Saturday, August 24, 2013

လူသေနှင့်စကားပြောခြင်း (သို့မဟုတ်) ဘဲဖြူ ချွတ်ခန်း

၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံအောက်က ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း မိတ်ဆွေများနဲ့ စကားပြောတိုင်း ကျနော် စာမရေးဖြစ်တာကို အပြစ်တင်ကြတယ်။ သူတို့အပြစ်ဖွဲ့တာကိုပြန်ပြောနိုင်တာက ဒီချိန်က တိုက်ကြက်များသားခွဲချိန်လိုပဲ စုတ်ပြတ်ဖူးယောင် နှင်းသီးထပြီး သေရင်သေ မသေရင်ကန်းသွားအောင် တအုပ်ထဲ တမြုံတည်းသားချင်း အသေအ ကြေ ခွပ်ကြရမဲ့အချိန်၊ ကြက်ဥချင်းရိုက်ခွဲရမဲ့အချိန်ဖြစ်လို့ ရေးလဲ မရေးချင်၊ ရေးလည်းရေးမရဘူးလို့ ဆင်ခြေပေးမိတယ်။ အဲဒီမှာမှ ကျနော် စွဲကိုင်မိတဲ့ ရပ်တည်ချက်နဲ့ အနေအထားကပိုပြီး ရှုပ်ထွေးကြမ်းတမ်းမယ်လို့လဲ တွက်ဆမိတယ်။ ကိုယ်ရွေးမိတဲ့ ရပ်တည်ချက်အနေထားကိုမှ ကိုယ်ကစွန့်ဖို့ဝေးလို့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့
ညီနိုင်အောင် နည်းနည်းလေးတောင် ညွှတ်ပေးဖို့ ယို့ပေးဖို့လည်း စဉ်းစားမရဘူး။ ခေါင်းမာတယ်ပဲ ဆိုချင်ဆိုကြစေတော့။ အဖိနှိပ်ခံ လူထု အကျိုးစီးပွားတွေပျက်စီးသွားမယ်လို့ ယူဆတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် နီးစပ်သူတွေနဲ့ စကားအရပြောတာ ကလွဲလို့ တတ်နိုင်သလောက် စာမရေးဘူး၊ ရှောင်တယ်။

ခုတော့ရှောင်မရတော့ဘူး၊ တယ်ရပြီ၊ ခွပ်ရပြီ၊ ခွပ်လိုက်ကြစို့ သူငယ်ချင်ပေါ့။ ခွပ်ရမယ့် ခွပ်ဖက်က poor old boy ကျနော့ မိတ်ဆွေ၊ သူငယ်ချင်း နောင်တော်ကြီး ကိုထွန်းအောင်ကျော် ခေါ် ဘဲဖြူ။ ခွပ်ရမှာက သိပ်တော့မတန်ဘူး၊ အားနာစရာ။ သူနဲ့တော်တော်လေး နီးနီးစပ်ပေါင်းလာတော့ သူ့မှာ ဘာတွေဘယ်လောက်ရှိသလဲ သိသိချည်းနဲ့ဆိုတော့ အားနာမိတာပါ။ ၇၄ တိုက်ပွဲဝင်ကျောင်းသား၊ မကဒတ (သို့) အေဘီအက်စ်ဒီအက် တည်ထောင်သူ ဥက္ကဋ္ဌ၊ အကောင် ကတော့ အကြီးကြီး၊ ခေါင်းတော့သေးတယ်။ သူ ကွန်မြူနစ်ဆန့်ကျင်ရေးသမားမှန်း သိတယ်။ သူပြောတဲ့ ကွန်မြူနစ် ဆန့်ကျင်ရတဲ့ အကြောင်းတွေပြောလေ သူ့ခေါင်းက ပိုသေးသေးသွားလေ။ အာဏာစက်ဝန်းထဲ ကျင်လည်သူတိုင်း ကျူးလွန်မိတတ်တဲ့ ကွန်မြူနစ်ဆိုသူတွေရဲ့လုပ်ရပ်ဆိုးတွေ၊ ပြီးတော့ သူထိတွေ့ဆက်ဆံဖူးတဲ့ ကွန်မြူနစ်ဆိုသူတွေနဲ့ ပုဂ္ဂိုလ်ရေး အဆင်မပြေတာတွေက အဓိကအကြောင်း ဖြစ်နေတယ်။ ဘာသဘောတရားအမြင်မှ မပါဘူး။ လူပြောသူပြောနဲ့ မမြင်ဖူးတဲ့ သူရဲတစ္ဆေကိုကြောက်တဲ့သူလို မာစ့်ဝါဒ ကွန်မြူနစ်ဝါဒကို ဘာမှန်းမသိဘဲ ဆန့်ကျင်နေသူ တဦးသာ ဖြစ်တယ်။

တခါတုန်းက သူပြောဖူးတယ် ဥရောပက ပါတီတွေလိုဆို သူလည်းကွန်မြူနစ်ဖြစ်မှာပါတဲ့။ ကျနော်က သတိပေးတယ်၊ အဲဒါဆို နိုင်ငံတကာကွန်မြူနစ်ဝါဒ အဓွန့်ရှည်ပါစေ ဗမာပြည် ကွန်မြူနစ်ပါတီကျဆုံးပါစေ ဆိုတဲ့ ဦးနုလိုလားလို့ဆိုတော့ ဟုတ်တယ်တဲ့။ ဘယ်လောက် ပြည့်တန်ဆာဆန်တဲ့ ဥဏှောက် ပြည့်တန်ဆာဆန်တဲ့အမြင်လဲ စဉ်းစားကြည့်ပေါ့။ ဒါပေမယ့် သူ့မှာ ဘော်ဒါစိတ်ရှိတယ်၊ တော်လှန်ရေးအပေါ် ကိုယ်ကျိုးရှာတာမရှိဘူးဆိုတဲ့ အချက်တွေကြောင့် ပေါင်းဖြစ် တယ်။ ခုတော့ ခွပ်ရပြီ။ မခွပ်လို့မရအောင် သူပဲတွန်းပို့လိုက်တယ်။ ကျနော့ကို ပုဂ္ဂိုလ်ရေးထိုးနှက်တာကို ဘော်ဒါစိတ်နဲ့ အခွင့်လွတ်နိုင်ပေမယ့် ကိုယ်ကြောင့်မဆိုင်သူတွေကို စော်ကားမော်ကားလုပ်လာတာကို ကာကွယ်ဖို့ကစခဲ့တဲ့ ကျနော့တာဝန် ဖြစ်သွားတယ်။

ဆရာဒဂုန်တာရာဆုံးတော့ တော်ဘုရားလေးအောက်မေ့ပွဲမှာ ဆရာပြောခဲ့တာကို ပြန်ဖြန့်လိုက်တယ်၊ ဒဂုန်တာရာရဲ့ နိုင်ငံရေးအမြင်သဘောထား ဆိုပြီး ခေါင်းစီးတပ်ပြီး ဆရာ့စကားအရင်းတွေအတိုင်း တင်ပေးလိုက်တယ်။ ကျနော် တပ်တာ ခေါင်းစည်းပဲ။ ဘာကြောင့် ဒီခေါင်းစီးတပ်ရသလဲဆို ဒီနေ့ လက်တင်အမေရိက နိုင်ငံအတော်များများမှာ ဖြစ်ပေါ်နေတဲ့ မာစ့်ဝါဒီဆိုရှယ်လစ်တွေနဲ့ ကွန်မြူနစ်တွေ ဝက်မင်စတာ (Westminster ) လစ်လရယ်နိုင်ငံရေးစနစ်ထဲ မှာ တိုးဝင်လှုပ်ရှား အောင်ပွဲဆင်နေတဲ့ အခြေအနေတွေဖြစ်ပေါ်နေတယ်။ ဒါကို ဆရာက အစောကြီးထဲက ပြောထားခဲ့ တာ ဖြစ်တယ်။ ဒါကိုနားမလည်ပါးမလည်ဘဲ ဘဲဖြူက ခွေးကျိုးတုတ်ခုန်တိုးသလို ဝင်လာတယ်။ အောက်မှာ ကျနော် ပြန်ဖြန့်ခဲ့တဲ့စာနဲ့ သူ့တုန့်ပြန်ချက်ကို တွဲထားပါတယ်။ ယှဉ်ဖတ်ကြည့်တာနဲ့ ဒီလူ ဆရာဒဂုန်တာရာဘာပြောတယ်ဆိုတာ လုံးဝနားမလည်ဘူးဆိုတာ ရှင်းရှင်းကြီးတွေ့ပါလိမ့်မယ်။ သူက ဒီတင်မရပ်ဘူး သောက်တလွဲတွေ ဆက်ပြောနေတယ်။ ဘယ်သူမှ ကွန်မြူနစ်လို့ဗြောင်မရပ်ရဲဘူး ဘာညာ စိန်ခေါ်သလို လုပ်လာပြန်တယ်။ ဒါကြောင့် သူ့ကို မဆုံးမရင် (be tame) ကွယ်လွန်သူ ဆရာဒဂုန်တာရာကိုကော တခြားမဆိုင်သူတွေကိုပါ စော်ကားရာကျတော့မယ်။ သူတော့ နားလည်မှာမဟုတ်တာ သေချာတယ်။

ကျနော် ပြောပါ့မယ်။ ကျနော်ကွန်မြူနစ်ဖြစ်တယ်၊ ကျနော်ကွန်မြူနစ် မဖြစ်ဖူး။ တချိန်တည်းမှာပဲ ကျနော် ဗုဒ္ဓဝါဒီ ဖြစ်တယ်၊ ကျနော်ဗုဒ္ဓဝါဒီ မဟုတ်ဘူး။ ဒီစကားကို သူနားလည်ဖို့ဆို နောက်ထပ်ငါးနှစ်လောက် ဆရာကောင်းသမား ကောင်းနဲ့ သူလေ့လာဖို့လိုမယ်။ သူနဲ့ပြောဆိုနှီးနှောခဲ့တဲ့ အချက်အလက်တွေအရ သေချာတာတခုကတော့ အတွေးအခေါ်ဝါဒတွေထဲမှာ သူနားအလည်ဆုံးဆိုတဲ့ ဗုဒ္ဓဝါဒနဲ့ပတ်သက်လို သူထက် ကျနော်ပိုနားလည်တယ်။ သူထက် ကျနော် ဗုဒ္ဓဝါဒ စာရိတ္တပိုခိုင်ပိုမြဲကျင့်ကြံတယ်။ ကျနော်ဆိုချင်တာက သူ့ရဲ့ကွန်မြူနစ်ဆန့်ကျင်ရေးဟာ ဆန္ဒအရလည်း ဖြစ်ချင်ဖြစ်မယ်။ သူရင်ဆိုင်ခဲ့ရတဲ့ မကောင်းတဲ့အတွေ့အကြုံအရလည်း ဖြစ်ချင်ဖြစ်မယ်။ ဇစ်မြစ်မသေချာတဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး သတင်းတွေ စာတွေကြောင့် ဖြစ်ချင်ဖြစ်မယ်။ တရားအရဆန့်ကျင်တာ မဟုတ်တာသေချာတယ်။

ဒီဆုံးမစာကို အချိန်ကုန်ခံရေးရတဲ့ နောက်တကြောင်းက ဒီအချိန်မှ သူ့ရဲ့ကွန်မြူနစ်ဆန့်ကျင်ရေးအလံ ထူလိုက်တာဟာ မရိုးသားဖူးလို့ယူဆလို့ဖြစ်ပါတယ်။ သနပ်ခါးဘဲကြားနဲ့ မှောင်ရိပ်ခိုမြူဆွယ်နေရတဲ့ အိုတွင်းဆုံးကျပြည့်တန်ဆာမရဲ့ လေချွန်သံလိုပါပဲ။ သူလုပ်ကိုင်တာတွေနဲ့ပါတ်သက်လို့ တခါတလေ တချို့ကိစ္စတွေမှာ ကျနော့ကိုတိုင်ပင်တတ်ပါတယ်။ တိုင်ပင်လာတိုင်းသူကြိုက်ကြိုက် မကြိုက်ကြိုက် အရိုးသားဆုံးနဲ့ ကျနော့ အမြင်ကိုပြောပြီးအကြံပေးခဲ့ပါတယ်။ သူလည်း လက်ခံတာလက်ခံသလို အများစုတော့လက်ခံလေ့ မရှိပါဘူး။ ဘာကြောင့်လဲဆို တချို့ သူတိုင်ပင်လာတယ် ဆိုတာ တွေက သူဆုံးဖြတ်ပြီး လုပ်ဖို့စီစဉ်ပြီးမှ ကျနော့ သဘောထားကိုတီးခေါက်ကြည့်ယုံ တိုင်ပင်တာတွေဖြစ်နေလို့ပါ။

ခုနောက်ဆုံး နယ်ခြားနဲ့ ပြည်ပအင်အားစုကြား သိန်းစိန်-အောင်မင်းတို့ ထိုးလာတဲ့နိုင်ငံရေးထိုးစစ်မှာ အရင်ဆုံးကျသွား တာတွေထဲ သူပါသွားတယ်။ မသွားခင် ကျနော့ သဘောထားကိုတီးခေါက်ကြည့်ယုံ တိုင်ပင်ပါတယ်။ ကျနော်က မသွားဖို့နဲ့ ၂၀၁၅ လောက်ထိတောင့်ထားဖို့ အကြံပြုပါတယ်။ ဒီချိန်မှာ ကျနော် သဘောမညီသော်လည်း ဒေါ်စုနဲ့ ပြည်တွင်းအင်အားစုတွေ သွားနေတဲ့ ၂၀၀၈ စစ်ကျွန်ဘောင်ထဲက ကစားကွက်ကို ကျနော်တို့ ပြည်ပနဲ့ နယ်ခြားအင် အားစုတွေက မူပိုင်းအမာလိုင်းနဲ့ အခိုင်အမာရပ်ပြီး ရံပေးရမယ်၊ အထဲကလူတွေလုပ်သလို လိုက်လုပ်လို့မရဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ် မရပါဘူး၊ သူသွားတာပါဘဲ။ တအုပ်ကြီး ခေါင်းစည်းအကြီးကြီးနဲ့။ ဘာတဲ့ အမိမြေငြိမ်းချမ်းရေး မစ်ရှင် ဆိုလား ဘာလား။ အဲမှာကွဲလာတာကို အမှတ်မရှိဘူး၊ ကံကုန်ခါနီးတော့ ဉာဏ်ထုံဆိုသလို ဇွတ်တိုး နောက်တ ခေါက်ထပ်သွားပါတယ်။ ဆေးဖော်ကြောဖက်လုပ်မဲ့သူ မရှိဘဲပြန်လာရပြန်တယ်။ ကျော်ရင်လှိုင်လို နိုင်ငံရေး အုတ်ကြားမြက်ကို ကောက်ရိုးတမျှင်လို ဆွဲဖို့ကြိုးစားတာတောင် မအောင်မြင်ပါဘူး။ ဒါဟာ သူရဲ့ နိုင်ငံရေး ပျာလောင်ခတ်မှု (Political desperation) ကို ဖော်ပြနေပါတယ်။

သူ့အဖြစ်က သနားစရာ နဗိုက် (နွားပိုက်) ကလေးလိုဖြစ်နေတယ်။ နွားမတွေမြိုင်ထလို့ သားလိုချိန် မိတ်လိုက်ပြီဆို နွားခြံတွေပျက်တယ်၊ ယာခင်းနဲ့ ရွာစည်းရိုးတွေပျက်တယ်။ မြိုင်ထတဲ့နွားမနောက်မှာ တရွာလုံးက နွားအို နွားကျိုး နွားသင်းကွပ် နွားသင်းပျက် နွားပျို နွားပေါက်တွေ တအုပ်ကြီး ဝရုန်းသုန်းကားပြေးလိုက်ကြတယ်။ ကာမစိတ်မွန်နေတဲ့ အရွယ်စုံနွားအုပ်ကြီးက နွားမနောက် ပြေးလမ်းပေါ်ရှိသမျှ အရာရာကို ဘာကြီးဖြစ်ဖြစ် ပစ်တိုက်နင်းချေပြစ်တယ်။ ကျိုးပဲ့ထိခိုက်ဒဏ်ရာရတဲ့ နွားတွေလည်းမနည်းဘူး။ ဒါကြောင့်မြိုင်အုပ်လာပြီဆိုရင် လွတ်ရာကျွတ်ရာ အမြန်ပြေးရှောင် ကြရတယ်။ အဲဒီလိုမြိုင်အုပ်ရဲ့ကြီးစဉ်ငယ်လိုက်နောက်ဆုံးမှာ နဗိုက်ကလေးတွေလည်းပါတယ်။ အမိနို့ဖြတ်စ ဗိုက်ပူနံကားနဲ့မို့ နဗိုက်ကလေးလို့ခေါ်တာ ဖြစ်တယ်။ သူတို့ခမျာ အစာငတ်ရေငတ်နဲ့ မမောမပမ်း တမ်းတမ်းစွဲပြေးသာ လိုက်နေရာတာ နွားမရဲ့ မြိုင်နံ့တောင်ရှုရမဟုတ်ဘူး။ မြိုင်နွားမနဲ့ နဲနဲနီးလာပြီဆိုလဲ သူရှေ့က သူထက်နဲနဲကြီးတဲ့ နဗိုက်ကလှည့်ခွေ့ (ဝှေ့) တာ ခံရရှာတယ်။ ဒါပေမယ်သူ့ခမျာ ကာမစိတ်ထကြွစဆိုတော့ အစာငတ်ရေငတ် မမောမပမ်းလိုက်မြဲလိုက်နေရရှာတာပါဘဲ။ ကိုထွန်းအောင်ကျော် ခမျာလည်း နိုင်ငံရေးနဗိုက်ကလေး ဖြစ်နေရှာတယ်။

နိုင်ငံတကာကဘယ်လိုပင် ဗန်းတင်နေပေမယ့် တကယ့်လက်တွေ့မှာ စစ်အုပ်စုဟာအာဏာစွန့်ဖို့ အရိပ်အယောင် တစွန်းတစတောင် မပြသေးပါဘူး။ လူထုခံစားနေရတဲ့ ဒုက္ခသုက္ခ ဖိနှိပ်မှုတွေက နဂိုအတိုင်း တရွေးသားတောင် လျော့သွားတာ မမြင်ရသေးပါဘူး။ ဒါကြောင့် လယ်သမား အလုပ်သမားတိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတုန်းပါ၊ ပြည်တွင်းကိုနှစ်ခေါက်ဝင်တယ်၊ ဒီတိုက်ပွဲတွေနဲ့ ပါတ်သက်ပြီး ဘာတခုမှလုပ်ဆောင်ခဲ့တာ၊ ရပ်တည်ပြောဆိုခဲ့တာ မရှိခဲ့ဘူး။ စစ်အာဏာရှင်တွေ ရွှေမျက်နှာညိုမှာစိုးဟန်တူပါတယ်။ ဒါပေမယ့် သူ့ကိုလည်းဘာမှမပြောဘဲ သူအလုပ် သူလုပ် စစ်အာဏာရှင်တွေကို မဆုတ်မနစ်တိုက်နေတဲ့ ကွန်မြူနစ်တွေအပေါ်တော့ တော်တော်သတ္တိပြောင်တယ်။ ကဲ့ရဲ့လိုက် ရှုတ်ချလိုက်။ စစ်အုပ်စုရောင်းနေတဲ့ ဒီမိုကရေစီခွေးသားကို သရေ (သွားရည်) ယိုနေဟန် တူပါတယ်။

လူထုဖိအားကြောင့် ဘယ်လိုမှနဂိုအတိုင်းဆက်မရပ်နိုင်တော့လို့ (၂၀၀၈ ) စစ်ကျွန်ဖွဲ့စည်းပုံ နိုင်ငံရေးထောင်ကြီးတည် ဆောက်ပြီး ဟန်ပြ ဒီမိုကရေစီဖော်ထုတ်လာတယ်။ သခင်စိုး စကားအတိုင်းဆို ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတာ ပဲ။ ကြိုက်လို့ပဲစားစား မသိလို့ပဲစားစား ဘယ်သူမဆိုစားချင်လာခဲ့၊ ဒါပေမယ့် ခွေးသားကို ခွေးသားမှန်းသိသလို ခွေးသားတွေဟေ့လို့ ထအော်မယ်သူတွေတော့ နိုးပဲ။ ဒီတော့ ဒီအချိန်ကွန်မြူနစ်ဆန့်ကျင်ရေး အသံကိုဘယ်သူတွေက ကြိုက်မလဲ။ အာဏာကိုဆက်ပြီးဆုတ်ကိုင် ချယ်လှယ်ချင်တဲ့ စစ်အာဏာရှင်တွေပဲ။ တဆက်တည်း စစ်အာဏာရှင်တွေနဲ့ ကြိတ်ပုန်းနားလည်မှု ယူထားတဲ့ အမေရိကန် ငပွကြီးအကြိုက်လည်းဖြစ်တော့ လေချွန်သံတချက်တည်းနဲ့ ဖောက်သည် နှစ်ယောက်ကို မြူဆွယ်ပြီးသားဖြစ်ရော။ ဘဲဖြူတို့ကဒီနေရာမှာတော့ ပိုင်တယ်။ ဒါကြောင့် ဒီချိန်မှာမဆီမဆိုင် ကွန်မြူနစ် ဆန့်ကျင်ရေးအလံထူလာတာဟာ မရိုးသားမှုတခုလို့ ယူဆရတာ ဖြစ်တယ်။

အိုတွင်းဆုံးကျပြည့်တန်ဆာမဟာ ဘယ်လိုပဲသနပ်ခါးဘဲကြားတွေလူးလူး ဈေးကောင်းရနိုင်ဖို့ဝေးလို့ ဖောက်သည် တောင်ရဖို့ မလွယ်တော့ဘူးဆိုတာ မသိလေတဲ့ (သို့မဟုတ်) သိလွန်းလို့ ကာလသားပေါက် အငန့်လေးတွေကိုတောင် မဖမ်းနိုင်တော့လို စစ်ခွေးအိုကြီးတွေကိုပဲ သိသိနဲ့ မြူလေသလားမသိရတဲ့ ကိုထွန်းအောင်ကျော်ကို လက်ကျန် မေတ္တာစကား ပါးလိုက်ပါတယ်။ ကျနော် ငယ်ငယ် ကိုရင်ဘဝက စွဲလန်းနှစ်သက်ခဲ့ ဓမ္မပဒပုံဝတ္ထုတွေထဲမှာ ကိုယ့်ကိုကိုယ် သေမှန်းမသိတဲ့ လိစ္စဝီမင်းသားတွေနဲ့ စစ်သူကြီး မဟာဗန္ဓုလရဲ့ သဘာဝလွန်စကားလေးက ခုထိ ခေါင်းထဲစွဲနေပါတယ်။

ဘုရားရှင်လက်ထက် သာဝတ္ထိပြည့်ရှင် ပေဿနဒီကောသလရဲ့စစ်သူကြီးက တက္ကသီလာပညာသင်ဖက် မဟာဗန္ဓုလ ဖြစ်တယ်။ မဟာဗန္ဓုလရဲ့မိဖုရား မလိက္ကာ ကိုယ်ဝန်ဆောင်တော့ သန္ဓေချင်ချင်းတပ်တာက အံ့ဘနန်းအောင် အန္တရာယ်ကြီးလှတယ်။ ဒါကြောင့် မလိက္ကာမိဖုရားက သူ့လင် မဟာဗန္ဓုလကို မပြောဘူး။ ဒါပေမယ့် သန္ဓေချင်ချင်းကြောင့် မအိပ်နိုင်မစားနိုင် ဖြစ်လာတယ်။ စစ်သူကြီးက ဇွတ်မေးမှဖွင့်ပြောတယ်။ မလိက္ကာမိဖုရား သန္ဓေချင်ချင်းတပ်တာက ရန်သူ ဝေသာလီပြည်က လိစ္စဝီမင်းသားတို့ အထွတ်အမြတ်ထားရာ ကန်တော်မင်္ဂလာမှာ ရေချိုးပြီ ကန်တော်တွင်းက ကြာရိုးကြာစွယ်တွေကို စားလိုစိတ်ဖြစ်သတဲ့။ ဒီတင် စစ်သူကြီးဗန္ဓုလပဲ ဘယ်မှုလိမ့်မလဲ၊ လာချစ်နှမ ချစ်မယား ခုပဲသွားမယ်ဆိုပြီး စစ်မြင်းရထားပြင်ပြီး လက်စွဲတော်လေးကိုဆွဲပြီး ထွက်လာတယ်။ ဝေသာလီ ကိုရောက်တယ်။ ကန်တော်မင်္ဂလာမှာ မလိက္ကာမိဖုရားကို ရေချိုးစေတယ်။ ကြာရိုးကြာနွယ်တွေကို ချင်ချင်းပြေသည်အထိ စားစေတယ်။ ကိစ္စအလုံးစုံပြီးမြောက်မှ ကန်တော်မင်္ဂလာက ခွါခဲ့တယ်။

ဒီသတင်းကိုကြားတော့ လိစ္စဝီမင်းသားတွေ ဒေါသအမျက် ချောင်းချောင်းထွက်ပြီး မဟာဗန္ဓုလကိုလိုက်မယ်၊ သတ်မယ် လုပ်ကြတယ်။ ဒီတော့ ဝေသာလီပြည်က မဟာဗန္ဓုလရဲ့ ကျောင်းနေဖက် ပညာရှိအမတ်ကြီးက မဟာဗန္ဓုလရဲ့ အစွမ်းကိုသိတော့ တားတယ်။ ရာဇဂုဏ်မောက်နေတဲ့ လိစ္စဝီမင်းသားတွေက တားလို့မရဘူး။ ဒီတော့လည်း အမတ်ကြီးက မှာရှာပြန်တယ်။ ပထမအကြိမ်မိုးခြိမ်းသံကြားရင် ပြန်လှည့်ခဲ့ပါ။ ဒါဟာ မဟာဗန္ဓုလ လေးညို့တင်ခြင်း ဖြစ်တယ်။ ဒုတိယ မိုးခြိမ်းသံကြားရင်တော့ လေးမှာ မျှားဆင်ငင်ခြင်း ဖြစ်တယ်လို့ သတိပေးလိုက်တယ်။

ဒီလိုနဲ့ လိစ္စဝီမင်းသားတွေ ဒေါသမာနတွေနဲ့ ပညာရှိစကားနားမထောင်ဘဲ လိုက်လာလိုက်တာ ပထမမိုးခြိမ်းသံကြား လည်း ဂရုမစိုက်လိုက်မြဲလိုက်၊ ဒုတိယမိုးခြိမ်းသံကြားလည်းမမှု နောက်ဆုံး တတိယမိုးခြိမ်းသံကြားတော့မှ မဟာဗန္ဓုလ ကို မီလာတယ်။ ဒီတော့ စစ်မြင်းရထားကိုယ်စီနဲ့ လိစ္စဝီမင်းသား ငါးရာက မဟာဗန္ဓုလကို ဝိုင်းတယ် ရပ်ခိုင်းတယ်။ ဒီတော့ မဟာဗန္ဓုလက စကားတခွန်းပဲပြန်ပြောလိုက်တယ်၊ လိစ္စဝီမင်းသား ငါးရာလုံးသူတို့ရင်ဘတ်က အပေါက်ကို ငုံ့ကြည့်မြင်မိပြီး လဲကျသေဆုံးကုန်တယ်။ တကယ်က တတိယမိုးခြိမ်းသံဟာ မဟာဗန္ဓုလ မြားလွတ်လိုက်လို့ ပေါ်ထွက် လာတဲ့ မြည်ဟည်းသံ ဖြစ်တယ်။ လွတ်လိုက်တဲ့ မျှားတချောင်းတည်းကပဲ ရှေ့နောက်တန်းစီလိုက်လာတဲ့ လိစ္စဝီမင်း သား ငါးရာလုံးရဲ့ ရင်ကိုဖေါက်ဝင်သွားခဲ့တာ ဖြစ်တယ်။ လိစ္စဝီမင်းသားတွေက သူတို့ရင်ကို မဟာဗန္ဓုရဲ့မြားက ဖေါက် ဝင်သွားမှန်းတောင် မသိလိုက်ကြဘူး။ ဒါကြောင့် မဟာဗန္ဓုလပြောမှ သူတို့ရင်ကိုငုံ့ကြည့်မြင်မိ သေဆုံးကုန်ကြရတာ ဖြစ်တယ်။ မဟာဗန္ဓုလပြန်ပြောတဲ့ တခွန်းတည်းသော သဘာဝလွန်စကားက…

“ငါလူသေနဲ့ စကားမပြောဘူး” တဲ့။

ဟဲ .. ဟဲ .. ဟဲ ပြီးပြီ သအန်း။

ရဲဘော်ကျော်သန်း
၂၃၊၈၊၂၀၁၃

……………………………………………………………………….

အိုတွင်းဆုံးကျ ပြည့်တန်ဆာမရဲ့ လေချွန်သံ

ဒဂုန်တာရာကိုလေးစားပါတယ် ဒါပေမဲ့ ယနေ့ခေတ်ကို သူလိုသလိုဆွဲပြီး "ဒီမိုကရေစီ ကွန်မြူနစ်စနစ်" လို့ ပြောလိုက် တာတော့ အတော့စိတ်ကူးယဉ်ဆန်သွားပြီ၊ ကွန်မြူနစ်မှာ တပါတီအာဏာရှင်စနစ်ဘဲရှိတာ လူတိုင်းသိတယ်။ ဒီမိုကရေစီဟာ ပြည်သူသည်းခြေကြိုက် စကားဖြစ်သလို လူ့ဘဝကိုလူလို ဂုဏ်သရေရှိရှိ နေထိုင်နိုင်ရေးကိုလည်း အာမခံနိုင်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်တယ်။ ဒါကြောင့် ကွန်မြူနစ်စံနစ်ကို ကြိုက်တဲ့သူတွေက ဒီမိုကရေစီနဲ့ ကွန်မြူနစ်စနစ်နဲ့ကိုရောပြီး အတူတူလိုယောင်ဝါးသွားအောင် လုပ်လေ့ရှိတယ်။ ကွန်မြူနစ်တွေက "New Democracy" ဒီမိုကရေစီသစ်" ဆိုတဲ့စကားလုံးကို တည်ထွင်ခဲ့ဖူးတယ်။ သူတို့ရဲ့ ဒီမိုကရေစီသစ် ဆိုတာက သူတို့ရဲ့တပါတီကိုသာ ရှင်သန်ခွင့်ပေးထားတဲ့ ဒီမိုကရေစီလေ၊ ကျန်တဲ့နိုင်ငံရေးပါတီတွေရှင်သန်ခွင့်မရှိတဲ့ သဘောထားလေ။ အင်ဒိုနီးရှား စစ်အာဏာရှင် ဆူဟာတိုကလဲ "Guided Democracy" ထိန်းကြောင်းမှုဒီမိုကရေစီလို့ သူ့အုပ်ချုပ်မှုအောက်မှာ ထိန်းထိန်း သိမ်းသိမ်းနဲ့ဒီမိုကရေစီရှိပါတယ်လို့ ပြောခဲ့သေးတယ်။ နအဖကလဲ "Discipline Democracy" စည်းကမ်းတကျ ဒီမိုကရေစီ နဲ့သွားမယ်လို့ ဒီမိုကရေစီကို သူတို့ စည်းကမ်းသတ်မှတ်ချက်အောက် မှာပေးမယ်လို့ ဆိုခဲ့ပြန်ပါတယ်။ တကယ်တန်း ပြောရရင် ဒီမိုကရေစီဆိုတဲ့အဓိပ္ပါယ်ကို ဘာနဲ့မှရောလို့ မရနိုင်ပါဘူး၊ "ဒီမိုကရေစီ" ဟာ ဘာမှရောစရာမလိုဘဲ ပြီးပြည့်စုံတဲ့ အဓိပ္ပါယ်ဆောင်ပြီးသားပါ။ လွတ်လပ်စွာရွေးချယ်ခွင့်၊ လွတ်လပ်စွာပြောဆို ရေးသားခွင့်၊ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ အသက်ရှင်ရပ်တည်ခွင့်တွေဟာ ဒီမိုကရေစီစနစ်မှာဘဲ အမှန်တကယ်အာမခံထားတာ ဖြစ်တယ်။ ဒီမိုကရေစီစာလုံးရှေ့မှာ အခုလို Guided ဘဲပြောပြော Discipline လို့ဘဲပြောပြော၊ ဒီမိုကရေစီရဲ့ နောက် မှာ "Democracy communism" ဒီမိုကရေစီကွန်မြူနစ်စနစ်လို့ ထည့်ထည့် ဒီဟာတွေဟာ ဒီမိုကရေစီကို အလွဲသုံးစားလုပ်ပြီး ကိုယ်လိုလားတဲ့ စနစ်ကို ပြည်သူကြိုက်အောင် လွတ်လပ်တရားမျှတမှု ရှိသလို လှည့်စားတာသာဖြစ်လို့ အလွန်အန္တရာယ်ကြီး ပါတယ်။

ယနေ့ ကွန်မြူနစ်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ မှာအခုထိ တပါတီစနစ်နဲ့ဘဲ အုပ်ချုပ်ပြီး ပြည်သူမှာ အခြားရွေးချယ်ခွင့်မရှိဘဲကွန်မြူနစ်ပါတီကိုသာရွေးချယ်နေရတာလက်ရှိအနေအထားပါ။ မြန်မာပြည်မှာ
တပါတီစနစ်ရဲ့ဆိုးကျိုးကို လူတိုင်းခံစားပြီးပါပြီ။ နောက်ထပ် မခံစားကြပါရစေနဲ့တော့။

အားလုံးကိုလေးစားလျက်

ထွန်းအောင်ကျော် (၇၄)

2 comments:

MYANMAR said...

why you don't come back to set up myanmar communit party.

mo said...

Ko Kyaw Than, Australia is actually more communist than china/burma in terms of wealth distribution.

Western democracies has taken up the essence out of communism which is fairer wealth distribution. You will see jobless people are paid, house rent for homeless people are subsidized, health care and schooling is free etc in Australia. But not in china or Burma.

But the difference bet communist countries and democracies is that wealth creation/economy is not state monopoly. Private ownership and individual rights are allowed in western democracy. That means people are still motivated to work and earn and create wealth. But you see, if anyone earn a lot, government get income tax about half of what they earn. And government still tax when they spend likely 10% GST. Also land taxes and council taxes when they live in big houses etc. So in essence, when a person gets rich, government get more and more out of his wealth. But when a person is poor, government gives that person benefits. But you see there is still difference in living standards bet rich and poor. That has to be maintained to motivate people to work better and so government got more in taxes for wealth distribution.

Labour party is very akin to workers party. There was communist party in Australia. The ex-prime minister Julia Gillard was a member.