Friday, July 12, 2013

အဆိပ်မသင့်သောလူ (တိုးသစ်)

ကြွယ်ဝချမ်းသာမှုဆိုတာ
ကျောင်းဆရာ လယ်သမားတဦးအဖို့တော့
ဆန်းပြားတဲ့ကံစီမံရာ အတတ်ပညာတခုပါ
ဉာဏ်မမီခဲ့ရှာဘူး။

ကြောက်တတ်ရင်နှစ်ခါသေတယ်ကွ
ငါ့ဦးနှောက်တွေကို
ဘာအကြောင်းပြချက်နဲ့မှ ခုတုံးမလုပ်နိုင်ဘူး ညီညီ။

တလင်တမယားစနစ်ကိုချစ်တယ်
ဒါးလေးစင်း
ထီးတလက်
ဘဝကိုခရီးဆက်ရတဲ့အခါ
လျှာပေါ်မြက်ပေါက်လာတာတောင်
မိသားစုအဟာရကို အဆိပ်မခတ်ခဲ့ဘူး။

လဘက်ရည်ဆိုင်ထဲမှာ
အတွေးတွေမကြွယ်ခဲ့ဘူး
ရုပ်ရှင်ရုံထဲမှာ
သူရဲကောင်းတွေနဲ့ လက်ဆွဲမနှုတ်ဆက်ခဲ့ဘူး
စာဥယျာဉ်ထဲကိုလည်း
တောလည်ထွက်ဖို့ အချိန်မရှိခဲ့ဘူး

လက်သီးကိုဆုပ်ခဲ့ပြီး
ကိုယ်လုပ်မှကိုယ်စားရတာပါကွာလို့ 
ကျောင်းဆရာလယ်သမားက
သူ့အဘိဓမ္မာကိုဖွင့်ပြခဲ့တယ်။

အနာဂတ်ကိုထက်ရှဖို့အတွက်
ကျောင်းမှာ ကလေးတွေရဲ့အတွေးတွေကို
ကျောင်းဆရာတဦးအနေနဲ့ မီးဆေးတယ်။

မိသားစုစားဖို့ ခက်တော့
လယ်သမား
စပါးစိုက်တယ်
နေကြာပွင့်တွေကိုဆီဖြစ်စေခဲ့တယ်
ဘယ်လိုအကြောင်းအချက်တွေက
အဖေ့ကို
လောကကြီးရဲ့ မြှူဆွယ်ဖြားယောင်းမှုတွေကို
ခုခံအားကောင်းစေခဲ့တာလဲ။

မိုးခါးရေတွေ
ဘူးသွပ်ရောင်းဝယ်နေတဲ့ အဲဒီခေတ်မှာ
သူ့သိက္ခာတွေက လူတွေခပ်သလောက်
မခမ်းတဲ့
စမ်းရေလိုချိုတယ်။

မင်းကတော့
ပုန်ကန်ချင်တဲ့ကောင်
အောက်ဆီဂျင်လိုကောင်ပဲဆိုပြီး
ဒေါသကြီးတကြီး ဆူပွက်ခဲ့ရတဲ့ ကျနော့်ကြောင့်များ
အဖေနေရမယ့်နှစ်တွေကို
မြန်မြန်မျိုချလိုက်တာလား။

ကျနော့်အတွက်တော့
လူတွေလုပ်ခဲ့သမျှ
မိုးမျှော်အဆောက်အဦကြီးတွေကိုလည်း
အဖေ့စိတ်ကူးတွေလောက်
မြင့်တယ်မထင်ခဲ့ဘူး။

လူတွေဆောက်ခဲ့သမျှ
မြစ်ကူးတံတားကြီးတွေကိုလည်း
အဖေ့စိတ်ကူးတွေလောက်
အသုံးတည့်တယ်လို့မထင်ခဲ့ဘူး။

လူတွေချက်တဲ့ ဝိုင်အရက်တွေကလည်း
အဖေ့စိတ်ကူးတွေလောက်
လှပ ရီဝေ မနေခဲ့ဘူး။

တရာရာခိုင်နှုန်းကော်တွန်တောင်
အဖေ့စိတ်ကူးတွေလောက်
ချည်မစစ်နိုင်ပါဘူးလေ။

ခုတော့… ကမ္ဘာကြီးကပြားသွားပြန်ပြီတဲ့ အဖေရေ
လားတကောင်သွားဘို့ လမ်းရှာဘို့လိုပါသေးသလား
အဖေ့စိတ်ကူးတွေကိုကြားချင်လိုက်တာ
တိမ်တွေပွင့်ရင် သားက
နှင်းဆီရနံ့တွေကို ဟောဒီမြေပေါ်မှာ
ကိုယ်တိုင်ယက်လုပ်ချင်သေးတာ
စိတ်ကူးတွေကို ဘယ်လိုစိတ်ကူးခဲ့ပါသလဲ အဖေ။

တိုးသစ်

နေ့သစ်မှ ..
http://naytthit.net

No comments: