Sunday, August 4, 2013

ညအော်သံ

သူငယ်ချင်းရေ
ကြောက်မက်ဖွယ်ကောင်းလောက်အောင်
တိတ်ဆိတ်နေတဲ့ ညရဲ့အသံကို ကြားရလား၊
လူသေအလောင်းကောင်လို
အေးစက်လို့တောင့်တင်းလို့ပေါ့ ။

အခုလို ညဥ့်နက်နက်တွေမှာ
လေထုထဲ ပဲ့တင်ထပ်နေတဲ့ အသံတွေ
ကြားမိသူတိုင်း ကြက်သီးမွေးသီးထစေခဲ့တဲ့ အသံတွေ
ဘယ်လိုလုပ် မေ့လို့ရနိုင်ပ ။

တခါတုန်းက
အော်ဟစ်သံ၊ ကြွေးကြော်သံ၊ တောင်းဆိုသံ၊ သီချင်းသံ၊ ညီညွတ်တက်ကြွသံ
ငိုကြွေးသံ၊ ပစ်ခတ်သံ၊ ကြုံးဝါးသံ၊ မှာကြားသံ၊ တောက်ခေါက်သံ၊ သစ္စာပြုသံ
သွေးတွေစီးဆင်းသံ၊ မျက်ရည်တွေ တလိမ့်လိမ့်ကျလာသံ၊ ခရီးထွက် လက်ပြနှုတ်ဆက်သံ၊ သက်ပြင်းမောရှည်ရှည်တွေချလိုက်သံ၊ မျက်ဝန်းချင်း ဂတိပြုစကားပြောသံ၊
လွတ်လပ်မှအမျှဝေပါ ဆိုတဲ့အသံ …
ဒီမိုကရေစီရမှ အမျှဝေပါ မှာခဲ့တဲ့ အသံ …

အသံတွေ၊ အသံတွေ၊ အသံတွေ

အဲဒီအသံတွေဟာ
လမ်းမတွေပေါ်မှာ အသက်ဝင်ခဲ့တယ်
ဒီမိုကရေစီကို ကိုယ်စားပြုခဲ့တယ်၊
ဖိနှိပ်သူကို တုန်လှုပ်စေခဲ့တယ်၊
သမိုင်းတခေတ်ကို ဖွင့်လှစ်ခဲ့တယ်။

ရာစုတခုရဲ့ လေးပုံတပုံအကြာမှာတော့
လေရိုင်းတွေရဲ့အော်သံ၊
မြစ်တစင်းရဲ့ငိုရှိုက်သံ၊
တောင်တလုံးရဲ့နာနာကြည်းကြည်း တောက်ခေါက်သံ၊
လှောင်ချိုင့်ထဲက လူတယောက်ရဲ့ ညည်းညူသံ၊
မတရားမှုကြောင့် ပေါက်ကွဲသံ၊
ကာရာအိုကေဆိုင်က ခေတ်လွန်သီချင်းသံ၊
စားသောက်ဆိုင်ထဲက ရမက်ခိုးအပြည့်နဲ့စကားသံ၊
အရိုးအရင်းကိုက်ရလို့ ကျေနပ်မှုနဲ့ အူလိုက်တဲ့ ခွေးလေခွေးလွင့်ရဲ့အသံ၊
ဈေးမတူပေမဲ့ အပေးအယူလုပ်နေတဲ့ အသံ၊
ဘိန်းစားချင်းအတူတူ တမူးပိုရှူလိုက်ရလို့ ပလွားနေတဲ့ အစ်တစ်တစ်အသံ၊
ပေးစရာအဖြေမရှိလို့ ခပ်ငေါက်ငေါက်နဲ့တုံ့ပြန်နေသံ၊
ဤ ကိုကျွဲ ဖတ်နေသူချင်း တွေ့ဆုံပွဲကထွက်လာတဲ့ လက်ခုပ်သံ၊
လုပ်စားနေတာ မဟုတ်ရတဲ့အကြောင်း အာလုပ်သံကြီးနဲ့ ရှင်းပြနေတဲ့ အသံ၊
အရက်မသောက်ဘဲ ဘယ်သူ့မှ ဂရုမစိုက်ဘူးကွလို့
ရပ်ကွက်ကို စိမ်ခေါ်နေတဲ့ အမူးသမားတယောက် အသံ၊
ဓါတ်ရှင်ထဲက ဂုဏ်ကြီးရှင်ဟန်နဲ့ ဇာတ်တူသားစားဖို့ကြိုးစားနေတဲ့ မျိုးမစစ်
ဒေါင်းတကောင်ရဲ့မာန်ဖီနေတဲ့ အသံ၊
ဗိုက်ဆာလွန်းလို့ ခွေခွေလေးလဲနေတဲ့ ခလေးတယောက်ရဲ့ထမင်းတောင်းသံ၊
ဒေးကလပ်ထဲက အနာဂတ်တွေရဲ့ပြိုကျနေသံ၊
မသေချာဘဝတွေမို့ နေစရာပြန်ပေးဖို့တောင်းဆိုနေသံ၊
စက်ရုံထဲက စက်ရုပ်ရဲ့ အူထဲကလာတဲ့ တကျုတ်ကျုတ်မြည်သံ၊
ဈေးပေါင်ကျိုးနေပြီလို့မစားရ ဝခမန်းဟစ်အော်နေသံ၊
အရပ်တကာလယ်ပြီး မသာကို နံ့သာလိမ်းပေးထားတာ လှပါတယ်လို့ကြော်ညာနေသံ၊
သူတို့အတွက် စိန်ရတုတို့ ပတ္တမြားရတုတို့ မလုပ်ပေးဖို့တောင်းပန်နေတဲ့ အာဇာနည်ကုန်းက
သွားလေသူတွေရဲ့အသံ၊
ရေမသောက်ရတာ ကြာလို့အာခေါင်ခြောက်နေတဲ့ လယ်ကန်သင်းရိုးတွေရဲ့ပက်ကြားအက်သံ၊
လေအဝှေ့မှာ တကျွိကျွိနဲ့ပြိုကျလုလု အိမ်အိုအိမ်ဆွေးကြီးက ထွက်လာတဲ့ အသံ၊
ဆောင်ကြာမြိုင် အသာမြူးလို့ ဘနဖူးသိုက်တူးနေသူရဲ့အသံ၊
အချိန်ကကုစားလို့ သေသောသူကြာရင်မေ့တတ်သူရဲ့ တိုက်ပုံဝတ်သံ၊
သူခိုးသေဖော်ညှိရင်း ချစ်သူကိုမုန်းသူဖြစ်စေသူရဲ့အသံ၊

အသံတွေ၊ အသံတွေ၊ အသံတွေ
    
အဲဒီအသံတွေမှာ
ပြုပြင်ပြောင်းလဲရေးမပါဘူး၊
ငတ်နေသူတွေအတွက် စားစရာမပါဘူး၊
မတရားမှုတွေအတွက် ဥပဒေမပါဘူး၊
ဒီမိုကရေစီမပါဘူး၊
လူ့အခွင့်အရေးမပါဘူး၊
ဒီမိုကရေစီအခြေခံတဲ့ နိုင်ငံရေးဝန်းကျင်တည်ဆောက်ရေး မပါဘူး၊
အနာဂတ်အတွက် စကားမပါဘူး၊
အဖိနှိပ်ခံတွေအတွက် လွတ်မြောက်ရေးမပါဘူး၊
အသိအမှတ်ပြုမှု မပါဘူး၊
စစ်ဘေးဒဏ်ခံနေရသူအတွက် မျော်လင့်ချက် မပါဘူး၊
ပုံပျက်နေတဲ့ ကိုယ်ကျင့်တရားတွေအတွက် အကြောက်တရားမပါဘူး၊
ပြိုလုဆဲဆဲ လူ့အဖွဲ့ အစည်းအတွက် စိုးရိမ်ကြောင့်ကျမှု မပါဘူး၊
ငရဲပြည်က ကျမ်းစာအုပ်ကို ဖျက်ဆီးမဲ့အကြောင်းမပါဘူး၊
ခလေးငယ်တွေအတွက် စာသင်ခန်း မပါဘူး၊
    
စာနာမှုတွေမပါဘူး၊
အသိတရားတွေမပါဘူး၊
အရှက်တရားတွေမပါဘူး ။
 
ဒါပေမဲ့
မရေရာတဲ့ ညီညွတ်ရေးပါတယ်၊
ဟန်ဆောင်ဆွေးနွေးပွဲတွေပါတယ်၊
ပွဲစားလုပ်ငန်းကြီးထွားစေတဲ့ ငြိမ်းချမ်းရေးဆိုတာပါတယ်၊
ရေပေါ်ဆီဖြစ်စေတဲ့ ဖောက်ပြန်မှုတွေပါတယ်၊
မယ်ဘော်ဖြစ်သွားတဲ့ ဟန်တွေပါတယ်၊
၂ဝဝ၈ ကို ခြုံအိပ်နေသူတွေ အထင်မလွဲစေဖို့လုပ်ကွက်တွေပါတယ်၊
အချင်းချင်း သင်းသတ်မှုတွေပါတယ်၊
နောက်ကျော ဖနောင့်နဲ့ပေါက်တဲ့ အရွေ့တွေပါတယ်၊
ဥပဒေရေးစရာမလိုတဲ့ လွတ်တော်လုပ်တမ်း ကစားပွဲတွေပါတယ်၊
ခိုးရာပါပစ္စည်းတွေ ဝေခွဲရေးပါတယ်၊
လစ်တမတ်စက္ကူလို ယုံကြည်မှုတွေပါတယ်၊
ခရိုနီမွေးမြူရေးပါတယ်၊
အစွန်းအထင်းများစွာနဲ့ ယဉ်ကျေးမှုကို မေ့လျော့မှုတွေပါတယ်၊
လက်ဝေခံဘဝအတွက် ကျေနပ်မှုတွေပါတယ်၊
သားသတ်သမားကို ဘုရားအလောင်းပမာပြောနေတဲ့ ဇာတ်လမ်းအတုတွေပါတယ်၊
ဈေးကွက်တင်ထားနိုင်တဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာပါတယ်၊
တိုင်းရင်းသားများ တကယ်မညီညွတ်ရေးဆိုတာ ပါတယ်၊
မင်းလည်းယူ ငါလည်းယူဆိုတဲ့ မူတွေပါတယ်၊
သူ့လူကိုယ်ဘက်သားတွေပါတယ်၊
အခန်းအနား နိုင်ငံရေးတွေပါတယ်၊ ခုတုံးလုပ်မှုတွေပါတယ်၊
ဆန့်ကျင်သူတွေကို ထိုးဖို့လက်ညှိုးပါတယ်၊
ပိုးလိုးပက်လက်လန်နေတဲ့ ရပ်တည်ချက်တွေပါတယ်။
   
ဘဝမေ့မှုတွေ ပါတယ်၊
လိမ်ညာမှုတွေ ပါတယ်၊
ရက်စက်မှုတွေ ပါတယ်။
    
တကယ်ဆိုတော့ ခေတ်ကြီးကိုက မကောင်းတာပါ၊
ကျောင်းလွယ်အိတ်ထဲက ကျပျောက်သွားတဲ့
ရိုးသားမှုဆိုတာကလည်း၊ အခွင့်အရေးနဲ့ဖလှယ်နိုင်သူတွေအတွက်တော့
ဘေးထွက်ပစ္စည်းတခုပဲပေါ့၊
စာသင်ခန်းကိုလွမ်းမိပြီး၊ ကြေကွဲဝမ်းနည်းယုံကလွဲလို့၊
ဘာများတတ်နိုင်ဦးမှာလဲ။
    
ဘာကြောင့်နာမည်ကြီးကြီး
တခု နာမည်ကြီးရင် တခြားကိစ္စ အကုန်လုပ်ခွင့်ရှိတဲ့ ခေတ်
အခု ဗမာပြည်မှာ နာမည်ကြီးရင် အကုန်လုပ်တတ်သွားတဲ့ ခေတ်
ဟိုအရင်က စစ်ဗိုလ်ဖြစ်ရင် အကုန်လုပ်တတ်သွားသလိုမျိုးပ ။

ရှေးသရောအခါက ဒီဿပါမောက္ခဆရာကြီးရဲ့
တက္ကသိုလ်ကျောင်းဆင်းတွေလိုပဲ
အနုရော အကြမ်းရော အစုံရတယ်၊
ထူးခြားချက်က …
အဌာရသ ၁၈ ရပ် တောင်မကဘူးဆိုပဲ ။
    
ဘီလူးမဖြစ်သေးပေမဲ့၊ အတတ်ကြူးနေသူတွေကဆိုတယ်
ဒီမိုကရေစီရေး
နိုင်ငံရေး
ပညာရေး
ကျန်းမာရေး
စီးပွားရေး
လူ့အခွင့်အရေး
တိုင်းရင်းသားအရေး
အလုပ်သမားအရေး၊ လယ်သမားအရေး
ပြည်သူတွေ ဝမ်းဝရေး
ဘာအရေး ညာအရေး ပါးပါးလေးပါတဲ့
ဒါတွေထက်
သူတို့အရေးက ပိုကြီးဆိုပဲ ။

အားလုံးက အစီအစဉ်တကျမဟုတ်ပေမဲ့
သူတို့က အစီအစဉ်ကျတယ် ။

သူငယ်ချင်းရေ 
အပြောင်းအလဲအတွက်တော့
ခေါင်းဆောင်ကြီးများ ကိုယ့်လိပ်ပြာ ကိုယ်ရှက်တတ်တဲ့ စိတ်မျိုး
ရှိလာတဲ့နေ့အထိ စောင့်ကြပါစို့ ။

အော် .. ငွေ ရ တု တဲ့ လား ။

ငါကတော့
အခုလောလောဆယ်မှာ
ကြောက်မက်ဖွယ်ကောင်းလောက်အောင်
တိတ်ဆိတ်နေတဲ့ ညနက်နက်ကြီးထဲက
ဟစ်အော်နေသံတွေကိုပဲ ကြားနေရလေရဲ့ ။ ။ ။

သက်ထွန်း
(၁၊ ၈၊ ၂ဝ၁၃)

No comments: