယ် တဲ့။ ကျနော်တို့တွေဟာ မေတ္တာသုတ်ကိုတော့ အမြဲမပြတ် ရွတ်လေ့ရှိကြတယ်၊ ဒါပေမဲ့ ကာယကံ မြောက် မေတ္တာထားနိုင်တဲ့အပိုင်းမှာတော့ အင်မတန်မှကို အားနည်းနေပါသေးတယ်။

ဆရာကြီး မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော် စာအုပ်ထဲမှာလည်း ဒီအတိုင်းပါပဲ၊ ပြင်သစ်ဘုန်းတော်ကြီး တပါးက အရမ်းကို ဆင်းရဲစုတ်ပြတ်နေတဲ့ နေရာတခုမှာ ဘုရားသခင်အပေါ် ယုံကြည်မှုတခုတည်းနဲ့ အပင်ပန်း ဆင်းရဲခံ သာသနာပြုသွားတဲ့အကြောင်းလေး ဖတ်ရဖူးပါတယ်။ ဖတ်နေစဉ်တလျှောက်လုံးမှာ ကျနော်အရမ်းကို ကြည်ညိုနေမိပါ တယ်၊ ဘာကိုလဲဆိုတော့ သူ့ရဲ့ မေတ္တာတရားကိုပါ။

ဟိုတလောလေးက ဖျာပုံမှာရှိတဲ့ သာစည်ဘုရားကို သွားဖြစ်ပါတယ်။ မဟာစင်မုန်တိုင်းသတင်းတွေ ထွက်နေတဲ့အချိန် တုန်းကပေါ့။ ည ၈ နာရီလောက်ရှိပြီ၊ မိုးကတော့ ဖွဲဖွဲ ဖွဲဖွဲရွာနေတယ်။ ဘုရားပေါ်မှာ ၁၀ နှစ်တောင် မပြည့်လောက်သေး တဲ့ ကောင်မလေးက စံပယ်ပန်းတွေ ရောင်းနေတယ်၊ ရှိနေတဲ့ ဘုရားဖူးတချို့ကတော့ ဘုရားအတွက် ဆလိုက်မီး အလှူငွေတွေ လှူနေကြတယ်၊ ဘုရားရှေ့က အလှူခံပုံးမှာ ပိုက်ဆံတွေ ထည့်နေကြတယ်။ အဲ့ဒီကလေးလေးကိုတော့ ဘယ်သူမှ သတိမထားမိကြဘူး။ ကလေးမလေးရဲ့ ပုံစံက မဟာစင်တွေဘာတွေ မသိဘူး၊ စပယ်ပန်းတွေကုန်မှ အိမ်ပြန် ရမဲ့ အနေအထား ဖြစ်နေတယ်၊ အဲ့ဒါနဲ့ပဲ သူ့မှာ ကျန်နေတာတွေအားလုံးကို ၀ယ်ပေးလိုက်တယ်။ သမီးပဲ ဘုရားမှာ သွားကပ်ပြီး လိုရာဆုတောင်းခဲ့ လို့ဆိုတော့ ၀မ်းသာအားရ ဘုရားသွားကန်တော့ရှာတယ်။ အဲ့ဒီအချိန် ခုန၀တ္ထုထဲက ခရစ်ယာန်ဘုန်းတော်ကြီးကို သွားမြင်ယောင်မိလိုက်တယ်၊ သူသာဆို ဘယ်လိုအကြင်နာ မေတ္တာတွေများ ပေးလိုက်မလဲ မသိဘူးလို့။

တကယ်တော့ ကျနော်တို့ရဲ့ သာသနာကို တည်တံ့စေချင်တယ်ဆို အပြင်မှာပဲ ဘုရားတွေတည်နေလို့ မရပါဘူး၊ တခြား ဘာသာဝင်ကို လက်မထပ်ကြနဲ့ဆိုပြီး တားမြစ်နေရုံနဲ့ ဆန့်ကျင်နေရုံနဲ့လည်း မရပါဘူး။ ကျနော်တို့ကိုယ်တိုင် ဘာသာ ရေးအခြေခိုင်ဖို့ လိုပါတယ်။ အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ် အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်ကား မပြတ်မစဲ အိုးပင်ကွဲလည်း အမြဲတစေ တည်ရှိနေသို့ ဆိုတဲ့အတိုင်းပါပဲ၊ ကလေးတွေရဲ့ နှလုံးသားမှာ ဘုရားတည်ခြင်းကသာ ဘာသာ သာသနာ ပြန့်ပွားဖို့အတွက် အရေးတကြီး လိုအပ်တာပါ။ နောက်ပြီး ကျနော်တို့ လူသားအချင်းချင်း စောင့်ရှောက်ကြဖို့ ဖေးမကူညီ ကြဖို့လည်း လိုပါတယ်။

ကျနော်တို့တွေက ကိုယ့်ဘာသာရဲ့ အနှစ်သာရကို မသိကြဘူး၊ ဂါထာတွေရွတ်ရင် မ တဲ့ ဘာသာ၊ ကံစီမံရာဆိုပြီး ဘာ အလုပ်မှမလုပ်ဘဲ ငြိမ်ခံနေတဲ့ ဘာသာတခုလို ဖြစ်နေတယ်။ ကံ ဆိုတာ စေတနာနဲ့ယှဉ်တဲ့အလုပ်လို့ ဆိုလိုမှန်းမသိကြ ဘူး၊ ချမ်းသာချင်ရင် အောင်မြင်ချင်ရင် တိုးတက်ချင်ရင် ဘုရားချည်း ထိုင်ရှိခိုးနေလို့ မရဘူး၊ ဘုရားကလည်း ဒီလို မဟောကြားခဲ့ဘူး၊ အောင်မြင်ချင်တယ်ဆို အလုပ်လုပ်ဖို့ လိုတယ်၊ ပညာတတ်ဖို့ လိုတယ်။ ဒါပေမဲ့ ကျနော်တို့တွေက တော့ ကံဇာတ်ဆရာအလိုကျ ဆိုတဲ့ လွဲမှားတဲ့ အယူအဆကြီးကို ကိုင်ဆွဲထားကြတယ်။ ဒါဟာ "အရာရာမှာ ဘုရားသ ခင် အလိုတော်အတိုင်းပဲ" လို့ ယုံကြည်ကြတဲ့ တခြားဘာသာဝင်တွေက ကမ္ဘာကို အုပ်စိုးနေကြချိန်မှာ "အတ္တာဟိ အတ္တနောနာထော - မိမိကိုယ်သာ ကိုးကွယ်ရာ၏" ဆိုပြီး ဘုရားအဆုံးအမကို နာယူခဲ့ကြရတဲ့ ကျနော်တို့ ဗုဒ္ဒဘာသာ ၀င်တွေ ဆင်းရဲပြီးရင်း ဆင်းရဲနေကြရတဲ့၊ သူများကို လက်ဖြန့်တောင်းနေရတဲ့ အကြောင်းရင်းတခုပါပဲ။

လီယိုတော်စတွိုင်းကတော့ ပြောဖူးပါတယ်။
Everyone thinks of changing the world, but no one thinks of changing himself
ဟုတ်ပါတယ်၊ အပြောင်းအလဲကို လိုချင်ရင် အရင်ဆုံး ကျနော်တို့ကိုယ်တိုင် ပြောင်းကြရမှာပါ။

ဓမ္မန္တရာယ် ဆိုတဲ့ စကားလုံးလေး၊ စိတ်ဝင်စားဖို့ အရမ်းကာင်းပါတယ်၊ ခုချိန်မှာ ကလေးကအစ သိနေပြီဖြစ်တဲ့ ကမ္ဘာ ကြီးက လုံးဝန်းတယ်ဆိုတာ၊ နေကို ဗဟိုပြု လည်ပတ်နေတယ်ဆိုတာ ၊ ကမ္ဘာမြေမှာ ဆွဲအားရှိတယ်ဆိုတာတွေဟာ တစ်ချိန်ကတော့ ဓမ္မန္တရာယ် ဖြစ်ခဲ့ဖူးပါတယ်။ ခု ကျနော်တို့တွေ ကန့်ကွက်နေတဲ့ အယူအဆတွေ၊ ကိုင်ဆွဲထားတဲ့ ခံယူ ချက်တွေ၊ ထောက်ခံနေတဲ့ အမြင်တွေ ဒါတွေကရော ရာနှုန်းပြည့် မှန်နိုင်ပါ့မလား။ မသေချာပါဘူး၊ ဘာလို့ဆိုတော့ တခါတလေမှာ အမှန်တရားဟာ အချိန်ရဲ့အဆုံးအဖြတ်ကိုလည်း ခံယူတတ်ရလို့ပါပဲ။

ဆရာတင်မောင်သန်းနဲ့ ဆရာမြသန်းတင့်တို့ ဟောပြောပွဲတခုမှာ ဆုံကြတော့ ဆရာမြက မေးတယ်၊ ခင်ဗျား တိုက်ပုံ မ၀တ်ဘူးလား တဲ့။ ကျနော်က ပေါ့ပေါ့ပါးပါးပဲ နေချင်တာ၊ တိုက်ပုံကို မကြိုက်ဘူးလို့ ပြန်ဖြေတော့ ဆရာမြသန်းတင့်က ကျနော်လည်း ပေါ့ပေါ့ပါးပါးပဲ ကြိုက်ပါတယ်၊ ဒါပေမဲ့ လူတွေက တိုက်ပုံနဲ့မှ သင့်တော်တယ်လို့ မြင်ကြတာကိုး တဲ့။
ကျနော်က အဲ့ဒီလို မမြင်ဘူး ဆရာရဲ့။
သူတို့အမြင်နဲ့ ခင်ဗျားအမြင်တော့ မတူဘူးပေါ့ဗျာ၊ ဒါပေမဲ့ အများအမြင်ကို လေးစားသောအားဖြင့် ၀တ်ရတာပေါ့လို့ ဆိုတယ်။

ဒီလိုဆိုတော့ ဆရာမြသန်းတင့်ရဲ့ တိုက်ပုံက ရိုးရိုးတိုက်ပုံတထည် မဟုတ်တော့ပါဘူး။ ကိုယ်နဲ့ မတူ ကွဲပြားနေတဲ့ သူ တပါးရဲ့ အမြင်၊ သူတပါးရဲ့ ယုံကြည်မှု၊ သူတပါးရဲ့ခံယူချက်ကို လေးစားကြောင်း ပြသနေတဲ့ သင်္ကေတတခု ဖြစ်သွားပါ တယ်။

ကျနော်တို့တွေ ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နိုင်ဖို့၊ အဲ့ဒါနဲ့ တပြိုင်နက်တည်းမှာပဲ လူ မျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုစုံတဲ့ နိုင်ငံကြီးမှာ အားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ဖို့အတွက် ကျနော်တို့ ကိုယ့် ကိုကိုယ် ပြင်ကြရပါမယ်။ ဗုဒ္ဒဘာသာဝင်ကောင်းတယောက် ဖြစ်လာအောင် ကျနော်တို့ တယောက်ချင်းစီ ကြိုးစားကြရ ပါမယ်။ ဗုဒ္ဒ၀ါဒရဲ့ တကယ့်အနှစ်သာရကို နောင်လာနောက်သားတွေ သိရှိအောင် ဆောင်ရွက်ကြရပါမယ်။

နောက်ပြီး

ဆရာမြသန်းတင့်လိုပဲ တိုက်ပုံဝတ်ကြရပါမယ်။

YAN MAUNG
ဇွန်လ 24, 2013
(Source: Forever Friend)

2 comments:

Kohlgyi54 said...

If every body have knowledge like you,our country will get peace and heppnyness.

aung said...

Very good