ဇူလိုင်ရက်လ ရောက်ခဲ့ရတိုင်း
စိတ်ကျရောဂါဝင်လာတယ်..
ဇူလိုင်မိုးဖွဲ သည်းချေပျက်အောင်
ရက်စက်မှုများကြုံခဲ့တယ်…
ဇူလိုင်မှာ ဖွားရက်များစွာဟာ
အင်အားချိနဲ့သွားခဲ့တယ်…
ဇူလိုင်မှာမွေးရက်လေးတွေလည်း
သွေးနံ့ညှီတုန်းရှိသေးတယ်။
(ဇူလိုင်ဝေဒနာကဗျာမှ)
လွန်ခဲ့တဲ့ ၂၂ နှစ်လောက်က အိန္ဒိယနိုင်ငံ နယူးဒေလီရောက် မြန်မာကျောင်းသားတွေထုတ်ခဲ့တဲ့ ဇူလိုင်လက်ကမ်းစာ ဆောင်လေး တခုမှာ ရေးခဲ့ဖူးတဲ့ ကဗျာအပိုင်းအစလေးတခုကို ကောက်နှုတ်ဖော်ပြလိုက်တာပါ။ အဲဒီတုန်းက ဇူလိုင်ဟာ မြန်မာပြည်အတွက် အိပ်မက်ဆိုးတွေရှိခဲ့ဖူးတဲ့ ခံစားချက်နဲ့ တွေးခဲ့ရေးခဲ့ဖူးတယ်။ တိုင်းပြည်ရဲ့
အတိတ်ဖြစ်ရပ် အကျိုး ဆက်တွေ ပြန်ကြည့်တော့ ဇူလိုင်မှာ လွတ်လပ်ရေးရပြီးခေတ် မြန်မာ့အနာဂတ်အတွက် ဧရာမဆုံးရှုံးမှု ၂ ခု ပေါ်ထွက်ခဲ့ ဖူးတယ်။
ပထမဆုံး ဆုံးရှုံးမှုက ဗိုလ်ချုပ်အောင်ဆန်း(၁၉၁၅-၁၉၄၇) နဲ့ တိုင်းရင်းသားခေါင်းဆောင်၊ နိုင်ငံတော်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ ၁၉၄၇ ဇူလိုင် ၁၉ (အာဇာနည်နေ့) ဖြစ်တယ်။ ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့အကျိုးဆက်က အမျိုးသား ညီညွတ်ရေး၊ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ်ပါ လုံးပါးပါးခဲ့ရတဲ့အထိ နောက်ပိုင်းမှာ ဖြစ်ခဲ့တယ်။
ဒုတိယဆုံးရှုံးမှုက ၁၉၆၂ မတ်လ ၂ ရက် စစ်အာဏာသိမ်းပြီးနောက် ဇူလိုင် ၇ ရက် ရန်ကုန်တက္ကသိုလ် သွေးချောင်းစီး မှုရယ် ကျောင်းသားသမဂအဖွဲ့အစည်းနဲ့ အဆောက်အအုံကိုပါ ဖြိုခွဲဖျက်ဆီးခဲ့တာ ဖြစ်တယ်။ အဲဒီအကျိုးဆက်က တက္ကသိုလ်ရဲ့အစဉ်အလာအရ မွေးထုတ်ပေးတဲ့ ပညာတတ်နိုင်ငံရေးမျိုးဆက် ပြတ်တောက်မှုနဲ့ တရားဝင်ကျောင်းသား နိုင်ငံရေးယဉ်ကျေးမှု ချိနဲ့သွားသလို၊ ပညာရေးမဏ္ဍိုင်တခုလုံး လဲပြိုသွားခဲ့တယ်။အဲဒီဇူလိုင်လ သွေးစွန်းမှုတွေဟာ ခေတ်သစ်မြန်မာ့သမိုင်းရဲ့ အကြီးကျယ်ဆုံး၊ အရက်စက်ဆုံး၊ ဆုံးရှုံးမှုအကြီးမားဆုံး၊ အနာဂတ် အကျိုးဆက် အဆိုးရွား ဆုံးတွေ ဖြစ်ခဲ့တယ်။ ဖြစ်ရပ်နှစ်ခုစလုံးဟာ လူပုဂ္ဂိုလ်တဦး ဒါမှမဟုတ် အဖွဲ့အစည်းတခုရဲ့ နိုင်ငံရေးအာဏာရလိုမှုနဲ့ အာဏာခိုင်မြဲလိုမှုတို့ တဆက်တစပ်တည်း ရှိခဲ့တယ်။ အဲလို အာဏာရယူလိုမှု အာဏာမြဲမြံလိုမှုဆိုတဲ့ မဆင်မခြင်လုပ် ဆောင်မှုကွက်ကွက်လေးကြောင့် နောင်လာမယ့် မြန်မာပြည်သူ တိုင်းရင်းသားမျိုးဆက်တွေကြားမှာ အမျိုးသားညီညွတ် ရေးပျက်ပြားခဲ့မှုနဲ့ ပညာတတ်တွေ၊ နိုင်ငံရေးအသိပညာရှင်တွေ မျိုးကန်းသွားခဲ့တဲ့ အနေအထားတွေကို ကျနော် တွေးမြင်မိသလို ဖော်ပြချင်ပါတယ်။
အကြောင်းမသိတော့..
လွတ်လပ်ရေးတိုက်ပွဲကာလကနေ ၁၉၄၇ ဇူလိုင် ၁၉ လုပ်ကြံမခံရခင်အထိ ဗိုလ်ချုပ်အောင်ဆန်း(ဖဆပလ ခေါင်းဆောင် ဦးအောင်ဆန်း) ဟာ မြန်မာ့နိုင်ငံရေးလောကမှာ ဘုန်းမီးနေလတောက်နေသူ ဖြစ်တယ်။ သူ့ရဲ့ ရိုးသားမှုနဲ့ ကိုယ်ကျင့် တရား၊ တိုင်းပြည်အပေါ်စေတနာမှန်မှု၊ ဉာဏ်အမြော်အမြင်ကြီးမားမှုကို ပြည်သူတွေက လေးစားမြတ်နိုးခဲ့တယ်။ ဒီအ တွက်လည်း အာဏာကို ဖြတ်လမ်းကရလိုသူရဲ့ မလိုမုန်းထားမှုကို ခံရတယ်။ လုပ်ကြံသူခေါင်းဆောင် လင်္ကျာနိုင်ငံရေး သမား ဂဠုန်ဦးစော (၁၉၀၀-၁၉၄၈) ဟာ ဦးအောင်ဆန်းရဲ့ အဓိက အားပြိုင်ဖက်ဖြစ်တယ်။ ပညာတတ်တယောက် လည်းဖြစ်တဲ့ ဦးစောဟာ သူရိယသတင်းစာကို ထူထောင်သူလည်းဖြစ်ပြီး မျိုးချစ်ပါတီခေါင်းဆောင်လည်း ဖြစ်တယ်။ ဗိုလ်ချုပ်ထက် ၁၅ နှစ်ကြီးပြီး နိုင်ငံရေး သဘာရှိတဲ့ ဦးစောဟာ ၁၉၄၀ ကနေ ၁၉၄၂ ထိ နန်းရင်းဝန်ရာထူးရခဲ့ဖူးပေမဲ့ ဒုတိယကမ္ဘာစစ်တလျောက်လုံးနဲ့ လွတ်လပ်ရေးအကြိုကာလ လူငယ်နိုင်ငံရေးသမား တော်လှန်ရေးသမားတွေ အင်္ဂလိပ်နဲ့ ဂျပန် နယ်ချဲ့ကျွန်ဘ၀ကနေ ကျားကုပ်ကျားခဲ ရုန်းကန်လှုပ်ရှားနေတဲ့အချိန် (၁၉၄၂-၁၉၄၆) မှာ ဦးစောဟာ ယူဂန်နာ နိုင်ငံမှာ ထိမ်းသိမ်းခံနေရတယ်။
မြန်မာ့နိုင်ငံရေးရေစီးကြောင်းနဲ့ အဆက်ပြတ်နေတော့ အဲဒီတုန်းက နိုင်ငံတကာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲနဲ့အညီ မြန်မာ့လွတ်လပ်ရေးအတွက် ဟန်ချက်ညီ လှုပ်ရှားနေတဲ့ မြန်မာ့မျိုးချစ် ပညာတတ် နိုင်ငံရေးသမားတွေ ဦးမော့လာ တာကို မျက်ခြေပြတ်နေတယ်။ သခင်အောင်ဆန်းအပေါ် ပြည်သူတွေ ဘယ်အထိထောက်ခံအားပေးနေတယ်ဆိုတာကို သတိမထားမိတဲ့ ဦးစောဟာ အတက်အကျ နိုင်ငံရေးရဲ့ တရားသဘောကို မဆင်ခြင်နိုင်ခဲ့ဘူး။ တိုင်းတပါးနယ်ချဲ့ အောက်မှာပဲ ရာထူးလက်ခံခဲ့သူတယောက်အဖို့ သူနဲ့ အတွေးအခေါ်ချင်းကွာဟနေပြီး လူငယ်ခေါင်းဆောင်တွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမှု ခေတ်သစ်နိုင်ငံရေးအပြောင်းအလဲကို နားမလည်နိုင်ခဲ့ဘူး။ သူ့ခေတ်ရှိနေတယ်လို့ပဲ မှတ် ထင်ယူဆပုံရတယ်။ ဒါကြောင့်လည်း ရာဇ၀င်ရိုင်းတဲ့ လုပ်ကြံမှုကြီးကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်တယ်။
မတူညီတဲ့နိုင်ငံရေးအမြင်နဲ့ ပန်းတိုင်
၁၉၃၆ ဖေဖော်ဝါရီလ ဒုတိယအကြိမ်ကျောင်းသားသပိတ်ကနေ နိုင်ငံရေးတက်ကြွတဲ့ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၊ ကိုနု၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုရာရှစ်တို့ကို ခေါင်းဆောင်တွေအဖြစ် မွေးထုတ်ပေးလိုက်တယ်။ (သမဂ္ဂ မဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းရဲ့ အယ်ဒီတာကျင့်ဝတ်ခိုင်မာမှုကြောင့် ဖြစ်တယ်။ အိုးဝေညိုမြ က တက္ကသိုလ်အာဏာပိုင်တွေကို ပြက်ရယ်ပြုထားတဲ့ Hellhound at Large (ငရဲခွေးကြီးလွတ်နေသည်) ဆောင်းပါးရှင် နာမည်မဖော်လို့ အယ်ဒီတာကို ကျောင်းထုတ်ရာက သပိတ်စတင်တယ်) အဲဒီနောက် All Burma Students’ Union (ဗကသ) ကို ဖွဲ့စည်းခဲ့ပြီး ကျောင်းသားနိုင်ငံရေးကနေ တက္ကသိုလ်ပြင်ပအသင်းအဖွဲ့ တချို့နဲ့ ချိတ်ဆက်ပြီး အမျိုးသား နိုင်ငံရေး (လုံးဝလွတ်လပ်ရေး) အထိ ခြေဆန့်သွားတယ်။ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ဖိနှိပ်မှု မတရားခေါင်းပုံဖြတ်မှုကို အံတု ဆန့်ကျင်ကြတဲ့ အလုပ်သမားနဲ့ လယ်သမားသပိတ်၊ ကျောင်းသားသပိတ်တွေကို ဦးဆောင်လာတယ်။ အသက် ငယ်ပေမဲ့ နိုင်ငံရေးလှုပ်ရှားမှုနယ်ပယ်ကနေ ရင့်ကျက်မှုတွေရခဲ့တယ်။
စစ်ကြိုခေတ်ကာလလူငယ်နိုင်ငံရေးသမားတွေက ဒို့ဗမာအစည်းအရုံးကိုဖွဲ့စည်းပြီး လွတ်လပ်ရေးအတွေးအခေါ်တွေ ဖြန့်ကျက်နေချိန်မှာ ဦးစော တို့လို လူကြီးနိုင်ငံရေးသမားတွေက ကိုလိုနီအုပ်ချုပ်ရေးယန္တရားအောက်က အာဏာခွဲဝေ မှုနဲ့ အာဏာချိန်ခွင်လျှာညှိမှု နိုင်ငံရေးပဋိပက္ခတွေကြားနစ်မြုပ်နေကြတယ်။ ဦးစော ကိုယ်တိုင် နန်းရင်းဝန်ဖြစ်နေစဉ် ကာလမှာ ဗြိတသျှ အာဏာပိုင်တွေကသူ့ရဲ့ ကိုလိုနီရုပ်သေးအစိုးရတွေကို အထူးအာဏာကုန်လွှဲအပ်ထားတဲ့ Defence of BurmaRules (မြန်မာ့စည်းမျဉ်းဥပဒေသများကို ကာကွယ်သည့် ဥပဒေ) ကို အခွင့်ကောင်းယူပြီး ဒို့ဗမာအစည်းအရုံး လှုပ်ရှားမှုတွေကို တရားမ၀င်ကြောင်းကြေငြာပြီး သခင်နိုင်ငံရေးသမားတွေ၊ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို ဖမ်းဆီးပြီး တိုင်းပြည်ဆူပူလှို့ဆော်မှုနဲ့ တရားစွဲ ထောင်ချတယ်။ အဲဒီတုန်းက အာဏာရှင်အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ ဦးစောဟာ သူ့နဲ့ နီးစပ်ပြီး သူ့ကိုထောက်ခံခဲ့တဲ့ စီးပွားရေးသမား၊ နိုင်ငံရေးသမားတွေကိုဘွဲ့ထူး၊ ရာထူးနဲ့ အခွင့်အရေးတွေပေးပြီး ဆုချ စည်းရုံးခဲ့တယ်။ ဗြိတိသျှ ဘုရင်ခံ ဆာရယ်လ်ဂျီနယ်လ်ဒေါ်မန်စမစ် (Sir Reginal Dorman- Smith) ထက်အသက် တနှစ်ထဲငယ်တဲ့ ဦးစောတို့ မိတ်ဆွေရင်းတွေလိုဆက်ဆံခဲ့ပြီး ဦးစောရဲ့ ဘုရင်ခံသက်တမ်း ၅ နှစ်တိုးပေးခဲ့တယ်။ လန်ဒန်ကိုဖိတ်ပြီး ဆာဝင်စတန်ချာချီ (Sir Winston Churchill) နဲ့ ခေါင်းဆောင်ကြီးတွေကို တွေ့ပေးဖို့ဖိတ်ခဲ့တယ်။ ဗြိတိသျှတွေစစ်နိုင်ရင် မြန်မာပြည်ကို လွတ်လပ်ရေးကြေညာပေးဖို့ တောင်းဆိုမယ်လို့ ကြံရွယ်ထားတဲ့ ဦးစော ဟာ လက်တွေ့မှာတော့ ၀န်ကြီးချုပ်ချာချီရဲ့ အနောက်နဲ့ ဥရောပမဟာမိတ်တပ်တွေ အောင်ပွဲရရေးအတွက် အလုပ်ရှုတ်နေ သလို ချာချီရဲ့ ကိုလိုနီနိုင်ငံများအပေါ်ထားရှိတဲ့ တင်းမာတဲ့ရပ်တည်ချက်တွေကို မြင်လိုက်ရတော့ မူလစိတ်ကူးထားတဲ့ လွတ်လပ်ရေးပေးဖို့ ပြည်သူ့ဆန္ဒတွေပြောဖို့ နှုတ်ဆွံ့ပြီးပြန်လာခဲ့ရတယ်။
ဦးစောက ဗြိတိသျှဓနသဟာရနိုင်ငံအတွင်းက ဒိုမီနီယံအဆင့်လောက်သာရှိတဲ့ အုပ်ချုပ်ရေးကိုတောင်းဖို့ ပြင်နေတဲ့ အချိန် သခင်အောင်ဆန်းတို့ မျိုးချစ်လူငယ်တွေက လုံးဝလွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ဖို့ ပြင်ဆင်နေပါ တယ်။ အတွေ့အကြုံရင့်ကျက်တဲ့ ဒေါက်တာဗမော်တို့လို လူကြီးနိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းပြီး ဗမာ့ထွက်ရပ်ဂိုဏ်း (Freedom Bloc) လို ကျယ်ပြန့်တဲ့မဟာမိတ် တပ်ပေါင်းစုကြီးကိုဖွဲ့စည်းပြီး လုံးဝလွတ်လပ်ရေးကို ဦးဆောင်နေတယ်။ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းနဲ့ လူငယ်ခေါင်းဆောင်များဟာ အိန္ဒိယက မဟတ္တမဂန္ဒီနဲ့ တွေ့ဆုံခဲ့သ လို ကွန်ဂရက်ခေါင်းဆောင် ပဏ္ဍစ်နေရူး၊ ဆူဘတ်စ်ချန်ဒရာဘို့စ် တို့နဲ့ လွတ်လပ်ရေးအတွက် ပူးပေါင်းအားထုတ်နေ တယ်။ ဦးစောနဲ့ သခင်အောင်ဆန်းတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်မတူညီမှုသလို ပြည်သူတွေရဲ့ထောက်ခံမှုလည်း ကွာဟ ခဲ့ပါတယ်။ ပြည်သူတရပ်လုံးရဲ့ဆန္ဒနဲ့ တထပ်တည်းကျအောင် အကောင်အထည်ဖော်ပေးနိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးလှုပ်ရှားမှုဟာ ပြည်သူရဲ့တခဲနက် ထောက်ခံမှုကိုရခဲ့တယ်။
ဗိုလ်ချုပ်နဲ့အာဇာနည်တွေ လုပ်ကြံမှုကို အတော်များများက ရေးသားဖော်ပြပြီးဖြစ်လို့ ဒီ ဆောင်းပါးမှာ မဖော်ပြလိုပါ။ ဗိုလ်ချုပ်အောင်ဆန်း အလွန်ကာလ တစိတ်တပိုင်းကိုသာ ဆွေးနွေးလိုပါတယ်။
ဆုံးရှုံးမှု
ဗိုလ်ချုပ်တို့ဆုံးရှုံးမှုဟာ လွတ်လပ်ရေးအတွက် လှေလှော်ကောင်းတုန်း တက်ကျိုးသလိုပဲလို့ ဥပမာပေးကြတယ်။ တိုင်း ပြည်ရဲ့အုပ်ချုပ်ရေး မဏ္ဍိုင်တခုလုံး ယိမ်းခါခဲ့တယ်။ ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးရဖို့ ဦးဆောင်ခဲ့သူသာမက နှစ်ပေါင်းများ စွာ ကစဥ့်ကလျားဖြစ်နေတဲ့ တိုင်းရင်းသားပေါင်းစုံ ညီညွတ်ရေးကို အကောင်အထည်ဖော်ခဲ့သူလည်း ဖြစ်တယ်။ တနည်း ပြောရရင် နှလုံးရည်နဲ့ အမျိုးသားညီညွတ်ရေးကို တည်ဆောက်သွားခဲ့သူ ဖြစ်တယ်။ ပဒေသရာဇ်ခေတ် အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားတို့ဟာနိုင်ငံတော်ကို အင်အားပြပြီး လက်နက်နဲ့စည်းရုံးခဲ့တာ ဖြစ်တယ်။ တိုင်းရင်းသား တွေဘက်ကကြည့်ရင် အားမတန်လို့ မာန်လျှော့ရတာ ဖြစ်တယ်။ ဒီကနေ့ ပြင်ဦးလွင်စစ်တက္ကသိုလ်နဲ့ နေပြည်တော်က မင်းကြီး ၃ ပါး ရုပ်ထုဟာ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့သူ၊ မဟာဗမာအတွေးအခေါ်ရှိသူတွေအတွက် ၀င့်ကြွား ဂုဏ် ယူစရာ ဖြစ်နေပေမဲ့ တိုင်းရင်းသားလူမျိုးစုတွေအတွက်တော့ လက်နက်အားကိုးနဲ့ မိမိတို့ အချုပ်အခြာအာဏာကို သိမ်း ပိုက်ခဲ့တဲ့ ပဒေသရာဇ်ခေါင်းဆောင်တွေလို့ မြင်နေတုန်းပါ။ ဒါပေမဲ့ ၁၉၄၇ ဖေဖ၀ါရီတုန်းက ဗိုလ်ချုပ်အောင်ဆန်းကိုယ် တိုင် ရှမ်းတောင်တန်းပေါ်တက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့အတူ သဘောတူစိုက်ထူလိုက်တဲ့ ပင်လုံကျောက် စာတိုင်ကိုတော့ သူတို့ရဲ့ ခန္တာအစိတ်အပိုင်းတခုလို မြင်နေတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ စတုတ္ထနိုင်ငံတော်ကို ထူထောင်ရာမှာ လက်ရုံးရည်သက်သက်နဲ့မဟုတ်၊ နှလုံးရည်နဲ့ပါ ထူထောင်ခဲ့သူဖြစ်တယ်။ တိုင်းပြည်လွတ်လပ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတဲ့ အရေးပါတဲ့ အဆင့်တိုင်းကို ဆွေးနွေးညှိနှိုင်းမှု (Dialogue) တွေနဲ့ အရယူခဲ့ တာ ဖြစ်တယ်။
အောင်ဆန်းတန်ဘိုး
ဒီကနေ့ ဦးသိန်းစိန် အစိုးရခေတ်မှာတောင် ဗိုလ်ချုပ်အောင်ဆန်းလို အောင်မြင်တဲ့ ရလဒ်ကို မတွေ့ရသေးဘူး။ တိုင်းရင်း သားခေါင်းဆောင်တွေ ဗိုလ်ချုပ်ကိုချစ်ကြည်လေးစားမှုနဲ့ ယုံကြည်မှုရှိတာဟာ သူ့ရဲ့ နိုင်ငံရေးပရိယာယ်မပါတဲ့ လုပ်ရပ်နဲ့ သွေးရင်းညီနောင်လို သဘောထားတဲ့စိတ်စေတနာနဲ့လည်း သက်ဆိုင်တယ်။ ဒီတကြိမ်မညီရင် ဗြိတိသျှ ကျွန်ဘ၀ကို နောက်တခါပြန်ရောက်မယ်ဆိုတဲ့ စိုးရိမ်မှုက ပြည်ထောင်စုစိတ်ဓာတ်ပေါ်လာဖို့ တွန်းအားတွေ ဖြစ်ခဲ့တယ်။ နယ်ချဲ့ရဲ့ သွေးခွဲမှုနဲ့ ခြိမ်းခြောက်မှုကိုကာကွယ်ဖို့ ပြည်နယ်ပြည်မ တန်းတူညီတူအခွင့်အရေးဆိုတဲ့ အကျိုးစီးပွားပေါ် အတူတူ ရပ်ခဲ့ကြတယ်။ ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ဆိုတာ လွတ်လပ်ရေးအကြို မြန်မာပြည်နိုင်ငံရေးမှာ တန်ဘိုး အမြင့်မားဆုံးအဖြစ် တည်ရှိခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတာဟာ မြန်မာပြည်အတွက် အစားထိုးမရနိုင်တဲ့ ခေါင်းဆောင်ကောင်းတယောက်ကို ဆုံးရှုံးခဲ့ရုံမကဘူး တိုင်းရင်းသားသွေးစည်းညီညွတ်ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ်ပါ ဆုံးရှုံးဖို့အခြေအနေတွေ ဖြစ်သွား ခဲ့တယ်။
ကျနော် အလယ်တန်းကျောင်းသားဘ၀က ရှမ်းအဆိုတော် စိုင်းဆိုင်မောဝ် ရှမ်းသူပုန်ဘ၀က သီဆိုခဲ့တဲ့ ရှမ်းပြည် လွတ်မြောက်ရေးအတွက် စည်းရုံးတဲ့ ရှမ်းသီချင်းတပုဒ် ကြားဖူးတယ်။ အဲဒီသီချင်းစာသားမှာ “ဗိုလ်ချုပ်ပေးခဲ့တဲ့ ကတိ တွေကို..ဗိုလ်ချုပ်နဲ့အတူ သင်္ဂြိလ်လိုက်ပြီလား” လို့ပါတယ်။ ဒီသီချင်းကို ရှမ်းပြည်က ကျနော်တို့မြို့မှာ ကျင်းပတဲ့ ရှမ်း အမျိုးသားဆိုင်ရာပွဲလမ်းသဘင်တွေမှာ မကြာခဏ ကြားရလေ့ရှိတယ်။ ရှမ်းပြည်သူတွေစိတ်မှာ ဗမာတွေ ကတိက၀တ် ပျက်တယ်ဆိုတဲ့ ခံစားမှုတွေ ရှိခဲ့ကြတယ်။ “လွတ်လပ်ရေးရလို့မှ ၁၀ နှစ်အတွင်း အတူတူနေလို့မရရင် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ရှိတယ်” ဆိုတဲ့ ပင်လုံစာချုပ်ပါကတိကို သူတို့မမေ့ဘူး။ ဖယ်ဒရယ်ပြည်ထောင်စုအပေါ် ကိုယ်လိုရာ ကောက်ချက်တွေဆွဲ၊ အဓိပ္ပါယ်တွေ ဖော်ပြီး စစ်အာဏာသိမ်းခဲ့တာကိုလည်း သူတို့မမေ့ဘူး။
အရှုံးနှစ်ခါပေါ်
လွတ်လပ်ရေးရခဲ့ပေမယ့် ပြည်တွင်းစစ်နဲ့အတူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလည်း တစတစအက်ကွဲလာတယ်။ ဖယ်ဒရယ်မူကို ခွဲထွက်ရေးမူဖြစ်တယ်လို့ မမှန်ကန်တဲ့ဝါဒဖြန့်မှုဟာ တိုင်းရင်းသားများနဲ့ ညီညွတ်ရေးတည်ဆောက်ရာမှာ အထိနာစေတယ်။ ၁၉၆၂ ခုနှစ် ဦးနေ၀င်းစစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်ထူထောင်ခဲ့တဲ့ ပင်လုံအနှစ်သာရ လည်း ပျက်ဆီးသွားသလို ပြည်ထောင်စုရဲ့ အနှစ်သာရလည်းပြိုကျသွားခဲ့တယ်။ လက်နက်နိုင်ငံ ထူထောင်အုပ်ချုပ်မှု ကြောင့် အမျိုးသားညီညွတ်ရေးဟာ ရှေ့ဆက်မတိုးနိုင်သလို ပဒေသရာဇ်ခေတ်ထက် အနည်းငယ်သာတဲ့ ခေတ် နောက်ပြန်ဆွဲ အာဏာရှင်စံနစ်အောက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ ဟန်ဆောင်ပြုံးဖြီးပြတဲ့ ပြည်ထောင်စုနေ့ ညစာ စားပွဲမှာပဲ ရှိခဲ့တယ်။ ဖယ်ဒရယ်မှုကြောင့် ပြည်ထောင်စုကြီးပြိုကွဲနိုင်တယ်လို့ ၀ါဒဖြန့်နေတဲ့ မဆလခေတ်ထဲမှာတင် ပြည်ထောင်စုစိတ်ဓာတ်တွေ ပျက်ပြယ်သွားခဲ့တယ်။ ပင်လုံသဘောတူညီချက်ကို အသိအမှတ် မပြုချင်တာကြောင့် တိုင်းရင်းသားညီညွတ်ရေးပြိုကွဲတာဟာ ပထမအရှုံးဖြစ်တယ်။
ဒုတိယအရှုံးကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းနဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ခဲ့တာပဲ ဖြစ်တယ်။ ဦးနေ၀င်း ရဲ့ တပါတီ အာဏာရှင်စနစ်ထဲမှာတင် သူဟာ တပ်မတော်ရဲ့ ဒုတိယဖခင်သဖွယ် ၀ါဒဖြန့်ရေးသားပြောဆိုလာတယ်။
၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို ပေါ်ပေါ်ထင်ထင် ဖျောက်ဖျက် လာပါတယ်။ ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားမှုကလည်း ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ရုံးခန်း တွေကနေ ဖြုတ်ချလိုက်တဲ့အထိ ဖြစ်သွားစေတယ်။ တကယ်တော့ ဗိုလ်ချုပ်ရဲ့သမိုင်းကို ဖျောက်နေတာဟာ ပင်လုံ သမိုင်း၊ ပြည်ထောင်စုသမိုင်းကို ဖျောက်ဖျက်တာနဲ့ အတူတူပဲလို့ တိုင်းရင်းသားခေါင်းဆောင်တွေက ယူဆနေကြတယ်။ မြန်မာ့တပ်မတော် သိပ္ပံနဲ့ နည်းပညာ သုသေသနဌာနချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း က ဗိုလ်ချုပ်အောင်ဆန်းရဲ့ တန်ဘိုးဟာ ပြည်ထောင်စုတိုင်းရင်းသားများရဲ့တန်ဘိုးနဲ့ ထပ်တူထပ်မျှကျနေတယ်လို့ သုံးသပ်ပြောဆိုခဲ့တယ်။ “ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသားရေး၊ ပြည်ထောင်စုအရေး၊ တိုင်းရင်းသားစုံ ညီညွတ်ရေး အတွက်အရေးပါတဲ့ သင်္ကေတတခုလို ဖြစ်နေတယ်၊ မြန်မာနိုင်ငံမှာ ပြည်ထောင်စုစနစ်နဲ့ တိုင်းရင်းသားချစ်ကြည်မှုကို တည်ဆောက်နိုင်တာ ဗိုလ်ချုပ်အောင်ဆန်းသာ ဖြစ်တယ်၊ ဗိုလ်ချုပ်သမိုင်းပျောက်နေတာဟာ ပင်လုံပျောက်တာ၊ ပြည် ထောင်စုစံနစ်ပျောက်တာ၊ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းတည်ဆောက်ထားတဲ့ ညီညွတ်ရေးပျောက်သွားတာ ဖြစ်တယ်”
“ဗိုလ်ချုပ်လမ်းစဉ်ကို အကောင်အထည်ဖော်ပါ”
နအဖခေတ်ထဲမှာ ဗိုလ်ချုပ်အကြောင်းရေးထားတဲ့ စာအုပ်တွေတောင် ရှားပါးလာတယ်။ တပ်မတော် စာကြည့်တိုက်မှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပေါင်းချုပ်စာအုပ်အပါအ၀င် ဗိုလ်ချုပ်အကြောင်းရေးထားတဲ့စာအုပ်တွေ မတွေ့ရဖူးလို့လည်း ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းကဆိုတယ်။ “ ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အဆက်ပြတ်ခဲ့တယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝေးရင် ပြည်ထောင်စုနဲ့ ဝေးမယ်၊ပြည်ထောင်စုနဲ့ ဝေးရင် အမျိုးသားညီညွတ်ရေးရဲ့ အုတ်မြစ်ဖြစ် တဲ့ ပင်လုံစိတ်ဓာတ်နဲ့ ဝေးသွားတာ ဖြစ်တယ်။ ပင်လုံနဲ့ဝေးလို့ ပြည်တွင်းစစ်တွေနဲ့ ငြိမ်းချမ်းရေးပျောက်ခဲ့ရတယ်” လို့ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း က ကောက်ချက်ချခဲ့တယ်။
အခုသမတဦးသိန်းစိန်အစိုးရအုပ်ချုပ်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံရဲ့တန်ဘိုးကို သိနားလည်ဟန် ပြလာတယ်။ ဗိုလ်ချုပ်ဓာတ်ပုံကိုလူမြင်ကွင်းမှာ ချိတ်ဆွဲပြီးရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေပြန်လုပ်လာပါတယ်။ မြန်မာပြည် အနာဂတ်အတွက် တကယ်လိုအပ်တာက ဓာတ်ပုံသက်သက်မဟုတ်ဘူး၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးဘို့ ဖြစ်တယ်။ အနှစ် ၅၀ ကျော် ဆုံးရှုံးလက်လွှတ်ခဲ့ရတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားညီညွတ်ရေးနဲ့ ပင်လုံစိတ်ဓာတ်ကို ဗိုလ်ချုပ်လမ်းစဉ်နဲ့အညီ ပြန်လည် အသက်သွင်းပေးဖို့သာ ဖြစ်တယ်။
ကိုညို
ယခုလ (ဇူလိုင်) နွယ်နီမဂ္ဂဇင်းသို့ ပေးပို့ထားသောဆောင်းပါး
No comments:
Post a Comment