Thursday, July 11, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၉)


သန့်စင်သေချာ “ဘုန်းကြီး” လာသော် ပြည်ရွာပျက်ကြောင်း တပါးတည်း

မိမိတို့သည် အနောက်မဟုတ်ခြင်း ဟူပြီး အမှတ်လက္ခဏာပြုမိလေသော အာရုံရောင်ပြန်ကို ရွှေနားကွပ်သည့် ဒေသနာ တော်ကြီး တခုသည် ရှိပါ၏။ ဤဒေသနာတော်ကြီးသည် အဘယ်နည်း ဟူမူ အရှေ့အာရှပိုင်းက မူဝါဒချန်ပီယံတို့က မချိရင်ကွဲ အော်ဟစ်တတ်သော “အာရှတိုက်ကြီး၏ တန်ဖိုးကျက်သရေများ” ပါတည်း။ သူတို့တတွေ ဟစ်အော်ကြခြင်း၏ အကြောင်းရင်းတမူကား ပစ္ဆိမသားတို့ကနေပြီး သူတို့ရဲ့ သမိုင်းဝင်ဥစ္စာဟု မဟုတ်တလဲ ကြွေးကြော်သိမ်းယူလေသည့် လူတဦးချင်း လွတ်လပ်ခြင်းနှင့် လူ့အခွင့်အရေးတို့ကို လက်သင့်မခံလိုသော
ရည်ရွယ်ချက်သည် ပဓာနအကြောင်း ပါတည်း။ မဟာဒီပါ အာရှသားတို့သည် ဤလောကစောင့် လောကပါလတရားကို “ဒါတွေအားလုံး ငါတို့ ပစ္ဆိမမူပို်င်” ဆိုပြီး အနောက်ကလူတွေ သောက်တလွဲလုပ်နေတာကို ပယ်ချရကောင်းမှန်းမသိ (ဟန့်တင်တန်က ဤလောကစောင့် လောကပါလတရားတို့ကို အနောက်ရဲ့ မူပိုင်ဆိုပြီး လုပ်ချလာတဲ့ ပုံစံကို ရှေ့တွင် ပြောခဲ့ပြီးပါပြီ)။

ထိုအစား မဟာဒီပါ သားတို့ မြွေပူရာကင်းမှောင့်ပြီး ထပ်လွဲချော်လိုက်ပုံက “သင်းတို့ ဥရောပသားတွေမှာ လူတဦးချင်း လွတ်လပ်ခြင်းနှင့် လူတဦးချင်း အခွင့်အရေးတို့တွေ ကပေလဲ ကပေပေါ့၊ ငါတို့ မဟာဒီပါသားတွေမှာလည်း စည်းကမ်းနဲ့ သေဝပ်မှုဆိုတာ မဟာအာရှတိုက်ကြီးရဲ့ တန်ဖိုးတွေပါပဲ” ဟု ဘယ်တုန်းက မွေးထားမှန်းမသိတဲ့ အာရှကျက်သရေ နဂါးကြီးနဲ့ ပြန်ခြိမ်း ခြောက်ခြင်း ပါတည်း။ ပစ္ဆိမရေ၊ နင့် “လူတဦးချင်း” ဥစ္စာတွေကို နင့်ဟာနင် ဥစ္စာစောင့်မ လုပ်ပေါ့၊ တို့ကပေလည်း “အစုအပေါင်းနဲ့” ငြိမ်ဝပ်ပိပြားခြင်း စည်းကမ်းရှိခြင်းဆိုတဲ့ အာရှကျက်သရေကြီးတွေနဲ့ ငါတို့ဘာသာ ငါတို့ သိုက်စောင့် နေပါရစေနော်၊ သရဲမရယ်၊ နင်လာမခြောက်ပါနဲ့။ ပြခဲ့သလို အနောက်စုန်းပူးနေမှန်းမသိ စိတ်တိုလာ တတ်သော မဟာ ဒီပါသားတို့က မောင်းကြော်လာသော ရွှေ အာရှကျက်သရေ ဒေသနာတော်သည် မကြားမရှိ၊ တို့များတတွေ ထောင်နားစိုက်မိတတ်ပါဘိ။

အဲသည် အာရှကျက်သရေ ခေါင်းပေါင်းသည် ထိုင်းနိုင်ငံ၏ အရှေ့ယွန်းယွန်းဆီက အာရှနိုင်ငံများတွင် တလူလူ ဝင့်ကြွား နေတတ်ပါသည် (အထူးသဖြင့် နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရ ပြောရေးဆိုခွင့်ရှိသူတွေဆိုတဲ့ လူကြီးလူကောင်းတွေမှာ ပေါ့ဗျာ)။ တကယ်တော့ ထိုသူတို့သည် မဟာဒီပါ အာရှတိုက်ကြီး တတိုက်လုံး သည်တပုံစံတည်းဆိုပြီး လုပ်ချင်ကြပေ မယ့် သူတို့ပြောတဲ့ ဘုန်းမောင့်ကျက်သရေသည် အရှေ့အာရှမှာပိုပြီး လူလွင့်သည်ကား အထင်အရှားပါတည်း။ ကြည့် ကြပါစို့။ ခန့်ညားသော သက်တော်ရှည်ဝန်မင်းကြီး (ယခင် ဝန်ကြီးချုပ်ကြီး) လီကွမ်ယုသည် အရှေ့အာရှကို ပြန်လည် ဦးမော့လာအောင် တည်ဆောက်ပေးခဲ့သော ဗိသုကာကြီး ဖြစ်သလို သူ့အအုံ သူ့အသိုက်မတော့ သူသည် အမြင်ကျယ် သော ရှေ့ဆောင်ခေါင်းဆောင်တဦး ဖြစ်ပါ၏။ ဤ ဝါရင့် နိုင်ငံပြုသမားကြီးက မျဉ်းကြောင်းအကြမ်းဖျဉ်း ဆွဲတားလိုက် သည်မှာ “အနောက်နှင့် အရှေ့ အာရှဟာ လူ့ဘောင်ကိုမြင်တဲ့ အသိသညာ မတူကြပါဘူး”။ သူ ဆက်ရှင်းပြပုံက “အရှေ့ အာရှလို့ ပြောတယ်ဆိုရင် ဆိုလိုတာက ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်တို့ပါ။ အရှေ့တောင်အာရှက နိုင်ငံတွေဆို (ဗီယက်နမ်ကလွဲရင်) သည်စာရင်းမှာ မပါပါဘူး။ အရှေ့တောင်အာရှ နိုင်ငံတွေဆိုတာက တရုတ်နဲ့ ကုလားကြား သွေး နှောသွားတဲ့ ကပြားတွေလေ။ တခုပြောနိုင်တာကတော့ အိန္ဒိယယဉ်ကျေးမှုမှာ ငါတို့ အရှေ့အာရှ တန်ဖိုးတွေနဲ့ ဆင်တူ တာတွေ အများကြီးပါပဲ” ၁၅။ ဘိုးဘိုးယုက ဆက်ပြောသည်မှာကား အနောက်၏ ဗိုလ်ကျစိုးမိုးမှုကို ခုခံနိုင်ဖို့အတွက် အာရှကျက်သရေ တန်ဖိုးတို့ကို ကာကွယ်စောင့်ရှောက်ရန်လိုသည် ဆိုကြောင်းပေတည်း။ အထူးသဖြင့် ဘိုးတော်ယုဟာ ငါတို့ မဟာဒီပါသားတွေကို အမေရိကန်က ဆရာကြီးလာလုပ်တာမျိုးကို သူ မကြိုက်ပါ။ သူပြောတတ်တာက “ငါတို့ စင်ကာပူဟာ အမေရိကန်ရဲ့ အစောင့်ရှောက်ခံ စော်ဘွားတိုင်းပြည် မဟုတ်ပေဘူး”၁၆။

ဗီယန်နာတွင် ၁၉၉၃ ၌ ကျင်းပခဲ့သော လူ့အခွင့်အရေး ကမ္ဘာ့ကွန်ဖရင့်တွင် အစိုးရကိုယ်စားတက်ရောက်သူ ကိုယ်စား လှယ်တော် တော်တော်များများက အာရှနှင့် အနောက်ကြားမှာရှိသော ယဉ်ကျေးမှုတန်ဖိုးများ ကွာခြားပုံကို အလေးပေး ဆွေးနွေးခဲ့ကြပါသည်။ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက လွတ်လပ်မှုကို မြတ်နိုးသော စေတနာအပြည့်နဲ့ သတိပေးပုံဟာ “လူ့အခွင့်အရေးကို တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ လောကပါလတရားဆိုပြီး လုပ်ခြင်းဟာ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် စတဲ့ ဗဟုစုံလင်မှုကို နစ်မွန်းသွားစေတတ်ပြီး ဒါဟာ မကောင်းပါဘူး”၇။ တရုတ်ကို်ယ်စားလှယ်တော်တွေက ဘယ်လိုပြောသ လဲဆို “လူ့အခွင့်အရေးဆိုတာ အခြေခံစနစ်ဘောင် ချတာလဲချပေါ့။ ဒါပေမယ့် အဲသည် အခြေခံစနစ်ဘောင်မှာ ဒေသ အလိုက် အနေအထားကွဲပြားမှုတွေကို အရင်ဦးဆုံး ညှိညက်ပြီးမှ ဆက်လုပ်လို့ရမယ်” ဟူသတတ်။ တရုတ်နိုင်ငံခြား ရေးဝန်ကြီးက ဘယ်လိုတောင် ကမ်းတက်လာသလဲဆို “လူတဦးချင်း အခွင့်အရေးကို လိုချင်ရင် ပထမဆုံး နိုင်ငံတော် အခွင့်အရေးဆိုတာ ဖော်ဆောင်ပြီးမှ ဒါကို ပေးနိုင်မယ်”၁၈၊ ဘုရား ကယ်တော်မူပါ။

[ဖွင့်ဆိုချက်… သည်နေရာတွင် ကျနော်တို့သည် ယနေ့မြန်မာပြည်၏ အသိတရားပိုင်းဆိုင်ရာ ပြဿနာများကို ကောင်း မွန်မှန်ကန်သော အခြေခံစနစ်ဘောင်တခုမှ ဆက်လက်သုံးသပ်နိုင်ဖို့ရန် အသည်းအသန် အရေးကြီးသည့်နေရာသို့ ရောက်ပြီ ဖြစ်ပါသည်။ ကနေ့ချိန်ခါမှာ ကျနော်တို့ မြန်မာအများတွင် “လူ့အခွင့်အရေး (လူတဦးချင်း အခွင့်အရေး) ဆို တာမျိုးသည် ငါတို့၏ အသိုင်းအဝို်င်း သို့တည်းမဟုတ် လူမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်တိုးတက်စေဖို့ဆိုရင် လိုက်နာနေရမှာ မဟုတ်” ဟူပြီး ပျံနှံ့ထင်ပေါ် ယူဆကြကုန်ပါ၏။ ထိုသို့ ယူဆသည့်အတိုင်းလည်း ကြွေးကြော်တတ်၊ လူ့အခွင့်အရေး ဆိုသည်မျိုးကို အပြီး နင်းချေပစ်လိုသော စိတ်ယုတ်မာတရားတို့ ကျနော်တို့တွင် များစွာ လွှမ်းမိုးဖြစ်ပွား လာကုန်ကြပါ၏။ နိုင်ငံရေးကို စနစ်တကျ လုပ်ကြံနေသော မိစ္ဆာပညာရှင်တို့ကလည်း သူတို့ ကြံစည်ရင်းစွဲ ရှိထားသည့် အတိုင်း စကားလုံးတလုံးကို လက်ပေးသင်လေသောအခါ အလိမ်ခံရသော ကျနော်တို့ ရဟန်းရှင်လူအပေါင်းတို့သည် “အချုပ်အခြာအာဏာ” (soverignty) ဆိုသော စကားလုံးကို တွင်ကျယ်မြောက်ကြွစွာ သုံးတတ်လာပြီး နိုင်ငံတကာ လူတကာနှင့် ရန်လိုက်ဖြစ်နေပါတော့ သတည်း။

ဥပမာအားဖြင့် ၂၀၁၃ မေလပိုင်း ဗွီအိုအေနှင့် အင်တာဗျုးတွင် ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်မှ မရင်ရင်နွယ်သည် နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးကော်မရှင် (Human Rights Watch) ၏ အစီရင်ခံစာကို ပယ်ချကြောင်းပြောရာတွင် အဓိကအကြောင်းပြသည်မှာ“Human Rights Watch ဆိုတာ UN အဖွဲ့ မဟုတ်ပါဘူး။ UN အဖွဲ့ဖြစ်သည့် တိုင်အောင် ကျမတို့ ဂရုစိုက်စရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတိုင်းမှာ Soverignty ဆိုတာ ရှိပါ တယ်။ မြန်မာလိုဆို … (သူမ မေ့နေ၍ ဗွီအိုအေမှ ကိုကျော်ကျော်သိန်း ဟု ထင်ပါသည်။ ထောက်ပေးရာ) အချုပ်အခြာ အာဏာ ပေါ့။”

ဟုတ်ကဲ့၊ သူမ မသိသည်မှာ အချုပ်အခြာအာဏာ၏ သဘောသည်ပင် အခြေခံဖြစ်သော လူတဦးချင်း၏ လွတ်လပ်ခြင်း ကို လူအုပ်စုများဆီသို့ ပြေးချိတ်သဖြင့် အသိုင်းအဝိုင်းတခု၏ လွတ်လပ်ခြင်း (autonomy) ဆိုတာ ဖြစ်ပေါ်လာခြင်း ဆိုတာပါတည်း။ ကမ္ဘာ့ကုလသမဂ္ဂမှ နိုင်ငံတကာ ဆက်ဆံရေးအတွက် နီတိတရားအနေဖြင့် စည်းမျဉ်းချထားသော အချုပ်အခြာအာဏာ၏ အခြေခံရည်ရွယ်ချက်သည် (ဆိုပါစို့ မြန်မာပြည်ကဲ့သို့) အားနည်းသော လူ့အသိုင်းအဝိုင်းတခုကို အားကြီးသော တခြားအသိုင်းအဝိုင်း (ဥပမာ အမေရိကန် ပြင်သစ်) တို့က သူတို့ စိတ်လိုသလို လာပြီးပုံသွင်းလို့ မရ အောင် စည်းတားပေးထားခြင်း ဖြစ်ပါ၏။ ၎င်းသည် သီးသန့် လူ့အသိုင်းအဝို်င်းတခု၏ လွတ်လပ်စွာ ပြင်ပသြဇာမခံဘဲ ဆုံးဖြတ်ပိုင်ခွင့်ကို ခွင့်ပြုထားခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံတကာ ဆက်ဆံရေးတွင်သုံးသော (မရင်ရင်နွယ်က ကြိုက်ပုံရသော) soverignty ဝေါဟာရသည် (မရင်ရင်နွယ်က အတိအလင်းကို မကြိုက်လေသော) ပင်ရင်းမူလ လူ့အ ခွင့်အရေး (လူတဦးချင်း အခွင့်အရေး (ဝါ) လောကပါလ) သဘောကိုပင် အခြေခံထားခြင်းပါတည်း။ ဤ အချုပ်အခြာ အာဏာ စကားဖြင့် သုံးမည်ဆိုသော် ဤ နိုင်ငံတကာနီတိစည်းမျဉ်း၏ မူရင်းရည်ရွယ်ချက်အရ အားနည်းသော ရိုဟင် ဂျာအသိုင်းအဝိုင်း၏ ကိုယ်ပိုင်အချုပ်အခြာအာဏာဖြင့် ဆုံးဖြတ်ပိုင်ခွင့်ကို အားကြီးသော မည်သည့်အစိုးရ အသိုင်းအ ဝိုင်းကမှ ဝင်စွက်ဖက်ပိုင်ခွင့်ဟူသည် မရှိဟူသောသဘောကို ကျနော်တို့ နားလည်ထားရမည် ဖြစ်ပါသည်။ ထိုကြောင့် ရိုဟင်ဂျာအသိုင်းအဝိုင်းမှ ကိုယ့်ကိုကိုယ် ‘ရိုဟင်ဂျာ’ လို့ သိမှတ်ပြီး ခေါ်တာကိုပင် ‘ဘင်္ဂလီ’ လို့ အတင်း သတ်မှတ်ခိုင်း နေသော အစိုးရသည် သူတို့ပြောသော အချုပ်အခြာအာဏာဖြင့်ပင် ကိုယ့်ကိုကို်ယ် ပြန်စူးနေပါသည်။ နောက်တချက် ဤသို့ ဘာမှအရေးမပါသော အခေါ်အဝေါ်ကိစ္စမျိုးကိုပင် ဝင်နှောင့်နေသော အစိုးရသည် အခြားကိစ္စများစွာတွင်လည်း ထိုအသိုင်းအဝိုင်းတခုကို ရည်ရွယ်ချက် တိတိပပဖြင့် ဒုက္ခမျိုးစုံ ပေးနေမည်၊ ၎င်းအသိုင်းအဝိုင်း၏ လူ့အခွင့်အရေး မျိုးစုံ ကို (ဝါ) အချုပ်အခြာအာဏာ (ဝါ) ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို ကျုးလွန်ချိုးဖောက်နေမည်ဆိုသည်ကို လွယ်ကူစွာ ခန့် မှန်းနိုင်သည် သာတည်း။ တခု ကျနော်တို့ သိမှတ်ရန်မှာ ဤသို့ အားကြီးသော အုပ်စုတစုမှ အားနည်းသော အုပ်စုတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို ချိုးဖောက်နေသောကိစ္စသည် မူဆလင်ဖြစ်သဖြင့် ပေါ်လွင်နေသော ရိုဟင်ဂျာ အုပ်စုတစု တည်းမှာသာ ကန့်သတ်ပြီး ဖြစ်ပေါ်နေသော ပြဿနာမဟုတ်ဘဲ ကျန်တိုင်းရင်းသား အုပ်စုများစွာနှင့်လည်း သက်ဆိုင် သော ကိစ္စဆိုသည် ပါတည်း။

နောက်တချက် ကျနော်တို့ ဂရုပြုအပ်သည်မှာ ဤကဲ့သို့ အစိုးရက သီးသန့် အသိုင်းအဝိုင်းတခု၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင် ခွင့် နယ်နိမိတ်ကို ကျော်လွန်လာသော အဖြစ်အပျက်တို့သည် တိုင်းရင်းသားအုပ်စုတို့တွင်သာ ကန့်သတ်နေသည် မဟုတ်ဘဲ တခြားနည်းဖြင့် အမျိုးအစားခွဲ၍ရသော အုပ်စုတို့တွင်လည်း အကျုးလွန်ခံရသော ကိစ္စပါတည်း။ ဥပမာတခု အားဖြင့် ဘူးသီးတောင် မောင်းတောမှ မူဆလင်တို့ကို ကလေးနှစ်ယောက်ထက် ပိုမယူရဟု အာဏာပိုင်တို့က ဥပဒေ လုပ် ပြဋ္ဌာန်းခြင်းသည် စင်စစ် မြန်မာဆေးပညာရှင်တို့၏ အသက်မွေးဝမ်းကျောင်းကို လွတ်လပ်စွာ ဆောင်ရွက်ဆုံးဖြတ် ပိုင်ခွင့် နယ်နိမိတ်ကိုလာပြီး ကျုးကျော်ချိုးဖောက်နေခြင်း အတိအကျပါတည်း။ အဘယ်ကြောင့်နည်းဟူမူ ဆေးပညာရှင် ဆရာဝန်တိုင်းသည် ဆေးပညာကျင့်ဝတ်၏ ပထမဆုံး ဦးစားပေးအချက်ဖြစ်သော “လူနာသည် အကြွင်းမဲ့ဆုံးဖြတ်ပိုင်ခွင့် ရှိသူဖြစ်သည်” ဟူသောအချက်ကို လေးစားလိုက်နာရပါမည်။ ဤတွင် ဆေးပညာကျင့်ဝတ်ဆိုင်ရာ ကျမ်းတို့က အသေ အချာ ဖွင့်ဆိုထားသည်မှာ “မိမိသည် လူနာ၏ ကောင်းရာကောင်းကျိုးကို သိမြင်သည်ဟူ၍ လည်းကောင်း၊ အသိုင်းအ ဝိုင်း တခုက လူနာ၏ ကောင်းရာကောင်းကျိုးကို သိမြင်သည် ဟူ၍လည်းကောင်း၊ မည်သည့် အကြောင်းကြောင့်ပင်ဖြစ် ပစေ လူနာ၏ စိတ်ဆန္ဒဆုံးဖြတ်မှုကို လွန်ဆန်၍ ဆေးပေးကုသမှု စသည်ကို မည်သည့် ခြွင်းချက်နှင့်မှ လုပ်ပိုင်ခွင့် လုံးဝ မရှိ”။ ထို့ကြောင့် ဆေးကုသ အသက်မွေးဝမ်းကျောင်း ပညာရှင်အားလုံး တဦးမကျန် လိုက်နာရမည်ဖြစ်သော ဆေးပညာ ကျင့်ဝတ်ကို လွန်ဆန်၍ မြန်မာဆရာဝန်တဦးသည် မူဆလင် အမျိုးသမီးတဦးက ကိုယ်ဝန်တားဆေးပေးခြင်းကို ငြင်း ဆန်လာခဲ့သော် ဆေးပေးပိုင်ခွင့် လုံးဝ မရှိပါ။ ဒါကို အစိုးရ အာဏာကိုကြောက်၍ မိမိ၏ ကျင့်ဝတ် အသိသိက္ခာကို လွန် ဆန်၍ ဆေးပေးရမည်ဆိုပါလျှင် အဲဒါသည် ငါတို့ မြန်မာဆရာဝန်တွေအတွက် အသက်မွေးဝမ်းကျောင်း ဂုဏ်သိက္ခာ သည် အင်မတန် ရှက်စရာ ဖြစ်ပါသည်။ စင်စစ် ဒါမျိုးအသိမရှိ တတ်သိကင်းကွာသော အာဏာပိုင်တို့က လုပ်လာသော ဥပဒေမျိုးသည် ငါတို့ အတတ်ပညာရှင် မြန်မာဆရာဝန်အားလုံးကို အရှက်ခွဲနေခြင်း သာတည်း။

သည်မှာ တချို့သူတွေက “ဟ၊ ဒါမျိုးလုပ်တာဟာ AZG လို နယ်စည်းမထား ဆရာဝန်အဖွဲ့က ဘူးသီးတောင် မောင်း တောမှာ အရင်ကတည်းက လုပ်ခဲ့တာပါ၊ ဗမာ အစိုးရက လုပ်တာသက်သက် မဟုတ်ပါဘူး” ဟု ပြောလာစရာ ရှိပါ သည်။ ကျနော့် ပုဂ္ဂလအမြင်အားဖြင့် မြန်မာပြည် AZG ကို ဦးဆောင်ဦးရွက်ပြုလုပ်သူတို့တွင် ဆေးပညာရပ်ပိုင်းဆိုင်ရာ တွင်လည်းကောင်း၊ စီမံခန့်ခွဲမှုအရာတွင်လည်းကောင်း နားလည်အရည်အချင်းပြည့်မီသည်ဟု မထင်ပါ။ ဘူးသီးတောင် မောင်းတောဒေသသို့၂၀၀၅ ဝန်းကျင်တွင် ကျနော် ရောက်ခဲ့ရာ တောင်ပြိုမှ မြို့နယ်ဆရာဝန်ကြီးက စာရင်းဇယား၊ ဂရပ် အချက်အလက်၊ မြေပုံများကို ထုတ်ယူပြလာပြီး အပြစ်တင်သည်မှာ “နယ်စည်းမထား ဆရာဝန်များအဖွဲ့က သည်ဒေသ ကို ဝင်ပြီး ဆေးကုတော့မှပဲ သည်ဘက်နှစ်ပိုင်းတွေမှာ ဌက်ဖျားရောဂါဟာ သည်ဒေသတခုလုံး တဟုန်ထိုးကို ဆိုးဝါး လာတော့တာပါပဲ”။ အဘယ်ကြောင့်ဆိုသော် AZG မှ ဆရာဝန်တို့သည် ဆေးပညာကုထုံးကုနည်း လမ်းညွှန်ချက်တို့ကို တိကျစွာ လိုက်နာပြီး ကုသခြင်းမဟုတ်ဘဲ လူနာကို အပေါ်ယံစမ်းသပ်ကာ သေလောက်အောင် ဆိုးဝါးသော လူနာကို ထိုးဆေးပေးရမည့်အစား ဆေးတိုက်၊ ဆေးပေးသည့်အခါတွင်လည်း လူနာကို ဆေးသောက်ရန် အညွှန်းကို သေချာရှင်း ပြခြင်း မရှိဘဲ ဆေးပေးလေရာ ဤဒေသတွင် ဆေးယဉ်ခြင်း (ဝါ) ဆေးမတိုးတော့ခြင်း ပြဿနာအကြီးအကျယ် ပေါ် ပေါက်လာသောကြောင့် ပါတည်း။ AZG ကတော့ သူတို့သည် လူနာသောင်းဂဏန်း၊ သိန်းဂဏန်းချီ၍ ကုသခဲ့သည်ဟု အစီရင်ခံစာ တင်ပါလိမ့်မည်။ သူတို့ ကုလိုက်လို့ လူနာဘယ်နှစ်ယောက်သေခဲ့သည်၊ ဌက်ဖျားရောဂါ ပျံ့နှံ့မှု အင်မတန် ပိုဆိုးလာသည်ဟု တင်လိမ့်မည်ဟုတော့ မထင်ပါ။ သည်လိုမျိုး အမှန်တကယ် အသက်မွေးဝမ်းကျောင်းအလုပ်ကို သေချာလုပ်ခြင်း မရှိဘဲ အစီရင်ခံစာ မျက်နှာပန်းလှစေရန်သာ ဦးတည်ပြီး လုပ်ဆောင်နေသော အဖွဲ့မျိုးသည် မြန်မာ ပြည် အစိုးရကိုယ်တိုင်က နှိပ်ကွပ်ပစ်ပယ်ထားသော ဤဒေသမျိုးတွင် သူတို့ထင်သလို မဟုတ်ကဟုတ်က မူဝါဒတွေကို ထင်သလိုလုပ်လာနိုင်၊ အစိုးရနှင့်လည်း ပလူးကာ ဆေးပညာကျင့်ဝတ်နှင့်မညီသော အလုပ်တွေကို အကောင်အထည် ဖော်နိုင်ပါသည်။ ဟုတ်ကဲ့၊ ကျနော် အဓိက ပြောလိုသည်မှာ အာဏာရှိသူ၊ ပညာတတ်သူတို့ ဆိုသူက ‘လူထုကောင်းကျိုး အတွက’် ဆိုပြီး လုပ်သော လုပ်ရပ်တိုင်း၊ ဤသူတို့က နေပြီး ငါတို့သည် ‘ပညာ ကရုဏာ’ နှင့် ပြည့်စုံသဖြင့် ဒါမျိုး လုပ်ပါ သည် ဆိုသော အကြောင်းပြချက်တိုင်းသည် အမှန်တရားဖြစ်သည်ဟုတော့ မထင်မိလိုက်ပါလေနှင့် ဟူသည် ဤ ဥပမာ တို့၏ လိုရင်းပါတည်း။

နောက်ထပ်လည်း မရင်ရင်နွယ်၏ ဗွီအိုအေ အင်တာဗျုး အပြောအဆိုတို့တွင် စိုးရိမ်ဖွယ်ရာ အဓိကအကြောင်းတခုမှာ “သမိုင်းကိုလာပြီး မလိမ်ပါနှင့်” ဟု သူမ ကြွေးကြော်သလို လူတချို့မှလည်း လက်ခုပ်သြဘာတီးကြသည့် ဒုတိယ ကမ္ဘာစစ် နာဇီဂျာမနီတွင် ပေါ်ပင်ခဲ့သော သမိုင်းစဉ်လာ သန့်စင်ဝါဒ (Historicism) ကိစ္စပါတည်း။ နှစ်ဆယ်ရာစုမှာ အရိုင်းဆုံးလူတွေဖြစ်တဲ့ နာဇီဂျာမနီတွေက သူတို့၏လုပ်ရပ်တွေကို ဆင်ခြေကောင်းမွန်ပြည့်စုံပါသည်ဟု သမိုင်းစဉ်လာ ဖြူသန့်စင်သည့် အာရိယန်မျိုးရိုးကို အကြောင်းပြခဲ့သည်နှင့် ထပ်တူ မယဉ်ယဉ်နွယ်သည် ကနေ့ နှစ်ဆယ့်တစ်ရာစု ဒီမိုကရေစီခေတ်ကြီးမှာ နိုင်ငံတခု၏ မူဝါဒ ကျင့်သုံးမှုတို့သည် သမိုင်းစဉ်လာ ဖြူသန့်စင်သည့် တိုင်းရင်းသား မျိုးရိုးတို့ ကိုသာ အခြေခံရမည်ဟု မြင်နေကြောင်းကိုပါတည်း။ အဲသလို အတွေးအခေါ်မျိုးသည် အင်မတန်မှ မိုက်မဲသည့် အတွေးအခေါ် ဖြစ်ပါ၏။ မြန်မာပြည်ကို သန့်စင်ရေမရောသည့် မျိုးရိုးလက္ခဏာတွေနဲ့ ခွဲခြားကြည့်နေတာဖြစ်ပြီးလျှင် နိုင်ငံငြိမ်းချမ်းရေးဟု အမြင်သေးသိမ်စွာ ယူဆနေသလောက် နောင်အစဉ်အဆက် တိုင်းပြည်အနှံ့ မငြိမ်းချမ်းခြင်းကို ရှေ့ဆောင်နေသည့် ဆိုးဝါးသေးသိမ်လှသည့် အတွေးအခေါ်မျိုး ပေတည်း။ ကျနော် သေချာစွာ အတည်ပြု ပြောလိုက် ပါ၏။ ငါတို့ မြန်မာပြည်ကို “လူတွေစုပြီးနေသော နိုင်ငံတခုလို့ မမြင်၊ နေရင်း တိုင်းရင်းသားတွေ စုပြီးနေသော ပြည်ထောင်စုကြီး” လို့ ငါတို့ မြင်နေသရွှေ့ ဤနိုင်ငံသည် ဆက်လက်၍ များစွာ အောက်ကျ မွဲတေမည့် အကြောင်း ပေတည်း။

ဤ သမိုင်းစဉ်လာ သန့်စင်ဝါဒအကြောင်းကို ကျနော်၏ အကြွင်းမဲ့ လွတ်လပ်သော အခြေခံဥပဒေတွင် အနည်းငယ်မျှ စတင် မိတ်ဆက်ခဲ့ပါသည်။ ဤဝါဒသည် ယခုရေးနေသော “၉၆၉ ဗုဒ္ဓဘာသာ သန့်စင်” ကိစ္စနှင့် ကြီးမားစွာ ဆက်စပ် နေသောကြောင့် သည်ဘက်နောက်ပိုင်း ဆောင်းပါးများတွင် အကျယ်တဝင့် ထပ်မံဖွင့်ဆိုဆွေးနွေးသွားပါမည်။ ခုနေခါ မှာတော့ သည်ဘက်ရက်ပိုင်းများတွင် ဝီရသူ အစရှိသော မြန်မာဘုန်းကြီးတွေက လုပ်လာသည့် မျိုးစောင့်ဥပဒေဟူ သည်မှာလည်း ဤ သမိုင်းစဉ်လာ သန့်စင်ဝါဒသည်လျှင် ဤ အမိုက်တကာ့ထိပ်ခေါင် ဘုန်းကြီးတွေတွင် ကြီးမားစွာ မှတ်ယူစွဲထင်နေသည့် အခြေခံ အနုမာန တခု ဖြစ်သည်ဟု ရိပ်စားမိနိုင်လျှင် လုံလောက်ပြီ ဖြစ်ပါ၏။ တခုမျှ အရေးတ ကြီးမှတ်ရန်မှာ ဤဝါဒမျိုးသည် နောက်ဆုံး မြန်မာပြည်သူပြည်သားအားလုံး၏ လွတ်လပ်ခွင့်ကို အပြီးအပြတ် ကမ်းတက် ခွစီးလာမည့် တလုံးတစည်းဝါဒ (ဝါ) တခုလုံးသည် တဦးချင်းထက် ပဓာန အရေးကြီးဆုံးဖြစ်သည် ဟူသော ဝါဒ (ဝါ) Totalitarianism ၏ ရှေ့ပြေးအခြေခံ ဆိုသည်ကို ပါတည်း။]

အခန်းသုံးတွင် ကျနော် ဆွေးနွေးခဲ့ပြီးသလို လူ့အခွင့်အရေးဆိုတာသည် ယဉ်ကျေးမှုကွဲပြားသော မျဉ်းကြောင်းတို့ပေါ်မှာ သာ မူတည်သည်ဟု ပိုင်းဖြတ်သော အယူသည် ရေရှည်ခံနိုင်စရာ အကြောင်းမရှိပါ။ လူတဦးချင်း၏ လွတ်လပ်မှု (Liberty) နှင့် ရဟန်းရှင်လူပြည်သူ၏ ချင့်နိုးကြားကုံလုံသော ဉာဏ်အလင်း (Public reasoning) စသော အခြေခံအ ကျဆုံး လူ့အခွင့်အရေးတို့ အတွက်ဆို အိန္ဒိယ၊ တရုတ်၊ ဂျပန် စသည့် အာရှနိုင်ငံကြီးတို့ သာမက အရှေ့အာရှ၊ အရှေ့ တောင်အာရှ၊ တောင်အာရှနှင့် အနောက်အာရှတို့ အပါအဝင် များစွာသော အာရှရှေးလူဘောင်တို့သည် အနောက် ဥရောပထက် အလွန်သာလွန်စွာ ဆွေးနွေးထွန်းလင်းခဲ့ပါ၏ ၁၉။ သည်နေရာတွင် မှတ်ဖို့ အရေးကြီးသည်မှာ “အာရှတန် ဖိုးတွေ” ဆိုပြီး လုပ်နေခြင်းသည် ငါတို့ မဟာဒီပ အာရှတိုက်ကြီး၏ ကျယ်ဝန်းကြီးမားသော ဉာဏသမိုင်းအမွေကို ပြက် ရယ်ပြုနေသည်မျှသာ မဟုတ်သေး၊ ၎င်းသည် ငါတို့၏ သိမ်ငယ်စိတ်မှနေပြီး အနောက်ကို “မဟုတ်တာတွေကို ခံပြီး” တုံ့ပြန်နေခြင်း ဆိုသည်ကို ရိပ်စားသိမိစေရန် ဖြစ်ပါ၏။

အနောက်နှင့် ငါတို့ အမှတ်လက္ခဏာ ကွဲပြားဖို့လိုသည် ဟူသော အကြည့်အမြင်သည် ကိုလိုနီနောက်ပိုင်း ငါတို့၏ အသိ အာရုံတွင် လွှမ်းမိုးလာသလို အာရှမှလူအများစုကိုလည်း အာရှသည် ဥရောပထက် တစုံတရာသော သည်လို (မဟုတ် ရမ်းတုတ်) နေရာမျိုးတွေမှာ သာသည်ဟု (မဟုတ်ကဟုတ်က) လက်မထောင်တတ်ဖို့မျိုးအတွက်ဆို ဆွဲဆောင်တတ် လွန်းလှပါသည်။ ထိုသူတို့ မသိသည်မှာ သူတို့က သာသည်ဟုထင်သော အသိုင်းအဝိုင်း၏ ငြိမ်ဝပ်ပိပြား သေဝပ် (သန့်စင်) ခြင်း လက္ခဏာဟူသည် တကယ်ကတော့ အာရှ၏ အောက်ကျသေးသိမ်သော လက္ခဏာမျိုးသာဖြစ်ပြီး တဖက်တွင် သူတို့ ကျိုးကျွံချင်လေသလောက် ဥရောပနှင့် တူလှစွာသော လူတဦးချင်း၏ အခွင့်အရေးနှင့် ပြည်သူ့ ဉာဏ်အလင်း (enlightenment) တို့ ဟူသည် စင်စစ် အာရှ၏ မွန်မြတ်ခမ်းနားသည့် တန်ဖိုးများဖြစ်ပြီး ဤတန်ဖိုး ကျက်သရေတို့အတွက်ဆို အာရှသည် ဥရောပထက် နေရာများစွာတွင် သာပြီး ဂုဏ်ယူစရာရှိခဲ့သည် ဆိုသည်ကို ပါတည်း (အသောက ကျောက်စာကဲ့သို့)။

အာရှဘိုးဘိုးကြီး လီကွမ်ယုကပြောသည့် အာရှသည် ဥရောပနှင့်မတူထူးခြားသော လက္ခဏာများရှိသည်ကို ငြင်းဖို့တော့ ခက်ပါ၏။ ဘာလို့လဲဆိုတော့ ရယ်စရာဖြစ်တာဟာ သူနဲ့ မျက်စောင်းတခဲ အာရှလူ့အခွင့်အရေး ဘိုးဘိုးကြီး ကျနော်နှင့် တကွသော လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ လီကွမ်ယုရဲ့ ပြောတော့တခြား (အနောက်နဲ့ ငါတို့ မတူဘူး)၊ လုပ်တော့ တလွဲ (လူတဦးချင်းကို တင်းပြည့်ကြပ်ပြည့် ကာကွယ်ပေးထားမှု) လုပ်နေတာတွေကို ငိုရလည်းခက် ရယ်ရလည်း ခက်ခက် ပါပဲ။ ဤနေရာတွင် လူ့အခွင့်အရေးသမားတို့က ကာလရှည်ကြာစွာ မိုက်မဲသူကြီးဟု ကင်ပွန်းတပ်ထားသော လီကွမ်ယု၏ အဟုတ်အမှန် ဂုဏ်ပြုထိုက်သော ဆောင်ရွက်ချက်တို့ကို ဖော်ပြဖို့ အချိန်ကျပြီ ဖြစ်ပါ၏။ လီကွမ်ယု၏ စင်ကာပူသည် ဘောဂစီးပွားဖက်မှာ အလွန်တရာ ကြီးပွားတိုးတက် ထွန်းကားရုံသာမက လူနည်းစုဝင်တို့ကို ပါဝင်စေမှု၊ အကာအကွယ်ပေးမှုနှင့် နိုင်ငံသား လက္ခဏာကို မျှဝေပိုင်ဆိုင်စေမှု စသည့်ကိစ္စတို့တွင် အနောက်ဥရောပနိုင်ငံအများစုမှ သူတို့၏ လူနည်းစုဝင်တွေကို ကောင်းစွာကာကွယ်စောင့်ရှောက်ပေးမှုမျိုးနှင့် စင်ကာပူဟာ အတူတူပါပဲ။ သည်မှာတဖက် ပြင်သစ်နိုင်ငံ မြို့ပြအရပ်တွေမှာ ၂၀၀၅ ဆောင်းဦးရာသီတွင် လူမျိုး၊ တိုင်းရင်းနွယ်ဆိုတာကို အခြေခံပြီး ပေါ်ပေါက်ခဲ့တဲ့ မီးရှို့ အရေးအခင်း ပဋိပက္ခတွေနဲ့ နိုင်းယှဉ်ကြည့်ပါလေ။

[စာချပ်… သည်နေရာမှာလည်း တော်တော်လေးကို သိမ်မွေ့သော သဘောတရားတခု ရှိပါသည်။ “စင်ကာပူနှင့် တရုတ် ခေါင်းဆောင်တို့က လုပ်သော “အာရှတန်ဖိုး သန့်စင်ဝါဒ” သည် ဝီရသူစသော မြန်မာဘုန်းကြီးတွေက လုပ်နေသည့် “ဗုဒ္ဓဘာသာ သန့်စင်ဝါဒ” နှင့် သဘောအခြေခံ အတူတူပဲ မဟုတ်လား။ စင်ကာပူနှင့် တရုတ်သည် ဤဝါဒသဘောကို ကိုင်ဆွဲထားပေမယ့်လည်း ခုအခါမှာ ကြီးပွားနေသည်မှာ မျက်မြင်ဖြစ်ပါ၏။ သို့ဆိုလျှင် အဲသည် မြန်မာဘုန်းကြီးတွေက လုပ်တဲ့ ဗုဒ္ဓဘာသာ သန့်စင်ဝါဒသည် နင် ခုနင်က ပြောသလို မြန်မာပြည် မွဲတေအောက်တန်းကျစရာ ဖြစ်လိမ့်မည်လို့ တော့ မဟုတ်ပါ” ဟု စွဲဆိုစရာ အကြောင်းရှိပါသည်။

ဟုတ်ကဲ့၊ “သန့်စင်” ကို အခြေခံသော သဘောတရား တူသည်ကတော့ မှန်ပါ၏။ သို့ပေမယ့် အဓိက ကွာခြားသွားသည် မှာ ဤသဘောတရားတို့ကို စင်ကာပူနှင့် တရုတ်အာဏာရှင် အစိုးရတို့သည် အနောက်၏ ပြစ်တင်ဝေဖန်မှုများကို တုံ့ ပြန်ရန်အတွက် “စိတ္တဇ” နယ်ပယ်မှာသာ ဖမ်းဆုပ်ထားတဲ့ အငြင်းအခုံလက်နက်အဖြစ် (မရေမရာ ကိုးကား) သုံးနေတာ ဖြစ်ပြီး ဤနိုင်ငံတို့၏ တကယ့်လက်တွေ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မူဝါဒတို့တွင် ဤ သန့်စင်ဝါဒကို ခေါ်ငင်လာပြီး အမှန်တရားအဖြစ် ပိုင်းဖြတ် ကျင့်သုံးနေခြင်းမျိုး မဟုတ်။ လီကွမ်ယု၏ ပြောတော့တခြား လုပ်တော့တလွဲ ဆိုတာကို မူရင်းစာရေးသူက ပြောထားတာကို ကြည့်ပါ။ တရုတ်အစိုးရသည်လည်း ထိုနည်းလည်းကောင်း ပါပဲ၊ သတင်းစာထဲမှာ ပါတာက တရုတ်ပြည်အမျိုးသားရေး (ဘယ်တရုတ်ကမှ စိတ်မဝင်စား)၊ လုပ်နေတာက ဘယ်သူနဲ့မဆို ကုန်ကူးဈေး ရောင်းမည့် ဈေးကွက်စီးပွားရေး ဖြစ်ပါသတည်း။

ဝီရသူနှင့် မြန်မာဘုန်းကြီးတို့က ခုအခါမှာ ကြံစည်လာသော မျိုးစောင့်ဥပဒေ အစရှိသည့် ဗုဒ္ဓဘာသာ သန့်စင်ဝါဒသည် ကား ဤသန့်စင်ဝါဒသည်သာလျှင် လောက၏ ဆုံးရာ၊ ကုန်ရာ၊ ချုပ်ရာ အမှန်တရားဟု အမှန်တကယ် မှတ်ယူ လုပ် ဆောင်၊ ငါတို့ မြန်မာပြည်၏ တည်ပြီးရင်း လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့ကို ဤ ဘုန်းကြီးမိုက်တွေက ဆက်လက်၍ အတင်း ဆင်ကန်းတောတိုး ဝင်နှောက် ဖျက်ဆီးမွဲတေစေမည့် မိစ္ဆာတရား စစ်စစ်ပေတည်း။ သန့်စင်ဝါဒ အခြေခံခြင်း တူပေမယ့် မော်ဒန် မြန်မာဘုန်းကြီး လူမိုက်လက်သစ်ကလေးတွေနှင့် ရှေးရိုး လူလိမ်မာ လက်ရင်းကြီး လီကွမ်ယု တို့ကို ကွဲကွဲပြားပြား ခြားနား သိမှတ်ပါလေ။

ဟိုင်းရက်၏ ဂန္ထဝင် အဆိုအမိန့်တခုမှာ “ အာဏာရှင်အစိုးရစနစ် ပေမယ့်လည်း အာဏာရှင်စနစ်တခုတွင် ကြီးမားသော လစ်ဘရယ်တန်ဖိုးတို့ ရှိနိုင်သည်သာတည်း။ တဖက်တွင်သိရမည်မှာ ဒီမိုကရေစီအစိုးရစနစ်ပေမယ့်လည်း ဒီမိုကရေစီ စနစ်တခုသည် တလုံးတစည်းတည်းသော ဝါဒ (ဝါ) တခုလုံးသည် မည်သူတဦးချင်းထက်မဆို ကြီးကျယ်အထွတ်ဖြစ် သည်ဟူသော ဝါဒ (Totalitarianism) နှင့် ဆိုးဆိုးဝါးဝါးကို ယှဉ်တွဲနေနိုင်သည် သာတည်း” ဟူသတတ်။ စင်စစ်လည်း ဤစာသားသည် နောင်အခါတွင် အမေရိကန်သမ္မတ ဖြစ်လာမည့် ရော်နယ်ရေဂင်ကို လင်းလက်သိမြင်စေပြီး ၁၉၈၁ ရေဂင် သမ္မတ ဖြစ်လာသောအခါတွင် ၎င်း၏ ဒီမိုကရေစီနိုင်ငံအား ထိုစဉ်က ဆိုးဝါးစွာ ခြေလှမ်းနေပြီဖြစ်သော Totalitaraianism လမ်းကြောင်းမျိုးမှ ကယ်ထုတ်နိုင်ခဲ့စေသည့် အဆိုအမိန့် ဖြစ်ပါ၏။ နောက်တခေါက် ကျနော် အသိပေးပြောကြားလိုပါ၏။ ဘုန်းကြီးမိုက်တွေ၏ “ဗုဒ္ဓဘာသာ သန့်စင်ဝါဒ ခွန်အား” မိစ္ဆာသည် ဆက်လက်ကြီးထွားလာ ခဲ့သော် ငါတို့၏ ဒီမိုကရေစီနိုင်ငံသည် များမကြာမြင့်မီမှာပင် ဟိုင်းရက်က အသိပေးခဲ့သည့် Totalitaraianism သားရဲခံတွင်းသို့ သက်ဆင်းသွားလိမ့်မည် ဖြစ်ပါသတည်း။ ဒါကမှ တကယ့် အမျိုးသားရေးအန္တရာယ် စစ်စစ်ပါပဲ။ သူတော်ကောင်း အပေါင်းတို့ တတ်စွမ်းသရွှေ့ ခုခံတွန်းလှန်ကြပါကုန်။]

လီကွမ်ယုက ပြောသော အာရှတန်ဖိုးတို့ဟူသည် အာရှ ဂန္ထဝင် သမိုင်းစာပေတွေနဲ့ အာရှတိုက်ရဲ့ မျက်မှောက် အတွေ့ အကြုံတွေကို အသေအချာ မှတ်သိလေ့လာပြီး မျက်နှာမလိုက် ပြောတာမျိုးဟု ယုံကြည်မိဖို့ရာ ခက်ပါ၏ {လီကွမ်ယု စင်ကာပူတည်ထောင်စမှာ ပြောတဲ့ ရယ်စရာတခုဟာ “ဟေ့၊ ကိုယ့်ကိုကိုယ် တော်လှန်ရေးသမား သူတော်ကောင်း ဘာညာတွေ လုပ်မနေနဲ့၊ စင်ကာပူတွေ။ ငါတို့မှာ ဘာမှ မရှိဘူး။ ဘယ်သူက ဘာပေးပေးယူ။ သူများဆီက သင်ယူလို့ ရတာ အကုန်သင်ယူ” ― ပြန်ဆိုသူ }။ တကယ်ကတော့ လီက လုပ်နေသော အာရှတန်ဖိုးဟူသည် လူတဦးချင်း လွတ် လပ်ခြင်းနှင့် လူသားအာလုံး၏ ခြွင်းချက်မရှိသော အခွင့်အရေးဆိုသည်တို့ကို အနောက်၏ မူပိုင်လက်ရာဟု ထင်နေ ခြင်းကို တုံ့ပြန်တာထက် မပိုပါ။ အနောက်က “ဒါ ငါ့အိမ် ငါ့ရာ ငါ့မူပိုင်” ဆိုပြီး လုပ်တာကို စိန်ခေါ်ရမည့်အစား လီသည် “ငါ့မှာ နင်တို့ထက် သာတာရှိတယ်” ဆိုပြီး ခံငြင်းပါလေတော့၏။ ဤသို့သော အနောက်ဆန့်ကျင် ကွက်စိပ်တို့သည် ပြခဲ့သလိုပင် မိမိ၏ လက္ခဏာတပါးတွင် အနောက်ကို စွဲလမ်း ထင်မြင်မိရာကနေ မဟုတ်တလုတ် တုံ့ပြန်လာတဲ့ ကယောင်စိတ်မျိုး ပါပဲ။

ညိုထွန်း

1 comment:

Dhammasoka said...

This one is also crazy thoughts and waste time.