အခန်း ၆
အရိပ်တွေ တရိပ်ရိပ် ဝေးကျန်ရစ်ပေမဲ့
လမင်းကိုယ်နဲ့ အတူပါလာတယ်၊
မေ့မရနိုင်အောင်ပါပဲ။
(စောကွန့်မြူး။ ညအဆန်)
၁၉၈၈ ခုဇွန်လ
အညာမြို့လေးတမြို့။
သူသည် အထက်မြန်မာပြည် အညာဒေသရှိမြို့တမြို့တွင် ပုန်းအောင်းနေရသည်။ သူပုန်းအောင်းရာ မြို့ကလေးသည် မန္တလေး၊ စစ်ကိုင်းတို့အောက်ဘက် အရပ်တွင်ရှိသော ဧရာဝတီမြစ်ကမ်းဘေး မြို့ကလေးတမြို့ဖြစ်သည်။ ရဲနှင့် ထောက်လှမ်းရေးတို့သည် ရန်ကုန်တဖက်ကမ်း သံလျင်ရှိ သူ့အိမ်တွင် အခါခါ လာရောက်ရှာဖွေကြသည်။ ကျောင်းတွေ ပိတ်လိုက်ပြီ ဖြစ်သောကြောင့် အဆောင်တွင်လည်း ဆက်နေခွင့် မပြုတော့။ အဖေနှင့် အမေက သူ့ကို
စိတ်မချနိုင် သောကြောင့် နယ်က အဒေါ့်အိမ် ပို့ထားကြသည်။ စင်စစ် စိုးအောင် ကိုယ်တိုင်ကလည်း နိုင်ငံရေးတွင် ခြေစုံပစ်မြှုပ်နှံ လုပ်ကိုင်မည်ဟု ဆုံးဖြတ်ချက်ချမထားသေး။ ထို့ကြောင့် အဖေတို့ အမေတို့ စိတ်ချမ်းသာအောင် ခဏတဖြုတ် နေပေး လိုက်သည်။ ရန်ကုန်တွင်ရှိနေပြီး မတရားမှုတွေကို တခုပြီး တခုတွေ့မြင်နေရလျင် သူအေးအေး မနေနိုင်သည်ကိုလည်း သူ့ဖာသာ အသိဆုံးဖြစ်သည်။
သို့သော် တကယ်တန်း နယ်တွင်ရောက်နေသည့်တိုင် ရေဒီယိုကိုတော့ မပြတ်နားထောင်နေသည်။ ဘီဘီစီက ထုတ်လွှင့် သွားသော ခရစ္စတိုဖာ ဂန်းနက်စ် အင်တာဗျူးကြောင့် ဒေါသစိတ်တို့ အလိပ်လိပ်ပွထခဲ့ရသည်။ ကျောင်းသူတယောက်ကို အချုပ်ခန်းထဲတွင် ရဲက မုဒိမ်းကျင့် စော်ကားလိုက်သည် ဆိုသော သတင်းဖြစ်သည်။ အစိုးရကတော့ ထိုသတင်းမမှန်ဟု ငြင်းဆိုလေသည်။ သို့သော် အစိုးရ၏ ပြောင် လိမ် ပြောင်ညာသမျှကို အကြိမ်ကြိမ်ခံခဲ့ရသော စိုးအောင်သည် အစိုးရ ပြောစကားကို အလျဉ်း မယုံကြည်တော့ချေ။
သည်လိုအချိန်မျိုးတွင် တခြားကျောင်းသားတွေနှင့်အတူ သူလည်းပါဝင်ကန့်ကွက် ဆန္ဒပြလိုက်ချင်သည်။ ရှုတ်ချ လိုက်ချင်သည်။ သူသည် ကျောင်းသားလှုပ်ရှားမှု၊ လူထုလှုပ်ရှားမှုကိုယုံကြည်သည်။ သို့သော် နယ်တွင် ရောက်နေသော သူ့အဖြစ်အတွက် အားမလို အားမရဖြစ်နေမိသည်။ ဖုန်းတဂွမ်ဂွမ်ဆက်ပြီး တားနေသော အမေ့ကို သနားသဖြင့် ချက်ချင်း တော့လည်း မပြန်ဖြစ်သေး။
မြေနီကုန်းအရေးအခင်းဖြစ်ချိန်တွင် သူကျောင်းပြန်မတက်ဖြစ်။ ရန်ကုန်ကို မရောက်ဖြစ်။ အဖေနှင့် အမေက သူ့ကို နယ်မှာပင် ဆက်နေဖို့၊ ရှောင်နေဖို့ ပြောကြသည်။ တကယ်တော့ အမေတို့ ပြောစကားသက်သက်ကြောင့် နယ်တွင် သူဆက်နေခဲ့ခြင်းတော့ မဟုတ်ပါ။ သူ့တွင်လည်း သူ့အကြောင်းနှင့်သူရှိလာလို့သာ သူသည် လူလိမ္မာလေးဟန်ဆောင် ပြီး မိဘစကားကို မြေဝယ်မကျ နားထောင်ခဲ့ခြင်း ဖြစ်လေသည်။
သူတည်းသည့် အဒေါ်တို့ အိမ်၏ လမ်းတဖက် မျက်စောင်းထိုးတွင် နီလာဆိုသော မူလတန်းပြ ကျောင်းဆရာ မလေးရှိ သည်။ ထိုဆရာမလေးသည် သူ့အဒေါ်ကျောင်းဆရာမ၏ တပည့်ဖြစ်ပြီး သူ့အဒေါ်အိမ်သို့ မှန်မှန် အလည်လာသည်။ နီလာသည် တက္ကသိုလ်တက်ချင်သူ ဖြစ်သည်။ ငွေကြေးမပြည့်စုံသောကြောင့် တက္ကသိုလ်မတက်ရဘဲ မူလတန်းပြ ဆရာမ လုပ်လိုက်ရသူဖြစ်သည်။ နီလာသည် တက္ကသိုလ် ကျောင်းသားများကို အထင်ကြီးသည်။ အထူးသဖြင့် လက် နက်ကိုင် စစ်သားကြီးများကို အံတုပုန်ကန်ရဲသည့် သူပုန်ကျောင်းသား စိုးအောင် ကို ပိုအထင်ကြီးသည်။
နီလာ့ဖေဖေသည် နယ်ချဲ့ခေတ်၌ ကျောင်းသားသံမဏိတပ်ဖွဲ့ဝင် တယောက်ဖြစ်သည်။ ထို့ကြောင့် နီလာသည် ကျောင်းသား ခေါင်းဆောင်များကို အထင်ကြီး ကြည်ညိုရင်းစွဲရှိလေသည်။ ၁၉၃၈ ခုနှစ် အတွင်းဝန်ရုံးကြီးကို ဝိုင်းခဲ့ကြ သည့် ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော်၊ ကျောင်းသားခေါင်းဆောင် ကိုသိန်းအောင်၊ ကျောင်းသားခေါင်း ဆောင် ကိုကြည်မောင်တို့သည် နီလာ့ အတွက် အိပ်ရာဝင် ပုံပြင်တွေ ဖြစ်ခဲ့ဖူးသည်။ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း၏ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်ဆိုသော ကြုံးဝါးသံကို ငယ်ငယ်က ကျောင်းဖတ် စာတွင် သင်ရစဉ်က အကြိမ်ကြိမ်အားရကျေနပ်စွာ ရွတ်ဆိုခဲ့ဖူးသည်။ နီလာ့ဖေဖေ သခင်ဘမောင်သည် ကိုဗဟိန်း ထက်များစွာငယ်သော်လည်း ကိုဗဟိန်းကို တွေ့ခဲ့ဖူးသူဖြစ်သည်။ ဒဏ္ဍာရီဆန်သော ကိုဗဟိန်းအကြောင်းကို အဖေ့ဆီက ခဏခဏ ကြားခဲ့ရဖူးသည်။
နီလာသည် စိုးအောင်တို့ကို မျက်မှောက်ခေတ်၏ ဗဟိန်းများဟု မှတ်ယူထားသူဖြစ်သည်။ စိုးအောင်တို့သည် တိုင်းပြည် အတွက် အနစ်နာခံရုန်းကန်နေသူများဟု မှတ်ယူထားသည်။ စိုးအောင်တို့ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို နီလာသာမက သူ့ဖခင် ဦးဘမောင်ကပါ တခါတလေ လာရောက်မေးမြန်းတတ်သည်။ မျက်မှောက်ခေတ်နိုင်ငံရေး ပြဿနာတွေကို စိုးအောင်နှင့် ဆွေးနွေးအဖြေရှာတတ်သည်။ သူသည် သူ့တခေတ်တွင် တာဝန်ကျေခဲ့ပြီး ဖြစ်သော် လည်း နိုင်ငံရေးစိတ်မကုန်သေး။ တတိုင်းတပြည်လုံး လွတ်လပ်မျှတသည့်ခေတ် သို့ရောက်သည့်တိုင် ပါဝင်ဆင်နွှဲလိုက် ချင်သေးသည်ဟု ဆိုသည်။
နီလာကတော့ ဖုန်းမော်အရေးအခင်း၊ တံတားနီ အရေးအခင်းတို့ကို ရင်တဖိုဖိုနှင့် နားထောင်ရင်း စိုးအောင်ကို အထင် ကြီးသော မျက်ဝန်းတို့ဖြင့် ကြည့်နေမိတတ်သည်။ အင်းဝဆောင်နောက်ဖေး သံဇကာခြံစည်းရိုးပေါ်အတက် လုံထိန်းက ပုဆိုးကို ဆွဲထားသည့် နေရာအရောက်တွင် နီလာသည် ရင်တုန် မဆုံးရှိလေသည်။ စိုးအောင်ကတော့ ရယ်ကာမောကာ ဖြင့် ပြောပြတတ်သည်။ အသက်ဘေးနှင့် ရင်ဆိုင်ရသော အဖြစ်အပျက်များမှာ နောင်အခါတွင်တော့ ရယ်ရွှန်းပတ်ရွှန်း ပြန်ပြောလို့ကောင်းသော အရာတွေ ဖြစ်နေတတ်လေသည်။
တောင်ကြီး၊ ပြည်မြို့နှင့် မြို့နယ်တချို့တွင် လူမျိုးရေးအဓိကရုဏ်း တချို့ပေါ်ပေါက်လာသည်။ သို့သော် ထိုအဖြစ် အပျက်များသည် အစိုးရက လူထုကို အာရုံလွှဲရန်ကြိုးစားသော လုပ်ရပ်များဟု လူအများက ယုံကြည်ယူဆကြသည်။ မြန်မာ့ နိုင်ငံရေး သမိုင်းတလျှောက်တွင် အာဏာပိုင် အဆက်ဆက်တို့သည် နိုင်ငံ ရေး မငြိမ်မသက်ဖြစ်တိုင်း လူမျိုးရေး အဓိကရုဏ်းများ ဖန်တီးလေ့ရှိခဲ့သည်မှာ အင်္ဂလိပ်ခေတ်ကတည်းက ဖြစ်သည်။ လူအများသည် လူမျိုးရေး ပြဿနာကို စိတ်မဝင်စား။ စီးပွားရေး ပြဿနာကို စိတ်ဝင်စားကြသည်။ နိုင်ငံရေး ပြဿနာကို စိတ်ဝင်စားကြလေသည်။ လူထုကို ဘာသာရေးနှင့် လမ်းလွှဲ၍မရတော့။ လူထုသည် ထိုအချိန်တွင် နိုင်ငံရေးအားဖြင့် တဆင့်တက် ရင့်ကျက်ခဲ့လေပြီ။
ဖုန်းမော် အရေးအခင်းဖြစ်ပွားကာစက ကျောင်းသားတို့၏ တောင်းဆိုချက်သည်၊ ဖြစ်ရပ်မှန်ဖော်ထုတ်ပေးရေး၊ ပစ်ခတ် သူတို့ကို အရေးယူပေးရေး၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး ဖြစ်သည်။ ခုတော့ လှုပ်ရှားမှုသည် လူထုကြားသို့ ကျယ်ပြန့် လာသည်။
ယခင်က ဖြစ်ခဲ့ဖူးသော ကျောင်းသားအရေးအခင်းများဖြစ်ကြသည့် ဦးသန့် အရေးအခင်း၊ အလုပ်သမား အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းများတွင်၊ အစိုးရသည် အရေးအခင်းတွေကို ဖြိုခွဲပြီး ကျောင်းတွေကို ပိတ်လိုက်စမြဲဖြစ်သည်။ သည်နည်းသည် ယခင်က ထိရောက်ခဲ့သည်။ ကျောင်းတွေပိတ်လိုက်လျင် ကျောင်းသား အရေးအခင်းသည် ဘာပဲပြော ပြော ယာယီသဘောအားဖြင့်တော့ ငြိမ်သက်တိတ်ဆိတ်သွားတတ်သည်။ သို့သော် သည်တခါ ထူးခြားလေသည်။ ကျောင်းတွေပိတ်လိုက်သောအခါ ကျောင်းသားအရေးသည် ပြန့်ကျဲသွားတာမှန်သည်။ သို့သော် ခါတိုင်းလို မပျောက်မ ပျက်။ ကျယ်ပြန့်သွားသည်။ ကျောင်းသားအရေးသည် လူထုအရေး ဖြစ်သွားသည်။ လူထုကြားရောက်သွားသည်။ ကျောင်းသား၏ မကျေနပ်ချက်နှင့် လူထု၏ မကျေနပ်ချက် ကူးစက်သွားလေသည်။ လွန်ခဲ့သောနှစ်က ငွေစက္ကူအများ အပြား တရားမဝင်ကြေငြာခဲ့သော ဖြစ်ရပ်သည် လူထုအကြားသို့ မကျေနပ်ချက် ပြန့်ပွားကူးစက်ခြင်း၏ အဓိက အကြောင်းရင်းတခု ဖြစ်ပေလိမ့်မည်။
လူထု၏ လိုလားချက်မှာ ကျောင်းသား၏ လိုလားချက်ထက် ပိုမိုကျယ်ပြန့်လေသည်။ တပါတီအာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးသည် ပြည်သူတို့၏ လိုလားချက်ဖြစ်သည်။
ဆက်နိုင်မင်း
Facebook .. Set Naing Min
No comments:
Post a Comment