Wednesday, June 26, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၄)

လူသားတို့ကို အနှစ်လက္ခဏာ တမျိုးတစားတည်း ရမ်းသမ်းမှန်းဆပြီး ထိုးထည့်ပစ်မှုသည် မှတ်သားလောက်စဖွယ် တွင်ကျယ်ခဲ့ခြင်းကို တွေ့ရသည်မှာ ယင်းသို့သော အခြေခံအယူမှားသည် ဉာဏသိုင်းဝိုင်းတို့၏ နောက်ခံပိတ်ကား တွေးခေါ်မှုမှသည် “The clash of civilizations” (မြို့ပြ ယဉ်ကျေးမှုကြီးများ၏ နောင်ဂျိန်ရန်ပွဲ) ဟူပြီး ကျယ်ကျယ် လောင်လောင် ဆွေးနွေးလာသော မျက်ရမ်းမာနအယူအဆ ဖြစ်လာခဲ့ခြင်း ပါတည်း။ အထူးသဖြင့်
ဆို ဆန်မျိုး ဟန့်တင် တန် (Samuel Huntington) ၏ သြဇာလွှမ်းမိုးသော The Clash of Civilizations and the Remaking of the World Order ၇ (မြို့ ပြယဉ်ကျေးမှုများ၏ နောင်ဂျိန်တွေ့ပွဲ နှင့် ကမ္ဘာ့လားရာ အစဉ်ကို တစ်ဖုံပြန်လုပ်ခြင်း) စာအုပ်ထွက်လာပြီး နောက်တွင် ထိုမှဖြန့်ဝေသည့် ယဉ်ကျေးမှုကြီးများ မဖြစ်မနေ နောင်ဂျိန်ပလေးကြေးဟူသော မျက်ရမ်းဟောကိန်းသည် ခေတ်အင်မတန် ထခဲ့ပါသည်။

ထိုဝါဒမျိုး၏ ပြဿနာမှာ အစမှာကတည်းကိုက လူတွေကို အတန်းအစား တပုံစံတည်းနဲ့ ခွဲခြမ်းထိုးထည့်နေခြင်း ပေ တည်း။ စင်စစ်အားဖြင့် ပညာရှင်ဆိုသူ ဟန့်တင်တန်က လုပ်လာသည့် မြို့ပြယဉ်ကျေးမှုတို့ နောင်ဂျိန်တွေ့သံ ညိုးညိုးညံ လတ္တံ့ဟူသော ဟောကိန်းကို အရင်းစစ်ကြည့်မည်ဆိုလျှင် သူပြောသလို ယဉ်ကျေးမှုတွေ အနာဂါတ်မှာ တကမ္ဘာလုံး တ ကယ် ထိပ်တိုက်နောင်ဂျိန် တွေ့တာ မတွေ့တာ အပထား၊ အဲဒါသည် ယဉ်ကျေးမှု မျဉ်းကြောင်းတို့ကို လိုက်ပြီး လူတွေ ကို ဘယ်လိုမှ မမှားယွင်းနိုင်ဘူးဟု ဆိုကာ ပုတ်တလုံးထဲစီ ပစ်ထည့်လိုက်သော အောက်တန်းကျယုတ်ညံ့လှသည့် အ သိသညာလုံးလုံး ဖြစ်ပါ၏။ လူတွေကို ကိုးကွယ်မှု ဘာသာတရားကွဲပြားမှု မျဉ်းကြောင်းတကြောင်းတည်းကိုသာ ကွက် ကြည့်ပြီး အတန်းအစားခွဲပစ်ခြင်းသည် အောက်တန်းကျလှသည့် သူ၏ဉာဏ်ကို အဆင့်မြင့်ပညာရေး၏ ဉာဏ်ရောင် ဉာဏ် ဝါသဖွယ် လုပ်ခြင်း ဖြစ်ပါသည်။ ကမ္ဘာကြီးကို ဟန့်တင်တန်သည် “အနောက်မြို့ပြ ယဉ်ကျေးမှု”၊ “အစ္စလမ် ယဉ် ကျေးမှု”၊ “ဟိန္ဒူ ယဉ်ကျေးမှု”၊ “ဗုဒ္ဓဘာသာ ယဉ်ကျေးမှု” စသဖြင့် ခြားနားပြလေပြီးလျှင် ယင်းသို့ ဗလာချည် ခွဲခြမ်း ခြားနားပြမှုတို့ကို “ဘာသာတရားခြားနားမှုတို့ကြောင့် သင်း ယဉ်ကျေးမှုတို့ ထိပ်တိုက်တွေ့လာလိမ့် လတ္တံ့” ဟူသော သူ၏ မိုက်မဲယုတ်ကန်းသည့် ရမ်းသမ်းစွပ်စွဲမှုကို တည်ဆောက်ရန် အဲသည် လက်သမားဆရာသည် ဘာသာတရား သစ်လုံးတွေကို ရွေပါတော့သတည်း။

အမှန်ကတော့၊ သိပ်ကိုလည်း ဟုတ်သည်မှာကား ကမ္ဘာကြီးမှာ လူတွေကို တခြားတပါးသော ခွဲခြမ်းစိတ်ဖြာစရာ စနစ် များစွာ ရှိပါသေးသည်။ ထို တခြားကုန်သော စိတ်ဖြာစနစ်တို့သည် ကျနော်တို့အတွက် သင့်တော်လျော်ကန်မှု တစ်ခုခု တော့ ရှိနေတတ်ပါ၏။ ဥပမာအားဖြင့် နိုင်ငံသား၊ နေရာအရပ်၊ လူတန်းစား၊ အလုပ်အကိုင်၊ လူမှုရေး အနေအထား၊ ဘာ သာစကား၊ နိုင်ငံရေး စသဖြင့် တခြားသင့်တော်ရာရာ စိတ်စရာခြမ်းစရာ များစွာရှိပါ၏။ သည်နှစ်များပိုင်းတွင် ဘာသာ တရားကိုလိုက်ပြီး အုပ်စုခွဲသော လေအိုးတို့၏ အသံသည် ကျယ်လာခဲ့ပါသည်။ အရွက်ပေါ် အရိုးမဖုံးသင့်သည်မှာ လေ အိုးတွေက ဖြန့်ဝေထင်ပေါ်စေသော ဘာသာဇာတ်ခွဲစနစ်သည် ငါတို့တွင် တခြားထင်ရှားရှိသည့် လူ့သွင်ပြင်လက္ခဏာ များစွာကို မှေးမှိန်လွှမ်းအုပ် မသွားစေသင့်ပါလေ။

ထို်လေအိုးတို့ထက် ဆိုးသလောက် ဘယ်လိုမှလည်း မြင်ရက်ဖွယ်မရှိသော ကိစ္စမှာ ပညာရှင်ဆိုသူတို့ ကိုယ်တိုင်က ယင်းသို့ ဘာသာတရားကို အခြေခံပြီး အုပ်စုခွဲခြင်းသာလျှင် ကမ္ဘာတစ်ဝှမ်းက လူအားလုံးကို အုပ်စုခွဲရာတွင် စစ်မှန် ဆီလျော်သော စနစ်ဖြစ်သည်ဟု ယူဆလာခြင်းမျိုး ပေတည်း။ ကမ္ဘာ့လူထု တရပ်လုံးကို “အစ္စလမ်ကမ္ဘာ”၊ “အနောက် ကမ္ဘာ”၊ “ဟိန္ဒူကမ္ဘာ”၊ “ဗုဒ္ဓကမ္ဘာ” စသဖြင့် ဘာသာတရား ထောင်ဗူးခေါင်းတွေထဲကို မရမက ကြပ်ညှပ်ထိုးထည့် ခွဲလှောင်ပစ်ခြင်းမျိုးပါတည်း။ အခြားထင်ရှားရှိသည့် ခွဲခြမ်းစရာစနစ် အကုန်လုံးသည် (ဆိုပါစို့ ။ ချမ်းသာသူ နှင့် ဆင်းရဲ သူ၊ လူတန်းစားအလွှာအမျိုးမျိုးနှင့် အလုပ်အကိုင် အမျိုးမျိုး၊ နိုင်ငံရေးစနစ်၊ နိုင်ငံသား၊ ခြေမဦးစိုက်နေထိုင်ရာ၊ [ဘာ သာစကား ရင်းမြစ်] စသဖြင့်) လှိုင်းလုံးကြီးလို တို်က်ချလာသော အဲသည် ဘာသာတရား ထောင်ဗူးခေါင်း သွပ်ထည့် ခွဲခြမ်းစနစ် အောက်တွင် မျှောပါနစ်မြုပ်သွားတတ် ကြပါသည်။

စကားကြွင်း …
[ဘာသာစကားရင်းမြစ်] ဟူသော လက္ခဏာကို ဥပမာပြုရမည် ဆိုလျှင် အလွန်စိတ်ဝင်စားဖွယ် ကောင်းပါသည်။

မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင်မှုကို ဦးဆောင်လှုပ်ရှားခဲ့သူ ဒို့ဗမာအစည်းအရုံး၏ တိုက်ပွဲခေါ်သံ ဆောင်ပုဒ်ဖြစ်သည့်

“ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား” ဆိုတာကို ကြားရလျှင် ကျနော်တို့တွင် ဇာတိပုည ဂုဏ်မာနတို့ ဟုန်းဟုန်းထတတ်ကြ၍ “သူ့နိုင်ငံသား၊ သံမှုန့်စားမှ၊ ဒို့ဓားတုံးမည်၊ မှတ်သော်တည်လော့” ဟု စစ်သွေး စစ်မာန် တို့လည်း တခါတရံ ကျနော်တို့မှာ ရဲရဲလျှံဝေတတ်ကြပါသည်။ ခွန်အားကြီးသော နယ်ချဲ့အင်္ဂလိပ်ကို အံတုဆန့် ကျင်ဖို့ ကျနော်တို့တတွေမှာ အမျိုးသားရေးစိတ်ဓာတ် မြင့်မားလာဖို့ ဟိုဘက်တခေတ်တွင် လွတ်လပ်ရေးတိုက်ပွဲဝင် သခင်ကြီးတွေ သခင်မကြီးတွေ သည်လို မြန်မာတို့၏ အနှစ်လက္ခဏာကို မောင်းတင်ပေးခဲ့သည်ကို အပြစ်မတင်လိုပါ။ သို့ပေမယ့် သည်ကြွေးကြော်သံဟာ ကျနော်တို့ ကြွေးကြော်သလို မှန်သလား၊ မမှန်သလား ဆိုတာကိုတော့ ကျနော်တို့ အနဲဆုံး စူးစမ်းဖို့ လိုပါသည်။

ပထမဦးစွာ လွယ်ကူစွာ သက်သေပြနိုင်သော မြန်မာစာကိုပဲ ပြောပါမည်။ ခု စာရှုသူဖတ်နေသော မြန်မာစာ၏ ဗျည်း ၃၃ လုံးနှင့် သရ ၁၂ လုံးသည် အိန္ဒိယပြည် တမီးလ်လူမျိုးတို့ဆီမှ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော်ပြီး ရောက်လာခဲ့ ခြင်း ဖြစ်ပါသည်။ ဟုတ်ကဲ့၊ တမီနာဒူး ပြည်နယ် အနှံ့သို့ ကို်ယ်တိုင်ရောက်ရှိခဲ့၍ အိန္ဒိယမိတ်ဆွေများ၏ မေတ္တာကြောင့် ရှေးဟောင်းပြတိုက်များစွာတို့ကိုလည်း ကျနော်လည်ပတ်နိုင်ခဲ့လေရာ အလွန်အိုမင်းသော တမီးလ်ကျောက်စာတို့တွင် ကျနော်တို့၏ အ၊ အာ၊ အိ၊အီ သရ တဆယ့်နှစ်လုံးကို ရေးထွင်းထားတတ်သည်ကို တွေ့ရပါ၏။ ကျနော်သည် ထို ကျောက်စာတို့ကို အသံထွက်ပြီး အအာအိအီဟု ဖတ်လေရာ ပြတိုက်သို့ လာလည်သော တမီးလ် ကုလားပြည်သူတို့ သည် အလွန်မှပင်လည်း အံ့သြ၊ သူတို့စာကို သိတဲ့ သူကပေပဲဟု ဖက်လဲတကင်း လာမိတ်ဆက်ကြပါ၏။ ဒါတင်မက သေး အိန္ဒိယတဝှမ်းမှာရှိသည့် ကုလားလမ်းဘေး လ္ဘက်ရည်ဆို်င်တို့တွင် ကျနော်နှင့် လုပ်ဖော်ကိုင်ဖက်တို့သည် လ္ဘက်ရည်ဝင်သောက်လေ့ရှိရာ ထိုဆိုင်တို့တွင် သတင်းစာများကိုလည်း တင်ထားတတ်ကြ၍ သတင်းစာထဲက တချို့ သော စာလုံးတို့မှာ မြန်မာစာအလား ဖြစ်နေတတ်ပြီး ကျနော်စမ်းကာ အသံထွက်ဖတ်ကြည့်ရာ အိန္ဒိယမိတ်ဆွေတို့မှာ ဝမ်းမြောက်ဝမ်းသာဖြစ်ကြ၊ အသံထွက်မှန်သည်ဟုလည်း အတည်ပြုပေးကြပါ၏။ ကျနော် မေးမြန်းမိသလောက် တမီးလ် စာတွင် ဗျည်း ရာနှင့်ချီရှိပြီး သရကတော့ တဆယ့်နှစ်လုံးပဲ ဖြစ်ပုံရပါသည်။ ပထမဆုံး ကမ်းမြောင်ဒေသနေ မွန်က ၃၆ လုံး ယူသွားပြီး၊ နောက်ကုန်းတွင်းပိုင်းနေ ဗမာက ၃၃ လုံး ပွားယူသွားခဲ့ပုံရပါသည်။ ဟုတ်ကဲ့၊ ဗမာစာသည် ဒို့စာကတော့ မှန်ပါ၏။ ဒါပေမယ့် ထို့ထက်များစွာမှန်သည်မှာ “ဗမာစာသည် တမီးလ်စာ” ပါတည်း။

ဗမာစကားသည် ဒို့စကား ဆိုတာကို ပြောရပါဦးမည်။ ကျနော့်တွင် ငယ်ပေါင်းကြီးဖော်လိုခင်သော ကျောင်းနေဘက် တိဗက်လူမျိုး သူငယ်ချင်း ကွမ်ချုပ် ဟူ၍ ရှိပါသည် (ကွမ်ချုပ်၏ အဓိပ္ဗာယ်မှာ ကွမ်ရင်ဟု ဖြစ်၍ ဗမာတချို့လည်း မယ် တော်အဖြစ် ကိုးကွယ်သော ဘုရားလောင်း ကရုဏာရှင် ကွမ်ရင်ကို စွဲ၍ မွန်ဂိုလူမျိုးနှင့် တိဗက်လူမျိုးတို့သည် သူတို့၏ နာမည်ကို မှည့်ခေါ်လေ့ ရှိပါ၏)။ တိဗက်လူမျိုးတို့သည် ကျနော်တို့နှင့် အသားအရေချင်း ဆင်တူယိုးမှားဖြစ်ပြီး တချို့မှာ ဖြုဖြုသန့်သန့် ကချင်တိုင်းရင်းသားတို့နှင့် ဆင်ကာ တချို့ကတော့ ကျနော်တို့ ဗမာညိုညိုမည်းမည်းတွေနဲ့ ဆင်ပါသည်။ ကွမ်ချုပ်ကတော့ ပုဆိုးဝတ်ထားရင် ဗမာလို့ပဲထင်မည့် ကျနော်တို့နှင့် ဆင်လှသော ခပ်ညိုညို တိဗက်မျိုးထဲက ဖြစ်ပါ၏။ ကျနော်က မေးသည်မှာ

“ဟဲ့ ကွမ်ချုပ်၊ ငါနားစွန်နားဖျား ကြားဖူးတာက ဒို့ဗမာတွေ နင်တို့ဆီရောက်ရင် တိဗက်စကားကို တလတည်းနဲ့ တတ် တယ်ပြောတယ်” ဟု သူ့ကိုမေးရာ ကွမ်ချုပ်က…

“ဟယ်၊ ဟုတ်ပါ့မလား။ တို့ဆီမှာ စကားသုံးမျိုးတောင် ကွဲတာဟ။ ကဲကဲ၊ ငါပြောတဲ့ စကားနဲ့ နင်တို့ ဗမာစကား တူသ လား စစ်ကြည့်ရအောင်” ဟုဆိုကာ

“One ကို နင်တို့ ဘယ်လိုခေါ်လဲ” ဟု မေးရာ “ကျနော်က တစ်” ဟု ဖြေရာ သူသည် အံ့အားသင့်စွာဖြင့်

“ဟဲ့၊ တို့နဲ့ အတူပဲဟဲ့” ဟု One, two, three မှ တဆယ်ထိ သူ့ လက်ချောင်းကလေးတွေ ထောင်ကာ မေးပါတော့သည်။ ဟုတ်ကဲ့၊ တစ်မှ တဆယ်ထိ ကျနော်တို့ နှင့် ကွမ်ချုပ်တို့ အပိုင်းက တိဗက်လူမျိုးတို့သည် တသွေမတိမ်းကို အတူတူ အသံထွက်ပါသည်။

တကယ်မှာလည်း ဗမာစကား၏ ပင်ရင်းသည် တိဗက်မှဖြစ်ပြီး ကျနော်တို့နှင့် ကွမ်ချုပ်တို့ တိဗက်မျိုး၏ စကားရင်းမြစ်ကို Tibeto-Burman language ဟု ဘာသာစကား ဗေဒ၏ ပင်ရင်းတခုအဖြစ် နိုင်ငံတကာ သုတေသနပညာရှင်တွေက ခွဲ ခြားပါသည်။ ကျနော်တို့သည် တိဗက်ကုန်းမြင့်ကြီးမှ၊ ဒါမှမဟုတ်လည်း တရုတ်ပြည်ယူနန်မှ ရွှေ့ပြောင်းလာခဲ့သူတွေ လား ဆိုတာသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော သုတေသန မေးခွန်းပါတည်း။ ဘာပဲဖြစ်ဖြစ် ကျနော်သည် ဗမာ စကားသည် ဒို့စကားလို့ ပြောပါမည်။ ဒါပေမယ့်လည်း ကျနော်တို့အနေဖြင့် သိနားလည်ထားအပ်သည့် ပိုမိုမှန်ကန်သော ဖြစ်အင်မှာ တိဗက်စကားသည် ဒို့စကား ဆိုတာပါတည်း။

ဗမာပြည်သည် ဒို့ပြည်ဆိုတာ အကျယ်တဝင့် မပြောလိုတော့ပါ။ ဒါဟာ လွတ်လပ်ရေးသွားတောင်းတုန်းက ဗြိတိသျှ ကက်ဘိနက်မှ အဆုံးအဖြတ်တွင် ပါဝင်မည့် ဆီနီယာ အစိုးရအဖွဲ့ဝင်များ ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းကို “မြန်မာ ပြည် လွတ်လပ်ရေးတောင်းတယ်ဆိုတော့ မြန်မာပြည်ဆိုတာ မောင်ရင် ဘာကိုခေါ်တာပါလဲ” ဟု မေးသောအခါ ကျနော်တို့ ဗိုလ်ချုပ်ကိုယ်တိုင် ဒေါင်းတောက်ခဲ့ရသော မေးခွန်းဖြစ်ပါ၏။

တခါက ကျနော့်ဆီသို့ ထိုင်းနိုင်ငံ ချုလာလောင် ကွန်း တက္ကသိုလ်မှ ပါမောက္ခ ဆရာဝန်လင်မယားသည် အလုပ်ကိစ္စနှင့် လာလည်ကြ၍ ကျနော်နှင့် လွန်စွာခင်မင်၊ တဦးနှင့် တဦး အလွန်တရာ စကားပြောချင်ကြသည်မှာ အထူးသဖြင့် အလုပ် ကိစ္စနှင့် ဘာမှမပတ်သက်သော ဗုဒ္ဓတရားတော်တို့ကို ဘာသာရေးဝါသနာတူ ကျနော်တို့တတွေ ဆွေးနွေးကြသောအခါ တွင်ပါတည်း။ တခါမှာ တရားတော်၏ နက်ရှိုင်းပုံတွေကို ဆွေးနွေးရင်း စကားဖောက်၍ ကျနော်က

“သမိုင်းစဉ်ဆက် ငါတို့ တိုင်းပြည်နှစ်ခု မတည့်ခဲ့ဘူးပေါ့နော်။ ဘာလို့ ငါ့နိုင်ငံ သူ့နိုင်ငံ ခြားနားတာတွေကို ကြည့်ပြီး ရန် ဖြစ်နေကြတာလဲ။ ငါတို့ နှစ်နိုင်ငံလုံး ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာက အတူဖြစ်ရက်နှင့်”။ သည်မှာ ယောင်္ကျားပါမောက္ခ ဆူကွန်းက ပြောသည်မှာ “ကွယ်၊ ဒါတွေ ပြောမနေပါနဲ့။ နိုင်ငံဆိုတာ လူရောက်ပြီးမှ ဖြစ်တာပါ။ နယ်နိမိတ်တွေဆိုတာ လူတွေရဲ့ ဖန်တီးမှုပါပဲ”။

ဟုတ်ကဲ့၊ မြန်မာပြည်သည် ဒို့ပြည်ဆိုတာကတော့ မှန်ပါသည်။ သို့သော် ဒါထက်မှန်သေးသော သဘောကို ကျနော်တို့ သိရအုံးမည်မှာ တိုင်းပြည်ဆိုတဲ့ နယ်နိမိတ်တွေဟာ ကျနော်တို့ရဲ့ သတ်မှတ်ဖန်တီးမှု၊ အမှန်အားဖြင့် အတုအယောင် နယ်နမိတ်မျဉ်းတွေပါပဲ။

ဟုတ်ကဲ့။ တိဗက်စာဟာ ဒို့စာ၊ တမီးလ်စကားဟာ ဒို့စကား၊ လက်ရှိ မြန်မာပြည်ဟာလဲ ဒို့ရဲ့သတ်မှတ်ဖန်တီးချက် (ဝါ) စီးဆင်းလာတဲ့ မြစ်တစင်းမှာ ဆက်လက်ရွှေ့လျားနေတဲ့ အမှတ်တနေရာသာ ဖြစ်ပါတယ်။ ကျနော်တို့တင် မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ဘယ်လူမျိုးကမှ ကိုယ်ပိုင်ထာဝရ နေရာတနေရာနဲ့ သီးသန့်မြဲမြံနေတဲ့ အနှစ်လက္ခဏာတခုရယ်လို့ မရှိပါ။

ညိုထွန်း

No comments: