McCarthy |
ဒုတိယကမ္ဘာစစ်ပြီးခါစ ကမ္ဘာ့နိုင်ငံရေးမှာ အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုနှင့် ဆိုဗီယက်ရုရှားဦးဆောင်သည့် ကွန်မြူနစ် ဘလော့ခ်တို့အကြား စစ်အေးတိုက်ပွဲစတင်လာခဲ့သည်။ အမေရိကန် ပြည်သူများကြားမှာ “ကွန်မြူနစ် အကြောက်တရား” ကို နှိုးဆွခဲ့ပြီး
ပုဂ္ဂိုလ်ရေးသြဇာကို တည်ထောင်ခဲ့သူကတော့ ၀စ္စကွန်ဆင်ပြည်နယ် ရီပတ်ဘလစ် ကန် ဆီနိတ်တာ ဂျိုးဇက် မက္ကာသီပါ။
၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၉ ရက်မှာ မက္ကာသီက “အမေရိကန် ပြည်ထောင်စုကို ကွန်မြူနစ်တွေချုပ်ကိုင်ထားပြီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှာလည်း ကွန်မြူနစ်တွေ ၀င်စီးထားပြီ၊ နိုင်ငံခြားရေးဌာနမှာ ၀င်ရောက်လုပ်ကိုင်နေသည့် ကွန်မြူနစ်၂၀၅ ယောက်စာရင်းကိုရထားပြီ” ဆိုသည့် ပြူးတူးပြဲတဲ မိန့်ခွန်းတခုကို သူစတင်ပြောခဲ့သည်။ သည့်နောက် ပိုင်းမှာတော့ “လူ့အဖွဲ့အစည်းအ တွင်းက ကွန်မြူနစ်တွေကို ဆွဲထုတ်ကြ” ဆိုသည့် ကြွေးကြော်သံကို ဦးဆောင်ပြီး အာဏာတခုကိုသူ ထူထောင်ခဲ့တော့သည်။
သာမန် ဘုမသိဘမသိပြည်သူများကြားမှာ အမေရိကန်နိုင်ငံကို နေချင်းညချင်း ကွန်မြူနစ်များက ထိန်းသိမ်းတော့ မယောင် ထင်မြင်စေသည့်နည်းလမ်းဖြင့် မက္ကာသီတယောက် မျိုးချစ်တိုက်ပွဲကြီး၏ တပ်ဦးက သူရဲကောင်းအဖြစ် သူ့ကိုယ်သူ ခြယ်မှုန်းခဲ့သည်။
အလယ်ခေတ်က ဥရောပမှာ “စုန်း” ဟုစွပ်စွဲပြီး လူအများအပြားကို သတ်ဖြတ်ခဲ့သည့် “စုန်းစစ်ဆင်ရေး” Witch Hunt အတိုင်းကွန်မြူနစ် စစ်ဆင်ရေးကို နိုင်ငံအ၀န်း ရွက်လွှင့်ခဲ့သည်။ မက္ကာသီခေတ်မှာ တက္ကသိုလ်ပါမောက္ခများ၊ စာရေး ဆရာများ၊ အနုပညာရှင်များ၊ နိုင်ငံ ၀န်ထမ်းအများအပြားရာထူးမှ ထုတ်ပယ်ခံရ၊ အရေးယူခံခဲ့ကြရသည်။ စာရင်းဇယား များအရ ထောင်နှင့်ချီသည့် အမေရိကန်များ အကြောင်းမဲ့အရေးယူခံကြရသည်ဟု ဆိုသည်။
မက္ကာသီကို ကျောထောက် နောက်ခံပေးထားသူကတော့ အက်ဖ်ဘီအိုင်ထောက်လှမ်းရေးအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူး ဂျေအက် ဒဂါဟူးဗား။ မက္ကာသီ၏ ဆန္ဒကိုပုံ ဖော်ဖို့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက အကျိုးဆောင်ပေးခဲ့ကြသည်။ အိမ်ဖြူတော်ကပင် ၀င်မစွက်ရဲ။ အခြားနိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများကလည်း လူပြိန်းကြိုက်ကြွေးကြော်သံ အောက်မှာ နေရာတနေရာရဖို့ မက္ကာသီကို ပူးပေါင်းကြရသည်။
မက္ကာသီကို မည်သူမျှမဝေဖန်ရဲ။ မက္ကာသီကိုမည်သူမျှစိန်မခေါ်ရဲ။ မက္ကာသီကို မည်သူမျှမဆန့်ကျင်ရဲခဲ့ပါ။ မက္ကာသီကို ဝေဖန်သူသည်မျိုး ချစ်စိတ်ဓာတ်မရှိသူ၊ မက္ကာသီကို စိန်ခေါ်သူသည် ကွန်မြူနစ်၊ မက္ကာသီကို ဆန့်ကျင်သူသည် တိုင်း ပြည်သစ္စာဖောက်ဟု မက္ကာသီနှင့် အဖွဲ့သားများက စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။
မက္ကာသီနှင့်အဖွဲ့က “အနီရောင်ချန်နယ်များ” Red Channels ဆိုသည့် လှုပ်ရှားမှုနှင့် သူတို့ အယူအဆနှင့် မကိုက်ညီ သည့် ရေဒီယို အသံလွှင့်ဌာနများကို ကွန်မြူနစ်ဟု စွပ်စွဲခဲ့သည်။ သတင်းနှင့် ဖျော်ဖြေရေးသမား ၁၅၁ ဦးကို အနက် ရောင်စာရင်း Black List သွင်းခဲ့သည်။ ဟောလိဝုဒ်အနက်ရောင် စာရင်း Hollywood Black List ဆိုသည့် လှုပ်ရှားမှုနှင့် ဟောလိဝုဒ် အနုပညာလောကက သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနှင့် အနုပညာရှင် အများအပြားကို လည်း စွပ်စွဲတိုက်ခိုက်ခဲ့ကြသည်။
လွတ်လပ်သည့် အတွေးအခေါ်ကို ကိုင်စွဲခဲ့သည့်အတွက် မက္ကာသီခေတ်က အနက်ရောင်စာရင်း အသွင်းခံကြရသူများမှာ ကမ္ဘာကျော် ရုပ်ရှင်ပညာရှင် ချာလီချက်ပလင်၊ သိပ္ပံပညာရှင် အဲလ်ဘတ်အိုင်းစတိုင်း၊ နိုဗယ်ဆုရ စာရေးဆရာ သောမတ်စ်မန်း၊ အဏုမြူဗုံးတီထွင်သူ သိပ္ပံပညာရှင် ရောဘတ်အိုဗင်ဟိုင်းမား၊ စာရေးဆရာကြီး အာသာမစ်လာ၊ စာရေးဆရာမ ဒေါ်ရိုသီပါကား တို့အပါအ၀င် နိုင်ငံအဖိုးတန်ပညာရှင်များစွာ ပါဝင်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် မက္ကာသီလှုပ်ရှားမှုအောက်တွင် စကားဟဟ မပြောရဲတော့ပါ။ မည်သူမျှ ဂျိုးဇက်မက္ကာသီ ကို စိန်မခေါ်ရဲတော့ပြီလား။
Columbia Broadcasting System ရေဒီယိုနှင့် ရုပ်သံသတင်း ဌာနကြီးမှာ သမိုင်းတွင်မည့် သတင်းစာဆရာတယောက် ရှိခဲ့သည်။ သူ့ နာမည်က အက်ဒ၀ပ်အာရ်မာရိုး။ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမန်များ ဗုံးတွေတ၀ုန်းဝုန်းကြဲနေ သည့်ကြားက လန်ဒန်မြို့ကနေ ရေဒီယိုဖြင့် Live သတင်းကြေညာခဲ့သည့်မာရိုးကို အမေရိကန်ပြည်သူများက လေးစား ယုံကြည်ကြသည်။
မာရိုးနှင့် သူ့မိတ်ဆွေ ပရိုဂျူဆာ ဖရက်ဖရင်ဒလေတို့က မက္ကာသီ အောက်မှာ မျှော်လင့်ချက်မဲ့နေခဲ့သည့် အမေရိကန် ပြည်ထောင်စုကို ပြန်လည်ဆယ်ယူဖို့ ကြိုးပမ်းကြသည်။ မည်သူမျှမထိတို့ရဲသည့် မက္ကာသီကို စုံစမ်းဖော်ထုတ်ဖို့ သူတို့ ပြင်ဆင်သည်။ နောက်ဆုံးတော့ မာရိုး၏ ရုပ်သံအစီအစဉ် “See It Now” ကတဆင့် မက္ကာသီကို စုံစမ်းဖော်ထုတ်သွားဖို့ သူတို့ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်က CBS ၏ သတင်းခန်းအတွင်းမှာ ဗုံးတလုံးလို ပေါက်ကွဲသွားတော့သည်။ အိမ် ဖြူတော်ကပင် ဆင်ခြင်နေရသည့် မက္ကာသီကို စိန်ခေါ်ခြင်းသည် CBS အတွက် ကိုယ့်သေတွင်းကိုယ်တူး ခြင်းဟု ဦးဆောင်သူအချို့က ယူဆသည်။ တဖက်က တန်ပြန်ပြုလုပ်လာမည့် တိုက်စစ်ကို သူတို့ရင်မဆိုင်ရဲပါ။ နောက်ဆုံးတော့ CBS ကိုယ်တိုင်က မာရိုးကိုတားမြစ်လာတော့သည်။ မာရိုးနောက်မှာတော့ သူနဲ့ တသားတည်းခံယူထားသည့် ပရိုဂျူ ဆာဖရင်ဒလေ၊ မာရိုးနှင့် အမှန်တရားကို ချစ်မြတ်နိုး၍ တဘ၀လုံး ပုံချထိုးကြမည့် ကင်မရာနှင့် အသံဖမ်းသမားများသာ။ အပြန်ပြန်အလှန်လှန် ငြင်းခုံကြပြီး CBS က မာရိုးကို ထုတ်လုပ်မှုစရိတ်မပေးနိုင်၊ CBS လို ဂိုကိုပင် အသုံးပြုခွင့်မပေး နိုင်ဟု ပြောသည်။ မာရိုးနှင့် ဖရင်ဒလေကလည်း သူတို့အစီအစဉ်ကို ကိုယ့်စရိတ်ကိုယ်စိုက် ကြော်ငြာခပေးပြီး လွှင့်ထုတ် ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သည်လိုနှင့် သတင်းစာပညာ၏ သမိုင်းဝင်တိုက်ပွဲကြီး စတင်ခဲ့ပါသည်။
၁၉၅၄ ခုနှစ် မတ်လ ၉ ရက်မှာ “ဆီးနိတ်တာ မက္ကာသီနှင့်ပတ်သက်၍ အစီရင်ခံစာ” A Report on Senator Joseph McCarthy ကို “See It Now” အစီအစဉ်မှာ ထုတ်လွှင့်ခဲ့သည်။ သန်းနှင့်ချီသည့် အမေရိကန် ပြည်သူများကို သူတို့ ကြောက်ရွံ့သည့် မက္ကာသီကို စုံစမ်းဖော်ထုတ်ပြသည့် မာရိုး၏မျက်နှာကို ရုပ်သံမှတဆင့် ကြည့်ရှုခဲ့ကြသည်။ စီးကရက် ကို လက်ကြားညှပ်ထားပြီး တည်ငြိမ်စွာပြောဆိုသွားသည့် မာရိုးက မက္ကာသီ၏ ရှေ့နောက်မညီသည့် စကားများနှင့် အမှားများကို ရဲရဲဝံ့ဝံ့ဖွင့်ချခဲ့သည်။ အမေရိကန်ပြည်ထောင်စုတခုလုံး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရုပ်မြင် သံကြားအစီ အစဉ်ကို စောင့်စား ကြည့်ရှုခဲ့ကြသည်။ အစီအစဉ်အပြီးမှာတော့ မာရိုးက ပရိသတ်ကို သူနှုတ်ဆက်နေကြအတိုင်း “Good Night and Good Luck” ဟု နှုတ်ဆက်စကားဆိုခဲ့သည်။ တင်ဆက်မှုပြီးသည်နှင့် သတင်းခန်းထဲကို ဖုန်းများ ဆက်တိုက်ဝင်လာသည်။ မာရိုး ကို ထောက်ခံသည့် ပြည်သူများ၏ တယ်လီဖုန်းများခေါ်သံများ။
မာရိုး၏ ထက်မြက်ရဲရင့်သည့် စုံစမ်းဖော်ထုတ်မှုက ပြည်သူများကို သတ္တိရှိရှိထုတ်ဖော်ပြောဆိုရဲဖို့ အားပေးခဲ့သည်။ မျှော်လင့်ထားခဲ့သည့်အတိုင်း မက္ကာသီကလည်း မာရိုးနှင့်အဖွဲ့ကို “ကွန်မြူနစ်များ” ပြန်လည် စွပ်စွဲတိုက်ခိုက်ခဲ့သည်။ သို့သော် ဒီတခါတော့ မက္ကာသီ၏လူပြိန်းကြိုက်စွပ်စွဲမှုများ အလုပ်မဖြစ်တော့ပါ။ နောက်ပိုင်းမှာ ဆီးနိတ်လွှတ်တော်ကပါ မက္ကာသီကို စုံစမ်းစစ်ဆေးဖို့ စတင်အရေးယူ ဆောင်ရွက်လာခဲ့သည်။ ထိုအချိန်ကစပြီး မက္ကာသီ၏ ကျဆုံးမှုစတင်ခဲ့ပါ သည်။ နောက်ဆုံး အသည်းရောဂါဖြင့် သူကွယ်လွန်သည့်အခါ သူ့ဘေးမှာ ထောက်ခံသူ များများစားစား မရှိတော့ပါ။
အက်ဒ၀ပ်အာရ်မာရိုး၏ မက္ကာသီ သတင်းပေးပို့ချက်သည် ရုပ်သံသတင်းဌာနခေတ်ဦးအတွက် ရှေ့ဆောင်လမ်းပြဖြစ်ခဲ့ သလို သတင်းစာဆရာအားလုံးကို အမှန်တရားကို ဖော်ထုတ်ရဲဖို့ပြသခဲ့သည့် သင်ခန်းစာလည်းဖြစ်သည်။ နောင်အခါ သြစတြေးလျနိုင်ငံသား ကမ္ဘာကျော် သတင်းစာဆရာမ ဂျွန်ပေလ်ဂျာရေးသည့် “ကမ္ဘာကိုပြောင်းလဲစေသည့် သတင်း စုံစမ်းထောက်လှမ်းမှုပညာ” စာအုပ်မှာ မာရိုး၏ မက္ကာသီစုံစမ်းမှုကို အခန်းတခန်းဖြင့် ပြန်လည်ရေးသားခဲ့သည်။
နောင်အခါ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ “မက္ကာသီဝါဒ” ဆိုသည့် စကားလုံးကို “အကြောက်တရားကို မွေးဖွား ခြင်း” နှင့် “ကျိုးကြောင်းမဲ့စွပ်စွဲခြင်း” တို့ကို ညွှန်းဆိုဖို့ အသုံးပြုလာခဲ့ပါသည်။
အက်ဒ၀ပ်အာရ် မာရိုး ဆိုသည့် အမည်ကတော့ “အမှန်တရားကို ဖော်ထုတ်ခြင်း” နှင့် “အမှားကို စိန်ခေါ်ရဲသည့် သတ္တိ” အဖြစ် သမိုင်းမှာတွင်ကျန်ခဲ့ပါသည်။
လူ့အဖွဲ့အစည်းအတွင်း မက္ကာသီများရှိနေသရွေ့ မာရိုးများရှိနေ ဖို့လိုပါလိမ့်မည်။ သင့်ကို မာရိုး အဖြစ် မြန်မာနိုင်ငံတော် က အလိုရှိနေပါသည်။
ရဲမိုး
1 comment:
Yes, in our Burma, we need many person like Murrow,because,we had many McCarthy,in our country.Can we find a person like him to surveillance to defeat our Burma's McCarthy.
Post a Comment